← Chapters

အပေးအယူ

Vol. 136 Ch. 1900

အပေးအယူ

Vol. 136 Ch. 1900

ကျန်းရီသည် လျှပ်စီးက ရေကိုဖန်တီးနိုင်သော အကြောင်းကို နားလည်ထားပြီဖြစ်ရာ အ‌အေးဓာတ်ကို မကြောက်ပေ။ ထို့ကြောင့် ရေခဲအရင်းအမြစ်ကို စုပ်ယူရန်မှာလည်း အခြေအမြစ်မရှိသည် မဟုတ်ပါ။

နေ့တစ်ဝက် မပြည့်ခင်မှာပင် ကျန်းရီ အနှစ်သာရကို နားလည်သွားသည်။ ရေခဲအရင်းအမြစ်က စတင် လှုပ်ရှားလာသည်။ ကျန်းရီ စိတ်နှစ်လေ့လာနေစဉ်အတွင်း ရေခဲအရင်းအမြစ်က သူ့ထံသို့ အလိုလို ရွေ့လျားလာ၏။ နောက်ဆုံးတွင် ပြီးခဲ့သောအခေါက်ကကဲ့သို့ ရေခဲအရင်းအမြစ်မှာ ကျန်းရီ၏ စုပ်ယူမှုကို ခံရပြီး နဝမမြောက်ကြယ်စက်လုံးထဲ ဝင်သွားလေသည်။

ရေခဲအရင်းအမြစ်က မီးအရင်းအမြစ်လောက် မများပေ။ သို့သော် နည်းလည်း မနည်းပါ။ အချင်းဝက် မီတာငါးရာလောက်ရှိသည်။ ထို့ပြင် ရေခဲအရင်းအမြစ်သည် ထူးဆန်းသော စွမ်းအင်တစ်မျိုးအဖြစ်ပြောင်းလဲ၍ မီးအရင်းအမြစ်ထက် ပိုနှေးသောနှုန်းဖြင့် ကျန်းရီ၏ကိုယ်ထဲ ဝင်နေသည်။ ထိုနှုန်းအရ ရေခဲအရင်းအမြစ် အကုန်လုံးကို စုပ်ယူနိုင်ရန် အနည်းဆုံး နေ့တစ်ဝက်လောက် အချိန်လိုပေလိမ့်မည်။

အထက်မှ တမလွန်ဘုံမျိုးနွယ်ဝင်များက ဆက်လက် တိုက်ခိုက်နေကြသေးသည်။ ရေခဲထုက ပေတစ်သောင်းကျော်ကျော်သာ ထူတော့သည်။ ၎င်း လုံးဝအရည်ပျော်သွားရန် နေ့တစ်ဝက်ကျော်လောက်သာ လိုတော့ပေမည်။ သို့သော် ထိုအခါကျလျှင် ကျန်းရီက ရေခဲအရင်းအမြစ်ကို စုပ်ယူပြီး ဖြစ်နေပေလိမ့်မည်။

မင်တဲသည် တမလွန်ဘုံဘုရင်တစ်စုကို ဦးဆောင်၍ မြေရိုင်းထဲ ပျံဝင်လာ၏။ မြေရိုင်းတစ်ခွင်လုံးတွင် တမလွန်ဘုံအရှိန်အဝါများ ပြည့်နှက်သွားသည်။ အကယ်၍ ကျန်းရီက အခြားတစ်ဘက်မှ ထွက်ပြေးမည်ဆိုလျှင် မင်တဲက ချက်ချင်းသိမည်ဖြစ်သည်။

မင်တဲ၏ တမလွန်ဘုံသေမင်းအရှိန်အဝါက ရေခဲထုထဲ ထိုးဖောက်နိုင်၏။ သို့သော် ရေခဲထုအောက်မှ ရေထု၏ အပူချိန်က ပိုနိမ့်ရာ သူ ကျန်းရီကို အာရုံမခံနိုင်ပေ။ ထို့ကြောင့် ဆက်စောင့်နေရန်သာ ရှိသည်။

မီးဓာတ်ကျင့်ကြံသူ အယောက်တစ်သန်းမှာလည်း မြေရိုင်းထဲ ဝင်လာကြ၏။ သူတို့က မီးတောက်များကို အဆက်မပြတ် ထုတ်လွှတ်နေရာ မြေရိုင်းထဲမှ အပူချိန်က သိပ်မနိမ့်တော့ပေ။ သို့ဖြစ်၍ တမလွန်ဘုံမျိုးနွယ်ဝင်အားလုံး ခံနိုင်ကြသည်။

ထိပ်တန်းတမလွန်ဘုံဘုရင် ရှစ်ပါးနှင့် သာမန် တမလွန်ဘုံဘုရင် အပါးရာကျော်တို့အားလုံး အောက်ဘက်သို့ စိတ်လှုပ်ရှားစွာ ငုံ့ကြည့်လိုက်ကြသည်။ အထူးသဖြင့် မင်တိ၏ မျက်ဝန်းများထဲတွင် သွေးဆာသော အရိပ်အယောင်များ ရှိနေပေသည်။ ယခင်တွင် ကျန်းရီက သူ့ကိုယ်ပွားတစ်ခုကို ဖျက်ဆီးပစ်ခဲ့သည်။ ယင်းက တိရှဘုံကို ကျူးကျော်ရန် သူ ရေရှည်ပြင်ဆင်ထားခဲ့သော အစီအစဉ်ကို ပျက်စီးသွားစေခဲ့သည်။ ထို့ကြောင့် သူ ကျန်းရီကို ရင်ထဲအသည်းထဲမှ မုန်းတီးကာ ကျန်းရီ၏ အသွေးအသားကိုပင် စားပစ်နေလိုပေသည်။ ယခု ရေခဲထုက အရည်ပျော်သွားတော့မည်ဖြစ်ရာ သူ စိတ်လှုပ်ရှားနေသည်မှာ မထူးဆန်းချေ။

နေ့တစ်ဝက်ကြာပြီးနောက် ရေခဲထုက ပေတစ်သောင်းခွဲလောက်သာ ထူတော့သည်။ မင်တဲ၏ တမလွန်ဘုံသေမင်းအရှိန်အဝါက ရေထုထဲကို ရောက်နိုင်လာသည်။ နောက်ဆုံးတွင် ရေခဲအရင်းအမြစ်၏ ဝန်းရံမှုကို ခံထားရသော ကျန်းရီကို သူ တွေ့လိုက်လေသည်။

“အန်...”

မင်တဲသည် ကျန်းရီက ရေခဲအရင်းအမြစ်ကို လျင်မြန်စွာ စုပ်ယူနေသည်ကို အာရုံခံမိလိုက်၏။ ရေခဲအရင်းအမြစ်က များစွာမကျန်တော့ပေ။ သူ့မျက်နှာပေါ်၌ အံ့အားသင့်သည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ သူ့မျက်နှာပေါ်မှ အနက်ရောင် ဆေးမင်ကြောင်များကလည်း မြွေနက်များကဲ့သို့ လှုပ်ရှားသွားသည်။ ထို့နောက် သူ ခပ်သွက်သွက် အော်ပြောလိုက်ပေသည်။

“အားလုံး တိုက်ခိုက်ကြ။ အဲ့ရေခဲထုကို ဖောက်လိုက်ကြ”

သမိုင်းတစ်လျှောက်တွင် စွမ်းအားကြီး သိုင်းသမားများစွာသည် ရေခဲအရင်းအမြစ်နှင့် မီးအရင်းအမြစ်ကို စုပ်ယူလိုခဲ့ကြသည်။ သို့သော် မည်သူမှ မအောင်မြင်ခဲ့ပေ။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်ပင် မစုပ်ယူနိုင်ခဲ့ပါ။ သို့ရာတွင် ယခု ကျန်းရီက ရေခဲအရင်းအမြစ်ကို စုပ်ယူနေသည်လော။

ထိုအခိုက်တွင် မင်တဲသည် ကျန်းရီက ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူဖြစ်ကြောင်း သေချာသွားသည်။ ကျန်းရီက ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူ မဟုတ်လျှင်ပင် ရေခဲအရင်းအမြစ်အား စုပ်ယူနိုင်သူတစ်ယောက်ကို အသက်ရှင်ခွင့် ပေးထား၍ မဖြစ်ချေ။

ဘုန်း...ဘုန်း...

မင်တဲသည် ရေခဲထုကို ဧရာမလက်ဝါးပုံရိပ်ကြီးများ ထုတ်၍ ရိုက်နေ၏။ သူသည် တစ်နေရာတည်းကိုသာ ရိုက်နေသည်။။ သူ ရေခဲထုတွင် တွင်းတစ်တွင်း ဖောက်ရန် ကြိုးစားနေခြင်းပင်။

ဝုန်း...ဝုန်း...ဝုန်း...

မင်တဲနှင့် အခြားသူများကလည်း မင်တဲ တိုက်ခိုက်နေသည့်နေရာကိုသာ တိုက်ခိုက်လိုက်ကြ၏။ စွမ်းအားကြီးသူများစွာက တစ်ပြိုင်တည်း တိုက်ခိုက်နေရာ ‌ရေခဲထုက ပြင်းထန်စွာ တုန်ခါလာတော့သည်။ ရေခဲပြင်ပေါ်တွင် မင်တဲ၏ လက်ဝါးရာကြီးက နက်၍ နက်၍ လာပေသည်။ မီးဓာတ်ကျင့်ကြံသူ အယောက်တစ်သန်းကလည်း ထိုလက်ဝါးရာကြီးဆီသို့ မီးတောက်အမျိုးမျိုး ပစ်လွှတ်နေကြသည်။ ထို့ကြောင့် ရေခဲအရည်ပျော်နှုန်းက ပိုမြန်လာလေသည်။

သာမန် တိုက်ခိုက်မှုများနှင့်ဆိုလျှင် ပေတစ်သောင်းခွဲထူသော ရေခဲထုကို ဖောက်ထွင်းရန် အနည်းဆုံး အနိမ့်ဘုံအချိန် ဆယ်ရက်လိုမည်ဖြစ်သည်။ ယခုတွင်မူ စွမ်းအားကြီးသူများစွာက တစ်ပြိုင်တည်း တိုက်ခိုက်နေကြရာ နာရီနှစ်ဆယ် မပြည့်ခင်အတွင်းမှာပင် ရေခဲထု၌ တွင်းကြီးတစ်တွင်း ပေါ်လာပေသည်။ သူတို့သည် အောက်ဘက်ရှိ မည်းမှောင်နေသော ရေထုကိုပင် မြင်လာရပေပြီ။ ယခု မင်တဲသာမက မင်တိနှင့် အခြားသူများပင် သူတို့၏ တမလွန်ဘုံအရှိန်အဝါများနှင့် ကျန်းရီကို အာရုံခံနိုင်လာပြီဖြစ်သည်။

ကျန်းရီက မည်းမှောင်နေသော ရေထုထဲတွင် တင်ပျဉ်ခွေထိုင်ကာ မျက်လုံးမှိတ်ထား၏။ သူ၏ အနီရောင်ဆံပင်များက ရေထဲတွင် အတန်ငယ် လွင့်မျောနေသည်။ သူ့ပတ်ပတ်လည်မှ ရေခဲအရင်းအမြစ်က အားလုံးပျောက်ကွယ်သွားပြီဖြစ်သည်။ စုပ်ယူခံလိုက်ရပြီဖြစ်သည်။ တမလွန်ဘုံဘုရင်များအားလုံး သူ့ကို အာရုံခံလိုက်သည့်အချိန်တွင် သူ့မျက်လုံးများ ရုတ်တရက် ပွင့်လာလေသည်။

ရွှီး...

ကျန်းရီ၏ မျက်ဝန်းများက ညကောင်းကင်ရှိ ကြယ်နှစ်ပွင့်အလား ရေထုကို ဖြတ်၍ မင်တဲကို စိုက်ကြည့်လိုက်၏။ သူတို့နှစ်ယောက်စလုံး ဖော်ပြ၍မရနိုင်သော အကြောက်တရားကို ခံစားလိုက်ကြရသည်။ ကျန်းရီ လှုပ်ရှားလိုက်၏။ သူက ရေခဲအရင်းအမြစ်ကို စုပ်ယူပြီးပြီဖြစ်သလို ရေခဲထုကလည်း ပွင့်သွားပြီဖြစ်သည်။ ယခုက သူသေကိုယ်သေတိုက်ခိုက်ရန် အချိန်ပင်။

ဝှစ်...

ကျန်းရီသည် သူ့ဘက်က စ၍ တိုက်ခိုက်ရန် ရွေးချယ်လိုက်၏။ သူ ရေထုအထက်သို့ ကူးတက်သွားသည်။ သူ့အရှိန်အဝါကလည်း ထိုးထွက်လာသည်။ ထို့နောက် သူ အထက်ရှိ မရေမတွက်နိုင်သော တမလွန်ဘုံမျိုးနွယ်ဝင်များထံ ပျံတက်သွားလိုက်လေသည်။

မင်တဲ၏ခန္ဓာကိုယ်မှနေ၍ တမလွန်ဘုံသေမင်းအရှိန်အဝါ ထွက်လာ၏။ ကျန်သော တမလွန်ဘုံဘုရင်များကလည်း တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။ သို့သော် ကျန်းရီ၏ လက်စွပ်က လင်းလက်လာပြီး ဓားတစ်ချောင်း ထွက်ပေါ်လာချိန်တွင် သူတို့အားလုံး ထိုဓားကိုသာ အာရုံစိုက်သွားကြပေသည်။

မင်တဲသည် တိုက်ခိုက်ရန် ဟန်ပြင်ထားပြီးဖြစ်သော်လည်း မီးနဂါးဓားကို ငေးကြည့်၍ ရပ်တန့်လိုက်၏။ သူ့မျက်ဝန်းများထဲတွင် လေးနက်မှုများ ထွက်ပေါ်လာသည်။ ထိုဓားက မည်မျှစွမ်းအားကြီးကြောင်း သူ အလွန်ကောင်းစွာ သိပေသည်။

“ခင်ဗျားက မင်တဲ မဟုတ်လား”

ကျန်းရီသည် လက်ထဲမှ မီးနဂါးဓားကို ဝှေ့ယမ်းကာ ဆက်ပြောလိုက်၏။

“ခင်ဗျား ဒီဓားကို လိုချင်လား။ ကျွန်တော်တို့ အပေးအယူတစ်ခု လုပ်မယ်ဆိုရင် ဘယ်လိုလဲ”

“အပေးအယူလား”

မင်တဲ အတန်ငယ် အံ့အားသင့်သွား၏။ သို့သော် သူ့မျက်နှာထားက ပြောင်းလဲမသွားပါ။ သူ အခြား တမလွန်ဘုံဘုရင်များကို တစ်ချက်လှည့်ကြည့်၍ အချိန်မရွေးတိုက်ခိုက်ဖို့ အသင့်ပြင်ထားရန် မျက်ရိပ်ပြလိုက်ပြီးမှ ကျန်းရီကို ပြန်ကြည့်ကာ ပြောလိုက်သည်။

“မင်းက လူသားမျိုးနွယ်ရဲ့ လူငယ်ပါရမီရှင် ကျန်းရီ မဟုတ်လား။ မင်းက ဘယ်လို အပေးအယူမျိုး လုပ်ချင်လို့လဲ”

ကျန်းရီ ဖြည်းဖြည်းချင်း ပျံတက်လာ၏။ တမလွန်ဘုံမျိုးနွယ်ဝင်များ စိတ်လှုပ်ရှားလာကြသည်။ ကျန်းရီကမူ အေးဆေးနေပုံ ပေါ်ပေသည်။ သူ ပြုံး၍ ပြန်ပြောလိုက်သည်။

“အရမ်းရိုးရှင်းပါတယ်။ ကျွန်တော့်ကို လွှတ်ပေးမယ်ဆိုရင် ကျွန်တော် ဒီဓားကို ခင်ဗျားကို ပေးမယ်”

“အာ...”

မင်တဲ၊ မင်တိနှင့် အခြားသူများ အံ့ဩသွားကြ၏။ ထိုဓားက ကောင်းကင်ဧကရာဇ်၏ နတ်ဘုရားလက်နက်ဖြစ်ကြောင်းကို ကျန်းရီက မသိသည်လော။ မဟုတ်လျှင် သူ ၎င်းကို ဤမျှ အလွယ်တကူ ပေးမည် မဟုတ်သည် မဟုတ်လော။ သို့မဟုတ် သူက သေရမည်ကို ကြောက်ရွံ့သူတစ်ယောက်ဖြစ်၍ အသက်ရှင်နိုင်မည်ဆိုပါက အရာအားလုံးကို လက်လျှော့မည့်သူပေလော။

ကျန်းရီက ဆက်၍ ပျံတက်လာနေသေးသည်။ မင်တဲသည် ကျန်းရီက အနားကပ်လာမည်ကို မကြောက်ပါ။ ဆိုရလျှင် ကျန်းရီက အနားကပ်လာလေ၊ သူ ကျန်းရီကို တစ်ချက်တည်းနှင့် သတ်နိုင်လိမ့်မည်ဟု ပို၍ ယုံကြည်မှုရှိလာလေပင်။ ကျန်းရီ၏ ကျင့်ကြံခြင်းအဆင့်က နိမ့်လွန်းနေသည် မဟုတ်လော။

“မင်း ရောက်တဲ့နေရာမှာ ရပ်နေလိုက်၊ မလှုပ်နဲ့”

သို့သော် မင်တဲသည် မီးနဂါးဓား၏ အသုံးအဆောင်ဝိညာဉ်ကို အတန်ငယ် ရှိန်ပေသည်။ ထိုအသုံးအဆောင်ဝိညာဉ်က ကမ္ဘာဦးခေတ်တွင် ပထမဆုံး မွေးဖွားခဲ့သော မီးနဂါးပင်။ သူသည် အော်ပြောကာ ကျန်းရီ ရပ်သွားသည်အထိ စောင့်ပြီးမှ ဆက်ပြောလိုက်သည်။

“အရင်ဆုံး ငါ့ကို ဓားပေးလိုက်။ ပြီးရင် ငါ မင်းကို လွှတ်ပေးမယ်”

“ဟားဟားဟား...”

ကျန်းရီ ခပ်လှောင်လှောင် ရယ်လိုက်၏။ သူ လက်ထဲမှဓားကို ထပ်မံ ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ခင်ဗျားက ကျွန်တော့်ကို အရူးတစ်ယောက်လို့ ထင်နေတာလား။ ကျွန်တော်သာ ခင်ဗျားကို မီးနဂါးဓားပေးလိုက်ရင် ခင်ဗျားက ကျွန်တော့်ကို ချက်ချင်း သတ်ပစ်မှာပေါ့။ ကျွန်တော် အမှန်အတိုင်းပြောမယ်... ကျွန်တော် သေသွားရင် ဒီဓားက လူသားဘုံဆီ ချက်ချင်း အလိုလို ပျံသွားလိမ့်မယ်။ ပြီးရင် ဓားက ကောင်းကင်ဧကရာဇ်ရဲ့ ဆက်ခံသူအသစ်ကို ထပ်ရှာမှာ။ မင်တဲ.. ကျွန်တော်တို့ လှည့်ကွက်တွေ မသုံးကျရအောင်။ ခင်ဗျား ကျွန်တော့်ကို ကမ္ဘာဦးကောင်းကင်ဘုံဆီ ပြန်ခွင့်ပေးမယ်လို့ ကောင်းကင်ဧကရာဇ်သွေးသစ္စာ ဆိုလိုက်ရင် ကျွန်တော် ခင်ဗျားကို ဓားပေမယ်။ ဘယ်လိုလဲ”

မင်တဲ နှုတ်ဆိတ်သွား၏။ ကျန်းရီက အမှန်ကို ပြောနေခြင်းပင်။ ထိုနှစ်တွင် တမလွန်ဘုံဧကရာဇ်က ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကို သတ်ပြီးနောက် မီးနဂါးဓားမှာ အပိုင်းခုနစ်ပိုင်း ကွဲထွက်သွားပြီး အလိုလို အရပ်မျက်နှာအနှံ့သို့ ပျံထွက်သွားသည်။ တမလွန်ဘုံဧကရာဇ်ပင် ယင်းအဖြစ်ကို မတားနိုင်ခဲ့ပေ။ ယခုတွင်လည်း ကျန်းရီ သေသွားမည်ဆိုလျှင် ထိုဓားက ထပ်မံ ပျံထွက်သွားလောက်သည်။ အကယ်၍ မိုးပြာမဟာဧကရာဇ်ကသာ ထိုဓားကို ရသွားလျှင် အကျိုးဆက်က ဆိုးဝါးသွားပေလိမ့်မည်။

မင်တဲသည် တစ်ခဏမျှ တွေး‌တောပြီးနောက် ခေါင်းညိတ်လိုက်၏။

“ကောင်းပြီ ကောင်လေး။ ငါ အခုပဲ ကောင်းကင်ဧကရာဇ်သွေးသစ္စာဆိုမယ်။ မင်း ငါ့ကို မလှည့်စားဖို့ မျှော်လင့်ပါတယ်။ မဟုတ်ရင်တော့ ငါ မင်းရဲ့စိတ်ဝိညာဉ်ကို တမလွန်ချောက်နက်ထဲ ထာဝရထည့်ထားလိုက်မယ်”

မီးနဂါးဓားက အလွန်အရေးကြီးသည်။ ကျန်းရီက အပေးအယူလုပ်လိုနေသည်ဖြစ်ရာ မင်တဲက အဘယ်ကြောင့် ကျန်းရီကို လွှတ်မပေးနိုင်ဘဲ ရှိရပါမည်နည်း။ ကျန်းရီက ရေခဲအရင်းအမြစ်ကို စုပ်ယူနိုင်ခဲ့သော်လည်း ကျင့်ကြံခြင်းအဆင့် နိမ့်နေသေးသည်။ အကယ်၍ နောင်တွင် အခွင့်အရေးရလာလျှင် သူ ကျန်းရီကို သတ်ပစ်နိုင်သေးသည်လည်း မဟုတ်ပါလား။

မင်တဲသည် စည်းမျဉ်းစည်းကမ်းများအတိုင်း ကောင်းကင်ဧကရာဇ်သွေးသစ္စာဆိုလိုက်၏။ ထို့နောက် သူ ကျန်းရီကိုကြည့်ကာ ပြောလိုက်သည်။

“ကောင်လေး.. ငါ့ကို ဓားပေးတော့။ ပြီးရင် မင်း ထွက်သွားနိုင်ပြီ”

“ဖမ်းလိုက်”

ကျန်းရီက မီးနဂါးဓားကို လွှဲ၍ပစ်လိုက်ရာ မီးနဂါးဓားက အနီရောင်အလင်းတန်း တစ်တန်းအလား မင်တဲဆီသို့ ပျံဝင်သွားပေသည်။ တစ်ချိန်တည်းမှာပင် ကျန်းရီလည်း ပျံလိုက်သွားသည်။ သူ မိုးမြေစွမ်းအား လှည့်ပတ်ကာ အလင်းတန်းတစ်တန်းအလား ကောင်းကင်ထက်သို့ ပျံတက်သွားလေသည်။

***

All Chapters