← Chapters

အားလုံးကို ချန်ခဲ့

Vol. 136 Ch. 1901

အားလုံးကို ချန်ခဲ့

Vol. 136 Ch. 1901

‘ကောင်းကင်ဧကရာဇ်ရဲ့ နတ်ဘုရားလက်နက်’

တမလွန်ဘုံဘုရင်များအားလုံး စွမ်းအားကြီးသော မီးနဂါးဓားကို လှမ်းကြည့်လိုက်ကြ၏။ မည်သူကမှ ကောင်းကင်ထက်သို့ ပျံတက်နေသော ကျန်းရီကို အရေးမစိုက်ကြတော့ပေ။

မင်တဲက ကောင်းကင်ဧကရာဇ်သစ္စာ ဆိုပြီးသွားပြီဖြစ်သည်။ ထို့ကြောင့် မည်သူကမှ ကျန်းရီကို မတိုက်ခိုက်ဝံ့တော့ချေ။ ထို့ပြင် ကျန်းရီ လွှတ်သွားလျှင်လည်း ဘာအရေးနည်း။ မီးနဂါးဓားသာ သူတို့လက်ထဲ ရောက်လာလျှင် အရာအားလုံး အဆင်ပြေသွားပေလိမ့်မည်။

ဝှစ်...

မင်တဲသည် ရုတ်ခြည်း တမလွန်ဘုံသေမင်းအရှိန်အဝါကို အသုံးပြု၍ ဧရာမလက်ကြီးတစ်ဘက် ဖန်တီးကာ မီးနဂါးဓားကို လှမ်းဖမ်းဆုပ်လိုက်သည်။ ထိုအခိုက်တွင် မီးနဂါးဓားက ဦးတည်ရာပြောင်းသွားပြီး တောက်ပစွာ လင်းလက်လာ၏။ ထို့နောက် ဓားထဲမှနေ၍ မီးတောက်လုံးများ ပျံထွက်လာကာ ဧရာမ မီးနဂါးတစ်ကောင်အဖြစ် ပေါင်းစည်းသွားလေသည်။

ချီဟုန် နိုးထလာပေပြီ။ သူသည် သူ၏နဂါးအမြီးကို ယမ်း၍ မီးနဂါးဓားကို ကျန်းရီထံ ခတ်ထုတ်လိုက်၏။ ကျန်းရီက ဓားကိုဖမ်း၍ သိမ်းလိုက်သည်။ ထို့နောက် ချီဟုန်သည် အနီရောင်အလင်းတန်းတစ်တန်းအလား ကျန်းရီထံသို့ လျင်မြန်စွာ ပျံသွားလိုက်ပေသည်။

ရှီး...ရှီး...

တစ်ချိန်တည်းမှာပင် ကျန်းရီသည် လက်ထဲမှနေ၍ မီးတောက်များ အဆက်မပြတ် ထုတ်လွှတ်လိုက်၏။ မီးတောက်များထဲတွင် ထူးဆန်းသော ပုံသဏ္ဌာန်များ ရှိနေသည်။ ၎င်းတို့ကို ကြည့်မိသူတိုင်း ရင်တုန်သွားနိုင်ပေသည်။

ကျန်းရီသည် မီးတောက်များကို ထိန်းချုပ်၍ စက်ဝိုင်းပုံ လည်ပတ်စေကာ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မီးတောက်နတ်ဘုရားဒိုင်းတစ်ခု ဖန်တီးလိုက်သည်။

“အား...”

“ဂီး...”

မီးအရင်းအမြစ်မီးတောက်များမှာ လောကထဲရှိ စွမ်းအားအကြီးဆုံး မီးတောက်များပင်။ သို့ဖြစ်ရာ ၎င်းမီးတောက်များ၏ အပူချိန်က မည်မျှမြင့်မည်နည်း။ တွေးကြည့်၍ပင် မရနိုင်ချေ။ ရေခဲအရင်းအမြစ်အနီးမှ နိမ့်သော အပူချိန်က ထျန်းဖုန့်ဧကရာဇ်ကိုပင် အရှင်လတ်လတ် အေးခဲပစ်နိုင်သည်။ သို့ဖြစ်ရာ မီးအရင်းအမြစ်အနီးမှ မြင့်မားသော အပူချိန်ကလည်း သေချာပေါက် ကြောက်မက်ဖွယ်ကောင်းပေသည်။

ကျန်းရီသည် မီးဓာတ်ကျင့်ကြံသူ အယောက်တစ်သန်းနှင့် နီးကပ်နေပြီဖြစ်သည်။ မီးအရင်းအမြစ်မီး‌တောက်များ ပေါ်ထွက်လာသောအခါ ပတ်ဝန်းကျင် အာကာပြင်က စတင် တွန့်ခေါက်လာသည်။ ကြောက်မက်ဖွယ် အပူလှိုင်းတစ်လှိုင်း ထွက်သွားပြီး ပတ်ဝန်းကျင်ရှိသူများကို လွှမ်းခြုံသွားသည်။

ထိုသူတော်တော်များများက အလွန်အားနည်းကြ၏။ သူတို့ ကြောက်မက်ဖွယ် အပူလှိုင်း၏ လွှမ်းခြုံမှုကို ခံလိုက်ရရာ သူတို့၏ ကံကြမ္မာမှာ တွေးကြည့်၍ပင် မရနိုင်တော့ချေ။ အယောက်တစ်ရာကျော် ရုတ်ခြည်း မီးလောင်သွားသည်။ သူတို့သည် မျက်စိဖြင့် မြင်သာသောနှုန်းနှင့် ပြာကျသွားကြသည်။ စွမ်းအားကြီးသူအချို့က နှစ်စက္ကန့်မျှ တောင့်ခံနိုင်ကြသည်။ သို့သော် အပူချိန်က ပိုမြင့်လာသောအခါ သူတို့လည်း မီးလောင်ကျွမ်းသွားကြသည်။ အော်သံများလည်း ဆူညံပွက်လာလေသည်။

‘မီးအရင်းအမြစ်လား’

မင်တဲနှင့် တမလွန်ဘုံဘုရင်အုပ်စုသည် ကျန်းရီနှင့် ပေသောင်းကျော်အကွာတွင် ရှိနေ၏။ သူတို့က ချက်ချင်း ဒဏ်ရာရမသွားကြသော်လည်း ကြောက်မက်ဖွယ် အပူချိန်ကို ခံစားလိုက်ရ၍ ကြောက်ရွံ့သွားကြသည်။ သူတို့ ပြန်ဆုတ်လိုစိတ်လည်း ပေါက်သွားကြပေသည်။ သို့သော် မင်တဲက ပြန်မဆုတ်သဖြင့် အခြားသူများလည်း မဆုတ်နိုင်ကြချေ။

“ချီဟုန်... အရင်တစ်ခေါက် ကျုပ် ခင်ဗျားကို မသတ်ခဲ့ဘူး။ ဒါပေမဲ့ ခင်ဗျားက ကျုပ်အရှေ့မှာ ထွက်လာရဲသေးတယ်ပေါ့လေ”

ကြောက်မက်ဖွယ် အပူချိန်က မင်တဲအပေါ် များစွာမသက်‌ရောက်နိုင်ပါ။ သူသည် ကျန်းရီနှင့် ချီဟုန်တို့၏ လှည့်စားမှုကို ခံခဲ့ရသဖြင့် ဒေါသတကြီးနှင့် ချီဟုန်ထံ ပျံသွားလိုက်ပြီး ထိပ်တန်းတမလွန်ဘုံဘုရင် ရှစ်ပါးကိုလည်း အမိန့်ပေးလိုက်သည်။

“အဲ့မျိုးမစစ်လေးကို သွားသတ်လိုက်။ ပြီးရင် သူ့ရဲ့စိတ်ဝိညာဉ်ကို တမလွန်ချောက်နက်ထဲမှာ ထာဝရ ချုပ်ထားလိုက်”

မင်တဲက အမိန့်ပေးလိုက်သည်နှင့် တမလွန်ဘုံဘုရင်များ ကျန်းရီထံသို့ ချက်ချင်း ပျံသန်းသွားကြ၏။ သို့သော် မျှော်လင့်မထားဘဲ ကျန်းရီကလည်း သူတို့ထံ ပျံဝင်လာပေသည်။ သူ့လက်ထဲ၌ မီးနဂါးဓား ထွက်ပေါ်လာသည်။ သူသည် မည်သည့် ဆန်းကြယ်စွမ်းရည်ကိုမှ မထုတ်လွှတ်ဘဲ ရာချီသော မီးတောက်လုံးများကိုသာ ထုတ်လွှတ်လိုက်၏။ ထို့နောက် မီးနဂါးဓားကို လွှဲယမ်းလိုက်သောအခါ မီးနဂါးအနည်းငယ် ပျံထွက်လာသည်။ ထိုမီးနဂါးများသည် ဧရာမမီးနဂါးကြီးတစ်‌ကောင်အဖြစ် ပြောင်းလဲ၍ ရာချီသော မီးတောက်လုံးများကို ဦးဆောင်ကာ အရှေ့သို့ ပျံသန်းသွားလေသည်။

“ပြန်ဆုတ်ကြ...”

မင်တိ မျက်မှောင်ကြုတ်သွားပြီး အော်ကာ သတိပေးလိုက်၏။ ထိုမီးအရင်းအမြစ်မီးတောက်များကို အထိခံ၍ မဖြစ်ပေ။ မဟုတ်လျှင် သူတို့ ရှစ်ပါးစလုံး သေသွားပေလိမ့်မည်။

မင်တိနှင့် အခြား ထိပ်တန်းတမလွန်ဘုံဘုရင် ခုနစ်ပါးက အရပ်မျက်နှာအနှံ့သို့ ချက်ချင်း ပျံပြေးလိုက်ကြ၏။ သို့သော် သူတို့နောက်မှ သာမန် တမလွန်ဘုံဘုရင်များက နှေးကြသည်။ ထို့ပြင် ထိုသူများ၏ ကျင့်ကြံခြင်းအဆင့်ကလည်း နိမ့်သည်။ သူတို့သည် မြင့်မားသော အပူချိန်၏ လွှမ်းခြုံမှုကို ခံရသောအခါ မလှုပ်နိုင်ကြတော့ပေ။

ရှီး...ရှီး...

မီးနဂါးကြီးနှင့် မီးအရင်းအမြစ်မီး‌တောက်များက ဝင်တိုက်လိုက်သောအခါ တမလွန်ဘုံဘုရင်အချို့ ရုတ်ခြည်း ပြာကျသွားကြလေသည်။

“အရူးတွေ...”

မင်တိနှင့် အခြားသူများ ဒေါသထွက်သွားကြ၏။ သူတို့သည် လက်ဝါးပုံရိပ်ကြီးများ ဖန်တီး၍ ထိုတမလွန်ဘုံဘုရင်များကို အဝေးသို့ တွန်းထုတ်လိုက်ကြသည်။ သူတို့ လျင်မြန်စွာ တုံ့ပြန်လိုက်ကြသော်လည်း မီးနဂါးကြီးနှင့် မီးတောက်များက ဖြတ်ပျံသွားပြီးပြီဖြစ်ရာ တမလွန်ဘုံဘုရင် အပါးနှစ်ဆယ်ကျော်၊ သုံးဆယ်နီးပါး ပြာကျသေဆုံးသွားပေသည်။ ဒဏ်ရာရသွားသော တမလွန်ဘုံဘုရင်များလည်း များစွာရှိသည်။

“အားလုံး ထွက်သွားကြ”

မင်တဲသည် အခြေအနေကို ကြည့်၍ ဒေါသတကြီး အော်ပြောလိုက်၏။ ထိုအခါ သာမန် တမလွန်ဘုံဘုရင်များသည် ကြောက်လန့်တကြားနှင့် မြေရိုင်းအပြင်ဘက်သို့ ပျံပြေးကြ၏။ မီးဓာတ်ကျင့်ကြံသူများလည်း ကြောက်ရွံ့တကြီး ထွက်ပြေးကြသည်။ သူတို့ ဤမြေရိုင်းထဲတွင် ဆက်နေလျှင် အချိန်မရွေး သေသွားနိုင်ပေသည်။

“ဟွန်း...”

ကျန်းရီ အေးစက်စက် နှာမှုတ်လိုက်၏။ သူသည် မင်တိနှင့် အခြားသူများကို အရေးပင်မစိုက်ပါ။ လက်ရှိတွင် သူက ထိပ်တန်းတမလွန်ဘုံဘုရင်များကို မယှဉ်နိုင်သေးသော်လည်း သာမန် တမလွန်ဘုံဘုရင်များကိုမူ အလွယ်တကူ ယှဉ်နိုင်ကြောင်း သူ သိသည်။ ထို့ကြောင့် သူလည်း လိုက်၍ ပျံထွက်လိုက်သည်။ သူက မိုးမြေစွမ်းအားသုံးထားရာ သူ့အမြန်နှုန်းမှာ သာမန် တမလွန်ဘုံဘုရင်များ၏ အမြန်နှုန်းထက် မနိမ့်ပေ။

ရွှက်...ရွှက်...

ကျန်းရီသည် သာမန် တမလွန်ဘုံဘုရင်များနောက်မှ ပျံလိုက်သွားပြီး မီးနဂါးဓားကို လွှဲယမ်းကာ မီးတောက်များ ထပ်မံပစ်လွှတ်လိုက်သည်။ ထိုအခါ တမလွန်ဘုံဘုရင် ဆယ်ပါးလောက် မလှုပ်နိုင်ကြတော့ဘဲ မီးလောင်ကျွမ်း သေဆုံးသွားကြလေသည်။

“လူသားမျိုးမစစ်ကောင်.. ငါ မင်းကို အစိတ်စိတ်အမွှာမွှာ စွဲဖြဲပစ်မယ်”

“ကျန်းရီ ရပ်လိုက်”

“လူသားမျိုးမစစ်... ငါနဲ့လာတိုက်”

မင်တိနှင့် အခြား ထိပ်တန်းတမလွန်ဘုံဘုရင်များ ဒေါသတကြီး အော်ပြောလိုက်ကြ၏။ တိုက်ခိုက်မှုအမျိုးမျိုးကလည်း ကျန်းရီထံ ပျံဝင်လာကြသည်။ တမလွန်ဘုံဘုရင်တစ်ပါးက ဧရာမလက်သည်းနက်ကြီး ပစ်လွှတ်လိုက်သည်။ အခြား တမလွန်ဘုံဘုရင်တစ်ပါးက တမလွန်ဘုံအရှိန်အဝါနှင့် ဓားတစ်လက် ဖန်တီးကာ ပစ်လိုက်သည်။ အခြား တမလွန်ဘုံဘုရင်တစ်ပါးကလည်း အနားငါးဘက်ပါသော တောင်တစ်လုံး ဖန်တီး၍ ကျန်းရီကို ဖိချလိုက်သည်။

သို့သော် ထိုထိပ်တန်းတမလွန်ဘုံဘုရင်များသည် အနီးသို့ အရမ်းမကပ်ဝံ့ကြပေ။ ထို့ကြောင့် အဝေးမှသာ တိုက်ခိုက်နေကြသည်။ သို့ဖြစ်၍ သူတို့၏ တိုက်ခိုက်မှုများက ကျန်းရီထံသို့ ရောက်သောအခါ အားပျော့သွားကြပြီဖြစ်သည်။

ကျန်းရီသည် တိုက်ခိုက်မှုများ တစ်ခုပြီးတစ်ခု ထိမှန်ခံလိုက်ရ၏။ သူ လွင့်ပျံထွက်သွားသည်။ သို့သော် သူ၏ မီး‌တောက်နတ်ဘုရားဒိုင်းက ပျက်စီးမသွားသေးပါ။ မီးအရင်းအမြစ်မီးတောက်များ၏ စွမ်းအင်က အလွန်အားကောင်းသဖြင့် တိုက်ခိုက်မှုများစွာကို ခံနိုင်ပေသည်။ သို့သော် ကျန်းရီကလည်း ဒိုင်းထဲသို့ မီးအရင်းအမြစ်မီးတောက်များ အဆက်မပြတ် ထည့်ပေးနေရပါ၏။ မဟုတ်လျှင် ထိုဒိုင်းက ပျက်စီးသွားမည်ဖြစ်သည်။

“အာ...”

ကျန်းရီသည် အထက်သို့ လွင့်ထွက်သွားခြင်းဖြစ်၍ ထွက်ပြေးနေကြသော သာမန် တမလွန်ဘုံဘုရင်များအနီးသို့ ပိုလျင်မြန်စွာ ရောက်သွား၏။ ထိုတမလွန်ဘုံဘုရင်များသည် ကျန်းရီ၏ အေးစက်စက်မျက်ဝန်းများနှင့် မီးအရင်းအမြစ်မီးတောက်များ၏ ကြောက်မက်ဖွယ် အပူချိန်ကြောင့် ထိတ်လန့်စွာ အော်လိုက်ကြသည်။

“ဆိုးပြီ...”

မင်တိနှင့် အခြား ထိပ်တန်းတမလွန်ဘုံဘုရင်များလည်း အော်လိုက်ကြ၏။ သူတို့သည် သူတို့၏ တစ်ပြိုင်တည်းတိုက်ခိုက်မှုများက ကျန်းရီ၏ မီးတောက်နတ်ဘုရားဒိုင်းကို မဖျက်ဆီးနိုင်လိမ့်မည်ဟု မျှော်လင့်မထားကြပေ။ ယခုတွင် သူတို့က ကျန်းရီကို သာမန် တမလွန်ဘုံဘုရင်များနောက်သို့ ပိုလျင်မြန်စွာ လိုက်နိုင်ရန် ကူညီပေးလိုက်သလိုပင် ဖြစ်သွားပေပြီ။

“ဟားဟားဟား... အကုန်လုံး သေလိုက်ကြတော့”

ကျန်းရီက ကျယ်လောင်စွာ ရယ်လိုက်၏။ သူ့လက်ထဲမှနေ၍ မီးတောက်များ အဆက်မပြတ် ထွက်လာနေသည်။ ထိုမီးတောက်များက အဆုံးမရှိသကဲ့သို့ပင်။ မီးအရင်းအမြစ်မှာ အလွန်အဖိုးတန်သည်။ သို့သော် အသက်သေသွားလျှင် ယင်းက မည်သို့မှ အသုံးဝင်တော့မည် မဟုတ်ပါ။ ထိုအခိုက်တွင် ကျန်းရီသည် တမလွန်ဘုံဘုရင်များကို များနိုင်သမျှများများ သတ်ပစ်ရန် ဆုံးဖြတ်ထားပေသည်။

ကျန်းရီက မီးအရင်းအမြစ်မီးတောက်များကို အဆက်မပြတ် ထုတ်လွှတ်နေပြီး ခန္ဓာကိုယ်ပတ်ပတ်လည်တွင်လည်း မီးတောက်နတ်ဘုရားဒိုင်းတစ်ခု ဖန်တီးထားရာ ပတ်ဝန်းကျင်အပူချိန်က ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြင့်တက်လာသည်။ မြင့်မားသော အပူချိန်က သာမန် တမလွန်ဘုံဘုရင်အများစုကို မလှုပ်နိုင် ဖြစ်သွားစေသည်။ သူတို့သည် ကျန်းရီ ထုတ်လွှတ်လိုက်သော မီးတောက်လုံးများက သူတို့အား လောင်ကျွမ်းသွားသည်ကို ကြည့်၍သာ နေကြရပေသည်။

“ကောင်စုတ်လေး... မင်း သူတို့ကို သတ်ရဲရင် ငါ မင်းကို သေတာထက် အဖြစ်ဆိုးသွားအောင် လုပ်ပစ်မယ်”

မင်တဲက ချီဟုန်နှင့် တိုက်ခိုက်နေ၏။ ကျန်းရီက အချိန်တိုလေးအတွင်းမှာပင် တမလွန်ဘုံဘုရင် အပါးတစ်ရာနီးပါးကို မီးရှို့သတ်ဖြတ်ပစ်လိုက်သည်။ သူတို့က သာမန် တမလွန်ဘုံဘုရင်များသာ ဖြစ်သော်လည်း တမလွန်ဘုံတွင် တမလွန်ဘုံဘုရင် မည်မျှသာ ရှိပါသနည်း။ အားလုံးပေါင်းမှ တစ်ထောင်မပြည့်တပြည့်သာ ရှိသည်။ အကယ်၍ အပါးရာကျော်လောက်က မီးလောင်သေဆုံးသွားမည်ဆိုလျှင် တမလွန်ဘုံအတွက် အဆုံးအရှုံး ကြီးမားသွားပေလိမ့်မည်။

“ဟားဟားဟား...”

ကျန်းရီက အခြားသူများထက် ပိုရဲသည်။ ယခင် သူ ကျင့်ကြံခြင်းအဆင့် နိမ့်ခဲ့စဉ်ကပင် မိုးပြာမဟာဧကရာဇ်တောင်ထွတ်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သေးသည်။ ယခု သူက လူသားများမဟုတ်ဘဲ တမလွန်ဘုံဘုရင်များကို သတ်နေခြင်းဖြစ်ရာ အဘယ်ကြောင့် ညှာတာမှု ပြရပါမည်နည်း။

ကျန်းရီသည် ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ မြေရိုင်းအပြင်ဘက်မှ သန်းဆယ်ချီသော တမလွန်ဘုံမျိုးနွယ်တပ်သားများကိုလည်း အာရုံခံလိုက်သည်။ ထို့နောက် သူ့မျက်ဝန်းများက ပို၍တောက်ပလာသည်။ သူ ကျယ်လောင်စွာ ရယ်ကာ အော်ပြောလိုက်လေသည်။

“မင်တဲ.. ဒီနေ့ ခင်ဗျား ခေါ်လာခဲ့တဲ့ လက်အောက်ငယ်သားတွေ အကုန်လုံးကို ဒီမှာပဲ ချန်ခဲ့လိုက်တော့”

All Chapters