အခန်း (၇၆၂)
Vol. 55 Ch. 762
“ဒီကြယ်ရဲ့ပုံစံကို ကြည့်ရတာ ကောင်းမွန်တဲ့ကမ္ဘာတစ်ခု ဖြစ်ခဲ့လိမ့်မယ်”
“ညီမမူက ဒီကြယ်ရဲ့ အကောင်းမွန်ဆုံးအချိန်ကို ပြန်မြင်ချင်လား”
ဟန်မူယဲ့၏ စကားကြောင့် မူဝမ်က ကြောင်အသွားသည်။
‘အရင်တုန်းကပုံစံကို ပြန်ကြည့်ရမှာလား’
‘အဲဒီလို လုပ်နိုင်တာလား’
သူမ၏ပုံစံကို မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့က ခပ်ဟဟရယ်သည်။
“ကြယ်သေတစ်စင်းရဲ့ သမိုင်းကြောင်းကို နှစ်ထောင်ချီကြာတဲ့အထိ နည်းနည်းလောက် နောက်ပြန်ဆုတ်လိုက်ရုံပါပဲ”
“ဒါက မခက်ပါဘူး”
သူက လက်မြှောက်လိုက်သောအခါတွင် မီးခိုးရောင်အလင်းစက်ကွင်းသည် ဖျတ်ခနဲပေါ်ထွက်လာပြီး ပျောက်ကွယ်သွားသည်။
ချက်ချင်းဆိုသလိုပင် ကြယ်တစ်စင်းလုံးသည် စိမ်းလန်းနေသော တောင်တန်းများဖြင့် ပြည့်နှက်သွားသည်။ လှုပ်ရှားသွားလာနေသော လူအုပ်နှင့် အဆုံးမရှိသော နန်းဆောင်များကိုလည်း မြင်ရသည်။
ကြယ်ပေါ်သို့ ရောက်လာသော ကျောက်ယွီနှင့် ဓားစံအိမ်မှ တပည့်များအပြင် တခြားလူများကလည်း ပတ်ဝန်းကျင်ရှုခင်းများကြောင့် ထိတ်လန့်ပြီး ဆွံ့အနေကြသည်။
အချိန်ကုန်ဆုံးခြင်း ....
အချိန်နောက်ပြန်ဆုတ်ခြင်း ....
ပျက်စီးနေသောကမ္ဘာသည် အဆုံးမရှိသော နန်းတော်များ၊ သဘာဝစွမ်းအင်အလင်းများဖြင့် သက်ဝင်လှုပ်ရှားနေသော သုခဘုံတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
အကြည့်တစ်ချက်ဖြင့် နှစ်တစ်သောင်းအကွာကို လှမ်းမြင်နေရသည်။
မူဝမ်က မျက်လုံးပြူးသွားပြီး လက်တစ်ဖက်ဖြင့် ပါးစပ်ကို အုပ်ထားသည်။ သူမက ရှေ့တွင်ရှိနေသော အရာရာတိုင်းကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။
‘ဘယ်လိုစွမ်းအားမျိုးက အချိန်နဲ့တည်နေရာကို ပြောင်းလဲနိုင်တာလဲ’
“ဓားကျင့်ကြံသူ မသေခင်တုန်းက ဘယ်လိုပုံစံမျိုးလဲ သွားကြည့်ရအောင်”
ဟန်မူယဲ့က ညင်သာစွာပြောလိုက်ပြီး မူဝမ်၏လက်ကို ဆုပ်ကိုင်သည်။
သူတို့နှစ်ယောက်က ပျံသန်းလာခဲ့ကြသည်။ ပတ်ဝန်းကျင်တွင်ရှိနေသော မြင်ကွင်းများသည် လျင်မြန်စွာ ပြောင်းလဲသွားကြသည်။ သူတို့ဖြတ်သန်းလာခဲ့သော ကျင့်ကြံသူများသည် သူတို့ကို ဂရုမစိုက်ကြပေ။
“ပုံရိပ်ယောင်တစ်ခုလား”
ကျောက်ယွီနှင့် ဂိုဏ်းတပည့်များက ထိုအခြေအနေကို သတိထားမိပြီး မျက်မှောင်ကြုတ်၍ တီးတိုးပြောလိုက်သည်။
“ဒါက ပုံရိပ်ယောင်တစ်ခု ဖြစ်နိုင်တယ်။ ဒါပေမဲ့ တိတ်ဆိတ်နေတဲ့ ကြယ်သေတစ်စင်းကို ပုံရိပ်ယောင်အဖြစ် ပြောင်းလဲနိုင်တဲ့ နည်းလမ်းမျိုး တစ်ခါမှ မကြားဖူးဘူး”
ကျောက်ယွီ၏ဘေးတွင် ရှိနေသော အပြာရောင်ဝတ်စုံနှင့် ဓားသမားက လေးနက်သောမျက်နှာထားဖြင့် တီးတိုးပြောသည်။
မိုင်တစ်ရာကျယ်ဝန်းသော ပုံရိပ်ယောင်ဝင်္ကပါအတွက် စွမ်းအင်အများအပြားကို လိုအပ်သည်။
ကြယ်တစ်စင်းကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုထားသော နည်းလမ်းမျိုးသည် စိတ်ကူးမယဉ်နိုင်လောက်ပေ။
“အမီလိုက်ကြရအောင်”
ကျောက်ယွီက ရှေ့သို့ကြည့်နေပြီး နက်ရှိုင်းသောလေသံဖြင့် ပြောလိုက်သည်။
သူက လက်တွေ့ကျသည်။ နားမလည်နိုင်သောအရာကို တွေးမနေပေ။
သူ၏ ရွေးချယ်မှုသည် မှန်ကန်သည်။
အကယ်၍ ဟန်မူယဲ့က အချိန်ကို နောက်ပြန်ဆုတ်ပြီး လွန်ခဲ့သော နှစ်သောင်းချီအကွာတွင် ရှိနေသည့် ကြယ်သေ၏ဂုဏ်ကျက်သရေကို ပြန်လည်ပြသနေသည်ဟု ပြောခဲ့လျှင်ပင် သူတို့က နားလည်နိုင်ကြမည်မဟုတ်ပေ။
သူတို့က အချိန်စွမ်းအားနှင့် အလွန်ဝေးကွာနေသေးသည်။
သူတို့၏နောက်တွင် လိုက်လာသော ကျွမ်းကျင်သူများကလည်း ကြယ်သေ၏ ပြောင်းလဲမှုကို ပုံရိပ်ယောင်တစ်ခုအဖြစ်သာ ယူဆထားလိုက်ကြသည်။
လူအများအပြားသည် ထိတ်လန့်စွာ ထွက်ပြေးရန် ကြိုးစားခဲ့ကြသည်။
သို့သော် သူတို့က မည်သို့ပင် ကြိုးစားနေပါစေ ကြယ်ထဲမှ ထွက်မသွားနိုင်ကြတော့ပေ။
ထို့ကြောင့် ကြယ်ပေါ်တွင်ရှိသော ကျင့်ကြံသူများက ဆောက်တည်ရာမရ ဖြစ်နေကြသည်။
အချိန်သည် တည်နေရာနှင့် ဆက်နွယ်နေသည်။ ဟန်မူယဲ့က အချိန်ကို နောက်ပြန်ဆုတ်ထားသောကြောင့် ကြယ်ကိုလည်း ချိပ်ပိတ်လိုက်သည်။ ထိုမှသာ အချိန်စွမ်းအားသည် ပျောက်ကွယ်မသွားဘဲ တည်မြဲနေလိမ့်မည်။
တစ်နည်းပြောရလျှင် ဤကြယ်သည် အပြင်လောကနှင့် မသက်ဆိုင်တော့ပေ။
အချိန်နှင့်တည်နေရာစွမ်းအားကို ချိုးဖောက်နိုင်သော ကျင့်ကြံသူကြီးများသည် အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းသွားကြပြီဖြစ်သည်။
“ဒီနေရာမှာ ရှေးခေတ်ရဲ့ မဟာကျင့်ကြံသူကြီးတစ်ယောက် သေဆုံးသွားခဲ့တယ်။ အရံအစီအစဉ်တစ်ခု ရှိနေတာက ပုံမှန်ပါပဲ။ ဒါပေမဲ့ ဒီလိုမဟာပုံရိပ်ယောင်ဝင်္ကပါမျိုးက အဆုံးမရှိတဲ့ အန္တရာယ်တွေနဲ့ ပြည့်နေလိမ့်မယ်”
အဖြူရောင်မုတ်ဆိတ်နှင့် အကြီးအကဲတစ်ယောက်သည် လေးနက်သောမျက်နှာထားဖြင့် ပြောလိုက်သည်။
အစိမ်းရောင်ဝတ်စုံနှင့် တာအိုကျင့်ကြံသူများသည် တောင်တန်းတစ်ခု၏ရှေ့တွင် စုစည်းနေကြသည်။ သူတို့က အဆုံးမရှိသော စံအိမ်များကို ကြည့်လိုက်ပြီး အလွန်စိုးရိမ်နေကြသည်။
သူတို့၏ရှေ့တွင်ရှိသော ဂိုဏ်းသည် အလွန်ခမ်းနားပြီး အားကောင်းပုံရသည်။
ကံကောင်းစွာဖြင့် သူတို့၏အကြီးအကဲသည် ပုံရိပ်ယောင်တစ်ခုသာဖြစ်သည်ဟု ရှင်းပြခဲ့သည်။ ထိုသို့မဟုတ်လျှင် ထိုဂိုဏ်းက သူတို့အားလုံးကို အပြတ်ရှင်းပစ်နိုင်သည်။
“အကြီးအကဲပြောတာ မှန်ပါတယ်။ ဒါက ပုံရိပ်ယောင်ဝင်္ကပါတစ်ခုပဲ။ ရတနာတွေရှာဖွေဖို့ ဘေးဖယ်ထားပြီး ဂရုစိုက်နေကြရအောင်”
ကျင့်ကြံသူများက လျင်မြန်စွာ ပြောလိုက်ကြသည်။
ဤကြယ်၏ ပြောင်းလဲမှုသည် လူတိုင်း၏ နားလည်နိုင်စွမ်းကို ကျော်ဖြတ်သွားခဲ့သည်။ ယခုအချိန်တွင် လူတိုင်းက ရတနာအတွက် မဟုတ်ဘဲ အသက်ရှင်ရန်အတွက် ကြိုးစားလာကြသည်။
“ဓားစံအိမ်က တပည့်တွေရဲ့နောက်ကို လိုက်သွားကြရအောင်။ သူတို့က ဒီအကြောင်းနဲ့ပတ်သတ်ပြီး သိနေလိမ့်မယ်”
လူတစ်ယောက်က ပြောလိုက်သည်။ လူတိုင်းက လှုပ်ရှားလိုက်ပြီး ကျောက်ယွီတို့၏နောက်သို့ လိုက်သွားကြသည်။
ဤကြယ်ပေါ်သို့ ရောက်လာသော ကျင့်ကြံသူများ၏ အရေအတွက်သည် တစ်ထောင်ခန့် ရှိသည်။ သူတို့က မတူညီသော အင်အားစုများမှ ရောက်လာကြသော်လည်း ယခုအချိန်တွင် အဆင်အခြင်မဲ့စွာ မလှုပ်ရှားရဲဘဲ အချင်းချင်း ထောက်ပံ့ရန် အလိုလို နားလည်ထားကြသည်။
သူတို့က နတ်အာရုံကို ထုတ်လွှတ်၍ ကျောက်ယွီတို့၏နောက်သို့ လိုက်လာကြသည်။
လမ်းတစ်လျှောက်တွင် သူတို့က ပုံရိပ်ယောင်ဖြစ်သော ပြေးလွှားနေသည့် ကျင့်ကြံသူများကို မြင်လိုက်ကြရသည်။ ထိုကျင့်ကြံသူများက စကားတစ်ခွန်းမှ မပြောကြပေ။
ထို့ကြောင့် လူတိုင်းက စိတ်သက်သာသွားကြသည်။
ဤနေရာသည် ပုံရိပ်ယောင်ဝင်္ကပါတစ်ခုသာ ဖြစ်သည်။
“အရာအားလုံး ပျက်စီးသွားခဲ့တာ နှမြောစရာပဲ”
မူဝမ်က တောက်ပနေသောအလင်းနှင့် အသက်ဝင်နေသော မြို့တော်များကို ကြည့်လိုက်ပြီး နောင်တရနေပုံပေါ်သည်။
လက်ရှိအချိန်တွင် ဤကြယ်သည် ပျက်စီးသွားပြီး အရာအားလုံးသည် အချိန်မြစ်ထဲတွင် မျောပါသွားကြသည်။
နှစ်တစ်သောင်းသည် အလွန်ကြာမြင့်သည်။
“သူတို့က တည်ရှိခဲ့ပါတယ်”
ဟန်မူယဲ့က ရှေ့သို့ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
တည်ရှိခဲ့သည်။
သူတို့၏ရှေ့တွင်ရှိသော မြင်ကွင်းများသည် လွန်ခဲ့သော နှစ်ထောင်ချီအကွာတွင် ရှိနေသည့် ဤကြယ်၏ မြင်ကွင်းများပင် ဖြစ်ကြသည်။
“သူတို့က တည်ရှိခဲ့ပြီး ပျောက်ကွယ်သွားကြတယ်။ ဒါက လောကကြီးရဲ့ ပုံစံပဲ”
“တစ်နေ့မှာ ညီမမူက အချိန်စွမ်းအားကို ထိန်းချုပ်နိုင်ရင် ညီမမူလိုချင်တဲ့ အလှတရားကို ထာဝရတည်ရှိအောင် ပြုလုပ်နိုင်လိမ့်မယ်”
ဟန်မူယဲ့က လေးနက်သောမျက်နှာထားဖြင့် မူဝမ်ကို ကြည့်သည်။
‘ထာဝရတည်ရှိနေမှာလား’
မူဝမ်က ပျော်ရွှင်သွားသော်လည်း ဟန်မူယဲ့၏ လေးနက်သောအကြည့်ကို မြင်နေရသည်။
“အရာအားလုံးမှာ ကိုယ်ပိုင်လမ်းစဉ်ရှိကြတယ်”
“လူတစ်ယောက်က အချိန်နဲ့တည်နေရာစွမ်းအားကို ထိန်းချုပ်ထားတယ်ဆိုရင်တောင် လမ်းစဉ်အားလုံးကို ပြောင်းလဲဖို့ မဖြစ်နိုင်ဘူး”
“တကယ်လို့ လူတစ်ယောက်က အလှတရားအားလုံးကို ထိန်းသိမ်းထားဖို့အတွက် အချိန်နဲ့တည်နေရာစွမ်းအားကို အသုံးပြုခဲ့ရင် အရာအားလုံးက လမ်းပျောက်သွားလိမ့်မယ်”
“အချိန်မြစ်ထဲမှာ ပျောက်ကွယ်သွားပြီး ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူး”
‘ဘယ်တော့မှ ပြန်မလာနိုင်ဘူး’
မူဝမ်က တစ်ကိုယ်လုံး တုန်ခါသွားသည်။
“လွတ်မြောက်ခြင်းအဆင့်ကို တက်လှမ်းသွားပြီး အင်မော်တယ်ဖြစ်နေတဲ့ ကျင့်ကြံသူကြီးတွေက ဘာဖြစ်လို့ ကျဆုံးသွားကြတာလဲ”
ဟန်မူယဲ့က တီးတိုးပြောသည်။
“ဘာကြောင့်လဲဆိုတော့ သူတို့က လောကရဲ့ ထာဝရလမ်းစဉ်ကို ပြောင်းလဲချင်ပြီး လမ်းပျောက်သွားကြလို့ပဲ”
သူက ယခုအချိန်တွင် အသိစိတ်ပျောက်လုနီးပါး ဖြစ်သွားခဲ့သည်။
သူက ပုံရိပ်ယောင်ဆန်သောနယ်မြေကို ဖြတ်ကျော်၍ မူဝမ်ကို ခေါ်သွားပြီး အတိတ်၏ခမ်းနားမှုများကို အမှန်တကယ်ကြည့်ရှုရန် ဆောင်ရွက်ချင်ခဲ့သည်။
သို့သော် သူက ထိုသို့ လုပ်လိုက်လျှင် အချိန်မြစ်ထဲတွင် လမ်းပျောက်သွားပြီး ပြန်လာနိုင်တော့မည်မဟုတ်ပေ။
သူက နှစ်ထောင်ချီကြာသည်အထိ အချိန်ကို နောက်ပြန်ဆုတ်နိုင်သော်လည်း အချိန်ကိုဖြတ်သန်း၍ ခရီးမသွားနိုင်ပေ။
ဤလောကတွင် ထိုသို့ ပြုလုပ်နိုင်သောလူများလည်း မရှိကြပေ။
အလွန်သန်မာသော ဓားဘုရင်ယွမ်ထျန်းကပင် ဓားအလင်းတစ်ခုကိုသာ ချန်ထားနိုင်ခဲ့သည်။ သူက လူကိုယ်တိုင် အချိန်မြစ်ကို မဖြတ်ကျော်နိုင်ခဲ့ပေ။
အချိန်မြစ်ကို ဖြတ်သန်းရန်အတွက် လိုအပ်သောခွန်အားကို ဟန်မူယဲ့က တွေးမကြည့်နိုင်သေးပေ။
“မတည်မြဲတဲ့အလှတရားက ပိုပြီး အဖိုးတန်တယ် ....”
မူဝမ်က တီးတိုးပြောလိုက်ပြီး ဟန်မူယဲ့၏ ပခုံးပေါ်တွင် ခေါင်းမှီလိုက်သည်။
ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး မူဝမ်၏ဆံပင်ကို ပွတ်သပ်ပေးသည်။
“သွားကြစို့။ အဲဒီအကြီးအကဲနဲ့ တွေ့တော့မယ်”
သူတို့က ထိုအကြီးအကဲသေဆုံးသွားခဲ့သော လျှို့ဝှက်နယ်မြေကို ရှာဖွေရန်အတွက် ဤကြယ်ပေါ်သို့ ရောက်လာခဲ့ကြသည်။ အပျော်ခရီးထွက်ရန် မဟုတ်ပေ။
အပျော်ခရီးအတွက် လွန်ခဲ့သောနှစ်တစ်သောင်း၏ ရှုခင်းများသည် အလွန်ခမ်းနားသည်။
သူတို့က ဓားပျံစီးနင်းထားသော ဓားကျင့်ကြံသူများကို ပိုတွေ့လာရသည်။
“ယွီလုမြို့တော်လား”
ခမ်းနားသောမြို့ကြီးတစ်မြို့သည် ရှေ့တွင် ရှိနေသည်။ ဟန်မူယဲ့က ဓားအလင်းကို ထုတ်လွှတ်နေသော မြို့ဂိတ်ပေါက်၏ စာလုံးများကို ဖတ်ကြည့်လိုက်သည်။
“ဟုတ်တယ်။ ယွီလုမြို့တော်၊ ဓားဘုရင်ယွီလုပဲ”
ဓားပျံစီးနင်း၍ ရောက်လာသော ကျောက်ယွီက ပျော်ရွှင်နေသောမျက်နှာထားဖြင့် အော်ဟစ်လိုက်သည်။
ဓားဘုရင်ယွီလု ....
ဟန်မူယဲ့က ထိုနာမည်နှင့် မရင်းနှီးပေ။ သို့သော် ဓားဘုရင်ဘွဲ့ထူးကို ရထားသောကြောင့် အလွန်သန်မာသော ဓားကျင့်ကြံသူတစ်ယောက် ဖြစ်လိမ့်မည်။
သူတို့က မြို့ထဲသို့ ဝင်သွားပြီး လူများနှင့်ပြည့်နှက်နေသော ပေတစ်သိန်းကျယ်ဝန်းသည့် ထုံးကျောက်ရင်ပြင်သို့ ရောက်သွားသည်။
“အဲဒါက ဓားဘုရင်ယွီလုပဲ”
ကျောက်ယွီက အော်ဟစ်လိုက်သည်။
ရင်ပြင်၏အလယ်တွင်ရှိသော ကျောက်စိမ်းစင်မြင့်ထက်တွင် ကျောက်စိမ်းဖြူဝတ်စုံနှင့် တာအိုတန်ခိုးရှင်တစ်ယောက်သည် လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ဝင့်ကြွားစွာ ရပ်နေခဲ့သည်။
ဓားစွမ်းအင်များသည် သူ၏ ပတ်ဝန်းကျင်တွင် သွယ်ယှက်နေကြသည်။ သူက ကျယ်လောင်စွာ စကားပြောနေပြီး အောက်တွင်ရှိသော ဓားကျင့်ကြံသူများသည် ဓားစွမ်းအင်များကို လေးနက်စွာ စိုက်ကြည့်နေကြသည်။
ကံမကောင်းစွာဖြင့် သူတို့က ပုံရိပ်များကိုသာ မြင်ရပြီး အသံမကြားနိုင်ပေ။
သို့သော် ဆက်တိုက်ပြောင်းလဲနေသော ဓားစွမ်းအင်နှင့် ဓားကျင့်ကြံသူများ၏ ထိတ်လန့်အံ့အားသင့်နေသော မျက်နှာထားကြောင့် ထိုတာအိုတန်ခိုးရှင်၏ ဓားပညာရပ်သည် အလွန်ထူးခြားမည်ဖြစ်ကြောင်း ပြောနိုင်သည်။
မူဝမ်က ထိုအကြီးအကဲ၏ ဓားပညာရပ်အကြောင်းကို ဟန်မူယဲ့အား မေးကြည့်ချင်သည်။ သို့သော် သူမက ဟန်မူယဲ့ကို လှည့်ကြည့်လိုက်သောအခါတွင် ဟန်မူယဲ့၏ မျက်လုံများက အလင်းရောင်ဖြင့် တောက်ပနေကြသည်။
“ငါတို့က ပုံရိပ်ယောင်ကိုပဲ မြင်နိုင်ပြီး ဓားဆန္ဒကို ခံစားမကြည့်နိုင်တာ နှမြောစရာပဲ”
ကျောက်ယွီနှင့်အတူ ပါလာသော ဓားစံအိမ်၏ တပည့်တစ်ယောက်က နောင်တများနှင့် ပြောသည်။
ရင်ပြင်တွင် စုစည်းနေကြသော ဂိုဏ်းအသီးသီးမှ ကျွမ်းကျင်သူများကလည်း တူညီစွာ ခံစားနေရသည်။
တာအိုတန်ခိုးရှင်၏ ဓားစွမ်းအင်သည် အလွန်အားကောင်းသည်။ သူက စကားပြောနေသောအချိန်တွင် အမွေအနှစ်ဓားနည်းစနစ်ကို သရုပ်ပြနေခြင်း ဖြစ်လိမ့်မည်။
သို့သော် ဓားဆန္ဒကို အာရုံမခံနိုင်ဘဲ ရှင်းပြချက်ကိုလည်း မကြားနိုင်သောကြောင့် မည်သူက အမွေအနှစ်ကို လက်ခံနိုင်မည်နည်း။
“ဒါက ပုံရိပ်ယောင်တစ်ခုပဲ။ အစစ်အမှန် လျှို့ဝှက်နယ်မြေက ဒီနေရာမှာ မရှိလောက်ဘူး”
လူတစ်ယောက်က သက်ပြင်းချလိုက်ပြီး ပြောသည်။
အစစ်အမှန်အမွေအနှစ်သည် မည်သည့်နေရာတွင် ရှိနေသနည်း။
အပြင်လူများ အာရုံမခံနိုင်သော သိမ်မွေ့သည့်စွမ်းအားတစ်ခုသည် ဟန်မူယဲ့၏ ကိုယ်ထဲတွင် လှုပ်ရှားလာခဲ့သည်။
ဟန်မူယဲ့က ခေါင်းမော့ကြည့်လိုက်ပြီး စင်မြင့်ထက်တွင်ရှိသော ဓားကျင့်ကြံသူက ခေါင်းလှည့်ကြည့်သည်။
သူတို့က အကြည့်ချင်းဆုံသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူတို့က နှစ်ပေါင်းတစ်သောင်းကို ဖြတ်ကျော်လာခဲ့ကြသည်။
ထိုအကြည့်တွင် ဟန်မူယဲ့က အချိန်၏နောက်ပြန်ရစ်ခြင်းကို ချိုးဖောက်၍ နှစ်တစ်သောင်းအကွာမှ ပြန်လာခဲ့သည်။
“ဘုန်း”
လေထုသည် တုန်ခါသွားသည်။ အရာအားလုံးသည် ချက်ချင်းညှိုးနွမ်းသွားပြီး အလင်းနှင့်အမှောင်သည် ပျောက်ကွယ်သွားသည်။
ခမ်းနားသောမြို့တော်၊ ကျယ်ဝန်းသောရင်ပြင်၊ လူရှုပ်နေသော လမ်းများနှင့် အဝေးတစ်နေရာတွင်ရှိနေသော တောင်တန်းများ ....
အရာအားလုံးသည် ပျက်စီးသွားခဲ့သည်။
ခမ်းနားမှုများအားလုံးသည် ဖုန်မှုန့်ဖြစ်သွားသည်။
ယွီလုမြို့တော်သည် မျက်တောင်တစ်ခတ်စာအချိန်အတွင်း၌ ပျက်စီးသွားသည်။
သက်ဝင်လှုပ်ရှားနေသော စိမ်းလန်းသည့်ကြယ်သည် ယခင်အတိုင်း ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။
ထိုသို့ ရုတ်တရက်ဆန်သော ပြင်းထန်သည့် ပြောင်းလဲမှုကြောင့် မူဝမ်၏ နှလုံးသားက တုန်ခါသွားပြီး မျက်ရည်ဝဲလာသည်။
သူမက ရှင်းမပြနိုင်သော ဝမ်းနည်းစိတ်ကို ခံစားရသည်။
ထိုအရာသည် အချိန်၏ သဘာဝ ဖြစ်လိမ့်မည်။
လောကတွင်ရှိသော အထူးဆန်းဆုံးစွမ်းအား ဖြစ်သည်။