အခန်း (၇၆၈)
Vol. 55 Ch. 768
“သိုးတစ်ကောင်လား”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
“ခင်ဗျားလို့ ထင်ပြီးသားပါ”
“ကြွယ်ဝမှုတွေကို စုဆောင်းဖို့ သိုးတစ်ကောင်ပဲ လုပ်နိုင်တယ်”
ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး ကျောက်သားထိုင်ခုံနှင့် ကျောက်သားစားပွဲကို ထုတ်ယူသည်။
ကျောက်သားစားပွဲပေါ်တွင် သစ်သီးများနှင့် သေရည်အိုးတစ်အိုး ရှိနေသည်။
ဟန်မူယဲ့က ထိုင်ခုံတွင် ထိုင်လိုက်ပြီး သေရည်နှစ်ခွက်ကို ငှဲ့သည်။
“သိုးတစ်ကောင်ဖြစ်နေတော့ ပိုလွယ်သွားတာပေါ့။ အနာဂတ်မှာ သိုးငါးကောင်စံအိမ်က ငါ့နောက်ကို လိုက်လိမ့်မယ်”
သူက သေရည်ခွက်ကို မြှောက်လိုက်ပြီး တစ်ဖက်တွင်ရှိသော လူအိုကြီးကို ကြည့်သည်။
လူအိုကြီးက ပြုံးလိုက်ပြီး ထိုင်ခုံတွင် ထိုင်သည်။ သို့သော် သေရည်ခွက်ကို မမြှောက်ခဲ့ပေ။
“ပါ့ရှား၊ ပျက်စီးခြင်းတောရိုင်းမှာ ငါတို့ ရှေးခေတ်နတ်ဘုရားသားရဲတွေရဲ့ ဆက်ဆံရေးက သင့်မြတ်မှုမရှိခဲ့ဘူး။ ပျက်စီးခြင်းတောရိုင်းက ပြိုကွဲပြီး နေရာအနှံ့ကို ပြန့်ကျဲသွားပြီ။ ငါက ဘာဖြစ်လို့ မင်းကို ခစားရမှာလဲ”
သူတို့အားလုံးက နတ်ဘုရားသားရဲများပင် ဖြစ်ကြသည်။ ရှေးခေတ်တွင် ပါ့ရှားသည် အလွန်သန်မာမှုမရှိခဲ့ပေ။
အလွန်အားကောင်းသော နတ်ဘုရားသားရဲမျိုးနွယ်စုများသည် ပျက်စီးခြင်းတောရိုင်းတွင် ရှိနေကြသည်။
လူအိုကြီးက ဟန်မူယဲ့ကို ကြည့်လိုက်သည်။ ဟန်မူယဲ့က သေရည်ခွက်ကို ကောက်ယူပြီး တစ်ငုံသောက်သည်။
“ငါက သိုးငါးကောင်စံအိမ်ရဲ့ လူတိုင်းကို သတ်ပစ်နိုင်တယ်”
လူအိုကြီး၏မျက်နှာက တောင့်တင်းသွားပြီး ဟန်မူယဲ့ကို စိုက်ကြည့်နေသည်။ ထို့နောက် သူက ခေါင်းခါလိုက်ပြီး ညင်သာစွာ သက်ပြင်းချသည်။
“အဲဒီလိုလား”
“မင်းက ရှေးခေတ်ရဲ့ပါ့ရှားလို့ ထင်နေတာ။ ဒါပေမဲ့ မင်းက ပါ့ရှားရဲ့ ခွန်အားနဲ့ ပေါင်းစပ်ထားရုံပဲ။ ပါ့ရှားရဲ့ အကျင့်စရိုက်ကို ပိုင်ဆိုင်မထားဘူး”
“ကောင်းပြီလေ။ မင်းက နတ်ဘုရားသားရဲဆိုတော့ သိုးငါးကောင်စံအိမ်ကို မင်းဆီ အပ်လိုက်ရင်လည်း ကောင်းပါတယ်”
လူအိုကြီးက ဝိုင်ခွက်ကို ကောက်ယူပြီး တစ်ခါတည်း မော့သောက်လိုက်သည်။
“ဒါပေမဲ့ မင်းက တစ်ခုလောက် သဘောတူပေးမယ်လို့ ငါမျှော်လင့်တယ်”
လူအိုကြီးက ဟန်မူယဲ့ကို စိုက်ကြည့်လိုက်ပြီး လေးနက်စွာပြောသည်။
“တစ်နေ့မှာ ငါ့ကို ပျက်စီးခြင်းတောရိုင်းဆီ ခေါ်သွားပါ”
ပျက်စီးခြင်းတောရိုင်း ....
ပျက်စီးခြင်းတောရိုင်း၏ အစိတ်အပိုင်း မဟုတ်ပေ။
ဟန်မူယဲ့က ထိုလောကကို ရှေးခေတ်ဒဏ္ဍာရီများတွင်သာ ကြားဖူးသည်။
“စိတ်မပူပါနဲ့။ အဲဒါက နတ်ဘုရားသားရဲတွေအားလုံးရဲ့ ရည်မှန်းချက်ပဲ။ မင်းက အဲဒီကို သွားရမှာပါ”
လူအိုကြီးက ညင်သာစွာပြောလိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။
“ကောင်းပြီလေ။ အဲဒီကို ငါသွားဖြစ်ရင် မင်းကို ခေါ်သွားမယ်”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
လူအိုကြီးက ရယ်လိုက်ပြီး လက်မြှောက်သောအခါတွင် အစိမ်းရောင်သိုးဦးချိုတစ်ခုသည် ပေါ်လာခဲ့သည်။
ဟန်မူယဲ့က သိုးဦးချိုကို လှမ်းယူလိုက်ပြီး ပျောက်ကွယ်သွားသည်။
စိမ်းလန်းနေသော မြက်ခင်းပြင်သည် ပျောက်ကွယ်သွားသည်။ လူအိုကြီးက အပြုံးတစ်ခုနှင့်အတူ နေရာတွင် ကျန်နေခဲ့သည်။
ခန်းဆောင်၏ အစိမ်းရောင်အလင်းလွှာသည် ပျောက်ကွယ်သွားသောအခါ ဟန်မူယဲ့၏ ရှေ့တွင်ရှိနေသော မီးပြင်းဖိုသည်လည်း ပျောက်ကွယ်သွားခဲ့သည်။
သူက လက်ထဲတွင် ကျောက်စိမ်းရောင်သိုးဦးချိုတစ်ခုကို ကိုင်ထားသည်။
“ကုန်းချီက သခင်ကို အရိုအသေပေးပါတယ်”
ကုန်းချီက ပျော်ရွှင်နေသောမျက်နှာထားဖြင့် လျင်မြန်စွာဦးညွတ်သည်။
တခြားလူများကလည်း လိုက်ပါဦးညွတ်လိုက်ကြသည်။
ဟန်မူယဲ့က သိုးငါးကောင်စံအိမ်တွင် ကြာမြင့်စွာမနေခဲ့ပေ။
သူက အဖိုးတန်အရင်းအမြစ်နှင့် ရတနာများကို ယူပြီးသောအခါတွင် မူဝမ်နှင့်အတူ ထွက်သွားသည်။
ဤနေရာသည် သိုးငါးကောင်စံအိမ်၏ စံအိမ်တစ်ခုသာ ဖြစ်သည်။ သူက တခြားနေရာလေးခုကိုလည်း သိမ်းပိုက်ရအုံးမည်။
သို့သော် သူက ကိုယ်တိုင်လှုပ်ရှားမည်မဟုတ်ပေ။ ကုန်းချီက သိုးငါးကောင်မီးပြင်းဖိုအား သူရရှိသွားသောအကြောင်းကို တခြားစံအိမ်လေးခုဆီသို့ သတင်းပိုပေးလိမ့်မည်။
ထိုစံအိမ်လေးခု၏ လူများက သိုးငါးကောင်မီးပြင်းဖိုများကို ဆေးတောင်ကြားသို့ ယူလာကြလိမ့်မည်။
ဟန်မူယဲ့က သိုးငါးကောင်စံအိမ်မှ ထွက်လာသောအခါတွင် ကျောက်စိမ်းရောင်သိုးဦးချိုနှင့် သေရည်အိုးကို ထုတ်ယူသည်။
သူက သေရည်အိုးကို ကြည့်လိုက်ပြီး မျက်နှာထားက လေးနက်လာသည်။
သူက သေရည်အိုးကို ပုံရိပ်ယောင်နယ်မြေထဲတွင် ထုတ်ယူခဲ့ပြီး သေရည်တစ်ခွက်စာ လျော့သွားသည်။
ထိုအချိန်တွင် သူက ကိုယ်ပိုင်သေရည်ခွက်ကို အပြီးသတ်ခဲ့ပြီး လူအိုကြီးကလည်း သေရည်ခွက်ကို တစ်ခါတည်း သောက်ခဲ့သည်။
သို့သော် ယခုအချိန်တွင် သေရည်တစ်ခွက်စာသာ လျော့နည်းနေသည်။
“ရှေးခေတ်လောကမှာ စကားမဲ့လို့ခေါ်တဲ့ နတ်ဘုရားသားရဲတစ်ကောင် ရှိတယ်။ အဲဒီသားရဲက ရှင်သန်နေတာလည်းမဟုတ်ဘူး။ သေဆုံးသွားတာလည်း မဟုတ်ဘူး။ ပြီးတော့ စားသောက်တာကိုလည်း မပြုလုပ်ဘဲ အဆုံးမရှိတဲ့ သက်တမ်းကို ပိုင်ဆိုင်ထားတယ်”
ဟန်မူယဲ့က တီးတိုးရေရွတ်ပြီး ကျောက်စိမ်းရောင်ဦးချိုကို ဆုပ်ကိုင်သည်။
ဦးချို၏ ပိုင်ရှင်သည် ရှေးခေတ်၏ နတ်ဘုရားသားရဲ ချမ်ယန် ဖြစ်သည်။
ဟန်မူယဲ့က စိတ်လှဒပ်ရှားနေသည်။
အပြည့်အဝမသိနိုင်သော လျှို့ဝှက်ချက်အများအပြားသည် ဤလောကတွင် ရှိနေကြသည်။
သိုးငါးကောင်စံအိမ်သည် စီးပွားရေးလောက၏ အဓိကအင်အားစုကြီးတစ်ခု ဖြစ်သည်။ သူတို့က ကိုယ်ပိုင်စီးပွားရေးကို ပြုလုပ်ရုံသာမက အမျိုးမျိုးသောအင်အားစုများနှင့် ဆက်သွယ်နေသည့်အတွက် နေရာအမျိုးမျိုးမှ သတင်းအချက်အလက်များကို စုဆောင်းထားနိုင်သည်။
ထိုအရာသည် ဟန်မူယဲ့အတွက် အကျိုးရှိသည်။
“အသက်ကိုးခုကြောင်ကလန်ကို အင်မော်တယ်ရင်းမြစ်ကမ္ဘာဆီ ခေါ်လာဖို့ တောင်ပိုင်းကုန်းမြေရဲ့ နတ်ဘုရားသားရဲတွေကို ပြောထားသင့်တယ်”
ဟန်မူယဲ့က ကျောက်စိမ်းဦးချိုနှင့် သေရည်အိုးကို သိမ်းလိုက်ပြီး ကျောက်စိမ်းခရုခွံလေးတစ်ခုကို ထုတ်ယူသည်။
ကျောက်စိမ်းခရုသည်လည်း ရှေးခေတ်မှ ပျက်စီးခြင်းတောရိုင်း၏ မျိုးဆက်တစ်ခု ဖြစ်သည်။
ကျယ်ပြန့်သော နေရာလွတ်တစ်ခုသည် ကျောက်စိမ်းခရုထဲတွင် ရှိနေပြီး မရေမတွက်နိုင်သော ရတနာများကို ဝါးမြို၍ သိမ်းဆည်းထားနိုင်သည်။
“ညီမမူ၊ အထဲမှာရှိနေတဲ့ ရတနာတွေကို စီစဉ်ပေးနိုင်မလား”
ဟန်မူယဲ့က ညင်သာစွာပြောပြီး ကျောက်စိမ်းခရုကို မူဝမ်ဆီသို့ ပေးလိုက်သည်။
ကျောက်စိမ်းခရုသည် သူ့အတွက် အသုံးမဝင်ပေ။ ထို့ကြောင့် မူဝမ်၏ ရတနာသိုလှောင်ပစ္စည်း ဖြစ်လာလိမ့်မည်။
မူဝမ်က ရတနာများကို ပျော်ရွှင်စွာ စစ်ဆေးနေသောအချိန်တွင် ဟန်မူယဲ့က တင်ပျဉ်ခွေထိုင်၍ မျက်လုံးမှိတ်ထားပြီး စတင်ကျင့်ကြံနေသည်။
သူက အချိန်စွမ်းအားကို မကြာခဏ အသုံးချခဲ့သောကြောင့် အချိန်နှင့်တည်နေရာစွမ်းအားကို ပိုမိုနက်ရှိုင်းစွာ နားလည်လာသည်။
ယခုအချိန်တွင် သူ၏ ရုပ်ခန္ဓာနှင့် နတ်ဘုရားသားရဲ၏ စွမ်းအားသည် ဖြည်းဖြည်းချင်း ပေါင်းစပ်နေပြီး သူ၏ ဓားတာအိုကျင့်ကြံခြင်းသည် ဤလောက၏ အထွတ်အထိပ်သို့ ရောက်နေသည်။
သူက တည်နေရာကို ကျော်လွှားနိုင်ပြီး ဓားတာအိုကျင့်ကြံခြင်းတွင် ပြိုင်ဘက်ကင်းသည်။
သူက ကိုယ်ပိုင်တာအိုကို စုစည်းပြီး တာအိုဘိုးဘေးအဖြစ် အဆင့်တက်ရန် ကြိုးစားရမည်။
သို့သော် ထိုအဆင့်သည် မရှင်းလင်းသေးပေ။
သူက မရေမတွက်နိုင်သော ဓားနည်းစနစ်များကို နားလည်ထားသော်လည်း ကိုယ်ပိုင်တာအိုကို ဖန်တီးခြင်းသည် ဝေးကွာနေသေးသည်။
ဓားတာအို၏ တာအိုဘိုးဘေး ....
သူက အလျင်မလိုပေ။ အင်မော်တယ်တက်လှမ်းစင်မြင့် ပြန်ဖွင့်ရန် နှစ်ပေါင်းသုံးထောင် လိုသေးသည်။ သူက ဖြည်းဖြည်းချင်း ကျင့်ကြံပြီး အဆုံးတွင် ကိုယ်ပိုင်ဓားတာအိုကို ဖန်တီးနိုင်လိမ့်မည်။
....
သင်္ဘောပျံသည် ဆက်လက်ရွေ့လျားလာပြီး အထက်ဘုံသို့ ရောက်လာသောအခါတွင် မရေမတွက်နိုင်သော နတ်အာရုံများက လှုပ်ရှားသွားကြသည်။
“သူရောက်လာပြီ”
“တကယ်သူပဲ”
“ဂရုစိုက်။ သူက ငါတို့ကို သတိထားမိသွားအုံးမယ်”
နတ်အာရုံများ၏ ဆက်သွယ်မှုကြောင့် ဟန်မူယဲ့က ခေါင်းခါလိုက်သည်။
‘ငါက အထက်ဘုံမှာ ကျွမ်းကျင်သူကြီးတစ်ယောက် ဖြစ်လာပြီလား’
ဆယ်ရက်အကြာတွင် သင်္ဘောပျံသည် ဆေးတောင်ကြားသို့ ရောက်လာသည်။
ဤတစ်ကြိမ်တွင် လီချင်းရှစ်က ဟန်မူယဲ့ကို ကြိုဆိုရန်အတွက် အကြီးအကဲများကို ဦးဆောင်ပြီး ဆေးတောင်ကြားနှင့် မိုင်သုံးထောင်အကွာသို့ သွားခဲ့သည်။
ဟန်မူယဲ့၏ နောက်ခံကို ရှင်းလင်းစွာ နားလည်နိုင်သည်။ သူက အားကောင်းသော ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး အခြေအနေအလုံးစုံကို ထိန်းချုပ်ထားသည်။
တိမ်တိုက်ကောင်းကင်ဆေးတောင်ကြားအတွက် ဟန်မူယဲ့အပေါ်တွင် မှီခိုလိုက်ခြင်းသည် အကောင်းဆုံးရွေးချယ်မှု ဖြစ်သည်။
တခြားအင်အားစုများ၏ အမြင်တွင် ဟန်မူယဲ့က ဆေးတောင်ကြားကို ခိုင်မာစွာထိန်းချုပ်ထားလျှင် အကောင်းဆုံးဖြစ်သည်။
အကယ်၍ သူ့ကို ဆေးတောင်ကြားနှင့် ပူးပေါင်းခွင့်မပြုလျှင် ဓားစံအိမ်နှင့် ပူးပေါင်းခိုင်းရမည်လား။
“လီချင်းရှစ်က အမတ်ချုပ်ကြီးဟန်ကို နှုတ်ဆက်ပါတယ်”
“အမတ်ချုပ်ကြီးဟန်၊ တိမ်တိုက်ကောင်းကင်ဆေးတောင်ကြားက ကောင်းကင်အံ့ဖွယ်ကမ္ဘာနဲ့ ပူးပေါင်းပြီး အမတ်ချုပ်ကြီးဟန်ကို ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုဖို့ ဆန္ဒရှိပါတယ်”
လီချင်းရှစ်က ခုနစ်ထပ်ဓားစံအိမ်ကို လက်နှစ်ဖက်ဖြင့် ကိုင်ထားပြီး သင်္ဘောပျံ၏ရှေ့တွင် ရပ်၍ လေးစားစွာ ပြောသည်။
ဟန်မူယဲ့က ကုန်းပတ်ပေါ်သို့ ရောက်လာပြီး တည်ငြိမ်စွာပြောသည်။
“ကောင်းကင်အံ့ဖွယ်ကမ္ဘာက ဆေးတောင်ကြားနဲ့ မဟာမိတ်ဖွဲ့နိုင်တယ်။ ဒါပေမဲ့ ငါ့ကို ခေါင်းဆောင်အဖြစ် သတ်မှတ်ဖို့မလိုဘူး”
“ညီမမူကို တော်ဝင်မိန်းမပျိုအဖြစ် သတ်မှတ်လိုက်ပါ။ အဲဒါက လုံလောက်ပါတယ်”
....
သုံးရက်အကြာတွင် မူဝမ်သည် တိမ်တိုက်ကောင်းကင်ဆေးတောင်ကြား၏ တော်ဝင်မိန်းမပျိုဖြစ်သွားပြီး ဆေးတောင်ကြားကို တာဝန်ယူထားသည်ဟု သတင်းထွက်လာသည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဟန်သည် ဆေးတောင်ကြားတွင် တံခါးပိတ်ကျင့်ကြံနေပြီး အထက်ဘုံမှ အင်အားစုများ၏ အရှုပ်အထွေးကို ဝင်မပါတော့ပေ။
ထိုသတင်းကြောင့် အင်အားစုများသည် အမျိုးမျိုးခန့်မှန်းနေကြသည်။
ချက်ချင်းဆိုသလိုပင် အင်အားစုများသည် တိုက်ခိုက်လာကြသည်။
ထိုတိုက်ပွဲများသည် ဆယ်နှစ်ကြာခဲ့သည်။
ထိုဆယ်နှစ်အတွင်း၌ အထက်ဘုံ၏ အင်အားစုများသည် ဖြည်းဖြည်းချင်း ပေါ်ထွက်လာကြသည်။
တာအိုလမ်းစဉ်တွင် ယွီလင်တာအိုဂိုဏ်း၊ အဆုံးမဲ့တာအိုဂိုဏ်း၊ ဖရိုဖရဲကောင်းကင်တာအိုဂိုဏ်းနှင့် တခြားဂိုဏ်းခြောက်ဂိုဏ်းသည် လေးစားခံရသည်။
ဓားတာအိုတွင် ဓားစံအိမ်၊ အလင်းကျောက်စိမ်းဓားဂိုဏ်းနှင့် ကျစ်ယွမ်ဓားဂိုဏ်းသည် ထင်ရှားနေသည်။
ထိုအင်အားစုများနှင့်အတူ ရပ်တည်နိုင်သော ဂိုဏ်း ၁၇ဂိုဏ်းလည်း ထွက်ပေါ်လာသည်။
တိမ်တိုက်ကောင်းကင်ဆေးတောင်ကြားသည် ထိုအင်အားစုများနှင့် မပတ်သတ်ဘဲ လွတ်လပ်စွာ တည်ရှိနေသည်။
“မင်းက အလှလေးတစ်ယောက်ကို ပွေ့ဖက်ထားပြီး နူးညံ့တဲ့ဆွဲဆောင်မှုနဲ့ မွှေးရနံ့တွေကြားမှာ မျောပါနေပြီလား။ မင်းက ဓားတာအိုကို မလေ့ကျင့်တော့ဘူးလား”
ဆေးတောင်ကြား၏ ရိုးရှင်းသော ခြံဝိုင်းတစ်ခုထဲတွင် ဓားဘုရင်ယွမ်ထျန်းက တောက်ပနေသော ဓားအငွေ့အသက်ကို ထုတ်လွှတ်၍ ရှေ့တွင်ရှိသော ဟန်မူယဲ့ကို စိုက်ကြည့်နေသည်။
“ကောင်းကင်အံ့ဖွယ်ကမ္ဘာက အင်အားစုတွေအားလုံးကို ဖြေရှင်းပြီးပြီ။ ရှေးတိမ်တိုက်စကြဝဠာက စစ်တပ်တွေကို စုစည်းနေတယ်။ အဆုံးမဲ့ပင်လယ်ကလည်း လှုပ်ရှားမှုတချို့ ရှိနေတယ်။ မင်းက ဒီအတိုင်း ထိုင်နေအုံးမှာလား”
ဓားဘုရင်ယွမ်ထျန်း၏ စကားသံအဆုံးတွင် ဟန်မူယဲ့က ခေါင်းမော့ကြည့်လိုက်သည်။
ထိုအကြည့်ကြောင့် ဓားဘုရင်ယွမ်ထျန်း၏ ဓားဆန္ဒသည် ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ တောက်ပနေသော ဓားအလင်းသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်။
“ဝီ”
သူက လက်မြှောက်ပြီး ရှေ့တွင်ရှိသော နေရာလွတ်ကို ပြင်းထန်စွာ ထိုးချသည်။
ဓားအလင်းသည် ကြယ်ပျံတစ်စင်းနှင့်တူပြီး ဓားဘုရင်ယွမ်ထျန်းနှင့် သုံးပေအကွာတွင် လှုပ်ရှားသွားသည်။
“ခလွမ် ....”
ဓားနှစ်လက် ထိတွေ့သွားသကဲ့သို့ ကြွပ်ဆပ်ပြီး သာယာသောအသံကို ကြားနိုင်သည်။
ခြံဝိုင်းထဲတွင် သဘာဝစွမ်းအင်များသည် လှုပ်ရှားလာကြသည်။
“မင်းရဲ့ တည်နေရာထိန်းချုပ်နိုင်စွမ်းက ဒီလိုအဆင့်အထိ ရောက်နေပြီလား”
ဓားဘုရင်ယွမ်ထျန်းက ထိတ်လန့်စွာပြောသည်။
သူက အကြည့်တစ်ချက်ကို ဓားအဖြစ် သုံး၍ လေဟာနယ်ကို ထိုးဖောက်ခဲ့သည်။
ဟန်မူယဲ့နှင့် ယှဉ်ပြိုင်နိုင်သောလူများသည် ဤလောကတွင် သိပ်မရှိကြတော့ပေ။