← Chapters

အသက်ကိုရင်း၍ တိုက်မည်

Vol. 136 Ch. 1899

အသက်ကိုရင်း၍ တိုက်မည်

Vol. 136 Ch. 1899

တမလွန်ဘုံ တော်ဝင်မိသားစုဝင် အယောက်တစ်သန်းသည် ရေခဲအရင်းအမြစ်မြေရိုင်းထဲသို့ မီးတောက်အမျိုးမျိုး ပစ်ထည့်နေကြ၏။ တစ်ရက်အတွင်းမှာပင် မြေရိုင်းထဲရှိ ရေခဲတောင်အားလုံး အရည်ပျော်ကာ ရေခိုးရေငွေ့များအဖြစ် ဟင်းလင်းပြင်ထဲ ထွက်သွားကြသည်။ ယခုတွင် ဧရာမရေခဲကန်ကြီးသာ ကျန်တော့သည်။ ကန်ထဲမှ ရေခဲထုမှာလည်း ပေတစ်သိန်းကျော်လောက် အရည်ပျော်နေပြီဖြစ်သည်။

ထိုတော်ဝင်မိသားစုဝင်များက စွမ်းအားကြီးသည် မဆိုနိုင်သော်လည်း မီးတောက်များမှာ ရေခဲ၏ သဘာဝရန်သူ မဟုတ်ပါလား။ ရေခဲမှာ မည်မျှအေးခဲနေပါ‌စေ မီးတောက်များသည် ရေခဲကို တတိတိ အရည်ဖျော်ပစ်နိုင်သည်။ အကယ်၍ မီးတောက်များက အားကောင်းလျှင် ပိုမြန်မြန် အရည်ဖျော်နိုင်ကြသည်။ မီးတောက်များက အားနည်းလျှင်မူ အရည်ဖျော်နိုင်နှုန်းက နှေးပေသည်။ ယခုတွင် မီးတောက်အမျိုးပေါင်း တစ်သန်းက အရည်ဖျော်နေရာ ရေခဲကန် မဆိုထားနှင့် ရေခဲပင်လယ်ပင် အရည်ပျော်သွားပေလိမ့်မည်။

မင်တဲသည် ဟင်းလင်းပြင်ထဲတွင် အေးအေးဆေးဆေး ရပ်၍ မြေရိုင်းထဲသို့ မျက်နှာသေနှင့် ငုံ့ကြည့်နေ၏။

ကောင်းကင်ဝိညာဉ်ဘုံမှ တော်ဝင်မိသားစုဝင်များနှင့် တမလွန်ဘုံမျိုးနွယ်ဝင်များက အသတ်ခံနေကြရသည်။ အကူအညီတောင်းခံမှုများကလည်း မပြတ် ဝင်လာနေသည်။ သို့သော် မင်တဲသည် သူတို့ကို လုံးဝလျစ်လျူရှုထားသည်။ သူက အလွန်သွေးအေးပေသည်။ ကောင်းကင်ဝိညာဉ်ဘုံရှိ တော်ဝင်မိသားစုဝင်များထဲတွင် သူ့မျိုးဆက်များလည်းပါသည်။ သို့သော် သူ့တွင် မျိုးဆက်များစွာရှိရာ ထိုသူများ သေသွားခြင်းကို သူ ဆွဲဆိတ်သလောက်ပင် မခံစားရပေ။

မင်တဲသည် တမလွန်ဘုံဧကရာဇ်အပေါ် အလေးစား၊ အယုံကြည်ဆုံးသူဖြစ်သည်။ တမလွန်ဘုံဧကရာဇ်၏ အကျိုးကသာ သူ့အတွက် အရေးအကြီးဆုံးဖြစ်သည်။ အကယ်၍ တမလွန်ဘုံဧကရာဇ်ကသာ ကပ်‌လောကတစ်ခုလုံးကို အုပ်စိုးနိုင်မည်ဆိုလျှင် သူသည် တိုက်ပွဲတွင် သူ့မိသားစုနှင့် သူ့ကိုယ်သူ စတေးရန် တွန့်ဆုတ်နေမည် မဟုတ်ပါ။

သို့သော် မင်တဲသည် ကောင်းကင်ကြယ်စုဘုံထဲမှ တော်ဝင်မိသားစုဝင်များနှင့် တမလွန်ဘုံမျိုးနွယ်ဝင်များကို အခြားဘုံသို့ ရွှေ့ပြောင်းကြရန်တော့ ပြောလိုက်သည်။ လက်ရှိတွင် သူ ထိုဘုံနှစ်ခုကို အရေးမစိုက်နိုင်ပါ။ တပ်များလည်း စေလွှတ်မပေးလိုပါ။ တပ်သားအနည်းငယ် စေလွှတ်လိုက်လျှင်လည်း အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။ အကယ်၍ မိုးပြာမဟာဧကရာဇ်နှင့် အခြားမဟာဧကရာဇ်များ ရောက်လာလျှင် ထိပ်တန်းတမလွန်ဘုံဘုရင် တစ်ပါး၊ နှစ်ပါးလောက်နှင့် ယှဉ်နိုင်မည် မဟုတ်ချေ။ သူတို့ကို သေလမ်းပို့လိုက်သလိုသာ ရှိပေလိမ့်မည်။ တပ်များစွာ စေလွှတ်လိုက်လျှင်မူ ဤဘက်တွင် အင်အားလျော့သွားနိုင်ပေသည်။

ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဩဇာအာဏာက အလွန်ကြီးသည်။ ထို့ကြောင့် သူ၏ ဆက်ခံသူကို သတ်မှဖြစ်မည်။ ကောင်းကင်ဧကရာဇ်၏ နတ်ဘုရားလက်နက်ကလည်း တမလွန်ဘုံ၏လက်ထဲတွင်ပင် ရှိရပေမည်။ တမလွန်ဘုံဧကရာဇ်ကလည်း အကယ်၍ ကောင်းကင်ဧကရာဇ်၏ နတ်ဘုရားလက်နက် ထွက်ပေါ်လာလျှင် မည်သည့်နည်းနှင့်မဆို ရအောင်ယူရန် အမိန့်ပေးထားပေသည်။

ရှီး...ရှီး...

ကောင်းကင်မှနေ၍ မီးတောက်များ ကျဆင်းလာပြီး ရေခဲကန်မှနေ၍ ရေခိုးရေငွေ့များ ထိုးတက်ကာ ကောင်းကင်ကို လွှမ်းခြုံထားသည်။ မီးဓာတ်ကျင့်ကြံသော တမလွန်ဘုံဘုရင် အပါးဒါဇင်ကျော်၏ မီးတောက်များက အလွန်အားကောင်းကြသည်။ သူတို့ တိုက်ခိုက်လိုက်တိုင်း ရေခဲများစွာ အရည်ပျော်သွားလေသည်။

ဝုန်း...ဝုန်း...ဝုန်း...

ရေခဲကန်သည် တိုက်ခိုက်မှု အမျိုးမျိုးကို ခံနေရ၏။ အောက်ဘက်မှ ရေထုကလည်း အပြင်းအထန် တုန်ခါလာသည်။ သို့သော် ကျန်းရီကမူ ယင်းတို့ကို လျစ်လျူရှုထား၏။ ထို့ပြင် တုန်ခါမှုက သူ၏ ကျင့်ကြံခြင်းကို အနှောင့်အယှက်ဖြစ်စေ၍ သူ့အာရုံအားလုံးကိုပင် ပိတ်ထားပေသည်။

ကျန်းရီက သေလိုနေခြင်း မဟုတ်ပါ။ အချိန်ကြာမြင့်စွာ လေ့လာခဲ့ပြီးနောက်၊ သေရေးရှင်ရေး အခြေအနေများစွာကို ဖြတ်ကျော်ခဲ့ပြီးနောက် သူ၏ အလားအလာက လှုံ့ဆော်ခံခဲ့ရသည်။ သူ့ဦးနှောက်က ပုံမှန်ထက် အဆတစ်သောင်းပိုမြန်စွာ လည်ပတ်နေသည်။ နောက်ဆုံးတွင် သူသည် လျှပ်စီးက မီးကိုဖန်တီးနိုင်ခြင်း အကြောင်းကို အပြည့်အဝ နားလည်သွားပြီဖြစ်သည်။

မီးမှာ လျှပ်စီးအနှစ်သာရ၏ ကိုင်းခွဲတစ်ခုသာဖြစ်၏။ လျှပ်စီးက မီးကိုဖန်တီးနိုင်ခြင်း အကြောင်းကို အပြည့်အဝ နားလည်သွားလျှင် အဘယ်အရာ ဖြစ်လာမည်နည်း။ မီးအရင်းအမြစ်အား သုံးနိုင်မည်၊ မသုံးနိုင်မည်ကို ကျန်းရီ မသေချာသော်လည်း အနည်းဆုံးတော့ မျှော်လင့်ချက်တစ်ခု ရလာပေလိမ့်မည်။ ရှင်သန်နိုင်ရန် မျှော်လင့်ချက်တစ်ခုမှာ လျှော့တွက်၍ရသောအရာ မဟုတ်ပေ။

တစ်ရက်၊ နှစ်ရက်၊ သုံးရက်...

ကျန်းရီ၏ မျက်လုံးများ ရုတ်တရက် ပွင့်လာ၏။ သူ့မျက်ဝန်းများက အမှောင်ထုထဲရှိ ကြယ်နှစ်စင်းကဲ့သို့ပင်။ သူ ကန်မျက်နှာပြင်ကို အာရုံခံလိုက်ပြီးနောက် ရေခဲအားလုံး မပျော်သေးကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူ ဆက်အာရုံမခံတော့ပေ။ သူ့တွင် ပိုအရေးကြီးသော လုပ်စရာများ ရှိပေသည်။

‘မီးအရင်းအမြစ်’

ကျန်းရီသည် နဝမမြောက်ကြယ်စက်လုံးထဲရှိ မီးအရင်းအမြစ်ကို အာရုံစိုက်လိုက်၏။ မကြာခင် သူ့ခန္ဓာကိုယ်က တုန်ယင်လာပြီး သူ့မျက်နှာပေါ်မှ ကြွက်သားများ တွန့်လာသည်။ အဘယ်ကြောင့်ဆိုသော် သူ မီးအရင်းအမြစ်ကို စိတ်ဖြင့် ထိန်းချုပ်လာနိုင်၍ဖြစ်သည်။

“ထွက်လာခဲ့”

ကျန်းရီ အော်ပြောလိုက်၏။ ထို့နောက် မီးတောက်ငယ်တစ်လုံးသည် သူ့ထိန်းချုပ်မှုအောက်မှနေ၍ နဝမမြောက်ကြယ်စက်လုံးထဲမှ ထွက်လာကာ သူ့လက်ထဲတွင် ပေါ်လာ၏။

ရှီး...ရှီး...

ထိုမီးတောက် ထွက်လာသည်နှင့် ပတ်ဝန်းကျင် ရေထုက အငွေ့ပျံသွား၏။ သို့သော် ရေထဲတွင်ဖြစ်၍ မီးအရင်းအမြစ်မီးတောက်က မြင်နိုင်သော နှုန်းနှင့် သေးငယ်လာသည်။ မီးက ရေခဲကို နိုင်သလို၊ ရေကလည်း မီးကိုနိုင်သည်။ ယင်းမှာ အလွန်ရိုးရှင်းသော နိယာမတစ်ခုပင်။

ရွှီး...

ကျန်းရီသည် မီးဝိညာဉ်ပုလဲကို လျင်မြန်စွာ ထုတ်၍ မီးအရင်းအမြစ်မီးတောက်ကို စုပ်ယူလိုက်၏။ တစ်ချိန်တည်းမှာပင် နဝမမြောက်ကြယ်စက်လုံးထဲရှိ မီးအရင်းအမြစ်မီးတောက်လုံးများကို မီးဝိညာဉ်ပုလဲထဲ ဆက်ထည့်လိုက်သည်။ ချီဟုန်က အပြင်းအထန် ထိခိုက်ခဲ့ရာ မီးအရင်းအမြစ်မရှိဘဲ ပြန်မကောင်းနိုင်ချေ။ ယခု သူက မီးအရင်းအမြစ်ကို ထိန်းချုပ်နိုင်ပြီဖြစ်ရာ ချီဟုန်ကို ချက်ချင်း ပြန်ကောင်းလာအောင် လုပ်ပေးလိုပေသည်။

“ကျီ...ကျီ...”

မီးအရင်းအမြစ်မီးတောက်များ မီးဝိညာဉ်ပုလဲထဲ ဝင်သွားသောအခါ ချီဟုန်က နိုးထမလာဘဲ ထောင့်တစ်နေရာတွင် အိပ်နေသော ကောင်းကင်ဝါးမျိုသားရဲလေးကသာ နိုးထလာသည်။ ထိုသားရဲလေး၏ ရွှေအိုရောင်မျက်ဝန်းများက ကြောက်မက်ဖွယ်ကောင်းလောက်အောင် တောက်ပနေသည်။ ၎င်းသည် နှာဘူးတစ်ယောက်က မိန်းမလှလေးများကို ကြည့်သကဲ့သို့ မီးအရင်းအမြစ်မီးတောက်လုံးများကို စိုက်ကြည့်နေလေသည်။

“ကျီ...ကျီ...”

သို့သော် ကောင်းကင်ဝါးမျိုသားရဲလေးသည် ချီဟုန်ကို အလွန်ကြောက်သဖြင့် မလှုပ်ဝံ့ပေ။ ချီဟုန်က နိုးမလာကြောင်း အတည်ပြုပြီးမှ ၎င်း အံကြိတ်ကာ မီးအရင်းအမြစ်မီးတောက်လုံးများထံ ပျံသန်းသွားလိုက်၏။ ထို့နောက် မီးတောက်လုံး အချို့ကို စားပစ်ကာ အိပ်ရန် ထောင့်သို့ ချက်ချင်း ပြန်သွားလိုက်သည်။ မီးအရင်းအမြစ်မီးတောက်လုံးများ၏ စွမ်းအင်က အလွန်ကြီးသည်။ ထိုစွမ်းအင်ကို ချက်ချင်း သန့်စင်ရမည်ဖြစ်သည်။ မဟုတ်လျှင် ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားပေလိမ့်မည်။

ကျန်းရီသည် ချီဟုန်က နိုးမလာကြောင်း အာရုံခံမိသောအခါ မီးအရင်းအမြစ်မီးတောက်များကို ထိန်းချုပ်၍ ချီဟုန်ဆီသို့ သွားစေလိုက်၏။ ၎င်းနောက် မီးတောက်များကို ချီဟုန်၏ ဧရာမခန္ဓာကိုယ်ကြီးအား လွှမ်းခြုံစေလိုက်သည်။

ခန္ဓာကိုယ်ဟု ဆိုသော်လည်း ပုံရိပ်ယောင်တစ်ခုသာ။ ချီဟုန်က ရုပ်ခန္ဓာမရှိတော့သော ဝိညာဉ်တစ်ခုသာဖြစ်သည်။ ထို့ပြင် လက်ရှိတွင် သူ့ဝိညာဉ်က အလွန်အားနည်းနေရာ ဖောက်မြင်နိုင်လုနီးပါး ဖြစ်နေပေသည်။ သူ့ဝိညာဉ်စွမ်းအားက ပြင်းထန်စွာ ထိခိုက်ခဲ့ကြောင်း ထင်ရှားပေသည်။

မီးအရင်းအမြစ်မီးတောက်များသည် ချီဟုန်ကို လွှမ်းခြုံပြီးနောက် ချက်ချင်းပင် ချီဟုန်၏ စုပ်ယူမှုကို ခံလိုက်ရ၏။ ယင်းနောက် ချီဟုန်၏ ဝေဝါးနေသော ဝိညာဉ်က ဖြည်းဖြည်းချင်း ပြန်ပီပြင်လာသည်။ ကျန်းရီသည် ထိုအဖြစ်ကို မြင်သောအခါ အလွန်ပျော်သွားပြီး မီးအရင်းအမြစ်မီးတောက်များကို ချီဟုန်အား ထပ်၍ လွှမ်းခြုံစေလိုက်လေသည်။

ကျန်းရီထံတွင် မီးအရင်းအမြစ်မီးတောက်များစွာ ရှိသည်။ သူက တောင်ကြားအပြည့် မီးတောက်များကို စုပ်ယူခဲ့ခြင်း မဟုတ်ပါလား။ ထို့ကြောင့် မီးတောက်လုံး အရေအတွက်က အနည်းဆုံး သန်းဆယ်ချီ၍ ရှိသည်။ ချီဟုန်က မီးတောက်လုံး သိန်းချီကို စုပ်ယူလိုက်လျှင်ပင် ကျန်းရီ မျက်နှာတစ်ချက် ပျက်မည် မဟုတ်ပေ။

ချီဟုန်၏ တိုက်ခိုက်စွမ်းအားက အလွန်ကြီး၏။ သူက ဝိညာဉ်အခြေအနေမှာပင် မင်တဲကို ခုခံ၍ အောင်အောင်မြင်မြင် ဆုတ်လာနိုင်ခဲ့သည်။ ချီဟုန်သာ နိုးလာလျှင် ကျန်းရီ၏ လွတ်မြောက်နိုင်ခြေက ပိုတိုးလာပေလိမ့်မည်။

သို့သော်...

ကျန်းရီသည် ချီဟုန်အား သောင်းချီသော မီးအရင်းအမြစ်မီးတောက်လုံးများနှင့် လွှမ်းခြုံပေးခဲ့၏။ ချီဟုန်မှာ ထိုမီးတောက်လုံးများကို စုပ်ယူနေသော်လည်း နိုးထလာမည့်လက္ခဏာ မပြသေးပါ။

‘အရေးမစိုက်တော့ဘူးကွာ’

ကျန်းရီ အာရုံကို ပြန်ရုတ်လိုက်၏။ ချီဟုန်က မီးအရင်းအမြစ်ကို စုပ်ယူနေပြီဖြစ်သည်။ သို့ဖြစ်ရာ သူ နိုးထချိန်တန်လျှင် နိုးထလာပေလိမ့်မည်။ ကျန်းရီသည် အထက်မှ ရေခဲထုကို မော့ကြည့်လိုက်၏။ ထိုအခိုက်တွင် ရေခဲထုက တုန်ခါနေသည်။ သူ အထက်သို့ ကူးတက်သွားလိုက်ပြီး တုန်ခါနှုန်းကို အာရုံခံကြည့်လိုက်သည်။

“အာ...”

ကျန်းရီ အာရုံခံကြည့်ပြီးနောက် တုန်လှုပ်သွား၏။ မရေမတွက်နိုင်သော စွမ်းအင်တန်းများက သူ့အထက်ရှိ ရေခဲထုထဲကို ထိုးဖောက်ဝင်ရောက်နေကြသည်။ ထို့ပြင် အထက်မှ အပူချိန်ကလည်း ယခင်ကနှင့် ကွာခြားနေသည်။ အပူချိန်သည် သိသိသာသာ ပိုမြင့်နေပေသည်။

‘မီးတောက်တွေ...’

ကျန်းရီ၏ မျက်ဝန်းများ အရောင်လက်သွား၏။ မင်တဲက မီးဓာတ်ကျင့်ကြံသူများကို စုစည်းခဲ့ပုံပင်။ အရာအားလုံးက တုန်ခါနေသည်မှာ အံ့ဩစရာမရှိတော့ပေ။ ရေခဲထုမှာလည်း ပေနှစ်သိန်းထုသာ ထူတော့သည်။

မီးဓာတ်ကျင့်ကြံသူများ ရှိနေလျှင် ရေခဲအရင်းအမြစ်က အသုံးဝင်တော့မည် မဟုတ်ပါ။ ရေခဲထု အရည်ပျော်သွားသည်နှင့် ကျန်းရီသည် မင်တဲ၏ လက်ခုပ်ထဲ ရောက်သွားတော့မည်ဖြစ်သည်။ တမလွန်ဘုံဘုရင်အားလုံးကလည်း သူ့ကို တိုက်ခိုက်ကြပေလိမ့်မည်။

‘ငါ အသက်ကိုရင်းပြီး တိုက်ရတော့မှာပဲ’

ယခုတွင် ကျန်းရီသည် မီးအရင်းအမြစ်ကို ထိန်းချုပ်နိုင်ပြီဖြစ်၍ များစွာပို၍ ယုံကြည်မှုရှိလာ၏။ မီးအရင်းအမြစ်က အလွန်စွမ်းအားကြီးသည်။ မင်တဲပင် သူ့အနားကို ကပ်ဝံ့လောက်မည် မဟုတ်သည် မဟုတ်လော။ မင်တဲ မီးအရင်းအမြစ်မီးတောက် ထိမှန်ခံလိုက်ရပါက မသေလျှင်ပင် အရေပြားတစ်လွှာတော့ ဆုံးရှုံးသွားရလောက်ပေသည်။

အတိတ်တွင် ကျန်းရီသည် မိုးကြိုးမီးနတ်ဘုရားဒိုင်းဟု ခေါ်သော ဆန်းကြယ်စွမ်းရည်တစ်ခုကို သိမြင်နားလည်ခဲ့သည်။ ယခု သူ မီးအရင်းအမြစ်မီးတောက်များနှင့် နတ်ဘုရားဒိုင်းတစ်ခု အလွယ်တကူ ဖန်တီးနိုင်သည်။ မီးအရင်းအမြစ် ကုန်မသွားသေးသ၍ မည်သူမှ သူ့အနားကို ကပ်ဝံ့လိမ့်မည် မဟုတ်ချေ။ အဝေးပစ်တိုက်ခိုက်မှုများကလည်း သူ့ကို သတ်နိုင်မည် မဟုတ်ပါ။

‘မင်တဲက အရမ်းစွမ်းအားမကြီးဖို့ မျှော်လင့်ပါတယ်။ သူ ငါ့ရဲ့ နတ်ဘုရားဒိုင်းကို မဖျက်နိုင်ရင် ငါ ကမ္ဘာဦးကောင်းကင်ဘုံကို ထွက်ပြေးနိုင်မှာပဲ။ ဂရုစိုက်မနေတော့ဘူးကွာ။ ဒီတိုက်ပွဲက ငါ့ရဲ့ သေရေးရှင်ရေးကို အဆုံးအဖြတ်ပေးမှာပဲ။ ‌ရေခဲထု ပျော်သွားတာနဲ့ ငါ ပျံထွက်သွားမယ်’

ပြေးစရာမြေ မရှိတော့သဖြင့် ကျန်းရီတစ်ယောက် အံကြိတ်ကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်ရသည်။ မင်တဲ၏ တိုက်ခိုက်စွမ်းအားက အလွန်ကြီးနေ၍ သူ၏ နတ်ဘုရားဒိုင်းကို ဖောက်နိုင်မည်ဆိုလျှင်လည်း သူ သူနှင့်အတူ သန်းချီသော တမလွန်ဘုံမျိုးနွယ်ဝင်များနှင့် တမလွန်ဘုံဘုရင်များကို သေရွာသို့ အပါခေါ်သွားရပေမည်။

‘ဟုတ်သား... ရေခဲအရင်းအမြစ်’

ကျန်းရီသည် အောက်ဘက်ရှိ ရေခဲအရင်းအမြစ်ကို ငုံ့ကြည့်လိုက်၏။ ရေခဲအရင်းအမြစ်ကို ဤနေရာတွင် ထားခဲ့ရမည်ဆိုလျှင် နှမြောစရာကောင်းပေသည်။ ထို့ကြောင်း ၎င်းကို သူ၏ နဝမမြောက်ကြယ်စက်လုံးထဲ ထည့်သိမ်းသွားရပေမည်။

ဝှစ်...

ကျန်းရီ အောက်ဘက်သို့ ကူးဆင်း၍ ရေခဲအရင်းအမြစ်အနီးသို့ သွားလိုက်၏။ ထို့နောက် သူ အခြားမည်သည်ကိုမှ အ‌ရေးစိုက်မနေတော့ဘဲ လျှပ်စီးက ရေကိုဖန်တီးနိုင်ခြင်း အကြောင်းကို ဆက်လေ့လာလိုက်သည်။ ထိုနည်းနှင့်ဆိုလျှင် သူ ရေခဲအရင်းအမြစ်ကို စုပ်ယူနိုင်၊ မယူနိုင်ကို သူ သိလိုနေပေသည်။

***

All Chapters