ချောင်ပိတ်မိသော အခြေအနေ
Vol. 136 Ch. 1898
မင်တဲ၏ အမိန့်အောက်တွင် ဘုံအားလုံးရှိ မီးဓာတ်ကို ကျင့်ကြံသော တော်ဝင်မိသားစုဝင်များအားလုံးနှင့် တမလွန်ဘုံမျိုးနွယ်ဝင်များအားလုံးတို့သည် ရေခဲအရင်းအမြစ်မြေရိုင်းဆီသို့ ချက်ချင်း လာကြရလေသည်။
တမလွန်ဘုံက ဘုံကြီးကိုးဘုံကို ထိန်းချုပ်ထားနိုင်သည်။ ထိုဘုံတစ်ခုစီတွင် တမလွန်ဘုံမျိုးနွယ်ဝင်များနှင့် တော်ဝင်မိသားစုဝင်များ မည်မျှရှိသနည်း။ ရေတွက်၍ပင် မရနိုင်ပေ။ ထိုထဲမှ အချို့ တော်ဝင်မိသားစုဝင်များနှင့် တမလွန်ဘုံမျိုးနွယ်ဝင်များက မီးဓာတ်ကို ကျင့်ကြံကြသည်။ မင်တိက အကြမ်းဖျင်း တွက်ကြည့်ရာ မီးဓာတ်ကျင့်ကြံသူများမှာ အနည်းဆုံး အယောက်တစ်သန်းလောက်ရှိကြောင်း သိလိုက်ရသည်။
သို့သော် ထိုသူအားလုံးကို စုစည်းနိုင်ရန် အချိန်လိုအပ်ပေလိမ့်မည်။ သို့သော် မင်တဲက အလျင်မလိုပါ။ ကျန်းရီက အခြားနေရာသို့ ထွက်ပြေးသွားနိုင်လိမ့်မည် မဟုတ်သည် မဟုတ်ပါလော။ ထိပ်တန်းတမလွန်ဘုံဘုရင် ရှစ်ပါးနှင့် အခြားတမလွန်ဘုံဘုရင်များကို မြေရိုင်းအား ဝိုင်းထားခိုင်းပြီးပြီဖြစ်သည်။ ထို့ပြင် တပ်သားဆယ်သန်းကလည်း မြေရိုင်းကို ဝိုင်းထားရာ ကျန်းရီ မဆိုထားနှင့် ရေစက်တစ်စက်ပင် လွတ်ထွက်သွားနိုင်မည် မဟုတ်ပေ။
မင်တဲသည်လည်း မြေရိုင်းအပြင်ဘက်တွင် စောင့်နေသည်။ မကြာခဏဆိုသလိုလည်း သူ တမလွန်ဘုံသေမင်းအရှိန်အဝါ ထုတ်လွှတ်ကာ အာရုံခံနေသည်။ သူသည် မီးဓာတ်ကျင့်ကြံသော တော်ဝင်မိသားစုဝင်များနှင့် တမလွန်ဘုံမျိုးနွယ်ဝင်များကို စောင့်နေခြင်းပင်။ ထိုသူများ ရောက်လာလျှင် သူ တိုက်ခိုက်ကာ ရေခဲအရင်းအမြစ်မြေရိုင်းတစ်ခုကိုလည်း မြေသေတစ်ခု ဖြစ်သွားအောင် လုပ်ပစ်တော့မည်ဖြစ်သည်။
ကျန်းရီသည် အပြင်မှ အခြေအနေကို မသိသလို မီးဓာတ်ကျင့်ကြံသူများစွာ လာနေကြောင်းကိုလည်း မသိပေ။ သူ သိလျှင်လည်း လုပ်နိုင်သည့်အရာ မရှိပါ။ သူ ဖောက်လည်း မထွက်နိုင်။ အပြင်ဘက်တွင် တမလွန်ဘုံစစ်တပ်များနှင့် တမလွန်ဘုံဘုရင်များစွာ ရှိနေသည်။ မင်တဲ မရှိလျှင်ပင် သူ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပါ။
ကျန်းရီသည် မင်တဲက ရေခဲထုကို ဆက်တိုက်ခိုက်မနေတော့သဖြင့် သံသယအချို့တော့ ရှိနေ၏။ သို့သော် သူ မည်သို့မှလည်း မလုပ်နိုင်ရာ အရေးမစိုက်တော့ဘဲ လျှပ်စီးက မီးကိုဖန်တီးနိုင်သည့် အကြောင်းကိုသာ ဆက်လေ့လာနေလိုက်ပေသည်။
အချိန်က စမ်းချောင်းတစ်ခုကဲ့သို့ စီးဆင်းသွား၏။ ကမ္ဘာဦးကောင်းကင်ဘုံက စည်းကားနေသည်။ စစ်တပ်များမှာ ပြန်ရောက်လာပြီဖြစ်သည်။ ထို့ပြင် ထောက်လှမ်းရေးများကလည်း စိတ်ဝင်စားဖွယ် သတင်းများကို ပြန်တင်ပြလာလေသည်။
ဤတစ်ကြိမ်တွင် တမလွန်ဘုံမျိုးနွယ်စစ်တပ်က လုံးဝပြန်ဆုတ်သွားသည်။ ကောင်းကင်ကြယ်စုဘုံနှင့် ကောင်းကင်ဝိညာဉ်ဘုံတို့ အပြင်ရှိ တမလွန်ဘုံက သိမ်းပိုက်ထားခဲ့သော ဆန်းကြယ်နယ်မြေများထဲတွင်လည်း တမလွန်ဘုံမျိုးနွယ်စစ်တပ်များ မရှိတော့ပေ။ တစ်နည်းဆိုရသော် တမလွန်ဘုံမျိုးနွယ်သည် ထိုဆန်းကြယ်နယ်မြေများကို သိမ်းပိုက်ပြီးနောက် လွှင့်ပစ်နေသကဲ့သို့ပင်။
အလွန်စိတ်ဝင်စားဖွယ်ကောင်းသော အခြားသတင်းတစ်ခုလည်း ရှိသေးသည်။ ဟယ်နုန်ယင်းက တမလွန်ဘုံမျိုးနွယ်စစ်တပ်ကို ပြန်မျှားခေါ်ရန် ကောင်းကင်ဝိညာဉ်ဘုံကို တိုက်ခိုက်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် အင်အားသန်းသုံးသန်းရှိသော စစ်တပ်တစ်တပ်လုံး ပျောက်ကွယ်သွားခဲ့သည်။ စစ်သူကြီးအချို့၏ စိတ်ဝိညာဉ်ကျောက်စိမ်းပြားများလည်း ကျိုးသွားခဲ့သည်။ သို့သော် ဟယ်နုန်ယင်း၊ ရီဖျောင်ဖျောင်၊ သိမ်းငှက်ဘုရင်လေးနှင့် အခြား စစ်သူကြီးများ၏ စိတ်ဝိညာဉ်ကျောက်စိမ်းပြားများမှတော့ မကျိုးသေးပေ။
ထို့ကြောင့် ဟယ်နုန်ယင်းတို့က အသက်ရှင်နေလောက်သေးသည်။ ထို့ပြင် အုပ်ချုပ်သူအဆင့် သိုင်းသမားအချို့လည်း အသက်ရှင်နေသေးသည်။ သို့သော် ထောက်လှမ်းရေးများသည် ထိုသူများ၏ သတင်းကို အစအနပင် စုံစမ်း၍ မရချေ။
ထို့ပြင် ထောက်လှမ်းရေးများက တမလွန်ဘုံမျိုးနွယ်ဝင်အချို့ကို ဖမ်းဆီး၍ ဝိညာဉ်ရှာဖွေအတတ်ကိုသုံးကာ သတင်းအချက်အလက် အနည်းငယ် ရယူနိုင်ခဲ့သေးသည်။ ယခုတွင် တမလွန်ဘုံမျိုးနွယ်စစ်တပ်အားလုံးက မြေရိုင်းတစ်ခုအနီးတွင် စုဝေးနေကြသည်။ ထို့ကြောင့် ကောင်းကင်ဝိညာဉ်ဘုံနှင့် ကောင်းကင်ကြယ်စုဘုံတို့က အကာအကွယ်မဲ့လုနီးပါး ဖြစ်နေပေသည်။
အစတွင် မိုးပြာမဟာဧကရာဇ်နှင့် အခြားသူများက သံသယတစ်ခု ဖြစ်ခဲ့၏။ တမလွန်ဘုံဧကရာဇ် ပြန်ထွက်ပေါ်လာသည်များလော။ ထို့ကြောင့် စစ်တပ်များကို ဖယ်ပေး၍ သူတို့ကို သေတွင်းဆီ မျှားခေါ်ခြင်းလော။ သို့သော် ဟယ်နုန်ယင်း၊ ရီဖျောင်ဖျောင်နှင့် သိမ်းငှက်ဘုရင်လေးတို့က အသက်ရှင်နေသေးသည်။ သူတို့ ယင်းကို မည်သို့ ရှင်းပြနိုင်မည်နည်း။
ဟယ်နုန်ယင်းတို့၏ အကျင့်စရိုက်အရ သူမတို့သည် တမလွန်ဘုံမျိုးနွယ်၏ ဖမ်းဆီးမှုကို ခံကြလိမ့်မည် မဟုတ်ချေ။ သူမတို့သည် အဖမ်းခံရတော့မည် သို့မဟုတ် ထိန်းချုပ်ခံရတော့မည်ကို သိလျှင် သေချာပေါက် သူမတို့ကိုယ်သူမတို့ သတ်သေကြမည်သာ။ ဟယ်နုန်ယင်းမှာ သန်မာသော အမျိုးသမီးတစ်ယောက်ဖြစ်ရာ မည်သို့ တမလွန်ဘုံမျိုးနွယ်၏ အကျဉ်းသား အဖြစ်ခံပါမည်နည်း။
အချိန်ကြာလာသောအခါ ချီလင်းဧကရီနှင့် ရူးသွပ်မဟာဧကရာဇ်တို့ ငြိမ်မနေနိုင်တော့ပေ။ ကောင်းကင်ဝိညာဉ်ဘုံနှင့် ကောင်းကင်ကြယ်စုဘုံတွင် အကာအကွယ်မဲ့နေသည် မဟုတ်ပါလား။ မင်တဲက သူ၏စစ်တပ်အားလုံးကို မြေရိုင်းတစ်ခုဆီသို့ ခေါ်ထားသည်။ သူ ထိုသို့လုပ်နေခြင်းမှာ ဟယ်နုန်ယင်းတို့ကို သတ်ရန် ဖြစ်နိုင်သည်။ ဟယ်နုန်ယင်းတို့က ဝန်းရံထားမှုကို ဖောက်မထွက်နိုင်၍ ပြန်မလာနိုင်ခြင်း ဖြစ်နိုင်ပေသည်။
မိုးပြာမဟာဧကရာဇ်ကမူ ထိုခန့်မှန်းချက်ကို လက်မခံပါ။ မိုးပြာမဟာဧကရာဇ်သည် မင်တဲနှင့် တမလွန်ဘုံဧကရာဇ်စစ်တပ်ကြောင့် အလွန်စိုးရိမ်နေသည်။ တမလွန်ဘုံဧကရာဇ်က ယခင်ကတည်းက ထွက်ပေါ်လာခဲ့ပြီး ဖြစ်နေမည်ကို သူ ပို၍ပင် စိုးသည်။ ယခုအခြေအနေက ထောင်ချောက်တစ်ခုဟု သူ တွေးသည်။ သူတို့ တပ်များ စေလွှတ်လိုက်လျှင် ကမ္ဘာဦးကောင်းကင်ဘုံကို ဆုံးရှုံးရနိုင်သည်။ ကမ္ဘာဦးကောင်းကင်ဘုံတွင် စွမ်းအားကြီး အစီအရင်တစ်ခု ရှိသည်။ သို့သော် စွမ်းအားကြီး သိုင်းသမား အများစုက ဘုံအပြင်တွင် သေသွားမည်ဆိုပါက ယန်ကိုးပါးကောင်းကင်ဧကရာဇ် ပြန်မွေးဖွားလာလျှင်ပင် လူသားမျိုးနွယ်ကို ကယ်နိုင်တော့မည် မဟုတ်ပေ။
ရူးသွပ်မဟာဧကရာဇ်က မိုးမပြာမဟာဧကရာဇ်ကို အလွန်နာခံသည်။ နောက်ဆုံးတွင် သူ တပ်များ မစေလွှတ်ရန် ရွေးချယ်လိုက်သည်။ ထို့ကြောင့် ချီလင်းဧကရီ ရွေးချယ်စရာ မရှိတော့ဘဲ သူမကိုယ်တိုင်သာ တပ်များ စေလွှတ်ရတော့သည်။ သူမသည် ချီလင်းဧကရီစစ်တပ်မှ တပ်သားငါးသန်းကို စေလွှတ်လိုက်သည်။ ကောင်းကင်ဘုရင်ဝေကလည်း ယန်ကိုးပါးစစ်တပ်မှ တပ်သားငါးသန်းကို စေလွှတ်သည်။ ထို့ကြောင့် အင်အားဆယ်သန်းရှိသော စစ်တပ်တစ်တပ် ရလေသည်။ ထိုစစ်တပ်ကို ဟယ်နုန်ယင်း၏ အဖေက ကိုယ်တိုင်ဦးဆောင်၍ ကောင်းကင်ဝိညာဉ်ဘုံနှင့် ကောင်းကင်ကြယ်စုဘုံတို့ကို သွားတိုက်လေသည်။
လမ်းတစ်လျှောက်တွင် တမလွန်ဘုံမျိုးနွယ်ဝင်များ ရှိမနေ။ ထို့ကြောင့် အင်အားဆယ်သန်းစစ်တပ်သည် အလွန်ချောမွေ့စွာ ချီတက်သွားနိုင်လိုက်သည်။ မင်တဲက မီးဓာတ်ကျင့်ကြံသူတိုင်းကို ဆင့်ခေါ်လိုက်ချိန်တွင် စစ်တပ်က ကောင်းကင်ဝိညာဉ်ဘုံအနီးသို့ ရောက်သွားပေသည်။
ဆယ်ရက် ကုန်ဆုံးသွား၏။
မီးဓာတ်ကျင့်ကြံသော တော်ဝင်မိသားစုဝင်အားလုံးနှင့် တမလွန်ဘုံမျိုးနွယ်ဝင်အားလုံးသည် ရေခဲအရင်းအမြစ်မြေရိုင်းအပြင်သို့ ရောက်နေကြပြီဖြစ်သည်။ အင်အားဆယ်သန်းစစ်တပ်ကလည်း ကောင်းကင်ဝိညာဉ်ဘုံကို စတင်တိုက်ခိုက်လေသည်။
မင်တဲသည် ထိုသတင်းကို ရသော်လည်း အရေးမစိုက်ပေ။ လူသားမျိုးနွယ်က အကာအကွယ်မဲ့သွားသော ဘုံနှစ်ခုကို တိုက်ခိုက်လောက်ကြောင်း သူ ခန့်မှန်းထားပြီးဖြစ်သည်။ သို့သော် သူ့တွင် တပ်ဖွဲ့များ စေလွှတ်ရန် အစီအစဉ် မရှိပေ။ သူ့အတွက် ကျန်းရီကို သတ်ရန်နှင့် မီးနဂါးဓားကို ယူရန်ကသာ အရေးအကြီးဆုံးဖြစ်သည်။ ကောင်းကင်ဝိညာဉ်ဘုံထဲရှိ တော်ဝင်မိသားစုဝင်အများစုနှင့် တမလွန်ဘုံမျိုးနွယ်ဝင်အများစုမှာလည်း အသတ်ခံလိုက်ရပြီးဖြစ်သည်။ ထို့ကြောင့် ကျန်သောသူများ ဆက်အသတ်ခံရလျှင်လည်း ဘာအရေးနည်း။
သို့ဖြင့် အင်အားဆယ်သန်းစစ်တပ်က ကောင်းကင်ဝိညာဉ်ဘုံထဲ အလွယ်တကူ ဝင်နိုင်လိုက်၏။ သူတို့သည် တမလွန်ဘုံအစီအရင်များကို ဖျက်ဆီးပြီးနောက် ကျန်နေသေးသော တမလွန်ဘုံမျိုးနွယ်ဝင်များနှင့် တော်ဝင်မိသားစုဝင်များကို ရှင်းပစ်ကြပေသည်။ တစ်ဘက်တွင်လည်း မင်တဲက တုန်လှုပ်ဖွယ် တိုက်ခိုက်မှုကြီးတစ်ခုကို စနေလေသည်။
ဝုန်း...ဝုန်း...ဝုန်း...
မင်တဲနှင့် အခြား တမလွန်ဘုံဘုရင် ရာကျော်သည် ရေခဲအရင်းအမြစ်မြေရိုင်းအပြင်ရှိ ပါးလျသော ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့အလွှာကို တိုက်ခိုက်နေကြ၏။ ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များက မြေရိုင်းတစ်ခုလုံးကို လွှမ်းခြုံထားသည်။ အကယ်၍ သူတို့ ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များကို ဖျက်ဆီးမပစ်ပါက ရေခဲများကို အရည်ဖျော်ပစ်လျှင်ပင် ရေခိုးရေငွေ့များက မြေရိုင်းအပြင်သို့ မထွက်နိုင်ဘဲ မြေရိုင်းအတွင်း၌သာ လွင့်မျောနေမည်ဖြစ်သည်။ ရေခဲအရင်းအမြစ်မြေရိုင်းထဲမှ အပူချိန်က အလွန်နိမ့်သည်။ ထို့ကြောင့် ရေခိုးရေငွေ့များက လျင်မြန်စွာ ပြန်အေးခဲသွားနိုင်သည်။ သို့ဆိုလျှင် နောက်ဆုံးတွင် သူတို့ ကြိုးစားခဲ့သမျှက အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များကို ဖျက်ဆီးလိုက်လျှင်မူ ရေခိုးရေငွေ့များက မြေရိုင်းအပြင်သို့ ထွက်သွားနိုင်သည်။ သူတို့ ရေခဲများကို အရည်ဖျော်ရန် မီးတောက်များ ထုတ်လွှတ်နေလျှင် ရေခဲများက ရေခိုးရေငွေ့များအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။ ရေခဲကန်ကလည်း တွင်းကြီးတစ်တွင်း ဖြစ်သွားမည်။ ထိုအခါ ကျန်းရီ သူတို့လက်မှ ပုန်းနေနိုင်တော့မည် မဟုတ်ပေ။
ရွှစ်...ရွှစ်...
တမလွန်ဘုံဘုရင် အပါးရာကျော် တိုက်ခိုက်နေကြသည့် မြင်ကွင်းမှာ အလွန်မှင်တက်ဖွယ်ပင်။ ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များက တတိတိ လွင့်ပြယ်လာသည်။ ထိုအခါ ရေခဲအရင်းအမြစ်မြေရိုင်းတစ်ခုလုံးလည်း တုန်ခါလာပေသည်။
“ဟုတ်ပြီ...”
တစ်နာရီကြာ တိုက်ခိုက်ပြီးနောက် ရေခဲအရင်းအမြစ်မြေရိုင်း ပတ်ပတ်လည်ရှိ ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့အားလုံး လွင့်ပြယ်သွားသည်။ ထိုအခါ မြေရိုင်းထဲမှ ကြောက်မက်ဖွယ်အအေးဓာတ်က အပြင်ထွက်လာ၏။ အဆင့်နိမ့် တမလွန်ဘုံမျိုးနွယ်ဝင်များသည် အေးခဲသွားတော့မလိုပင် ခံစားလိုက်ကြရသည်။ ၎င်းတို့က ခပ်လှမ်းလှမ်းတွင် ရှိနေကြသော်လည်း အအေးဓာတ်ကို မခံနိုင်ကြပါ။
“တိုက်ကြ...”
မင်တဲက အမိန့်ပေးလိုက်၏။ မီးဓာတ်ကျင့်ကြံကြသော တော်ဝင်မိသားစုဝင် အယောက်တစ်သန်းစလုံး တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြသည်။ သူတို့အားလုံးသည် အဝေးမှနေ၍ ရေခဲအရင်းအမြစ်မြေရိုင်းထဲသို့ မီးတောက်အမျိုးမျိုး ပစ်လွှတ်လိုက်ကြလေသည်။
မီးနဂါးဓား၊ မီးမြွေများ၊ မီးလုံးများ၊ မီးပွားများ၊ မီးလှိုင်းများ၊ မီးလိုင်းများဟူ၍ အမျိုးစုံလှပေသည်။
ရေခဲအရင်းအမြစ်မြေရိုင်းမှာ မီးလောကတစ်ခုအဖြစ် ပြောင်းလဲသွားရ၏။ အရောင်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးရှိသော မီးတောက်များ အဆက်မပြတ် ကျဆင်းလာနေသည်။ ရုတ်ခြည်းအတွင်းမှာပင် ရေခိုးရေငွေ့များသည် မှိုတိမ်တိုက်ကြီးတစ်ခုအလား အောက်ဘက်မှနေ၍ ထိုးတက်လာ၏။ ၎င်းသည် မိုင်ထောင်ချီသော ဟင်းလင်းပြင်ကိုလည်း လွမ်းခြုံသွား၏။ ထိုမြင်ကွင်းမှာ တုန်လှုပ်ဖွယ်ပင်။
“ဟားဟား...”
မင်တဲ၏ တမလွန်ဘုံသေမင်းအရှိန်အဝါက ရေခဲအရင်းအမြစ်မြေရိုင်းထဲ ထိုးဝင်သွား၏။ မြေရိုင်းထဲမှ ရေခဲပြင်များ၊ ရေခဲတောင်များ၊ ရေခဲကန်များ အရည်ပျော်နေကြသည်ကို သူ အာရုံခံမိလိုက်သည်။ သူ့မျက်နှာပေါ်မှ အနက်ရောင် ဆေးမင်ကြောင်များ ရှုံ့သွားသည်။ ထို့နောက် သူ စူးရှသော မျက်ဝန်းများနှင့် ငုံ့ကြည့်ကာ အေးစက်စက် ပြောလိုက်လေသည်။
“ငါးရက်... ဒီမြေရိုင်းက အလွန်ဆုံးငါးရက်အတွင်း ပျောက်ကွယ်သွားတော့မယ်။ ကောင်လေး.. အဲ့ကျရင် မင်း ပုန်းနေနိုင်ဦးမလား ကြည့်ကြသေးတာပေါ့”
***
“အာ...”
ရေခဲကန်အောက်ဘက် ရေခဲအရင်းအမြစ်အနီးရှိ ရေထုထဲတွင် ရှိနေသော ကျန်းရီတစ်ယောက် ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်၏။ မီးတောက်အမျိုးမျိုးကြောင့် ရေခဲများ အရည်ပျော်လာသည်ကို ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်းမှနေ၍ သူ ခံစားမိလိုက်သည်။ ထို့ပြင် အပြင်ဘက်မှ မိုးမြေဝိညာဉ်စွမ်းအင် စီးဆင်းမှုကလည်း သိသိသာသာ ကွဲပြားနေသည်။
ကျန်းရီသည် အပြင်ဘက်တွင် မည်သည့်အရာများ ဖြစ်နေကြောင်းကို မသိပါ။ သူ သွားလည်း စူးစမ်းမကြည့်ဝံ့ပါ။ သို့သော် မင်တဲက ကိစ္စကြီးတစ်ခုကို လုပ်နေပြီဖြစ်ကြောင်းတော့ သူသိပေသည်။ သူ ဤအခြေအနေမှ ဖောက်ထွက်နိုင်မည့် နည်းလမ်းတစ်ခုကို အမြန်ဆုံး မစဉ်းစားနိုင်လျှင် ရီဖျောင်ဖျောင်၊ ဟယ်နုန်ယင်းနှင့် အခြားသူများအားလုံးလည်း သေရပေလိမ့်မည်။
‘ကျင့်ကြံရမယ်’
ကျန်းရီသည် တစ်ခဏမျှ တွေးတောပြီးနောက် စိုးရိမ်ပူပန်မနေတော့ဘဲ ဆက်သာ ကျင့်ကြံလေ့လာလိုက်သည်။ စိုးရိမ်ပူပန်နေ၍ မည်သည့်အကျိုးမှ ရှိမည် မဟုတ်ပေ။ ကောင်းကင်က မိမိကို မကယ်လျှင် မိမိကိုယ်ကိုယ်သာ အားကိုးရမည်။ ထို့ပြင့် သူ့ပခုံးထက်၌ အခြားသူများ၏ အသက်များလည်း ရှိနေပေသည်။
***