← Chapters

အခန်း (၇၆၀)

Vol. 55 Ch. 760

အခန်း (၇၆၀)

Vol. 55 Ch. 760

လက်ရှိအချိန်တွင် အထက်ဘုံသည် အရှုပ်အထွေးများဖြင့် ပြည့်နှက်နေသည်။

အထက်ဘုံ၏ နေရာတိုင်းတွင် ဂိုဏ်းအသီးသီး၏ ရန်ပွဲများကို မြင်နိုင်သည်။

“ခလွမ် ....”

ဓားထုတ်လိုက်သောအသံကို ကြားနိုင်သည်။ ကျောက်ယွီနှင့် တခြားလူများသည် လှုပ်ရှားလိုက်ကြသည်။

သူတို့က ဟန်မူယဲ့၏ သဘောထားကို နားလည်ထားသောကြောင့် တိုက်ပွဲများတွင် ဝင်ပါရမည်။ ထို့ကြောင့် တိုက်ရိုက် တိုက်ခိုက်လိုက်ခြင်းသည် ပိုကောင်းသည်။

ဟန်မူယဲ့၏စကားအရ ဓားကျင့်ကြံသူများသည် သန်မာသူကို အပြစ်ပေးပြီး အားနည်းသူများကို ကူညီရမည်။ ထိုအရာသည် သူတို့၏တာဝန် ဖြစ်သည်။

ဓားကျင့်ကြံသူများသည် တခြားလူများ မကိုင်တွယ်ရဲသော ကိစ္စရပ်များကို ဖြေရှင်းရမည်။

ဟန်မူယဲ့၏ သတိပေးစကားကို အကြိမ်ရေအနည်းငယ်ခန့် ကြားလိုက်ရသောကြောင့် ကျောက်ယွီနှင့် ဓားစံအိမ်၏ တပည့်များသည် အထက်ဘုံမှ ဓားကျင့်ကြံသူများ၏ မာနကို စိန်ခေါ်ခွင့် မပေးနိုင်ပေ။

ထို့ကြောင့် သူတို့က တိုက်ပွဲများနှင့် တွေ့ရသောအခါတွင် ဓားကို ချက်ချင်းဆွဲထုတ်ပြီး နှစ်ဖက်လူများ၏ ပြဿနာကို ဖြေရှင်းပေးလိုက်ကြသည်။

သူတို့ထွက်သွားသောအခါတွင် ဆက်ဖြစ်လာမည့်ကိစ္စကိုတော့ မျက်ကွယ်ပြုထားလိုက်သည်။

“ခလွမ် ....”

ဓားများ၏ ထိတွေ့သံသည် လေထုထဲတွင် ပဲ့တင်ထပ်သွားသည်။

ထို့နောက် အလင်းတန်းအများအပြားသည် ပေါ်ထွက်လာခဲ့ကြသည်။

ဓားစံအိမ်မှ တပည့်များ၏ တိုက်ခိုက်မှုသည် တိုက်ပွဲကို မရပ်တန့်နိုင်ဘဲ ပြန်လည်တိုက်ခိုက်မှုကို ခံစားလိုက်ရသည်။

ကျောက်ယွီက အေးစက်စွာ နှာမှုတ်လိုက်ပြီး ရှေ့တက်သွားသည်။

တခြားတပည့်များကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ကျောက်ယွီ၏နောက်သို့ လိုက်သွားကြသည်။ အပြာရောင်ဝတ်စုံနှင့် တပည့်နှစ်ယောက်ကသာ သင်္ဘောပျံကို ကာကွယ်ရန်အတွက် ကျန်ရစ်နေခဲ့သည်။

“ဓားစံအိမ်ရောက်လာပြီ။ မဆိုင်တဲ့လူတွေ ဘေးဖယ်နေကြစမ်း”

ကျောက်ယွီက အော်ဟစ်လိုက်သည်။ လေထုထဲတွင်ရှိနေသော ချီစွမ်းအင်အလင်းများသည် ရပ်တန့်သွားခဲ့သည်။

သင်္ဘောပျံ၏ရှေ့တွင် ကျန်နေခဲ့သော တပည့်နှစ်ယောက်က ပြုံးသည်။

ထိုအရာသည် ဓားစံအိမ်၏ လွှမ်းမိုးမှု ဖြစ်သည်။

ဓားစံအိမ်သည် အထက်ဘုံတွင် နှစ်ပေါင်းများစွာကြာအောင် ခိုင်မာစွာ ရပ်တည်နိုင်ခဲ့သည်။

သူတို့က ဓားကိုင်ထားပြီး သတ်ဖြတ်ခြင်းလမ်းစဉ်ကို လျှောက်လှမ်းကြသည်။

“ကျုံးဟိုင်၊ ယွီ‌ဟောင်၊ ဂရုစိုက်ပြီး သင်္ဘောပျံကို ကာကွယ်ထားကြ ....”

ထိုအချိန်တွင် အော်သံတစ်ခု ပေါ်ထွက်လာပြီး အသ့ပေးနေသော ဓားအလင်းနှင့် တောက်ပနေသော ချီစွမ်းအင်အလင်းကို မြင်လိုက်ရသည်။

ဓားစံအိမ်မှ တပည့်နှစ်ယောက်၏ မျက်နှာထားသည် ပြောင်းလဲသွားပြီး ဓားများကို ဆွဲထုတ်တော့မည့်အချိန်တွင် ချီစွမ်းအင်အလင်းသည် ချိန်းကြိုးများအဖြစ် ပြောင်းလဲလိုက်ပြီး ပေတစ်ရာပတ်ဝန်းကျင်၌ သူတို့ကို ချုပ်နှောင်ထားလိုက်သည်။

အလင်းအစီအရင်တစ်ခုသည် သူတို့ကို သီးသန့်ခွဲထားလိုက်သည်။

တစ်ယောက်ယောက်သည် သင်္ဘောပျံပေါ်တွင်ရှိသော ဟန်မူယဲ့ကို တိုက်ခိုက်ချင်နေသည်။

ဤဖြစ်ရပ်သည် ဟန်မူယဲ့ကို သတ်ဖြတ်ရန်အတွက် ကြိုးစားခြင်း ဖြစ်သည်။

ဓားစံအိမ်၏ တပည့်နှစ်ယောက်သည် ထိတ်လန့်သွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့က သုံးထပ်ဓားစံအိမ်နှစ်ခုကို ထုတ်ဖော်၍ အစွမ်းကုန်သုံးပြီး ခုတ်ချလိုက်သည်။ သို့သော် သူတို့၏ တိုက်ခိုက်မှုသည် အလင်းလွှာကို အနည်းငယ်သာ တုန်ခါသွားစေသည်။

ထွက်မသွားနိုင်ပေ။

‘သွားပြီ’

သူတို့၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုကို မြင်နိုင်သည်။

အကယ်၍ ဟန်မူယဲ့က ဤနေရာတွင် အသတ်ခံရလျှင် ဓားစံအိမ်၏ ဂုဏ်သတင်းသည် ပျက်စီးသွားလိမ့်မည်။

အထက်ဘုံ၏ ဖရိုဖရဲဖြစ်နေသော အခြေအနေတွင် ဂုဏ်သတင်းသည် ဓားစံအိမ်၏ ခွန်အားကို ကိုယ်စားပြုသည်။

သူတို့၏ ခိုင်မာသောပုံရိပ်က ပျက်စီးသွားခဲ့လျှင် မရေမတွက်နိုင်သော ဝံပုလွေများကို ဆွဲ‌ဆောင်မိလိမ့်မည်။

တိမ်တိုက်ကောင်းကင်ဆေးတောင်ကြားသည် ဥပမာတစ်ခု ဖြစ်သည်။

“ဘုန်း”

ဓားအလင်းသည် အစီအရင်အလင်းလွှာကို ထိတွေ့သွားသည်။ ဓားစံအိမ်၏ တပည့်သည် ဓားရှည်တစ်လက်ကိုင်ပြီး အံကြိတ်ထားသည်။

“ဂိုဏ်းတူအစ်ကိုကျုံးဟိုင်၊ ကျွန်တော်တို့ရဲ့ ခွန်အားနဲ့ဆိုရင် ဒီအစီအရင်ကို ဖျက်ဆီးဖို့ ဆယ့်ငါးမိနစ် အချိန်ယူရလိမ့်မယ်”

“ကျွန်တော်က ဓားစံအိမ်ကို ဖောက်ခွဲပစ်လိုက်ရမလား”

သူ့မျက်နှာထားက ပြတ်သားနေသည်။

သူ့စကားကို ကြားလိုက်ရသောအခါတွင် ကျုံးဟိုင်က ခေါင်းခါသည်။

“ဂိုဏ်းတူညီလေးယွီဟောင်၊ အဲဒီလိုလုပ်ဖို့ မလိုပါဘူး။ သူတို့က ငါတို့ကို ချုပ်နှောင်ထားရုံပဲ လုပ်ခဲ့တဲ့အတွက် ဓားစံအိမ်နဲ့ ထိပ်တိုက်ရင်မဆိုင်ရဲတာ သေချာတယ်”

“ပြီးတော့ ဟန်မူယဲ့က ငါတို့ထက် ခွန်အားပိုကောင်းတယ်။ ငါတို့က အတားအဆီးကို ချိုးဖျက်နိုင်ရင်တောင် သူ့ကို ကူညီနိုင်မှာမဟုတ်ဘူး”

သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အစီအရင်အလင်းလွှာကို ကြည့်နေသည်။

“သူက ဒီအခြေအနေကို မခုခံနိုင်ဘူးဆိုရင် ကြွယ်ဝမှုတွေအများကြီးကို ပိုင်ဆိုင်ထားစရာမလိုဘူး။ အာရုံစိုက်မှုတွေကိုလည်း ရထားမှာမဟုတ်ဘူး”

....

ထိုအချိန်တွင် ဟန်မူယဲ့နှင့် မူဝမ်က သင်္ဘောပျံ၏ ကုန်းပတ်ပေါ်တွင် ပခုံးချင်းယှဉ်လျက် ရပ်နေကြသည်။

အနက်ရောင်ဝတ်စုံနှင့် ကျင့်ကြံသူဆယ်ယောက်ကျော်သည် သင်္ဘောပျံ၏ရှေ့တွင် ဖြည်းဖြည်းချင်း စုစည်းလာကြသည်။

သူတို့က ချီစွမ်းအင်အလင်းများကို စုစည်းထားပြီး မျက်နှာထားများသည် လေးနက်နေကြသည်။

သို့သော် သူတို့၏ ကိုယ်ဟန်အရ သာမန်ကျင့်ကြံသူများ ဖြစ်ပုံမပေါ်ပေ။

“ဟန်မူယဲ့လား”

ဆံပင်ဖြူနှင့် တာအိုတန်ခိုးရှင် လူအိုကြီးတစ်ယောက်က အရောင်အသွေးစုံလင်သော ခါးပတ်ကို ပတ်ထားသည်။ သူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

ဟန်မူယဲ့က သူတို့ကို ကြည့်လိုက်ပြီး ခပ်ဟဟရယ်သည်။

“မင်းတို့က ဝိညာဉ်ကျောက်တုံးတွေကို လိုချင်တာလား။ ဒါမှမဟုတ် ရတနာတွေကို လိုချင်တာလား”

ထိုစကားကြောင့် လူအုပ်သည် အနည်းငယ်အံ့အားသင့်သွားသည်။

‘ပွင့်လင်းလှချည်လား’

ခေါင်းဆောင်ဖြစ်သူက စကားမပြောနိုင်ခင် ဟန်မူယဲ့က ခေါင်းခါလိုက်သည်။

“ငါက တကယ်ပဲ နားမလည်နိုင်ဘူး။ ဝိညာဉ်ကျောက်တုံးအနည်းငယ်နဲ့ ရတနာအချို့အတွက် မင်းတို့က ဓားစံအိမ်ကို ရန်စချင်တာလား။ မင်းတို့က ဓားစံအိမ်ကို အလေးအနက်မထားဘူးလား”

သူ့စကားကို ကြားလိုက်ရသောအခါတွင် ခေါင်းဆောင်ဖြစ်သူက ကျယ်လောင်စွာရယ်မောလိုက်ပြီး ဟန်မူယဲ့ကို ညွှန်ပြသည်။

“မင်းက ဓားစံအိမ်ကို အကြောင်းပြချက်အဖြစ်သုံးမှာ ငါသိနေတယ်”

“ဒါပေမဲ့ ကွမ်းယွမ်ဓားဂိုဏ်းက သူတို့ကို ကြောက်နေမှာမဟုတ်ဘူး”

“အစဉ်အလာကိုဆန့်ကျင်တဲ့ ငါတို့ဓားကျင့်ကြံသူတွေက ဓားစံအိမ်ရဲ့အမိန့်ကို လိုက်နာစရာမလိုဘူး”

တာအိုတန်ခိုးရှင်၏ အပြုံးမျက်နှာက ပျောက်ကွယ်သွားပြီး ဟန်မူယဲ့ကို အေးစက်စွာ ကြည့်သည်။

“ပြီးတော့ မင်းက ဓားစံအိမ်ရဲ့ တပည့်တစ်ယောက် မဟုတ်ဘူး။ ဓားစံအိမ်က ဒီလိုအချိန်မျိုးမှာ အပြင်လူတစ်ယောက်အတွက် အဆုံးအထိ လိုက်နေမှာမဟုတ်ဘူး”

သူ့စကားအဆုံးတွင် စုစည်းနေသော ကျင့်ကြံသူများက ဓားအလင်းနှင့် ချီစွမ်းအင်အလင်းကို ထုတ်လွှတ်လိုက်ကြသည်။

အဝေးတစ်နေရာတွင် ပေါက်ကွဲသံများကို ဆက်တိုက်ကြားနိုင်သည်။ ကျောက်ယွီနှင့် တခြားလူများက ပြင်းထန်သောတိုက်ပွဲကို ရင်ဆိုင်နေရပုံပေါ်သည်။

ထိုအသံကြောင့် ဤနေရာတွင် ရှိနေသော လူများက မျက်မှောင်ကြုတ်လိုက်ကြသည်။

“ကွမ်းယွမ်ဓားဂိုဏ်းလား”

ဟန်မူယဲ့က ပြုံးသည်။

“ပြင်ပဘုံရဲ့ မင်းလိုကျင့်ကြံသူလေးတစ်ယောက်က ငါတို့ ကွမ်းယွမ်ဓားဂိုဏ်းကို သိမှာမဟုတ်ဘူး”

နောက်ကျောတွင် ဓားတစ်လက်လွယ်ထားပြီး ဓားအလင်းများကို ထုတ်လွှတ်နေသော တာအိုတန်ခိုးရှင်တစ်ယောက်က ဟန်မူယဲ့ကို စိုက်ကြည့်လိုက်သည်။

“မင်းက ဓားစံအိမ်ကိုပဲ သိတာဖြစ်လိမ့်မယ်”

သူက လက်မြှောက်ပြီး နောက်ကျောတွင်ရှိသော ဓားရှည်ကို ဆွဲထုတ်သည်။ ဓားအရှိန်အဝါသည် မျဉ်းတစ်ကြောင်းအဖြစ် စုစည်းသွားပြီး ကုန်းပတ်ပေါ်တွင်ရှိသော ဟန်မူယဲ့ကို ခုတ်ချသည်။

ထိုဓားချက်ထဲတွင် ဓားဆန္ဒတစ်ခု ပါဝင်နေသည်။

သို့သော် မလုံလောက်ပေ။

ထိုလူက ရွှေအမြုတေ တတိယအဆင့်တွင်ရှိသော ဓားကျင့်ကြံသူလေးတစ်ယောက်သာ ဖြစ်သည်။

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး မျက်နှာပေါ်တွင်ရှိသော အပြုံးသည် ပျောက်ကွယ်သွားသည်။

“ဘုန်း”

မြင့်တက်လာ‌သော ဓားဆန္ဒသည် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ဓားအလင်းသည် ပေထောင်ချီအထိ ထိုးဖောက်သွားသည်။

ထာဝရတည်မြဲနေပုံရသော ဓားအလင်း၏ အေးစက်မှုကြောင့် လူတိုင်း၏နှလုံးသားက တုန်ခါသွားပြီး ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ကြတော့ပေ။

ထိုဓားဆန္ဒသည် မြင့်မားသောတောင်ထွတ်နှင့်တူပြီး တိုးဝင်လာသော ဓားအလင်းကို ဖျက်ဆီးပစ်လိုက်သည်။

တိုက်ခိုက်လိုက်သော ဓားကျင့်ကြံသူက မျက်လုံးပြူးသွားပြီး တစ်ကိုယ်လုံး တုန်ခါနေသည်။ သူက လေပေါ်တွင် ပျံဝဲမနေနိုင်တော့ပေ။

ဟန်မူယဲ့က လက်မြှောက်ပြီး ပြန့်ကျဲသွားသော ဓားအလင်းကို လက်ထဲတွင် စုစည်းလိုက်သည်။ ဓားဆန္ဒသည် လှုပ်ရှားနေပြီး ပုံရိပ်များသည် သူ့စိတ်ထဲတွင် ပေါ်လာကြသည်။

သူက မျက်နှာထားဖြူဖျော့နေသော ကျင့်ကြံသူများကို ကြည့်သည်။

“ဓားစံအိမ်ကိုကြောက်တာက ပုံမှန်ပါပဲ။ ဒါပေမဲ့ ကွမ်းယွမ်ဓားဂိုဏ်းကို ရန်စရဲတယ်ဆိုတော့ သေချင်နေတာပဲဖြစ်လိမ့်မယ်”

သူက မလှုပ်ရှားသော်လည်း လေထုထဲတွင်ရှိသော ဓားအလင်းသည် တော်လဲသံကို ပေးလိုက်သည်။

ဓားကျင့်ကြံသူများက တစ်ကိုယ်လုံးတုန်ခါနေပြီး နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာကြသည်။

သူတို့၏ ဓားဝိညာဉ်သည် တုန်ခါသွားပြီး ဓားနှလုံးသားသည် ပျက်စီးသွားခဲ့သည်။ ထိုအပြစ်ပေးမှုသည် မပြင်းထန်သော်လည်း သူတို့က ဘဝတစ်လျှောက်လုံး အဆင့်တက်နိုင်တော့မည်မဟုတ်ပေ။

“ခန့်မှန်းကြည့်ရအောင်။ ဓားစံအိမ်ရဲ့ရှေ့မှာ ငါ့ကို ကြားဖြတ်တိုက်ခိုက်ဖို့ ဘယ်သူက ရဲတင်းနေတာလဲ”

သူ့စိတ်ထဲတွင်ရှိသော ပုံရိပ်များထဲတွင် ဓားကျင့်ကြံသူသည် ပြိုကျသွားသော အလယ်ဘုံတွင် ရှိနေခဲ့သည်။ တခြားလူများကလည်း သူနှင့် အတူတူပင် ဖြစ်ကြသည်။

ခေါင်းဆောင်များ၏ အထောက်အထားကိုတော့ မသိရပေ။

ထိုလူများသည် လုံလောက်သောအကျိုးအမြတ်ကို ပေးမည်ဟု ကတိပြုပြီး သူတို့ကို စုစည်းခဲ့ကြသည်။

လက်ရှိအချိန်တွင် အရှုပ်အထွေးများကြား၌ အခွင့်အရေးကို ဖမ်းဆုပ်နိုင်ခြင်းသည် အဓိကအချက် ဖြစ်သည်။

လက်ရှိအချိန်တွင် မရေမတွက်နိုင်သော လူများသည် ထိုကိစ္စရပ်များကို ဆောင်ရွက်နေကြသည်။

ဟန်မူယဲ့က မြင်ကွင်းထဲတွင်ရှိသော ပုံရိပ်များကို သေချာကြည့်၍ ခေါင်းဆောင်များ၏ အထောက်အထားကို တွက်ချက်ကြည့်လိုက်သည်။

သိုးငါးကောင်စံအိမ် ....

“အထက်ဘုံရဲ့ ယွီလင်တာအိုဂိုဏ်းကလွဲပြီး ဘယ်သူက ဓားစံအိမ်ကို တိုက်ခိုက်ရဲမှာလဲ”

ဟန်မူယဲ့က ညင်သာစွာပြောသည်။

ယွီလင်တာအိုဂိုဏ်း ....

ဓားကျင့်ကြံသူများ၏ မျက်လုံးများသည် တောက်ပလာပြီး ပျော်ရွှင်သွားကြသည်။

သူတို့က မှန်ကန်စွာ လောင်းကြေးထပ်နိုင်ခဲ့ကြသည်။

သူတို့က ဓားစံအိမ်နှင့်အတူ ရှိနေသော လူတစ်ယောက်ကို တိုက်ခိုက်ရဲသည့်အတွက် သာမန်လူများ ဖြစ်နိုင်မည်မဟုတ်ပေ။

သူတို့က ယွီလင်တာအိုဂိုဏ်းနှင့် ဆက်သွယ်နိုင်လျှင် အနာဂတ်သည် မရေမတွက်နိုင်သော အခွင့်အရေးများနှင့် တောက်ပနေလိမ့်မည်။

ခေါင်းဆောင်ကျင့်ကြံသူက အသာအယာ ပြုံးလိုက်သည်။ သို့သော် သူစကားမပြောနိုင်ခင် ဟန်မူယဲ့က ဆက်ပြောသည်။

“ဒါပေမဲ့ ယွီလင်တာအိုဂိုဏ်းက ဒီနည်းလမ်းမျိုးကို သုံးမှာမဟုတ်ဘူး”

“ယွီလင်တာအိုဂိုဏ်းက တာအိုလမ်းစဉ်ရဲ့ နံပတ်တစ်ဂိုဏ်းဖြစ်ပြီး ဓားစံအိမ်နဲ့ ရန်ငြိုးမရှိဘူး။ သူတို့က တကယ်လှုပ်ရှားချင်တယ်ဆိုရင်လည်း ဒီလိုမျိုး ပုန်းကွယ်နေစရာမလိုဘူး”

ထိုစကားကြောင့် ခေါင်းဆောင်ကျင့်ကြံသူ၏အပြုံးက အေးခဲသွားသည်။

တခြားလူများကလည်း ကြောင်အသွားကြသည်။

“အထက်ဘုံမှာ နောက်ကွယ်ကနေ ပြဿနာရှာပြီး အရှုပ်အထွေးဖြစ်နေတဲ့အချိန်မှာ တခြားလူတွေကို အခွင့်ကောင်းယူတတ်တာ ဘယ်သူများလဲ။ ဒီလိုမျိုးလုပ်တတ်တာက ဂိုဏ်းတစ်ဂိုဏ်းပဲ ရှိတယ်မဟုတ်လား”

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ညင်သာစွာပြောသည်။

“ညီမမူ၊ ခန့်မှန်းကြည့်ပါ့လား”

သူ့စကားကြောင့် မူဝမ်က ပါးစပ်ကို လက်ဝါးဖြင့်အုပ်လိုက်ပြီး တခစ်ခစ်ရယ်သည်။

“အစ်ကိုဟန်၊ ခန့်မှန်းနေဖို့ လိုသေးလို့လား”

“ဆေးတောင်ကြားမှာ အစ်ကိုဟန်ရဲ့ လက်ဖက်ရွက်တွေက သူတို့ကို မနာလိုဖြစ်သွားစေတယ်လေ”

“သိုးငါးကောင်စံအိမ်ပေါ့”

ဓားကျင့်ကြံသူများက ရှေ့ဆုံးတွင်ရှိနေသော ကျင့်ကြံသူများကို ကြည့်လိုက်ကြသည်။

ခန့်မှန်းနေရန် မလိုတော့ပေ။

သူတို့၏ လှုပ်ရှားသွားသော အရှိန်အဝါသည် အရာအားလုံးကို ရှင်းပြနေသည်။

All Chapters