မင်တဲ၏ အမျက်
Vol. 136 Ch. 1897
တွင်းတစ်တွင်း တူးရန်မှာ အတန်ငယ် ခက်ခဲသည်။ သို့သော် မင်တဲဖြစ်နေ၍ အတန်ငယ်သာ ခက်ခဲခြင်းဖြစ်သည်။ သူ့နေရာတွင် အခြားတမလွန်ဘုံဘုရင်များ ဆိုပါက တွင်းတူးနိုင်မည်ကို မဟုတ်ပေ။ သူတို့ အအေးဓာတ်ကိုလည်း ခံနိုင်မည် မဟုတ်ပါ။ ပေဒါဇင်ကျော် နက်သော တွင်းတစ်တွင်းကို တူးပြီးနောက် သူတို့ အအေးဓာတ်ကို မခံနိုင်တော့၍ အပြင်ပြန်ထွက်ကာ အနားယူလိုက်လျှင် ထိုအနားယူနေချိန်အတွင်း တွင်းက ပြန်အေးခဲပိတ်ဆို့သွားမည်ဖြစ်ပေသည်။
မင်တဲ၏ တိုက်ခိုက်မှုများက အလွန်ခက်ထန်သည်။ ထို့ကြောင့် တွင်းက နက်၍ နက်၍ လာပြီး ဆယ်ပေလောက်လည်း ကျယ်လာသည်။ ထိုမျှကျယ်သော တွင်းမှာ အလိုလို ပြန်ပိတ်သွားရန် ခက်ပေလိမ့်မည်။ သို့သော် တွင်းကျယ်သည်နှင့်အမျှ တူးရသည်မှာလည်း ပိုကြာလာမည်ဖြစ်သည်။
မင်တဲက အလျင်မလိုပါ။ ဘေးကင်းရေးက ပထမဖြစ်သည်။ သူ တွင်းထဲ ဆင်းပြီးလျှင် ပြန်ထွက်လာနိုင်မှ ရမည်။ တွင်း ပြန်အေးခဲလာချိန်တွင် ရေခဲထဲ၌ ပိတ်မိသွား၍ မဖြစ်ပေ။ ရေခဲအရင်းအမြစ်က သူ့ကို အေးခဲသေသွားအောင် မစွမ်းသာလောက်သော်လည်း သူ ရေခဲထဲတွင် ပိတ်မိနေလျှင် တမလွန်ဘုံဧကရာဇ်ကိုယ်တိုင် ရောက်လာသည်မှ မဟုတ်လျှင် မည်သူကမှ သူ့ကို ကယ်တင်နိုင်လိမ့်မည် မဟုတ်ချေ။
ဝုန်း...ဝုန်း...ဝုန်း...
မင်တဲ ဆက်တိုက်ခိုက်နေသည်။ တွင်းမှာလည်း နက်၍ နက်၍လာသည်။ ဤနေရာမှ ရေခဲက အလွန်မာကြောကြောင်း ဝန်ခံရပေမည်။ မင်တဲကဲ့သို့ တိုက်ခိုက်စွမ်းအားကြီးသူ တစ်ယောက်က နာရီနှစ်ဆယ်ကျော်အောင် တိုက်ခိုက်ခဲ့သည်ပင် တွင်းမှာ ပေတစ်သောင်းသာ နက်ပေသေးသည်။
မင်တဲက တိုက်ခိုက်နေချိန်တွင် ကျန်းရီ ခေါင်းကိုက်နေသည်။ မင်တဲသာ ထိုသို့ တွင်းတူးနိုင်သည်။ မင်တဲတစ်ယောက် ထိုသို့ အဆက်မပြတ် တိုက်ခိုက်နေသည်ကို ကြည့်လျှင် သူ ကျန်းရီကို ရှာတွေ့သွားပြီဖြစ်ကြောင်း ထင်ရှား၏။ မင်တဲ အောက်သို့ ရောက်လာရန် အချိန်တစ်ခုသာ လိုပေလိမ့်မည်။
ကျန်းရီသည် သာမန်တမလွန်ဘုံဘုရင်များကို ဆိုလျှင် ယှဉ်နိုင်၏။ သူ ရေခဲကန်၏ အအေးဓာတ်ကို သုံးကာ တစ်ခဏမျှ တိုက်ခိုက်နိုင်သည်။ သို့သော် မင်တဲကို ယှဉ်နိုင်လိမ့်မည်ဟုတော့ ကျန်းရီ ယုံကြည်မှုမရှိပေ။ သူ မင်တဲနှင့် ရင်ဆိုင်ရလျှင် တစ်ကွက်အတွင်း အသတ်ခံရနိုင်ပေသည်။
‘ငါ ဘာလုပ်သင့်လဲ’
ကျန်းရီ မျက်တောင်ပုတ်ခတ်လိုက်၏။ အထက်မှ ပေါက်ကွဲသံများကို သူ အဆက်မပြတ် ကြားနေရသည်။ လှုပ်ခါနေသော ရေက သေမင်း၏ တံစဉ်အလား အောက်ဘက်သို့ တရွေ့ရွေ့ ဖောက်ဆင်းလာနေသည်။ ၎င်းတံစဉ်သာ ရေထုထဲ ရောက်လာလျှင် သူ သေရပေလိမ့်မည်။
ဝှစ်...
ကျန်းရီ သက်ပြင်းချလိုက်ပြီး အထက်သို့ ကူးတက်သွားလိုက်၏။ ရေထုတုန်ခါမှုကို ခံစား၍လည်း အထက်မှ အခြေအနေကို သူ ခန့်မှန်းလိုက်သည်။
‘တော်သေးတာပေါ့...’
အတန်ကြာ အာရုံခံစားပြီးနောက် မင်တဲ၏ ထိုးဖောက်နှုန်းက အတန်ငယ် နှေးကြောင်း ကျန်းရီ သိလိုက်ရ၏။ သူ အတန်ငယ် စိတ်အေးသွားသည်။ အနည်းဆုံးတော့ သူ ဖြေရှင်းနည်းတစ်ခု စဉ်းစားရန် အချိန်ရပေလိမ့်မည်။ ဤရေခဲထုက အလွန်မာကြောသည်။ မင်တဲ၏ တိုက်ခိုက်စွမ်းအားနှင့်ပင် အချိန်တိုအတွင်း ထိုးဖောက်နိုင်လိမ့်မည် မဟုတ်ပေ။
‘အချိန်တိုအတွင်း မဖောက်နိုင်ဘူးလား’
ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွား၏။ မင်တဲက အချိန်တိုအတွင်း မထိုးဖောက်နိုင်လျှင် ဆက်၍လည်း တိုက်ခိုက်နေနိုင်လိမ့်မည် မဟုတ်သည် မဟုတ်လော။ သူ အအေးဓာတ်ကို မခံနိုင်တော့သည်နှင့် အထက်သို့ ပျံထွက်ကာ အနားယူရမည် မဟုတ်လော။ ထိုအခါ ကျန်းရီ တွင်းကို ဖျက်ဆီးပစ်လိုက်နိုင်ပေသည်။ သူ မီးတောက်များကို ထုတ်လွှတ်လိုက်သည်နှင့် တွင်းပတ်ပတ်လည်မှ ရေခဲများက အရည်ပျော်သွားလိမ့်မည်။ ထို့နောက် မီးတောက်များကို သိမ်းလိုက်လျှင် တွင်းထဲမှ ရေများက အလွယ်တကူ ပြန်အေးခဲသွားလိမ့်မည် မဟုတ်ပါလော။
ကျန်းရီသည် ရေခဲထုအနီးတွင် တိတ်တဆိတ် စောင့်နေလိုက်၏။ သူ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်၍ လျှပ်စီးက မီးကိုဖန်တီးနိုင်သည့် အကြောင်းကို ဆက်လေ့လာကာ မင်တဲ၏ တိုက်ခိုက်မှုများ ရပ်သွားမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်ပေသည်။
နေ့တစ်ဝက်ကြာပြီးနောက်...
မင်တဲသည် ဆက်တောင့်မခံနိုင်တော့ပေ။ သူ ပေနှစ်သောင်းနက်သော တွင်းတစ်တွင်းကို တူးပြီးသွားပြီဖြစ်သည်။ ထိုတွင်းက ဆယ်ပေကျယ်သည်။ အကယ်၍ မျှော်လင့်မထားသည့်အရာတစ်ခု ဖြစ်မလာပါက တွင်းသည် အချိန်တိုအတွင်း ပြန်အေးခဲပိတ်ဆို့သွားလိမ့်မည် မဟုတ်ချေ။
ဝှစ်...
မင်တဲသည် တွင်းကို အာရုံခံကြည့်ပြီးနောက် တွင်းအပြင်သို့ ပျံထွက်ကာ မြေရိုင်းအပြင်ကို ထွက်လိုက်၏။ သူ့ခန္ဓာကိုယ်က အအေးဓာတ်ကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်မထားသော်လည်း သူ့တမလွန်ဘုံသေမင်းအရှိန်အဝါကမူ များစွာ ကုန်ဆုံးနေပြီဖြစ်သည်။ အအေးဓာတ်ကို ခုခံရန် တမလွန်ဘုံသေမင်းအရှိန်အဝါကို အဆက်မပြတ် ထုတ်လွှတ်၍ ဒိုင်းတစ်ခု ဖန်တီးထားရသည် မဟုတ်ပါလား။ ထို့ကြောင့် သူ အနားယူကာ အားပြန်ဖြည့်ရန် လိုအပ်ပေသည်။
မင်တဲ အနားယူနေချိန်တွင် ကျန်းရီက လှုပ်ရှားလာသည်။
ကျန်းရီသည် မီးတောက်များကို ထုတ်လွှတ်၍ ရေခဲထုကို အရည်ဖျော်ကာ အထက်သို့ လျင်မြန်စွာ တက်သွားလိုက်သည်။ မီးတောက်များမှာ ရေခဲ၏ သဘာဝရန်သူပင်။ တစ်ခဏအတွင်းမှာပင် ကျန်းရီသည် မင်တဲတူးလက်စ တွင်းနေရာသို့ ရောက်ရှိသွားသည်။
ကျန်းရီ အထက်သို့ ဆက်မတက်တော့ဘဲ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ပြန်ဝင်ကာ တစ်ခဏမျှ အာရုံခံကြည့်လိုက်သည်။ အထက်တွင် မည်သည့်တမလွန်ဘုံအရှိန်အဝါမှ ရှိမနေကြောင်း အတည်ပြုပြီးမှ သူ မီးတောက်များ ဆက်ထုတ်ကာ ပတ်ပတ်လည်မှ ရေခဲသားကို အရည်ဖျော်လိုက်သည်။ သူ အထက်တက်နေစဉ်အတွင်းမှာပင် အောက်ဘက်မှ တွင်းလမ်းကြောင်းက လျင်မြန်စွာ အေးခဲလာနေသည်။ မင်တဲတူးထားသော တွင်းမှာ ပြန်ပိတ်လာပေပြီ။
‘ပြန်ဆင်းမယ်’
ကျန်းရီသည် ရေခဲကန်မျက်နှာပြင်အနီး ရောက်သည်နှင့် ချက်ချင်းပင် မီးတောက်များနှင့် အခြားတွင်းတစ်တွင်းတူး၍ အောက်ဘက် ပြန်ဆင်းကာ ရေထုထဲ ပြန်ဝင်နေလိုက်လေသည်။
နာရီဒါဇင်ကျော် ကြာပြီးနောက် မင်တဲ အနားယူ၊ အားဖြည့်၍ ပြီးသွားသည်။ သူ မြေရိုင်းထဲ ထပ်မံ ပျံဝင်လာသည်။ သို့သော် မြေရိုင်းထဲ ရောက်သည်နှင့် သူ အံ့အားသင့်သွားပေသည်။ အောက်ဘက်မှ တွင်းက လုံးဝပြန်ပိတ်နေပေပြီ။ သူ တမလွန်ဘုံသေမင်းအရှိန်အဝါ ထုတ်လွှတ်ကာ အကြိမ်အနည်းငယ် သေသေချာချာ အာရုံခံကြည့်သည်။ တွင်းက အမှန်ပင် ပြန်ပိတ်သွားခြင်းဖြစ်ကြောင်း အတည်ပြုပြီးနောက် သူ တစ်ကိုယ်လုံး တုန်သည်အထိ အမျက်ချောင်းချောင်း ထွက်သွားသည်။ သူ ဧရာမလက်ဝါးကြီးများ ဖန်တီးကာ ရေခဲပြင်ကို အဆက်မပြတ် ရိုက်ချလိုက်သည်။
ဝုန်း...ဝုန်း...ဝုန်း...
ရေခဲကန်က တုန်ခါသွားပြီး အောက်ဘက်မှ ရေထုလည်း တုန်သွားသည်။ ထိုမျှနှင့်ပင် ကျန်းရီသည် မင်တဲ၏ အမျက်ကို တွေးကြည့်နိုင်ပေပြီ။ မိမိ နာရီနှစ်ဆယ်ကျော် အပင်ပန်းခံကာ တူးထားသော တွင်းကို အခြားသူတစ်ယောက်က ပိတ်သွားလျှင် မည်သူမဆို ဒေါသထွက်ကြမည်သာ။
မင်တဲသည် တစ်ခဏမျှ ဒေါသဖြေပြီးနောက် မျက်လုံးများ အရောင်လက်လာ၏။ သူ လက်မလျှော့သေးပါ။ ထိုအစား ရေခဲပြင်ကို ထပ်မံ တိုက်ခိုက်လိုက်သည်။ ဤတစ်ကြိမ်တွင် သူ၏ တိုက်ခိုက်မှုများက ပိုပြင်းထန်လာပြီး သူ့တူးနှုန်းကလည်း တိုးလာသည်။
ကျန်းရီသည် ရေခဲထုအောက်တွင်သာ နေ၍ မင်တဲကို လျစ်လျူရှုထား၏။ သူ လျှပ်စီးက မီးကိုဖန်တီးနိုင်သည့် အကြောင်းကို ဆက်လေ့လာနေသည်။ တစ်ချိန်တည်းမှာပင် အထက်မှ တုန်ခါမှုများကိုလည်း အာရုံခံကြည့်နေသည်။ နေ့တစ်ဝက်ကြာပြီးနောက် အထက်မှ တုန်ခါမှုများက ထပ်မံ ပျောက်ကွယ်သွားပြန်၏။ သို့သော် ဤတစ်ကြိမ်တွင် ကျန်းရီ အထက်သို့ တက်မသွားပေ။ သူသာ မင်တဲဆိုလျှင် ဤတစ်ကြိမ်တွင် မြေရိုင်းထဲမှ ထွက်သွားမည် မဟုတ်ပါ။ ထိုအစား ကျန်းရီ တက်လာပြီး သူ့ထောင်ချောက်ထဲ ရောက်သွားမည်ကိုသာ စောင့်နေမည်ဖြစ်သည်။
နှစ်နာရီ၊ ဆယ်နာရီ... နာရီနှစ်ဆယ်...
ဤတစ်ကြိမ်တွင် ကျန်းရီသည် မင်တဲတူးထားသော တွင်းမှနေ၍ တက်မသွားဘဲ ဘေးတွင် တွင်းအသစ်တစ်တွင်း ဖော်လိုက်သည်။ လမ်းတစ်လျှောက်တွင်လည်း တမလွန်ဘုံအရှိန်အဝါကို အာရုံခံနေသည်။ သူ ကန်မျက်နှာပြင်အနီးသို့ ရောက်ချိန်တွင် ရပ်တန့်လိုက်ပြီး မလှုပ်မယှက်နှင့် တိတ်တဆိတ် စောင့်နေလိုက်သည်။ မင်တဲက အထက်တွင် ပုန်းနေမနေကို အရင် အတည်ပြုရပေမည်။
‘မဟုတ်သေးပါဘူး...’
မူလတွင် ကျန်းရီသည် တွင်းကို ဖျက်ဆီးလိုခဲ့၏။ သို့သော် ထိုအခိုက်တွင် အဘယ်ကြောင့် တွင်းကို ဖျက်ဆီးရန် လိုသနည်းဟု သူ ရုတ်တရက် တွေးမိသွားသည်။ ဤရေခဲကန်တစ်ကန်လုံးက ရေခဲထုကြီးဖြစ်သည်။ သူ မင်တဲကို ရေခဲထုထဲတွင် လှည့်ပတ်ရှောင်နေ၍ ရသည် မဟုတ်လော။ မင်တဲက ဆင်းလာနိုင်မည်ဆိုလျှင်ပင် သူ့ကို မီအောင်လိုက်နိုင်လိမ့်မည် မဟုတ်ပေ။ မင်တဲသည် ရေခဲထုထဲတွင်လည်း အချိန်ကြာမြင့်စွာ မနေနိုင်ပါ။ ထို့ကြောင့် ကျန်းရီ သူ့ကို အချိန်ဆွဲထားနိုင်ပေသည်။
‘ပြန်ဆင်းသွားမယ်ကွာ...’
ကျန်းရီ ချက်ချင်းပင် အောက်ဘက်သို့ ပြန်ဆင်းသွားလိုက်သည်။ သူ ဆင်းနေစဉ် အထက်မှ ရေခဲထုက ပြင်းထန်စွာ တုန်ခါလာ၏။ ထို့နောက် ပြင်းထန်သော အားလှိုင်းတစ်လှိုင်း ရောက်လာရာ ကျန်းရီ သွေးအန်မိမလိုပင် ဖြစ်သွားသည်။
ကျန်းရီတစ်ယောက် တုန်လှုပ်သွား၏။ ထိုမျှ အချိန်ကြာပြီးနောက်တွင် မင်တဲက ပုန်းနေလိမ့်ဦးမည်ဟု သူ ထင်မထားခဲ့ပေ။ အကယ်၍ အစောကသာ သူ တွင်းကို ဖျက်ဆီးလိုက်ပါက မင်တဲ၏ သတ်ဖြတ်မှုကို ချက်ချင်း ခံရလောက်ပေသည်။
ရှီး...ရှီး...
ကျန်းရီသည် မီးတောက်များကို အထက်သို့ အသည်းအသန် ပစ်လွှတ်၍ အောက်ဘက်သို့ လျင်မြန်စွာ ဆက်ဆင်းသွားလိုက်၏။ သူ့အထက်တွင် ရေခဲထု ပေရာကျော်လောက် ရှိနေ၍သာ တော်သေးသည်။ မင်တဲက ထိုရေခဲထုကို အချိန်တိုအတွင်း မထိုးဖောက်နိုင်လောက်ပေ။ ကျန်းရီ၏ အမြန်နှုန်းက ပိုမြန်သည်။ ထို့ပြင် သူ ဆင်းသွားစဉ်မှာပင် အထက်မှ တွင်းပေါ်က ပြန်အေးခဲသွားမည်ဖြစ်သည်။ ထို့ကြောင့် မင်တဲက သူ့ကို မီမလာနိုင်ပေ။
ဝုန်း...ဝုန်း...
ကျန်းရီ ပေသုံးသောင်း ဆင်းပြီးနောက် အထက်မှ အသံများက တိုး၍လာ၏။ ထိုအခါမှ ကျန်းရီ စိတ်အေးနိုင်တော့သည်။ မင်တဲကမူ ထပ်မံ ဒေါသူပုန်ထသွားသည်။ ကျန်းရီက ဝေး၍ ဝေး၍ သွားကြောင်းကို သူ အာရုံခံမိသည်။ ထို့ကြောင့် သူ အမီလိုက်ရန် လက်လျှော့လိုက်လေသည်။
မင်တဲသည် အချက်တစ်ချက်ကိုတော့ သိလိုက်ရ၏။ ကျန်းရီက ရေခဲထုထဲတွင် လွတ်လွတ်လပ်လပ်၊ လျင်လျင်မြန်မြန် သွားနိုင်ရာ သူ တွင်းဆက်တူးနေလျှင်လည်း အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။ သူ ကျန်းရီကို လိုက်မီနိုင်မည် မဟုတ်ပါ။
မင်တဲ၏ မျက်ဝန်းများက အတော်ကြာအောင် မီးဝင်းဝင်းတောက်နေ၏။ သူ မြေရိုင်းထဲမှ ပျံထွက်ကာ မင်တိတို့ကို ရှာ၍ ဒေါသတကြီး အမိန့်ပေးလိုက်သည်။
“မီးဓာတ် စွမ်းအားကြီး သိုင်းသမားတွေ အကုန်လုံးကို သွားစုလိုက်။ ငါ ရေခဲကန်ကို မီးလောင်တိုက်သွင်းပစ်ချင်တယ်”
မင်တဲသည် တမလွန်ဘုံမျိုးနွယ်မှ မီးဓာတ် စွမ်းအားကြီး သိုင်းသမား အားလုံးကို သုံး၍ ရေခဲကန်ကို အရည်ဖျော်ပစ်ကာ ကျန်းရီကို ဆီပူအိုးထဲကျသော ငါးတစ်ကောင်ကဲ့သို့ ဖြစ်သွားအောင် လုပ်ပစ်လိုနေခြင်းပင်။ ထိုအခါကျလျှင် ကျန်းရီ မည်သို့ ဆက်ပုန်းနေနိုင်မည်နည်း။
***