အခန်း (၇၅၈)
Vol. 55 Ch. 758
လီချင်းရှစ်နှင့် ဂိုဏ်းအသီးသီးမှ ကျွမ်းကျင်သူများသည် အံ့အားသင့်နေကြသည်။
ကျောက်စိမ်းသေတ္တာထဲတွင် ဓားတစ်လက်၊ ဆေးလုံးတစ်လုံး သို့မဟုတ် တံဆိပ်ပြားတစ်ခု ရှိနေလိမ့်မည်ဟု လီချင်းရှစ်က ထင်ခဲ့သည်။
ပုန်ကန်ချင်ခဲ့သော ဆေးတောင်ကြား၏ အကြီးအကဲတချို့သည် ဖြူဖျော့နေသော မျက်နှာထားဖြင့် တစ်ကိုယ်လုံး တုန်ခါနေကြသည်။
“ဓားစံအိမ်”
လေထုထဲတွင် အလင်းများထုတ်လွှတ်၍ ဝင့်ကြွားစွာရှိနေသော ဓားစံအိမ်ကို မြင်လိုက်ရသောအခါတွင် တုချန်ရှန်က အံတင်းတင်းကြိတ်ထားပြီး ဟိန်းဟောက်သည်။
လောကတွင် အရာအားလုံးအတွက် စီစဉ်ထားသော်လည်း အဆုံးတွင် ကျရှုံးသွားခဲ့သောရလဒ်ထက် မည်သည့်အရာက ပိုမိုဒေါသဖြစ်ဖွယ် ကောင်းနိုင်မည်နည်း။
ခုနစ်ထပ်ဓားစံအိမ်၏ရှေ့တွင် မည်သူမှ မလှုပ်ရှားရဲကြတော့ပေ။ ထို့ကြောင့် ဆေးတောင်ကြားကို မည်သို့ ခွဲဝေရတော့မည်နည်း။
ခုနစ်ထပ်ဓားစံအိမ်အား ထိန်းချုပ်ထားသော ကျွမ်းကျင်သူ၏ရှေ့တွင် မည်သူက ဆေးတောင်ကြားကို ခွဲဝေချင်သည်ဟု ပြောရဲမည်နည်း။
“ဓားစံအိမ်၊ ဓားစံအိမ် ....”
လီချင်းရှစ်က ရှေ့တွင်ရှိနေသော ဓားစံအိမ်ကိုကြည့်၍ ရေရွတ်လိုက်ပြီး ကျယ်လောင်စွာရယ်သည်။
“ငါနားလည်ပြီ”
“မထူးဆန်းတော့ပါဘူး”
သူက တောက်ပနေသောမျက်လုံးများဖြင့် တည်ငြိမ်စွာရပ်နေသော လီချင်းရှစ်ကို ကြည့်သည်။
“အဲဒီတော့ မင်းတို့က ငါ့ရဲ့ တိမ်တိုက်ကောင်းကင်ဆေးတောင်ကြားကို ခွဲယူချင်တာလား”
တခြားလူများသည် သူနှင့် အကြည့်ချင်းမဆုံရဲဘဲ ထိတ်လန့်စွာ နောက်ဆုတ်သွားကြသည်။
လောကသည် ပြောင်းလဲသွားခဲ့သော်လည်း ခုနစ်ထပ်ဓားစံအိမ်၏ ရှေ့တွင် မည်သူက ဝင့်ကြွားစွာ ရပ်နေရဲမည်နည်း။
တုချန်ရှန်ကပင် လီချင်းရှစ်၏အကြည့်ကို ရှောင်လွှဲပြီး နောက်ဆုတ်လိုက်သည်။
ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုကို မျှဝေခဲ့ကြသော ဆေးတောင်ကြားမှ အကြီးအကဲများသည်လည်း သူနှင့် အကြည့်ချင်း မဆုံရဲကြပေ။
“ဟားဟား၊ ခက်ခဲနေတဲ့အချိန်မှာ လူတစ်ယောက်ရဲ့ ရည်ရွယ်ချက်အစစ်အမှန်ကို မြင်နိုင်တယ်ဆိုတာ တကယ်ပဲ ....”
လီချင်းရှစ်က ခေါင်းခါလိုက်ပြီး ရင်နာနေသည်။
“ငါရဲ့ ဆေးတောင်ကြားက အခက်အခဲတွေ အများကြီးကြားမှာ ရှင်သန်ခဲ့တယ်။ အခုအချိန်မှာလည်း ရှင်သန်နိုင်တယ် ....”
သူက ခေါင်းငုံ့ထားပြီး ညင်သာစွာရေရွတ်သည်။
“အဆုံးမှာတော့ အရာအားလုံးက လူသားတစ်ယောက်ရဲ့ နှလုံးသားပဲလေ”
သေခြင်းရှင်ခြင်းနှင့် ရင်ဆိုင်နေရသောအချိန်တွင် လူတိုင်းက သေဆုံးရမည်ဆိုလျှင်ပင် ညီညွတ်နေကြလိမ့်မည်။
သို့သော် ကပ်ဘေးကြီးတစ်ခုအား ကျော်ဖြတ်ပြီးသောအခါတွင် ဂိုဏ်းအသီးသီး၏ ဆွဲဆောင်မှုများသည် လူတစ်ယောက်၏ နှလုံးသားကို ယိမ်းယိုင်သွားစေသည်။
အထက်ဘုံသုံးပါးသည်ပင် ပျက်စီးသွားရသည်။ ဆေးတောင်ကြားက မည်သို့ ခုခံနိုင်မည်နည်း။
ဖရိုဖရဲဖြစ်နေသော ဆေးတောင်ကြားကို စောင့်ကြပ်မည့်အစား ဝိညာဉ်ဆေးပင်၊ ဆေးလုံးနှင့် ဂိုဏ်းတပည့်များကို ခေါ်ဆောင်ပြီး တခြားဂိုဏ်းနှင့် ပူးပေါင်းလိုက်ခြင်းသည် ပိုကောင်းသည်။
ဤရက်များတွင် ဂိုဏ်းအသီးသီးမှ ကမ်းလှမ်းချက်များသည် အလွန်ဆွဲဆောင်မှုရှိသည်။
“ဝီ”
ဓားအလင်းများသည် ဆင်းသက်လာခဲ့ကြသည်။
တန်မင်ထောင်သည် လေးနက်နေသောမျက်နှာထားဖြင့် ခန်းဆောင်အတွင်းသို့ ရောက်လာသည်။ သူက ခုနစ်ထပ်ဓားစံအိမ်ကို ကြည့်လိုက်ပြီး တိတ်ဆိတ်နေသည်။
‘ဓားစံအိမ်’
‘နောက်ကွယ်မှာ တကယ်ပဲ ဓားစံအိမ်ရှိနေတယ်’
ခန်းဆောင်ထဲတွင်ရှိသော လူများက တွေးမိကြသည်။
လူအများအပြားသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။
ပုန်းကွယ်နေသောအရာသည် ပိုမိုကြောက်မက်ဖွယ်ကောင်းသည်။
ဆေးတောင်ကြားက ဓားစံအိမ်နှင့် ပူးပေါင်းလိုက်သည်ဟု သူတို့က သိလိုက်ရသောအခါတွင် သူတို့၏ ကြောက်ရွံ့စိတ်များသည် လျော့နည်းသွားကြသည်။
အထက်ဘုံတွင် ဓားစံအိမ်သည် ပြိုင်ဘက်ကင်းမဟုတ်ပေ။
ခန်းဆောင်ထဲတွင်ရှိနေသော ဂိုဏ်းအသီးသီးမှ ကျွမ်းကျင်သူများသည် တန်မင်ထောင်ကို ကြည့်လိုက်ကြသည်။
သူတို့က ဖြေရှင်းချက်တစ်ခုကို လိုအပ်နေသည်။
တန်မင်ထောင်က ခုနစ်ထပ်ဓားစံအိမ်ကို ကြည့်လိုက်ပြီး စကားတစ်ခွန်းမှမပြောဘဲ ပါးစပ်ပိတ်ထားသည်။
သူ့နောက်တွင် ရှိနေသော ဓားစံအိမ်၏ တပည့်များက နားမလည်နိုင်ဖြစ်နေကြသည်။
သူတို့ကလည်း အံ့အားသင့်နေကြသည်။
လီချင်းရှစ်က တန်မင်ထောင်နှင့် တခြားလူများကို လှည့်ကြည့်လိုက်သည်။
“လူစုခွဲလိုက်ကြပါ။ ငါတို့ ဆေးတောင်ကြားရဲကိစ္စကို ငါတို့ဘာသာ ဖြေရှင်းမယ်”
အဖြူရောင်မုတ်ဆိတ်နှင့် လူအိုကြီးတစ်ယောက်၏ မျက်နှာထားက မည်းမှောင်သွားသည်။ သူက ရှေ့တက်သွားပြီး စကားပြောတော့မည့်အချိန်တွင် ဂိုဏ်းတူရောင်းရင်းတစ်ယောက်က တားဆီးထားခဲ့သည်။
ကျန်လူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခန်းဆောင်အတွင်းမှ ထွက်သွားကြသည်။
“တာအိုရောင်းရင်တန်၊ ငါတို့ ဆေးတောင်ကြားရဲ့ ပြဿနာကို ကိုယ့်ဘာသာ ဖြေရှင်းပါရစေ”
လီချင်းရှစ်က ခန်းဆောင်ထဲတွင် ဓားစံအိမ်၏တပည့်များသာ ကျန်နေသောအခါတွင် ညင်သာစွာပြောလိုက်သည်။
တန်မင်ထောင်က ခေါင်းညိတ်လိုက်ပြီး ဓားကျင့်ကြံသူများကို ခေါ်ဆောင်၍ အပြင်သို့ ထွက်သွားသည်။
ဓားစံအိမ်၏တပည့်များ ထွက်သွားသောအခါတွင် လီချင်းရှစ်က လက်မြှောက်လိုက်သည်။ ခုနစ်ထပ်ဓားစံအိမ်သည် တုန်ခါသွားပြီး ဓားအလင်းနဂါးသည် ခန်းဆောင်ထဲတွင် လှည့်ပတ်နေသည်။
“မင်းတို့က ဆုံးဖြတ်ပြီးပြီဆိုတော့ မင်းတို့မျိုးဆက်က တပည့်တွေနဲ့ ဝိညာဉ်ဆေးပင်တွေကို ယူဆောင်ပြီး ဆေးတောင်ကြားကနေ ထွက်သွားနိုင်တယ်”
လီချင်းရှစ်၏ မျက်လုံးများက အေးစက်နေပြီး တီးတိုးပြောသည်။
“ဒါပေမဲ့ ဆေးတောင်ကြားရဲ့ အမွေအနှစ်ကျမ်းစာတွေကို ယူသွားလို့မရဘူး”
လီချင်းရှစ်က စကားပြောလိုက်ပြီး လှည့်ထွက်သွားသည်။
‘ငါတို့က ဆေးတောင်ကြားမှာ ဆက်နေလို့မရတော့ဘူးပေါ့’
ခန်းဆောင်ထဲတွင် အကြီးအကဲများက ခါးသီးနေသောမျက်နှာထားဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
လီချင်းရှစ်သည် ခုနစ်ထပ်ဓားစံအိမ်ကို ပိုင်ဆိုင်ထားပြီး ဓားစံအိမ်နှင့် ပူးပေါင်းထားသည်ဟု သိခဲ့လျှင် သူတို့က ဆေးတောင်ကြားကို သစ္စာဖောက်မည်မဟုတ်ကြပေ။
တခြားနေရာများသည် ဆေးတောင်ကြားကဲ့သို့ သက်တောင့်သက်သာ မရှိပေ။
သို့သော် ယခုအချိန်တွင် သူတို့၏ ရည်ရွယ်ချက်များက ပေါ်ထွက်လာခဲ့သည်။ သူတို့က ဆေးတောင်ကြားတွင် ဆက်နေချင်လျှင်ပင် မနေနိုင်ကြတော့ပေ။
“ဂိုဏ်းတူညီအစ်ကိုနဲ့ ညီအစ်မတွေ၊ အခုအချိန်ကစပြီး .... ဟူး ....”
ဆံပင်ဖြူနှင့် လူအိုကြီးတစ်ယောက်က လက်နှစ်ဖက်ကို ဆိုပ်ကိုင်ထားပြီး ခံစားချက်များဖြင့် ပြည့်နှက်နေသည်။
တခြားလူများ၏ မျက်လုံးများကလည်း နီရဲလာကြသည်။
လောကကြီး၏ ပြောင်းလဲမှုကြောင့်သာ မဟုတ်ခဲ့လျှင် မည်သူက ဆေးတောင်ကြားကို စွန့်ပစ်ရန် ဆန္ဒရှိမည်နည်း။
သူတို့က ဆေးတောင်ကြားတွင် နှစ်ပေါင်းများစွာကြာအောင် နေထိုင်လာခဲ့သောကြောင့် သံယောဇဉ်ရှိနေကြသည်။
ဆေးတောင်ကြားမှ ထွက်ခွာပြီး တခြားဂိုဏ်းများတွင် အသက်မွေးရလျှင် သက်တောင့်သက်သာရှိမည်မဟုတ်ပေ။
ခန်းဆောင်၏ အပြင်ဘက်တွင် ကျွမ်းကျင်သူများက တန်မင်ထောင်ကို စိုက်ကြည့်နေကြသည်။
ကျင့်ကြံဆင့်နှင့် ခွန်အားမလုံလောက်သော ကျင့်ကြံသူများက အဝေးတစ်နေရာတွင် ရှိနေပြီး ဓားစံအိမ်၏ တပည့်များကို စိုက်ကြည့်နေကြသည်။
“တာအိုရောင်းရင်းတန်၊ မင်းက ဆေးတောင်ကြားနဲ့ မဟာမိတ်ဖွဲ့ထားတာပေါ့”
အဝါရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်တစ်ယောက်သည် တန်မင်ထောင်ကို စိုက်ကြည့်လိုက်ပြီး အေးစက်စွာပြောသည်။
“ဟမ့်၊ မင်းက ဓားကျင့်ကြံသူတစ်ယောက် ဖြစ်နေပေမဲ့ ဒီလိုမျိုး ကောက်ကျစ်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး”
လူတစ်ယောက်က အေးစက်စွာ ဝင်ပြောသည်။
“ကောက်ကျစ်တာလား”
တန်မင်ထောင်က ဓားအလင်းများကို စုစည်းလိုက်သည်။
ရေခဲစိုင်များသည် ပတ်ဝန်းကျင်တွင် ဖြစ်တည်လာကြသည်။
အေးစက်မှုသည် ချက်ချင်းပျံ့နှံ့လာသည်။
ပတ်ဝန်းကျင်တွင် စုစည်းနေကြသော ကျွမ်းကျင်သူများသည် သတိထားပြီး နောက်ဆုတ်လိုက်ကြသည်။
“ငါတို့က တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်တွေနဲ့ ဆေးတောင်ကြားကို ရောက်လာကြတာပဲ မဟုတ်ဘူးလား။ ဖြောင့်မတ်တဲ့အကြောင်းတွေ လျှောက်ပြောမနေစမ်းပါနဲ့”
တန်မင်ထောင်၏ မျက်လုံးများသည် စူးရှနေသည်။
“ဒီကိစ္စကို ပျံ့နှံ့မသွားအောင် အရေးမပါတဲ့ လူတချို့ကို သတ်ပေးရမယ်ဆိုရင်လည်း အဆင်ပြေတယ်”
ထိုစကားကြောင့် ပတ်ဝန်းကျင်သည် အေးခဲသွားသည်။
ကျင့်ကြံဆင့်နှင့် နောက်ခံအင်အား မလုံလောက်သော လူများက ဖြူဖျော့သွားကြသည်။
အကယ်၍ ထိုအရာသည် ဓားစံအိမ်၏ ရည်ရွယ်ချက် ဖြစ်ခဲ့လျှင် ယနေ့တွင် ဂိုဏ်းဆယ်ဂိုဏ်းသာ ကျန်ရစ်နိုင်လိမ့်မည်။
ကံကောင်းစွာဖြင့် လေထုသည် တုန်ခါလာပြီး ယွီလင်တာအိုဂိုဏ်း၊ အဆုံးမဲ့တာအိုဂိုဏ်းနှင့် တခြားဂိုဏ်းကြီးများ၏ ကျွမ်းကျင်သူများသည် ရောက်လာကြသည်။
“တာအိုရောင်းရင်းတန်က စည်းကျော်နေပြီပဲ”
“တန်မင်ထောင်၊ မင်းရဲ့ ဓားစံအိမ်က ဆေးတောင်ကြားကို တကယ်ပဲ လက်ဝါးကြီးအုပ်ချင်တာလား”
“ဒီနေ့ အခြေအနေက ဒီလိုမျိုး ဖြစ်မလာသင့်ဘူး”
လူတချို့က အေးစက်စွာ ပြောလိုက်ကြသည်။ တချို့က ကြင်နာစွာ သတိပေးနေပြီး တချို့က သက်ပြင်းချလိုက်ကြသည်။
လေထုသည် အနည်းငယ် ပြေလျော့သွားသည်။
ထိုအချိန်တွင် လီချင်းရှစ်သည် ခုနစ်ထပ်ဓားစံအိမ်နှင့်အတူ ထွက်လာပြီး ပေါ့ပါးစွာ ပြောသည်။
“ငါ့ရဲ့ ဆေးတောင်ကြားက ထွက်လာတဲ့လူတွေကို မင်းတို့က ကောင်းကောင်းဆက်ဆံပေးမယ်လို့ မျှော်လင့်တယ်”
‘ကောင်းကောင်းဆက်ဆံပေးရမယ်တဲ့လား’
‘ဘာကိုဆိုလိုတာလဲ’
လူအုပ်က တောက်ပနေသော အကြည့်များဖြင့် အဓိကခန်းဆောင်ကို လှမ်းကြည့်လိုက်ကြသည်။
သူတို့၏ နတ်အာရုံများက လှုပ်ရှားနေပြီး လီချင်းရှစ်၏ဆုံးဖြတ်ချက်ကို နားလည်သွားကြသည်။
လီချင်းရှစ်က အကြီးအကဲများကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ပေးခဲ့သည်။
ထိုဖြစ်ရပ်ကြောင့် ခန်းဆောင်၏ရှေ့တွင် ရှိနေသော ဂိုဏ်းများသည် ပျော်ရွှင်သွားကြသည်။
သူတို့က တိမ်တိုက်ကောင်းကင်ဆေးတောင်ကြားကို အပြည့်အဝ ခွဲမယူနိုင်သော်လည်း အကျိုးအမြတ်တချို့ ရလာကြသည်။
အထက်ဘုံတွင် အာခီမီလမ်းစဉ်၌ ဆေးတောင်ကြားနှင့် မည်သူမှ မယှဉ်နိုင်ကြပေ။
“တာအိုရောင်းရင်တန်၊ ဒီအခြေအနေအထိ ရောက်လာပြီဆိုမှတော့ မင်းတို့ ဓားစံအိမ်က ကျမ်းစာတွေကို ထိန်းသိမ်းထားဖို့ မသင့်တော်ဘူးမဟုတ်လား”
တုချန်ရှန်က မျက်လုံးများကို မှေးကျဉ်း၍ တန်မင်ထောင်ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။
အကြီးအကဲများကို ခေါ်သွားနိုင်သော်လည်း ကျမ်းစာများကို ထားရစ်ခဲ့ရမည်။
ထိုကျမ်းစာများသည် ဝိညာဉ်ဆေးပင်နှင့် ဆေးလုံးများထက် အဆပေါင်းတစ်ရာခန့် ပိုမိုအဖိုးတန်သည်။
တုချန်ရှန်၏စကားကြောင့် လူတိုင်းက တန်မင်ထောင်ကို ကြည့်လိုက်ကြသည်။
‘ဓားစံအိမ်က ကျမ်းစာတွေကို တစ်ယောက်တည်း အပိုင်စီးထားချင်တာလား’
သူတို့က သဘောတူမည်မဟုတ်ပေ။
“ဘုန်း”
တန်မင်ထောင်က ဓားအလင်းဖြင့် ခုတ်ချ၍ အဖြေပေးလိုက်သည်။
တုချန်ရှန်က ရွှေရောင်အလင်းလွှာများကို ထုတ်လွှတ်လိုက်သည်။ ဓားအလင်းသည် အလင်းလွှာဆယ့်နှစ်ခုကို ချိုးဖောက်ပြီးသောအခါတွင် ရပ်တန့်သွားသည်။
တုချန်ရှန်က ကိုယ်ပိုင်စွမ်းရည်ရှိသောကြောင့် ဓားစံအိမ်ကို ရန်စရဲသည်။
လေထုသည် တင်းမာလာပြန်သည်။
ဓားစံအိမ်၏ တပည့်များသည် ဓားများကို ဆွဲထုတ်လိုက်ကြသည်။ သိုးငါးကောင်စံအိမ်၏ တပည့်များက ချီစွမ်းအင်အလင်းကို ထုတ်လွှတ်နေကြသည်။
အကယ်၍ ဓားစံအိမ်သည် ယခင်အတိုင်း သန်မာနေလျှင် သိုးငါးကောင်စံအိမ်သည် ငြိမ်းချမ်းရေးကို တည်ဆောက်လိမ့်မည်။
သို့သော် ယခုလက်ရှိ အထက်ဘုံသည် သခင်မရှိသေးပေ။
ကျင့်ကြံခြင်းလောကတွင် အခွင့်အာဏာအတွက် ရုန်းကန်မှုသည် အမြဲရှိနေသည်။
တန်မင်ထောင်၏မျက်နှာထားက တည်ငြိမ်နေပြီး ဖြည်းဖြည်းချင်း ဓားမြှောက်သည်။
“အားလုံးပဲ၊ မင်းတို့က နားလည်မှုလွဲနေကြတယ်”
တိတ်ဆိတ်နေခဲ့သော လီချင်းရှစ်က ရုတ်တရက် ကျယ်လောင်စွာပြောသည်။
‘နားလည်မှုလွဲတာလား’
‘ဘာကို နားလည်မှုလွဲရမှာလဲ’
‘ဒီအခြေအနေမှာ ဘာကို ဖုံးကွယ်ထားရမှာလဲ’
တုချန်ရှန်က နှာမှုတ်လိုက်ပြီး လီချင်းရှစ်ကို ကြည့်သည်။
လီချင်းရှစ်က တုချန်ရှန်ကို ကြည့်လိုက်ပြီး ကျယ်လောင်စွာပြောသည်။
“တာအိုရောင်းရင်းဟန်မူယဲ့က အန္တရာယ်နဲ့ ကြုံရတဲ့အချိန်မှာ အသုံးပြုဖို့အတွက် ခုနစ်ထပ်ဓားစံအိမ်ကို ချန်ထားခဲ့တယ်”
“ဒီခုနစ်ထပ်ဓားစံအိမ်က အထက်ဘုံရဲ့ ဓားစံအိမ်နဲ့ ဘာမှမဆိုင်ဘူး”
‘ဘာမှမဆိုင်ဘူး .....’
‘ဟန်မူယဲ့အပိုင်တဲ့လား’
ပတ်ဝန်းကျင်သည် တိတ်ဆိတ်သွားပြန်သည်။
တန်မင်ထောင်က လီချင်းရှစ်ကို ဖြည်းဖြည်းချင်း လှည့်ကြည့်သည်။
‘မင်းက အမှန်အတိုင်းပြောနေတာလား’
ဤနေရာ၌ ရှိနေသောလူများထဲတွင် ခုနစ်ထပ်ဓားစံအိမ်၏ အဆင့်အတန်းကို အမှန်တကယ်နားလည်သောလူသည် တန်မင်ထောင်တစ်ယောက်တည်းသာ ဖြစ်သည်။
လက်ရှိအချိန်တွင် ဓားစံအိမ်၌ ခုနစ်ထပ်ဓားစံအိမ်သည် အသန်မာဆုံး ဖြစ်သည်။
ခုနစ်ထပ်ဓားစံအိမ်ကို ထိန်းချုပ်ထားသော အကြီးအကဲများသည် ဂိုဏ်း၏ ထိပ်တန်းအဆင့်ကျွမ်းကျင်သူများ ဖြစ်ကြသည်။
ထို့ကြောင့် တန်မင်ထောင်က ခုနစ်ထပ်ဓားစံအိမ်ကို မြင်လိုက်ရသောအခါတွင် ဆေးတောင်ကြားကို အစွမ်းကုန်သုံး၍ ကာကွယ်ပေးရန် ပြင်ဆင်ခဲ့သည်။
သို့သော် ခုနစ်ထပ်ဓားစံအိမ်ကို ဟန်မူယဲ့က ချန်ရစ်ခဲ့သည်ဟု လီချင်းရှစ်က ပြောသည်။
ဟန်မူယဲ့က မည်သူနည်း။
သူက ဓားစံအိမ်၏ စမ်းသပ်ခံတပည့်တစ်ယောက်သာ ဖြစ်သည်။ သူက ခုနစ်ထပ်ဓားစံအိမ်ကို ထိန်းချုပ်ရန် မည်သို့ အရည်အချင်းရှိမည်နည်း။
သူ၏ ခွန်အားဖြင့် ခုနစ်ထပ်ဓားစံအိမ်ကို မည်သို့ ထိန်းချုပ်နိုင်မည်နည်း။
တန်မင်ထောင်၊ တုချန်ရှန်နှင့် တခြားလူများ၏ မျက်နှာထားသည် ထူးဆန်းနေသည်။
“ဟားဟား၊ ငါက ဒီလိုကိစ္စမျိုးနဲ့ပတ်သတ်ပြီး ဘယ်လိုလုပ် လိမ်ညာရဲမှာလဲ”
လီချင်းရှစ်က ခုနစ်ထပ်ဓားစံအိမ်ကို ကိုင်ထားပြီး ရှေ့သို့ ကြည့်လိုက်သည်။
“မင်းတို့အားလုံးက အထက်ဘုံရဲ့ တာအိုရောင်းရင်းတွေပဲ။ မင်းတို့က အမှန်တရားကို ဆန့်ကျင်ပြီး ငါတို့ ဆေးတောင်ကြားရဲ့ရတနာကို လုယူဖို့ စိတ်ကူးမရှိဘူးမဟုတ်လား”
“ဒါမှမဟုတ် မင်းတို့က ဟန်မူယဲ့ရဲ့နောက်ခံကို စောင့်ကြည့်ချင်တာလား။ သူရဲ့ ခုနစ်ထပ်ဓားစံအိမ်နဲ့ အထက်ဘုံရဲ့ ဓားစံအိမ်ဂိုဏ်းနဲ့ ဆက်သွယ်မှုအကြောင်းကို ရှင်းရှင်းလင်းလင်း သိချင်ကြတာလား”