← Chapters

အခန်း (၇၆၇)

Vol. 55 Ch. 767

အခန်း (၇၆၇)

Vol. 55 Ch. 767

“ဘယ်သူလဲ”

ခပ်အုပ်အုပ်အော်သံနှင့်အတူ မရေမတွက်နိုင်သော လေးတင်သံများကို ကြားလိုက်ရသည်။

အနက်ရောင်ဝတ်စုံနှင့် သံမဏိချပ်ဝတ်များကို ဝတ်ဆင်ထားသော ကျင့်ကြံသူများသည် ကောင်းကင်ထက်မှ ဆင်းသက်လာပြီး ဟန်မူယဲ့နှင့် မူဝမ်ကို တားဆီးလိုက်ကြသည်။

‘ငါတို့ကို ရှာတွေ့သွားတာလား’

မူဝမ်က နားမလည်နိုင်ဖြစ်နေသည်။

ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် တီးတိုးပြောသည်။

“သူတို့က ပုန်းကွယ်နိုင်စွမ်းကောင်းတယ်။ အဲဒါကြောင့် သူတို့ရဲ့ ပုန်းကွယ်ခြင်းနည်းစနစ်တွေကလည်း လေးနက်တယ်”

ထို့နောက် သူက ပြုံးလိုက်ပြီး သာမန်ကာလျှံကာ ပြောသည်။

“အစပိုင်းမှာ ပွင့်ပွင်းလင်းလင်းဝင်သွားဖို့ ပြင်ထားခဲ့တာပဲ”

‘ပွင့်ပွင့်လင်းလင်း ဝင်လာတာလား’

အနက်ရောင်ဝတ်စုံနှင့် အစောင့်ခေါင်းဆောင်က လက်မြှောက်လိုက်သောအခါတွင် မရေမတွက်နိုင်သော မြားရှည်များသည် ပျံသန်းလာကြသည်။

“ဝှစ် ....”

“ဝူ ....”

မြားတံများ၏ အသံနှင့် ခရာသံသည် ဆက်တိုက်ပေါ်ထွက်လာခဲ့သည်။

ဤနေရာသည် လုံခြုံရေးတင်းကျပ်သည်။

ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ သူ့နောက်ကျောတွင်ရှိသော ဓားအိမ်က တုန်ခါလာပြီး လက်ထဲတွင် ဓားရှည်တစ်လက် ပေါ်လာသည်။

“ညီမမူကို သိုးဖမ်းဖို့ ခေါ်သွားပေးမယ်”

ဟန်မူယဲ့က မူဝမ်၏လက်ကို ကိုင်ထားပြီး ဓားကိုဝှေ့ယမ်းသည်။ ဓားအလင်းသည် မြားတံများအားလုံးကို ဖယ်ရှားပစ်လိုက်သည်။

သူက ဓားရှည်ကို သွက်လက်စွာ ထိုးချသည်။

“ဘုန်း”

မိုင်တစ်ထောင်ရှည်လျားသော ဓားအလင်းသည် လေဟာနယ်ကို တိုက်ရိုက်အက်ကွဲသွားစေသည်။

ဓားအလင်းသည် တည်မြဲနေပြီး ဟန်မူယဲ့က ဓားအလင်းပေါ်သို့ တက်၍ ဆယ်မိုင်အကွာအဝေးကို ခြေတစ်လှမ်းဖြင့် ပေါ့ပါးစွာ ကျော်လွှားခဲ့သည်။

မိုင်တစ်ထောင်ရှည်လျားသော ဓားအလင်း ဖြစ်သည်။

ရုတ်တရက်ပေါ်ထွက်လာသော ဓားအမှတ်အသားသည် တိုက်ခိုက်ရန်ပြင်နေသော ကျင့်ကြံသူများကို ကြောင်အသွားစေခဲ့သည်။

ထိုဓားချက်မျိုးကို ထုတ်ဖော်နိုင်သောလူသည် အနည်းဆုံး ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်တွင် ရှိနေလိမ့်မည်။

သူတို့က ထိုလူမျိုး၏ရှေ့တွင် ပုရွက်ဆိတ်များသာ ဖြစ်ကြသည်။

“သိုးငါးကောင်စံအိမ်ကို ဘယ်သူက နှောင့်ယှက်ရဲတာလဲ”

အသံတစ်သံ ပေါ်ထွက်လာပြီး မီးခိုးရောင်အလင်းတန်းတစ်ခုသည် ဓားအလင်းနှင့် ဝင်တိုက်သည်။

“ဘုန်း”

ဓားအလင်းသည် တုန်ခါသွားပြီး မီးခိုးရောင်အလင်းစီးကြောင်းကို ဖျက်ဆီးပစ်လိုက်သည်။

“မင်း .... မင်းက ဘယ်သူလဲ”

“ဝူ ....”

သတိပေးသံသည် ဆက်တိုက်ပေါ်ထွက်လာသည်။

ဟန်မူယဲ့က ဓားအလင်းပေါ်တွင် ရပ်နေပြီး ခေါင်းညိတ်သည်။

“စီးပွားရေးလုပ်တဲ့ ဂိုဏ်းတစ်ဂိုဏ်းက ဒီလိုမျိုး သတိကြီးတာ ရှားပါးတယ်”

သူက ဓားအလင်းပေါ်တွင် ရပ်ပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။

အာကာသထဲတွင် ပုံရိပ်များသည် တစ်ခုပြီးတစ်ခု ပေါ်လာကြသည်။

“ဝီ”

ရွှေအလင်းဝင်္ကပါများသည် တစ်ခုပြီးတစ်ခု ပေါ်လာကြသည်။

အလင်းစီးကြောင်းများသည် ဟန်မူယဲ့၏ မျက်လုံးထဲတွင် သွယ်ယှက်နေကြသည်။

“ရတနာတွေ အများကြီးပဲ”

ထိုဝင်္ကပါသည် အလွန်ခမ်းနားသည်။

မူဝမ်က လွင့်မျောနေသော ချီစွမ်းအင်အလင်းများကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

ဝင်္ကပါ၏ အလင်းတန်းများသည် တစ်ကြိမ်တောက်ပရန်အတွက် သောင်းချီသောဝိညာဉ်ကျောက်တုံးများကို အသုံးပြုနေရသည်။

ထို့အပြင် အလင်းစီးကြောင်းများ တစ်ခုချင်းစီသည် ရတနာများပင် ဖြစ်ကြသည်။

“ဓားကျင့်ကြံသူတွေကပဲ ဆင်းရဲကြတယ်။ တာအိုလမ်းစဉ်နဲ့ စီးပွားရေးဂိုဏ်းတွေအားလုံးက ချမ်းသာကြတယ်”

ဟန်မူယဲ့က ရှေ့သို့ကြည့်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။

ရှေ့တွင် ပုံရိပ်အမျိုးမျိုးသည် ပေါ်လာကြသည်။

သူတော်စင်အဆင့် ကျွမ်းကျင်သူတစ်ယောက်နှင့် သူတော်စင်တစ်ဝက်အဆင့် ကျင့်ကြံသူသုံးယောက် ဖြစ်သည်။

တောက်ပသော ချီအလင်းကို ထုတ်လွှတ်နေသည့် ဒါဇင်ချီနေသော ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများလည်း ရှိကြသည်။

“ဟန်မူယဲ့လား”

ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် ခေါင်းဆောင်တန်ခိုးရှင်၏ မျက်နှာထားက အနည်းငယ် မည်းမှောင်သွားသည်။ သူက လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောသည်။

“အမတ်ချုပ်ကြီးဟန်ကို သိုးငါးကောင်စံအိမ်ရဲ့ ကုန်းချီက နှုတ်ဆက်လိုက်ပါတယ်”

သူက ဟန်မူယဲ့၏ ခြေထောက်အောက်တွင်ရှိသော ဓားအလင်းကို ကြည့်လိုက်သည်။

“အမတ်ချုပ်ကြီးဟန်က ဘာဖြစ်လို့ ဒီရောက်လာတာလဲမသိဘူး”

ဓားစံအိမ်က သူ့ကို မှတ်မိနေသည့်အတွက် ဟန်မူယဲ့က အံ့အားသင့်မသွားပေ။

သူတို့က စီးပွားရေးလမ်းစဉ်ကို လျှောက်လှမ်းသော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။ အကယ်၍ သူတို့က သူ၏အထောက်အထားကို ယခုအချိန်အထိ မသိခဲ့လျှင် စီးပွားရေးဆက်လုပ်ရန် ဖြစ်နိုင်မည်မဟုတ်ပေ။

“မင်းရဲ့ သိုးငါးကောင်စံအိမ်က ငါ့ကို တိုက်ခိုက်ခဲ့တယ်။ မင်းက ဖြေရှင်းချက်ပေးသင့်တယ်မဟုတ်လား”

ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။

တိုက်ခိုက်ခြင်း ....

မျက်နှာချင်းဆိုင်တွင်ရှိနေသော လူများ၏မျက်နှာထားသည် ပြောင်းလဲသွားကြသည်။

ကုန်းချီက စဉ်းစားကြည့်လိုက်ပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ပြောသည်။

“အမတ်ချုပ်ကြီးဟန်၊ ငါတို့သိုးငါးကောင်စံအိမ်က စီးပွားရေးလမ်းစဉ်ကို လျှောက်လှမ်းပြီး ငြိမ်းချမ်းရေးကို တန်ဖိုးထားပါတယ်။ အဲဒီတိုက်ခိုက်မှုကို တုချန်ရှန်က စီစဉ်ခဲ့တာပါ။ တုချန်ရှန်ကို လက်လွှဲပြီး လျော်ကြေးပေး ....”

သူ့စကားမဆုံးခင် ဟန်မူယဲ့က ဓားဆန္ဒကို ထုတ်လွှတ်လိုက်သည်။

“လျော်ကြေးပေးမှာလား”

သူ၏ ဓားဆန္ဒသည် ဖြည်းဖြည်းချင်း စုစည်းလာပြီး ပေသောင်းချီမြင့်မားသော ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

“မင်းတို့က ငါ့ကို ဘယ်လိုလျော်ကြေးပေးမှာလဲ”

သူ့ဓားအလင်း၏ ဖိနှိပ်နိုင်သောစွမ်းအားသည် ပတ်ဝန်းကျင်တွင်ရှိသော လူများ၏နှလုံးသားကို အေးစက်သွားစေသည်။

ပတ်ဝန်းကျင်တွင်ရှိသော လူများသည် တုန်ခါနေပြီး နောက်ဆုတ်သွားကြသည်။ ဝင်္ကပါကပင် ဆက်တိုက်တုန်လှုပ်နေသည်။

လွင့်မျောနေသော ရတနာများသည် ကြောက်ရွံ့စိတ်နှင့်အတူ ပိုင်ရှင်များ၏လက်ထဲသို့ ပြန်ကျလာကြသည်။

“မင်းတို့က ဒီသခင်ကို ဘယ်လိုမျိုး လျော်ကြေးပေးနိုင်မှာလဲ”

သူက အကြည့်တစ်ချက်နှင့် လူအားလုံးကို ဖိနှိပ်ထားသည်။

ဟန်မူယဲ့၏ ဓားဆန္ဒသည် လူတိုင်းကို မွန်းကျပ်သွားစေသည်။

ကုန်းချီ၏ မျက်နှာထားက လေးနက်နေပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“အမတ်ချုပ်ကြီးဟန်က ဘာလိုချင်တာလဲမသိဘူး”

ဟန်မူယဲ့၏ပုံစံအရ ပြေငြိမ်းပေးမည့်ပုံမပေါ်ပေ။

သူက သိုးငါးကောင်စံအိမ် သတိမထားမိဘဲ တိတ်ဆိတ်စွာ ရောက်လာနိုင်သည်။

ယခုအချိန်တွင် သူတို့က ဟန်မူယဲ့ကို အများအပြားလျော်ကြေးပေးရန်သာ ကျန်တော့သည်။

ထိုသို့မဟုတ်လျှင် တိုက်ခိုက်ရလိမ့်မည်။

သိုးငါးကောင်စံအိမ်သည် မရေမတွက်နိုင်သော ရတနာများကို စုစည်း၍ အားကောင်းသည့် ဝင်္ကပါများကို တည်ဆောက်ထားသော်လည်း ဟန်မူယဲ့ကို ခုခံနိုင်မည်ဟု မသေချာပေ။

“ငါက သိုးငါးကောင်စံအိမ်ကို လိုချင်တယ်”

ဟန်မူယဲ့က ညင်သာစွာပြောသည်။

သိုးငါးကောင်စံအိမ်မှ လူများ၏နားထဲတွင် သူ့စကားသည် မိုးခြိမ်းသံသဖွယ် ဖြစ်သည်။

ပတ်ဝန်းကျင်တွင်ရှိနေသော ကျင့်ကြံသူများသည် ထိတ်လန့်သွားကြသည်။

ကုန်းချီနှင့် သူတော်စင်တစ်ဝက်အဆင့် ကျင့်ကြံသူသုံးယောက်၏ မျက်နှာထားသည် ရှုပ်ထွေးသွားကြသည်။

သိုးငါးကောင်စံအိမ်၏ ထိပ်တန်းအဆင့်ကျွမ်းကျင်သူများ ထွက်သွားသောအချိန်တွင် ယနေ့ကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူတို့က ထင်ထားခဲ့ကြသည်။

သို့သော် လျင်မြန်စွာဖြစ်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ထို့အပြင် စကားပြောလိုက်သောလူသည် ယွီလင်တာအိုဂိုဏ်းနှင့် ဓားစံအိမ်မဟုတ်ဘဲ ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဟန် ဖြစ်သည်။

တုချန်ရှန်နှင့် တခြားလူများက သိုးငါးကောင်စံအိမ်ကို တခြားလူများ ပစ်မှတ်မထားစေရန်အတွက် အပြင်ဘက်တွင် လွှမ်းမိုးနိုင်စွမ်းကို ထုတ်ပြနေကြသည်။

သို့သော် သူတို့စီစဉ်ထားသလို မဖြစ်ခဲ့ပေ။

အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ အပြင်ဘက်တွင်ရှိသော ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့် အမတ်ချုပ်ကြီးဟန်သည် သူတို့ကို အကွက်ချနေသည်ဟု မည်သူက ထင်ထားမည်နည်း။

“မင်းက သိုးငါးကောင်စံအိမ်ကို လိုချင်တာလား”

“အမတ်ချုပ်ကြီးဟန်က အရည်အချင်းရှိလား ကြည့်ရတာပေါ့”

ကုန်းချီက အေးစက်စွာနှာမှုတ်ပြီး နောက်ဆုတ်သည်။ သူ့ခန္ဓာကိုယ်တွင်ရှိသော ချီစွမ်းအင်အလင်းသည် ပတ်ဝန်းကျင်တွင်ရှိသော ကျင့်ကြံသူများနှင့် ပေါင်းစပ်သွားပြီး မှိန်ဖျော့သော ဝင်္ကပါသည် တောက်ပလာသည်။

အလင်းလွှာတစ်ခုသည် ပိုက်ကွန်အဖြစ် ပြောင်းလဲ၍ အမျိုးမျိုးသော ရတနာများသည် ဝင်္ကပါနှင့် ဟန်ချက်ညီစွာ လှုပ်ရှားနေပြီး လွင့်မျောလာကြသည်။ ရတနာများသည် အဆုံးမရှိသောစွမ်းအားကို သယ်‌ဆောင်ထားပြီး ဟန်မူယဲ့နှင့် ဝင်တိုက်သွားကြသည်။

မူဝမ်က လက်မြှောက်ပြီး မြက်ရိတ်တံကို ဆင့်ခေါ်သည်။

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ဓားမြှောက်သည်။

အထက်ဘုံတွင် သူ့ဓားကို တားဆီးနိုင်သူ မရှိ‌ပေ။

သိုးငါးကောင်စံအိမ်၏ ဝင်္ကပါသည် သိပ်မဆိုးသော်လည်း ကျွမ်းကျင်သူများ၏ ထောက်ပံ့မှုကို လိုအပ်နေသည်။

တိုက်ခိုက်မှုတွင် မကျွမ်းကျင်ဘဲ စီးပွားရေးလမ်းစဉ်ကို လျှောက်လှမ်းနေသော သူတော်စင်တစ်ပါးသည် သူ့ကို မည်သို့ တိုက်ခိုက်မည်နည်း။

ဟန်မူယဲ့က ဓားဖြင့် ထိုးချလိုက်သည်။

“ဘုန်း”

အလင်းဝင်္ကပါသည် တုန်ခါနေပြီး ပေါက်ကွဲသွားသည်။

သူက ဓားတစ်ချက်ဖြင့် သိုးငါးကောင်စံအိမ်၏ ဝင်္ကပါကို ဖျက်ဆီးခဲ့သည်။

ဟန်မူယဲ့က ဓားရှည်ကို ကိုင်လျက် မတည်မငြိမ်ဖြစ်နေသော အလင်းဝင်္ကပါထဲမှ ထွက်လာသောအခါတွင် ကုန်းချီနှင့် တခြားလူများက ကြောင်အသွားကြသည်။

သိုးငါးကောင်စံအိမ်၏ အကာအကွယ်ဝင်္ကပါသည် တာအိုဘိုးဘေးနှင့် နတ်ဘုရားဘုရင်များကိုပင် ဖိနှိပ်နိုင်သည်။

“မင်းတို့ စဉ်းစားဖို့အတွက် အသက်ရှူကြိမ်ဆယ်ခါ ရမယ်”

ဟန်မူယဲ့က ဓားမြှောက်သည်။

“သိုးငါးကောင်စံအိမ်မှာ အခြေစိုက်စခန်းငါးခု ရှိတယ်။ မင်းတို့ကို ဥပမာတစ်ခုအဖြစ် အသုံးချပြီး တခြားလူတွေကို သတိပေးလိုက်ရမလား”

အသက်ရှူကြိမ်ဆယ်ခါ ....

ကုန်းချီက အသက်ရှူကြိမ်သုံးခါအတွင်း၌ ဦးညွတ်လိုက်သည်။

တစ်ဖက်လူသည် ဓားကျင့်ကြံသူတစ်ဦးနှင့် အလွန်တူသည်ဟု ကုန်းချီက ခံစားလိုက်ရသည်။

နှစ်နာရီအကြာတွင် ဟန်မူယဲ့က သိုးငါးကောင်စံအိမ်၏ ခန်းဆောင်အနောက်ဘက်တွင် ရပ်နေသည်။ ကုန်းချီနှင့် တခြားကျွမ်းကျင်သူများက သူ့နောက်တွင် လေးစားစွာ ရပ်နေကြသည်။

“အမတ်ချုပ်ကြီးဟန်၊ ဒါက သိုးငါးကောင်စံအိမ်ရဲ့ သင်္ကေတပါပဲ”

“အမတ်ချုပ်ကြီးဟန်က သိုးငါးကောင်မီးပြင်းဖိုရဲ့ အသိအမှတ်ပြုခြင်းကို ရခဲ့မယ်ဆိုရင် ဒီနေရာရဲ့သခင် ဖြစ်လာပါလိမ့်မယ်”

မြင့်မားသော ပဥ္စဂံပုံ ကြေးမီးပြင်းဖိုတစ်ခုသည် ဟန်မူယဲ့၏ရှေ့တွင် ရှိနေသည်။

ကြေးမီးပြင်းဖိုတွင် သိုးခေါင်းငါးခုသည် မတူညီသော အရပ်မျက်နှာများကို ဦးတည်ထားကြသည်။

ဝိညာဉ်အင်းကွက်များသည် မီးပြင်းဖိုပေါ်တွင် စုစည်းနေကြသည်။

ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ကြေးမီးဖိုကို နတ်အာရုံဖြင့် လွှမ်းခြုံလိုက်သည်။

“ဝီ”

မီးပြင်းဖိုက တုန်ခါနေပြီး အစိမ်းရောင်အငွေ့အသက်သည် ဟန်မူယဲ့၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။

ဟန်မူယဲ့က စိမ်းလန်းသောမြက်ခင်းပြင်ကို မြင်လိုက်ရသည်။

တောင်ဝှေးတစ်ချောင်း ကိုင်ထားသော ခါးကုန်းနေသည့်လူအိုကြီးက ဟန်မူယဲ့ကို ကြည့်သည်။

“ပါ့ရှားလား”

ထိုလူအိုကြီးက မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ညင်သာစွာပြောသည်။

“မတွေ့ရတာ ကြာပြီပဲ”

All Chapters