အခန်း (၇၆၅)
Vol. 55 Ch. 765
“သူက ဘယ်သူလဲ။ ဓားစံအိမ်က တပည့်တွေနဲ့ အတူတူခရီးသွားနေပြီး ဓားပညာရပ်မှာလည်း ပြိုင်ဘက်ကင်းတယ်။ ရှေးခေတ်ရဲ့ မဟာဓားကျင့်ကြံသူကတောင် သူနဲ့ မယှဉ်နိုင်ဘူး”
အသက်ရှင်နေသော ဓားကျင့်ကြံသူတစ်ယောက်က ထွက်ခွာသွားသော ဟန်မူယဲ့တို့ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။
“ဓားစံအိမ်က အထက်ဘုံရဲ့ အဓိကအင်အားစုကြီးတစ်ခု ဖြစ်သင့်ပါတယ် ....”
လူတစ်ယောက်က သက်ပြင်းချသည်။
ဓားစံအိမ်၏ လူများသာ မရှိခဲ့လျှင် သူတို့က ဤနေရာတွင် သေဆုံးသွားကြလိမ့်မည်။
“သွားကြစို့။ အင်မော်တယ်ရင်းမြစ်ကမ္ဘာက ပြောင်းလဲနေပြီ။ ဒါက အခွင့်အရေးတစ်ခု ဖြစ်နိုင်တယ်။ ငါတို့က ဓားစံအိမ်ကို ဝင်ရောက်လိုက်ရင် မျှော်လင့်မထားတဲ့ အခွင့်အရေးကို ရလိမ့်မယ်”
သူတို့က တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြပြီး ကြယ်သည် ပြန်လည်တည်ငြိမ်သွားခဲ့သည်။
နှစ်ပေါင်းများစွာအကြာတွင် ဤကြယ်သည် ပြန်လည်နိုးထလာပြီး ခမ်းနားသောလောကတစ်ခုကို ပြန်လည်ဖန်တီးလိမ့်မည်။
....
ဟန်မူယဲ့နှင့်မူဝမ်က ကျောက်ယွီတို့နှင့် လမ်းခွဲလိုက်ပြီး သင်္ဘောပျံကို မောင်းနှင်လာခဲ့ကြသည်။
သူတို့က ဆေးတောင်ကြားသို့ ပြန်သွားချင်ကြသည်။
ကျောက်ယွီတို့က ပျံသန်းသွားသော သင်္ဘောပျံကို ကြည့်နေပြီး ဓားစံအိမ်သို့ ဦးတည်လိုက်ကြသည်။
သူတို့က ဟန်မူယဲ့၏နောက်ခံကို အပြည့်အဝ နားမလည်နိုင်ခဲ့သော်လည်း သူ၏ ဓားစွမ်းရည်ကို မြင်ခဲ့ရသည်။
ထိုလူမျိုးသည် ဓားစံအိမ်တွင်လည်း ရှားပါးသည်။
“ဂိုဏ်းတူအစ်ကိုကျောက်၊ သခင်လေးဟန်က တကယ်ပဲ တာအိုပြိုင်ပွဲနယ်မြေကနေ ရောက်လာတာလား”
ဓားစံအိမ်၏ တပည့်တစ်ယောက်က မနေနိုင်တော့ဘဲ မေးလိုက်သည်။
ဟန်မူယဲ့၏ စိတ်ဓာတ်၊ ကျင့်ကြံဆင့်နှင့် တိုက်ခိုက်နိုင်စွမ်းတို့သည် အထက်ဘုံမှ တိုက်ရိုက်တပည့်များထက် သာလွန်နေသည်။
“ဟုတ်တယ်။ သူ့ရဲ့အသက်အရွယ်နဲ့ ကျင့်ကြံဆင့်က ဓားစံအိမ်ရဲ့ နံပတ်တစ်တပည့် ပိုင်ယွီမင်ထက် ပိုသာတယ်”
တပည့်တစ်ယောက်က တောက်ပနေသောမျက်လုံးများဖြင့် ပြောသည်။
ကျောက်ယွီက ခေါင်းခါသည်။
ယခုအချိန်တွင် သူကလည်း စိတ်ရှုပ်နေသည်။
ကံကောင်းစွာဖြင့် သူ၏ စိတ်ရှုပ်ထွေးမှုသည် ကြာရှည်မခံခဲ့ပေ။
သူတို့က အထက်ဘုံတွင် သွားလာနေသောအချိန်တွင် သတင်းများကို ကြားလိုက်ရသည်။
အထက်ဘုံ၏ မရေမတွက်နိုင်သော လက်ရွေးစင်များက တာအိုပြိုင်ပွဲနယ်မြေမှ ပြန်ရောက်လာကြသည်။
သူတို့က တာအိုပြိုင်ပွဲတွင် ဝင်ပါခဲ့သောကြောင့် တိုက်ခိုက်နိုင်စွမ်းနှင့် ကျင့်ကြံခြင်းတွင် တိုးတက်လာကြသည်။ လူတိုင်းနီးပါးသည် အခွင့်အရေးများကို ရခဲ့ကြသည်။
ထို့အပြင် နတ်ဘုရားခုံရုံး၏ ရတနာတိုက်မှ ရရှိလာသော ပစ္စည်းများသည် ကိုယ်ပိုင်ဂိုဏ်း၏ ခွန်အားကို တိုးမြှင့်ပေးနိုင်သည်။
ထိုလက်ရွေးစင်များနှင့်အတူ ဟန်မူယဲ့၏ နာမည်သည်လည်း ပေါ်ထွက်လာခဲ့သည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဟန် ....
နတ်ဘုရားဘုရင်ကို ဓားတစ်လက်ဖြင့် သတ်ဖြတ်နိုင်သည်။
သူက တစ်ယောက်တည်းခွန်အားဖြင့် တာအိုပြိုင်ပွဲ၏အခြေအနေကို ပြောင်းလဲပြီး အနိုင်ပွဲအတွက် ခိုင်မာသောအုတ်မြစ်ကို တည်ဆောက်ခဲ့သည်။
သူက ဤလောက၏ အင်အားစုများနှင့် ဆက်သွယ်ပြီး ရှေးတိမ်တိုက်စကြဝဠာကိုပင် ပါဝင်ပတ်သတ်စေခဲ့သည်။ ထို့အပြင် ဝိညာဉ်သံချပ်ကာမိစ္ဆာများနှင့် မဟာမိတ်ဖွဲ့ပြီး အင်မော်တယ်တက်လှမ်းစင်မြင့်၏ ချိပ်စည်းကို ဖွင့်လှစ်ခဲ့သည်။
ထိုလက်ရွေးစင်များသည် ဟန်မူယဲ့၏နာမည်ကို မဟာပုဂ္ဂိုလ်ကြီးများနှင့် တစ်တန်းတည်းထားခဲ့သည်။
လက်ရွေးစင်များက ဟန်မူယဲ့၏နာမည်ကို လေးစားသမှုဖြင့် အမတ်ချုပ်ကြီးဟန်ဟု ခေါ်ဆိုကြသည်။
အဓိကအချက်သည် ယခုအချိန်တွင် လောကကြီးသည် ပြောင်းလဲနေပြီး ဟန်မူယဲ့၏ ခွန်အားနှင့် နောက်ကွယ်တွင်ရှိနေသော ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် ပြိုင်ဘက်ကင်းသည်။
အထက်ဘုံ၏ ဂိုဏ်းများအားလုံးသည် ထိတ်လန့်နေကြသည်။
ဟန်မူယဲ့က လက်ရွေးစင်များထက်အရင် အထက်ဘုံသို့ ရောက်လာပြီး ဆေးတောင်ကြားသို့ ဝင်ရောက်၍ ခုနစ်ထပ်ဓားစံအိမ်ဖြင့် အင်အားစုအသီးသီးကို တုန်လှုပ်စေခဲ့သည်။
‘အဲဒီလူက တာအိုလက်တွဲဖော်အတွက်ပဲ အထက်ဘုံကို ရောက်လာတာလား’
‘အဲဒီလိုလူမျိုးက မိန်းကလေးတစ်ယောက်အတွက်ပဲ ရောက်လာတာ မဖြစ်နိုင်ဘူး’
‘အထက်ဘုံကို ခြိမ်းခြောက်နိုင်တဲ့ အဲဒီကျွမ်းကျင်သူက အခု ဘယ်ရောက်သွားပြီလဲ။ သူက ဓားစံအိမ်နဲ့ ဘယ်လိုပတ်သတ်နေတာလဲ’
ယခုအချိန်တွင် အထက်ဘုံ၏ လူတိုင်းသည် ဟန်မူယဲ့ကို ရှာဖွေနေကြသည်။
ဂိုဏ်းများသည် ဆေးတောင်ကြားကို အာရုံစိုက်ထားကြသည်။
ဟန်မူယဲ့က ဆေးတောင်ကြားတွင် ခုနစ်ထပ်ဓားစံအိမ်ကို ချန်ထားခဲ့သောကြောင့် သေချာပေါက် ပြန်လာလိမ့်မည်။
အထက်ဘုံ၏ ပြဿနာတစ်ခုဖြစ်လာသော ထိုကျွမ်းကျင်သူနှင့် မည်သို့ ရင်ဆိုင်ရမည်နည်း။
ယခုအချိန်တွင် ဆည်သည် ပြိုကျသွားပြီး ရှေးတိမ်တိုက်စကြဝဠာသည် ရှေးနတ်ဘုရားကျဆုံးနယ်မြေနှင့် ပေါင်းစပ်နေသည်။ အထက်ဘုံ၏ ကျွမ်းကျင်သူများအားလုံးသည် အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းသွားကြသည်။
‘ငါတို့က ဟန်မူယဲ့နဲ့ ရန်သူလုပ်ရမှာလား။ ဒါမှမဟုတ် ပူးပေါင်းရမှာလား’
‘တကယ်လို့ ပူးပေါင်းမယ်ဆိုရင် သူ့အတွေးကို နားလည်ဖို့လိုတယ်လေ’
‘သူနဲ့ ဓားစံအိမ်က ဘယ်လိုပတ်သတ်နေတာလဲ’
‘သူက ဆေးတောင်ကြားကို ဘယ်လိုသဘောထားလဲ’
ဓားအလင်းတစ်ခုသည် ဓားစံအိမ်နှင့် မိုင်တစ်သောင်းအကွာတွင် ကျောက်ယွီရောက်မလာခင် ဆင်းသက်လာခဲ့သည်။
“ဂိုဏ်းတူညီလေးကျောက်ယွီ၊ ဆရာက မင်းကို ရှာနေတယ်”
နောက်ထပ်ဓားအလင်းတစ်ခုသည် ဓားစံအိမ်နှင့် မိုင်ငါးထောင်အကွာတွင် ထပ်ရောက်လာပြန်သည်။
“မြန်မြန်လေး။ အကြီးအကဲက မင်းကို ရှာနေတယ်”
ဓားစံအိမ်နှင့် ပေထောင်ချီအကွာတွင် ဓားအလင်းတစ်ခုသည် ကျောက်ယွီကို တိုက်ရိုက်လွှမ်းခြုံလိုက်သည်။
“အကြီးအကဲစုက မင်းကို ရှာနေတယ်။ အသင်္ချေဓားခန်းဆောင်ကို လာခဲ့”
သူက ဓားစံအိမ်သို့ ခြေချလိုက်သောအခါတွင် ဓားအလင်းတစ်ခုက လွှမ်းခြုံလိုက်ပြန်သည်။
“မင်းက ကျောက်ယွီလား။ ဂိုဏ်းရဲ့ အစည်းအဝေးခန်းဆောင်ကို လာခဲ့။ အကြီးအကဲတွေအားလုံးက မင်းကို စောင့်နေကြတယ်”
ဂိုဏ်း၏ အစည်းအဝေးခန်းဆောင်သည် အကြီးအကဲများသာ ဝင်ရောက်ခွင့်ရှိသည်။
ကျောက်ယွီက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဖျော့တော့စွာ ပြုံးသည်။
သူက အကြီးအကဲများ၏ ရည်ရွယ်ချက်ကို နားလည်သည်။
“အစ်ကိုဟန်ရဲ့ လွှမ်းမိုးမှုက ငါ့ကို အကျိုးဖြစ်စေတာပဲ ....”
ဓားစံအိမ်သည် အထက်ဘုံ၏ နံပတ်တစ်တိုက်ခိုက်ရေးဂိုဏ်း ဖြစ်ပြီး ဓားတာအို၏ တော်ဝင်နယ်မြေ ဖြစ်သည်။
ဓားစံအိမ်၏ ဂိတ်ပေါက်ဝမှ အဓိကခန်းဆောင်သို့သွားရန် အချိန်ကြာမြင့်စွာ လမ်းလျှောက်ရလိမ့်မည်။
သို့သော် ကျောက်ယွီက ကောင်းကင်နန်းတော်နှင့်တူသော အလွန်ခမ်းနားသော ခန်းဆောင်သို့ ဆယ်ငါးမိနစ်အတွင်း ရောက်လာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူက ကျောက်စိမ်းတံဆိပ်ပြားတစ်ခုကို ကိုင်ထားသည်။
ထိုတံဆိပ်ပြားသည် ဂိုဏ်းအတွင်း၌ ဓားကို ထိန်းချုပ်နိုင်သည်။ ဂိုဏ်းတွင် အကြီးအကဲများမှ လွဲ၍ လက်ရွေးစင်တပည့်တချို့ကသာ ထိုတံဆိပ်ပြားကို ရရှိနိုင်သည်။
“ဂိုဏ်းတူအစ်ကို၊ ကျောက်ယွီက ဓားထိန်းချုပ်တံဆိပ်ပြားနဲ့ ရောက်လာပါပြီ။ တံဆိပ်ပြားကို ပြန်အပ်ပါတယ်”
ကျောက်စိမ်းလှေကားထစ် ၉၉ခု၏ရှေ့တွင် ကျောက်ယွီက ရိုသေစွာဦးညွတ်လိုက်ပြီး ကျောက်စိမ်းတံဆိပ်ပြားကို လက်နှစ်ဖက်ဖြင့် ပေးသည်။
သူက သာမန်အတွင်းစည်းတပည့်တစ်ယောက်သာ ဖြစ်သည်။ ကျောက်စိမ်းတံဆိပ်ပြားကို မည်သို့ ပိုင်ဆိုင်နိုင်မည်နည်း။
လှေကားထစ်တွင် ရပ်နေသော သက်လတ်ပိုင်းအရွယ် ဓားကျင့်ကြံသူက ကျောက်ယွီကို ကြည့်လိုက်သော်လည်း တံဆိပ်ပြားကို ပြန်မယူခဲ့ပေ။ သူက တည်ငြိမ်စွာပြောသည်။
“ခန်းဆောင်ထဲကို အရင်သွားလိုက်ပါ။ အကြီးအကဲတွေက မင်းကိုစောင့်နေတာ ကြာပြီ”
ကျောက်ယွီက အံ့အားသင့်သွားပြီး တံဆိပ်ပြားကို ပြန်သိမ်း၍ လှေကားထစ်ပေါ်သို့ လျင်မြန်စွာတက်သွားသည်။
ခန်းဆောင်၏တံခါးပေါက်သည် အလွန်ကျယ်ပြီး အမိုးခုံး တိုင်လုံးများသည် နဂါးတစ်ကောင်နှင့် တူနေသည်။
ခန်းဆောင်၏ ဖိနှိပ်နိုင်သော အငွေ့အသက်သည် လူတိုင်းကို တစ်ကိုယ်လုံး တုန်ခါသွားစေနိုင်သည်။
ကျောက်ယွီက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အဝတ်များကို ဆွဲဆန့်၍ ခန်းဆောင်ထဲသို့ ခပ်သွက်သွက်ဝင်သွားသည်။
ခန်းဆောင်သည် အစပိုင်းတွင်ဆူညံနေသော်လည်း ကျောက်ယွီဝင်လာသောအခါတွင် တိတ်ဆိတ်သွားသည်။
ကျောက်ယွီက အစိမ်းပုပ်ရောင်ကျောက်ပြားများပေါ်တွင် လျှောက်လှမ်းလာပြီး ကျောပေါ်တွင် တောင်တစ်လုံးကို သယ်ထားသည်ဟု ခံစားရသည်။
ခန်းဆောင်ထဲတွင်ရှိသော လူတိုင်းသည် အနည်းဆုံး မဟာတာအိုကို စုစည်းထားသော သူတော်စင်တစ်ဝက်အဆင့် ဖြစ်ကြသည်။
သူတို့၏ အကြည့်ထဲတွင်ရှိသော မဟာတာအိုစွမ်းအားသည် လူတစ်ယောက်၏ ဝိညာဉ်ကို တုန်ခါစေပြီး ခန္ဓာကိုယ်နှင့် သွေးကို အေးခဲသွားစေနိုင်သည်။
ကျောက်ယွီက ခုနစ်လှမ်း၊ ရှစ်လှမ်းခန့် အကွာတွင် ခြေထောက်များ အားနည်းလာပြီး မျက်နှာတစ်ခုလုံး နီရဲသွားသည်။ သူက ကြမ်းပြင်ပေါ်တွင် ထိုင်ချမိတော့မည်ဟု ခံစားရသည်။
“ကောင်းပြီ”
ထိုအချိန်တွင် ရှေ့မှ အသံတစ်သံ ထွက်လာပြီး ခန်းဆောင်သည် လေပြေလေညင်း၏ ပွေ့ဖက်မှုကို ခံစားလိုက်ရပုံပေါ်သည်။ ကျောက်ယွီက သက်တောင့်သက်သာဖြစ်သွားပြီး ဖိအားများသည် ပျောက်ကွယ်သွားကြသည်။
သူက ခေါင်းမော့ကြည့်လိုက်သောအခါတွင် ရှေ့ဆုံးတွင် ထိုင်နေသော အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးများကို မြင်လိုက်ရသည်။
သူတို့ထဲတွင် လူတစ်ယောက်က လက်မြှောက်ပြီး ဆွဲခေါ်သောလက်ဟန်ကို ပြုလုပ်သည်။ ကျောက်ယွီက ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ ခန်းဆောင်၏အလယ်သို့ ရောက်သွားခဲ့သည်။
“ကျောက်ယွီက အကြီးအကဲတွေ့ကို နှုတ်ခွန်းဆက်သပါတယ်”
“မင်းက ကျောက်ယွီပေါ့”
ရှေ့ဆုံးတွင်ရှိနေသော အကြီးအကဲက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။
“မင်းက ဟန်မူယဲ့နဲ့ မိတ်ဆွေတွေလား”
ကျောက်ယွီက လျင်မြန်စွာ ခေါင်းညိတ်လိုက်ပြီး စုဝေကမ္ဘာတွင် ဟန်မူယဲ့နှင့် သိကျွမ်းခဲ့သောအကြောင်းကို ပြန်ပြောပြသည်။
သူ့စကားအဆုံးတွင် လူတစ်ယောက်က ပြောလိုက်သည်။
“ဟုတ်တယ်။ ဓားပညာရပ်မှာ ပြိုင်ဘက်ကင်းပြီး နတ်ဘုရားသားရဲပါ့ရှားရဲ့ ကိုယ်ပွားကိုလည်း ပိုင်ဆိုင်ထားတယ်။ ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အမတ်ချုပ်ကြီးဟန်ပဲ”
ကျောက်ယွီက အဖြူရောင်ဝတ်စုံနှင့် တည်ငြိမ်စွာရပ်နေသော လူငယ်တစ်ယောက်ကို မြင်လိုက်ရသည်။
ကျောက်ယွီ၏အကြည့်ကို မြင်လိုက်ရသောအခါတွင် ထိုလူငယ်က ပြုံးလိုက်ပြီး ခေါင်းညိတ်ပြသည်။
ပိုင်ယွီမင် ....
သူက ဓားစံအိမ်၏ မျိုးဆက်သစ်တပည့်များထဲတွင် ကျင့်ကြံဆင့်နှင့် တိုက်ခိုက်နိုင်စွမ်းအရ နံပတ်တစ် ဖြစ်သည်။
ယခင်က အထက်ဘုံတွင် လက်ရွေးစင်တပည့်များအတွက် အဆင့်သတ်မှတ်ချက်တစ်ခု ရှိခဲ့သည်။
ထိပ်တန်းအဆင့် ကျင့်ကြံသူများ၏ တိုက်ခိုက်နိုင်စွမ်းကို အကဲဖြတ်ရန် ခက်ခဲသောကြောင့် လက်ရွေးစင်တပည့်များ၏ အဆင့်သတ်မှတ်ချက်ကိုသာ အထူးပြုလုပ်ထားသည်။
ပိုင်ယွီမင်က ဓားစံအိမ်၏ လက်ရွေးစင်များထဲမှ လက်ရွေးစင်ဖြစ်သောကြောင့် ကျောက်ယွီက သူ့ကို သိနေသည်။
သူက တစ်နေ့တွင် ထိုလူမျိုးနှင့် ဆက်သွယ်နိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
“ယွီမင်၊ ကျောက်ယွီပြောတဲ့ ဟန်မူယဲ့က ပါ့ရှားရဲ့ကိုယ်ပွားနဲ့ အားကောင်းတဲ့ဓားနည်းစနစ်ကို ပိုင်ဆိုင်ထားပေမဲ့ မင်းပြောတဲ့ပုံစံနဲ့ အတော်လေးကွဲပြားနေတယ်”
အကြီးအကဲတစ်ယောက်က မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။
“ဟုတ်တယ်။ အဲဒီကွာခြားချက်မျိုးကို နှစ်တစ်ရာတည်းနဲ့ ဖြည့်ဆည်းဖို့ မဖြစ်နိုင်ဘူး။ အဲဒါဆိုရင် ဟန်မူယဲ့ရဲ့ နားလည်နိုင်စွမ်းနဲ့ ပါရမီက အရမ်းကြောက်ဖို့ကောင်းနေလိမ့်မယ်”
နောက်ထပ်အကြီးအကဲတစ်ယောက်က ခေါင်းညိတ်လိုက်ပြီး တီးတိုးပြောသည်။
ပိုင်ယွီမင်နှင့် တခြားလူများ သယ်ဆောင်လာသော ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ သတင်းသည် အလွန်ထိတ်လန့်ဖွယ်ကောင်းသည်။
အမတ်ချုပ်ကြီးဟန်နှင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ခွန်အားကို လက်ရှိအချိန်တွင် အထက်ဘုံက ခက်ခဲစွာ ခုခံရလိမ့်မည်။
အထက်ဘုံ၏ အင်အားစုများက စည်းလုံးမှုမရှိလျှင် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ လွှမ်းမိုးမှုအောက်တွင် ပျောက်ကွယ်သွားလိမ့်မည်။
အကယ်၍ လူအနည်းငယ်ကသာ ထိုသို့ ပြောခဲ့လျှင် အထက်ဘုံ၏ လူများက ယုံကြည်ကြမည်မဟုတ်ပေ။
သို့သော် ပြန်ရောက်လာသော လက်ရွေးစင်များအားလုံးသည် နတ်ဘုရားဘုရင်များပင် တိုက်ရိုက်ရင်မဆိုင်နိုင်သော ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ စစ်တပ်နှင့် နတ်ဘုရားဘုရင်ကိုပင် သတ်ဖြတ်နိုင်သော အမတ်ချုပ်ကြီးဟန်၏ ခွန်အားကို ပြောပြခဲ့ကြသည်။
ထိုလူများအားလုံးသည် ပူးပေါင်း၍ လိမ်ညာနေခြင်း မဖြစ်နိုင်ပေ။
ထို့ကြောင့် ယခုအချိန်တွင် အင်အားစုအသီးသီးသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့် ဆက်ဆံရေးကို ပြန်လည်စဉ်းစားရန် လိုအပ်လာသည်။ ထို့အပြင် ဟန်မူယဲ့နှင့် မိတ်ဆွေဖွဲ့ရန်လည်း စီစဉ်ရမည်။
“ကျောက်ယွီပြောခဲ့တဲ့ ဟန်မူယဲ့က ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အမတ်ချုပ်ကြီးဟန် ဖြစ်လိမ့်မယ်လို့ မထင်ဘူး။ ပြန့်ကျဲကြယ်ကျွန်းရဲ့ ခြောက်ထပ်ဓားစံအိမ်က သတင်းပို့ခဲ့တယ်။ နှလုံးသားသန့်စင်ခြင်း ဓားအစီအရင်နဲ့ ခြောက်ထပ်ဓားစံအိမ်ရဲ့ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်တဲ့လူက အမတ်ချုပ်ကြီးဟန်ပဲ ဖြစ်လိမ့်မယ်”
ထိပ်ဆုံးတွင်ရှိနေသော အဖြူရောင်မုတ်ဆိတ်နှင့် လူအိုကြီးတစ်ယောက်က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ညင်သာစွာပြောသည်။
ခန်းဆောင်ထဲတွင် ရှိနေသော လူအများအပြားက ခေါင်းညိတ်လိုက်ကြသည်။
ကျောက်ယွီက နေရာတွင် ရပ်နေပြီး တိတ်ဆိတ်စွာ နားထောင်သည်။
ထိုအကြီးအကဲများက သူ့ကို မယုံကြပေ။
စုဝေကမ္ဘာတွင် သူမြင်ခဲ့သော ဟန်မူယဲ့က ယခုအချိန်တွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဖြစ်နေပြီး ကြယ်သေ၏ ပြဿနာကို ဓားတစ်လက်ဖြင့် ဖြေရှင်းခဲ့သော ပြိုင်ဘက်ကင်းကျွမ်းကျင်သူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူကိုယ်တိုင်ပင် ထင်မထားခဲ့ပေ။
အသံအမျိုးမျိုးသည် ခန်းဆောင်ထဲတွင် ပေါ်ထွက်လာကြသည်။
အင်မော်တယ်ရင်းမြစ်ကမ္ဘာသည် အလွန်ကြီးမားသည်။ အထက်ဘုံသည် အလွန်ကျယ်ပြန့်သည်။ အရာအားလုံးသည် ဖြစ်နိုင်သည်။
လီချင်းရှစ်ရဲ့လက်ထဲမှာ ရှိနေတဲ့ ခုနစ်ထပ်ဓားစံအိမ်က အတုမဟုတ်ဘူး”
အကြီးအကဲတစ်ယောက်၏ စကားသံကြောင့် ခန်းဆောင်က တိတ်ဆိတ်သွားခဲ့သည်။
မရေမတွက်နိုင်သော ဖြစ်နိုင်ချေများ ရှိနေသော်လည်း ခုနစ်ထပ်ဓားစံအိမ်သည် အမှန်တရားပင် ဖြစ်သည်။
“အကြီးအကဲကျင်းပြောတာ မှန်တယ်။ ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အမတ်ချုပ်ကြီးဟန်ကလည်း ခုနစ်ထပ်ဓားစံအိမ်ကို ပိုင်ဆိုင်ထားတယ်။ ပြီးတော့ ....”
ပိုင်ယွီမင်က ကျယ်လောင်စွာပြောသည်။
“အထဲမှာ အနည်းဆုံး ဓားဆယ်သန်းကို သိမ်းထားတယ်”
အနည်းဆုံး ဓားဆယ်သန်းရှိနေသော ခုနစ်ထပ်ဓားစံအိမ် ....
သူတို့က ထိုအကြောင်းကို ပထမဆုံးအကြိမ် သိရခြင်းမဟုတ်သော်လည်း ပင့်သက်ရှိုက်မိကြသည်။
လူအများအပြားသည် ခန်းဆောင်ထဲတွင် ရှိနေသော အကြီးအကဲများ၏ မျက်နှာထားကို တိတ်ဆိတ်စွာ ကြည့်မိကြသည်။
လက်ရှိအချိန်တွင် ခန်းဆောင်ထဲ၌ ရှစ်ထပ်ဓားစံအိမ်ကို ထိန်းချုပ်ထားသော အကြီးအကဲတစ်ယောက်သာ ရှိသည်။ တခြားအကြီးအကဲသုံးယောက်သည် ခုနစ်ထပ်ဓားစံအိမ်များကိုသာ ထိန်းချုပ်ထားကြသည်။
တစ်နည်းပြောရလျှင် ဆေးတောင်ကြားတွင် ပေါ်လာသော ဟန်မူယဲ့ဖြစ်စေ၊ ခုနစ်ထပ်ဓားစံအိမ်ကို ပိုင်စိုးထားသော ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဟန်ဖြစ်စေ ဓားစံအိမ်သို့ ဝင်ရောက်ခဲ့လျှင် ထိပ်တန်းအဆင့် အကြီးအကဲတစ်ယောက် ဖြစ်လာလိမ့်မည်။