အခန်း (၇၆၉)
Vol. 55 Ch. 769
ဆယ်စုနှစ် တစ်ခုအကြာတွင် ဟန်မူယဲ့၏ ကျင့်ကြံခြင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းလာသည်။
ခြံဝိုင်း၏နောက်ဖေးတွင် လက်ဖက်ရည်ပွဲကို သယ်ထားသော မူဝမ်က ချောင်းကြည့်လိုက်သည်။
“အကြီးအကဲ၊ ဓားနှလုံးသားလက်ဖက်ရည်ကို လိုချင်လား။ ဓားသတ္တိလက်ဖက်ရည်ကို လိုချင်လား”
ခြံဝိုင်းထဲတွင် ချီစွမ်းအင်အလင်းများသည် ပျောက်ကွယ်သွားပြီး ဓားဘုရင်ယွမ်ထျန်းက ထူးဆန်းသောမျက်နှာထားဖြင့် ဓားကို ပြန်သိမ်းသည်။ သူက ကျောက်သားထိုင်ခုံဆီသို့ လျှောက်လာပြီး ထိုင်ချလိုက်သည်။
“ငါက သိုးငါးကောင်စံအိမ်ရဲ့ ထိပ်တန်းအဆင့် ဓားနှလုံးသားလက်ဖက်ရည်ကို ကြားဖူးတယ်။ အဲဒီလက်ဖက်ရည်က ဝိညာဉ်ကို သန့်စင်ပေးပြီး ဓားတာအိုကို ဉာဏ်အလင်းရစေတယ်။ လက်ဖက်ရွက်တစ်ပေါင်ကို ဝိညာဉ်ကျောက်တုံး သန်းနှစ်ဆယ် ပေးရတယ်”
“ဒါပေမဲ့ ဓားသတ္တိကရော ဘယ်လိုလဲ”
သူက မျက်မှောင်ကြုတ်လိုက်ပြီး ဆက်ပြောသည်။
“သိုးငါးကောင်စံအိမ်က အခုတစ်လော ပြဿနာရှာနေတယ်။ သူတို့က ဝိညာဉ်ကျောက်တုံးတွေ ဘယ်လောက်ရှာပြီးပြီးလဲ ငါမသိတော့ဘူး။ မင်းက သူတို့နဲ့ မပတ်သတ်ရင် အကောင်းဆုံးပဲ”
“ဓားကျင့်ကြံသူတစ်ယောက်က ဓားကျင့်ကြံသူတစ်ယောက်ရဲ့ အကျင့်စရိုက်မျိုး ရှိသင့်တယ်”
ဟန်မူယဲ့က ပြုံးလိုက်ပြီး စကားပြန်မပြောပေ။
မူဝမ်က လက်ဖက်ရည်ပွဲနှင့် ချဉ်းကပ်လာပြီး စားပွဲပေါ်တွင် ချပေးလိုက်သည်။
“အကြီးအကဲ၊ ဓားသတ္တိလက်ဖက်ရည်ကို ဓားဆန္ဒနဲ့ ကျိုချက်ထားတယ်။ ပြီးတော့ လက်ဖက်ရွက်ထဲမှာ ဓားပညာရပ်ရဲ့ အနှစ်သာရတွေကို ထည့်သွင်းထားတယ်”
“ဓားဆန္ဒအမျိုးမျိုးက လက်ဖက်ရွက်တစ်ပေါင်ကိုပဲ ထုထ်ပေးနိုင်တယ်”
သူမက လက်ဖက်ရည်ခွက်များကို ဟန်မူယဲ့နှင့် ဓားဘုရင်ယွမ်ထျန်းဆီသို့ ပေးလိုက်ပြီး တိတ်ဆိတ်စွာ နောက်ဆုတ်သွားသည်။
ဟန်မူယဲ့က လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး တစ်ငုံသောက်သည်။
ဟန်မူယဲ့က ဂရုစိုက်ပုံမရသောကြောင့် ဓားဘုရင်ယွမ်ထျန်းက ညင်သာစွာသက်ပြင်းချလိုက်ပြီး လက်ဖက်ရည်ခွက်ကို ကောက်ယူ၍ တစ်ခါတည်း သောက်ပစ်လိုက်သည်။
လက်ဖက်ရည်က သူ့ဝမ်းဗိုက်ထဲသို့ ဝင်သွားသောအခါတွင် သူ့မျက်နှာထားက ချက်ချင်း ပြောင်းလဲသွားသည်။
သူထိန်းချုပ်ထားသော ဓားအလင်းသည် လှုပ်ရှားနေသော တိမ်တိုက်များကဲ့သို့ ရုတ်တရက် ပေါ်ထွက်လာသည်။
ဓားဆန္ဒ အလင်းစီးကြောင်းသည် သူနှင့် သုံးပေပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။
ကျောက်စိမ်းဖြူဝတ်စုံနှင့် ဓားဘုရင်ယွမ်ထျန်း၏ မျက်လုံးများက တောက်ပလာသည်။
“အဲဒီတော့ ဒါက ဓားသတ္တိလား”
ဓားဘုရင်ယွမ်ထျန်းက ဟန်မူယဲ့ကို စိုက်ကြည့်လိုက်ပြီး ခန့်မှန်းကြည့်သည်။
“ဒါက မင်းရဲ့ ဓားတစ်သောင်းတို့အိမ်အပြန်လား”
သူက ဓားဆန္ဒကို ဖြည်းဖြည်းချင်း ဖိနှိပ်လိုက်သည်။ သို့သော် လှုပ်ရှားနေသော အသက်စွမ်းအားနှင့် ချီစွမ်းအင်အလင်းသည် အချိန်ခဏကြာသည်အထိ ပျောက်ကွယ်မသွားခဲ့ပေ။
ဓားတာအို၏ ကျွမ်းကျင်သူတစ်ယောက်ဖြစ်သော ဓားဘုရင်ယွမ်ထျန်းကပင် လက်ဖက်ရည်တစ်ခွက်၏ စွမ်းအားကို မဖိနှိပ်နိုင်ခဲ့ပေ။
“ဓားတစ်သောင်းတို့ အိမ်အပြန် ....”
ထိုအရာသည် လက်ဖက်ရည်တစ်ခွက်ဖြစ်သလို ဓားတစ်လက်လည်း ဖြစ်သည်။
ဟန်မူယဲ့က လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး တီးတိုးပြောသည်။
“ဓားတစ်သောင်းတို့အိမ်အပြန်။ အရာအားလုံးက ဓားတစ်လက် ဖြစ်လာတဲ့အချိန်မှာ ကိုယ်ပိုင်တာအိုကို ရှာဖွေဖို့ တကယ်ခက်တယ် ....”
ကိုယ်ပိုင်တာအိုကို ရှာဖွေခြင်း ....
ဓားဘုရင်ယွမ်ထျန်းက ကြောင်အသွားပြီး နှုတ်ခမ်းများတွန့်နေသည်။ သို့သော် အဆုံးတွင် သူက စကားမပြောနိုင်ခဲ့ပေ။
တာအိုတစ်ခုကို တည်ဆောက်ပြီး တာအိုဘိုးဘေး ဖြစ်လာမည်။
ဟန်မူယဲ့က အရာအားလုံးကို ဓားတာအိုအဖြစ် အသုံးချပြီး ဓားတာအို၏ ဘိုးဘေးတစ်ယောက် ဖြစ်လာချင်သည်။
သူက ဓားတစ်သောင်းတို့အိမ်အပြန် နည်းစနစ်နှင့် ကိုယ်ပိုင်လမ်းစဉ်ကို ရှာတွေ့ခဲ့သည်။
ဓားဘုရင်ယွမ်ထျန်းက တောက်ပနေသော မျက်လုံးများဖြင့် လက်ဖက်ရည်ခွက်ကို ငုံ့ကြည့်သည်။
လက်ဖက်ရည်ခွက်သည် ဓားတစ်လက်ဖြစ်သည်။ လက်ဖက်ရည်နှင့် လက်ဖက်ရွက်သည်လည်း ဓားတစ်လက် ဖြစ်ကြသည်။
“မင်းက ကောင်းကင်စာရင်းမှာ အဆင့်ကိုးရထားတာ မထူးဆန်းတော့ပါဘူး”
“မင်းရဲ့ ဓားတာအိုနဲ့ဆိုရင် အဲဒီလူအိုကြီးတွေ အင်မော်တယ်ကမ္ဘာကို တက်လှမ်းမသွားရင်တောင် မင်းက သူတို့နဲ့ တိုက်ခိုက်နိုင်လိမ့်မယ်”
ဓားဘုရင်ယွမ်ထျန်းက လက်သီးဆုပ်ထားပြီး တိုက်ခိုက်လိုစိတ်တချို့ကို ထုတ်ဖော်သည်။
သူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ခေါင်းညိတ်လျက် ပြောသည်။
“ငါက လျစ်လျူရှုမိသွားတယ်”
“မင်းက ဓားတာအိုကို အာရုံစိုက်ထားပြီး တခြားအရာတွေကို မတောင်းဆိုဘူး။ ကိုယ်ပိုင်ခွန်အားက အရာအားလုံးပဲ”
“ငါက ကွမ်းယွမ်ဓားဂိုဏ်းအတွက် အားစိုက်ထားပြီး တာအိုလမ်းစဉ်မှာ အားလျော့နေတယ်။ ဒီနေရာမှာ ငါက မင်းထက် နိမ့်ကျနေတယ်”
သူက သက်ပြင်းချလိုက်ပြီး လေးစားနေသည်။
“မင်းက အင်အားစုကြီးတစ်ခုဖြစ်တဲ့ ကောင်းကင်အံ့ဖွယ်ကမ္ဘာကို တာဝန်ယူထားတယ်။ ပြီးတော့ ဒီလိုမျိုး ဖရိုဖရဲဖြစ်နေတဲ့ လောကကြီးမှာ ယိမ်းယိုင်မသွားဘဲ ဓားတာအိုကိုပဲ အာရုံစိုက်ထားတယ်။ တကယ် ရှားပါးလွန်းတယ် ....”
ဆယ်နှစ်အတွင်း၌ ဟန်မူယဲ့၏ တိုးတက်မှုများသည် ထိုအချက်ကြောင့် ဖြစ်နိုင်သည်။
ဓားဘုရင်ယွမ်ထျန်းက ထိုသို့ တွေးမိပြီး နောင်တရသွားသည်။
ဓားကျင့်ကြံသူတစ်ယောက်သည် အရှုပ်အထွေးများကြားတွင် အဘယ်ကြောင့် ဝင်ပါရမည်နည်း။
အရှုပ်အထွေးများ မည်သို့ပင်ရှိနေပါစေ ဓားတစ်ချက်သည် ကျေနပ်စရာအကောင်းဆုံး ဖြစ်သည်။
“မင်းက အထက်ဘုံကို ဆေးတောင်ကြားကနေတစ်ဆင့် ဝင်ရောက်ဖို့စီစဉ်ထားတယ်လို့ ငါထင်နေခဲ့တယ်။ ဒီဆယ်နှစ်အတွင်းမှာ ဆေးတောင်ကြားက တိုးတက်လာပြီး အာခီမီတော်ဝင်နယ်မြေအဖြစ် ခိုင်မာစွာရပ်တည်နိုင်ခဲ့တယ်။ ပြီးတော့ ဆေးလုံးတွေကိုလည်း ထုတ်ရောင်းနေတယ်”
“အာခီမီကို မှီခိုပြီး စွမ်းအားဟန်ချက်ညီမှုကို ပြောင်းလဲဖို့လုပ်မယ်ဆိုရင် မဖြစ်နိုင်ဘူးလို့ ပြောချင်တဲ့အတွက် ငါရောက်လာခဲ့တာ။ ငါက ဓားတာအိုကို မတွေးမိခဲ့ဘူး။ အခု ငါကိုယ်တိုင်က ကြိုးစားဖို့လိုနေပြီ”
ဓားဘုရင်ယွမ်ထျန်းက လက်ဖက်ရည်ခွက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး လှုပ်ရှားနေသော ချီစွမ်းအင်များဖြင့် တီးတိုးရေရွတ်သည်။
“အကြီးအကဲ၊ ဒီကျောက်စိမ်းနှင်းစက်ဆေးရည်ကို အရသာခံကြည့်ပါအုံး”
“ဓားသတ္တိကို ဘယ်လိုထင်လဲ”
မူဝမ်က လင်ဗန်းပေါ်တွင် ခွက်လေးနှစ်ခွက်ကို တင်ထားပြီး ချဉ်းကပ်လာပြန်သည်။
ကျောက်စိမ်းခွက်လေးများသည် ကြည်လင်သန့်ရှင်းသော ကျောက်စိမ်းနှင်းစက်အရည်ကို သယ်ဆောင်ထားသည်။ ထို့အပြင် ဆေးစွမ်းအင်များလည်း လွင့်မျောနေသေးသည်။
“ဓားသတ္တိက ဓားတာအိုရဲ့ အထွတ်အထိပ်မှာ ရှိနေတယ်။ တကယ်ကို ထိတ်လန့်စရာကောင်းလွန်းတယ်”
“ဓားတာအိုရဲ့ ကျွမ်းကျင်သူတစ်ဦးက ဓားသတ္တိကို သောက်သုံးလိုက်မယ်ဆိုရင် သန့်စင်တဲ့ ဓားဆန္ဒနဲ့ ပေါင်းစပ်သွားလိမ့်မယ်”
ဓားဘုရင်ယွမ်ထျန်းက ပြန်တွေးကြည့်လိုက်ပြီး ညင်သာစွာပြောသည်။ သူက ရှေ့တွင်ရှိနေသော ကျောက်စိမ်းခွက်ကို ကောက်ယူပြီး ဆေးစွမ်းအင်ကို အနံ့ခံကြည့်၍ ခေါင်းညိတ်သည်။ သူက တစ်ငုံသောက်ပြီး ပါးစပ်ထဲတွင် အရသာခံကြည့်နေသည်။
သူ့စကားကို ကြားလိုက်ရသောအခါတွင် မူဝမ်၏မျက်နှာက ပျော်ရွှင်မှုကြောင့် တောက်ပသွားသည်။ သူမက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြောသည်။
“အစ်ကိုဟန်၊ တွေ့ပြီမဟုတ်လား။ အကြီးအကဲက ဓားသတ္တိလက်ဖက်ရွက်ကို ချီးကျူးနေတယ်”
“ကျွန်မတို့က ဓားနှလုံးသားလက်ဖက်ရွက်ကို ဝိညာဉ်ကျောက်တုံးဆယ်သန်းနဲ့ သိုးငါးကောင်စံအိမ်ဆီ ရောင်းပေးလိုက်တဲ့အတွက် ရှုံးနေပြီ။ ဓားသတ္တိလက်ဖက်ရွက်ကို ဈေးလျော့လို့ မရဘူး”
“သိုးငါးကောင်စံအိမ်က ကျွန်မတို့နဲ့ မိသားစုတစ်ခုတည်းလို့ ယူဆနိုင်ပေမဲ့ ဝိညာဉ်ကျောက်တုံးတွေကို သေချာစီစဉ်ထားရမယ်။ မဟုတ်ရင် မသက်မသာဖြစ်မိတယ်”
ကျောက်စိမ်းခွက်ကို ကိုင်ထားသော ဓားဘုရင်ယွမ်ထျန်းက မျက်လုံးပြူးသွားပြီး ဆေးစွမ်းအင်များသည် သူ၏ နှာခေါင်းပေါက်မှ ချက်ချင်းပြန်ထွက်လာကြသည်။
သိုးငါးကောင်စံအိမ် ....
ဓားနှလုံးသား ....
ဓားသတ္တိ ....
‘ဒါက ဘာကိုဆိုလိုတာလဲ’
“အကြီးအကဲ ဒီကျောက်စိမ်းနှင်းစက်ဆေးရည်ကိုရော ဘယ်လိုထင်လဲ။ ဝိညာဉ်ကျောက်တုံးသုံးသန်းနဲ့ ရောင်းလို့ရမယ်ထင်လား”
မူဝမ်က ဓားဘုရင်ယွမ်ထျန်းကို မျှော်လင့်နေသောမျက်နှာထားဖြင့် ကြည့်လိုက်ပြီး စိတ်ပါလက်ပါ မေးသည်။
ဓားဘုရင်ယွမ်ထျန်းက ကျောက်စိမ်းခွက်ကို ငုံ့ကြည့်လိုက်ပြီး ထုံထိုင်းစွာ ခေါင်းညိတ်သည်။
မူဝမ်က ဟန်မူယဲ့ကို လှည့်ကြည့်သည်။
“အစ်ကိုဟန်၊ သိုးငါးကောင်စံအိမ်က ကျောက်စိမ်းနှင်းစက်ဆေးရည်ကနေ ပွဲခမယူရဘူးလို့ သဘောတူထားတယ်နော်”
“ဒါကို ကျွန်မကိုယ်တိုင် ဖန်တီးထားတာ။ ဒါကိုရောင်းလို့ရတဲ့ ဝိညာဉ်ကျောက်တုံးတွေက ကျွန်မအပိုင်ပဲ”
ဟန်မူယဲ့က ရှေ့တွင်ရှိနေသော ကျောက်စိမ်းခွက်ကို ကောက်ယူပြီး တစ်ငုံသောက်ကြည့်သည်။ သူက ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။
“အရမ်းချိုနေတာကလွဲရင် ကျန်တာ အဆင်ပြေပါတယ်”
မူဝမ်က လင်ဗန်းကိုသယ်၍ ပျော်ရွှင်စွာပြန်ထွက်သွားသောအခါတွင် ဓားဘုရင်ယွမ်ထျန်းက ဟန်မူယဲ့ကို ကြည့်သည်။
“သိုးငါးကောင်စံအိမ်က မင်းဟာလား”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး အရောင်ငါးမျိုးသိုးဦးချိုကို ထုတ်ပြသည်။
“ကျွန်တော်က အထက်ဘုံကို ရောက်လာတဲ့အချိန်မှာ သိုးငါးကောင်စံအိမ်က အသုံးဝင်တယ်လို့ ခံစားရတဲ့အတွက် ထိန်းချုပ်လိုက်တာပဲ”
“အရင်နှစ်တွေမှာ ကျွန်တော်က သိုးငါးကောင်စံအိမ်ကို သိပ်ပြီး အာရုံစိုက်မထားဘူး။ ညီမမူက စာရင်းတွေကို စစ်ကြည့်ပြီး ကျွန်တော့်ရဲ့ လက်ဖက်ရွက်တွေကို ထုတ်ရောင်းတာပဲ ရှိတာပါ ....”
ဓားဘုရင်ယွမ်ထျန်းက ဟန်မူယဲ့၏ နောက်ပိုင်းစကားသံကို မကြားနိုင်တော့ပေ။
သူ့ဦးနှောက်ထဲတွင် သွေးများဆောင့်တိုးလာသည်။
ဟန်မူယဲ့က အကျိုးအမြတ်ရှိသော ဆေးလုံးများရောင်းချနေသည့် တိမ်တိုက်ကောင်းကင်ဆေးတောင်ကြားကို ထိန်းချုပ်ထားသည်။
ဆေးတောင်ကြား၏ စီးပွားရေးသည် အလွန်အမြတ်ရသော်လည်း အထက်ဘုံ၏ အခြေအနေကို လွှမ်းမိုးနိုင်စွမ်းမရှိပေ။
အထက်ဘုံ၏ အခြေအနေကို အမှန်တကယ် လွှမ်းမိုးနိုင်သောအရာသည် သိုးငါးကောင်စံအိမ် ဖြစ်သည်။
လွန်ခဲ့သောနှစ်များတွင် သိုးငါးကောင်စံအိမ်သည် ဂိုဏ်းအသီးသီးကြားတွင် လျှောက်သွားနေပြီး ဓားနှလုံးသားလက်ဖက်ရွက်များကို ရောင်းချခြင်းနှင့် အရင်းအမြစ်အမျိုးမျိုးကို လဲလှယ်ခြင်းမှတစ်ဆင့် မရေမတွက်နိုင်သော ဝိညာဉ်ကျောက်တုံးနှင့် ဝိညာဉ်သတ္တုများကို ရရှိခဲ့သည်။
သိုးငါးကောင်စံအိမ်သည် အားနည်းသောဂိုဏ်းများအတွက် အရင်းအမြစ်များကို ရောင်းချပေးပြီး ပျက်စီးသွားသော ဂိုဏ်းများ၏ ကြွယ်ဝမှုများကို ထိန်းချုပ်ထားသည်။
စစ်ပွဲမှ အကျိုးအမြတ်ရသောလူသည် သိုးငါးကောင်စံအိမ်သာ ဖြစ်သည်။
ကွမ်းယွမ်ဓားဂိုဏ်းကလည်း ထိုသို့လုပ်ချင်သည်။ သို့သော် အရင်းအမြစ်မလုံလောက်မှုကြောင့် အောက်ဘုံနှင့် အလယ်ဘုံမှ ကုန်သည်များတွင် ငွေကြေးကောက်ခံခြင်းကိုသာ ပြုလုပ်နိုင်သည်။
ကွမ်းယွမ်ဓားဂိုဏ်းသည် အမြတ်ရသော်လည်း အလုပ်ပင်ပန်းသည်။
သူမနာလိုဖြစ်နေသော သိုးငါးကောင်စံအိမ်က ဟန်မူယဲ့နှင့် သက်ဆိုင်နေလိမ့်မည်ဟု ဓားဘုရင်ယွမ်ထျန်းက ထင်မထားခဲ့ပေ။
‘ဓားတာအိုမှာပဲ အာရုံစိုက်ထားတဲ့ ဟန်မူယဲ့က ကွမ်းယွမ်ဓားဂိုဏ်းထက် အဆတစ်ရာလောက် အမြတ်ရနေတဲ့ သိုးငါးကောင်စံအိမ်ကို ဘယ်လိုလုပ်ပြီး ထိန်းချုပ်လိုက်တာလဲ’
ထို့အပြင် သူက ဓားနှလုံးသားလက်ဖက်ရွက်နှင့် ဓားသတ္တိလက်ဖက်ရွက်ကိုလည်း ထုတ်လုပ်ပေးနေသေးသည်။
သူ၏နောက်ကွယ်တွင် အင်မော်တယ်ရင်းမြစ်ကမ္ဘာကို တုန်လှုပ်သွားစေနိုင်သော ကောင်းကင်အံ့ဖွယ်ကမ္ဘာလည်း ရှိနေသေးသည်။
“ငါက လိုအပ်နေသေးတာပဲ ....”
ဓားဘုရင်ယွမ်ထျန်းက ကိုယ်ပိုင်ကျင့်ကြံခြင်းသာမက လက်အောက်ငယ်သား အင်အားစုနှင့် ကြွယ်ဝမှုတွင်လည်း ဟန်မူယဲ့နှင့် လုံးဝမယှဉ်နိုင်ကြောင်း ဒေါသဖြစ်စရာကောင်းလောက်အောင် သိလိုက်ရသည်။
အဓိကအချက်သည် သူက အကြိမ်ပေါင်းများစွာ ကိုယ်တိုင်လှုပ်ရှားခဲ့ရပြီး ပင်ပန်းနေသည်။ သို့သော် ဟန်မူယဲ့က ဆေးတောင်ကြားမှ မထွက်ဘဲ ဆယ်နှစ်ကြာအောင် တိတ်ဆိတ်စွာ ကျင့်ကြံနေခဲ့သည်။
“အဟမ်း၊ ကျင့်ကြံခြင်းနဲ့ပတ်သတ်လာရင် အကြီးအကဲရဲ့ နှလုံးသားအတိုင်းပဲ လုပ်ဆောင်သင့်တယ်”
ဟန်မူယဲ့က ညင်သာစွာ နှစ်သိမ့်ပေးသည်။
ထို့နောက် သူက ခေါင်းညိတ်လိုက်ပြီး ဆက်ပြောသည်။
“အကြီးအကဲပြောတာလည်း မှန်ပါတယ်။ ကျွန်တော်က အင်မော်တယ်ရင်းမြစ်ကမ္ဘာရဲ့ အခြေအနေကို ဂရုစိုက်သင့်တယ်”
“မဟုတ်ရင် ကောင်းကင်စာရင်းရဲ့ အဆင့်ကိုးဖြစ်တဲ့ ကျွန်တော်က ပျောက်ကွယ်နေသလိုပဲ”
သူက စားပွဲပေါ်တွင် လက်ချောင်းများကို တောက်လိုက်ပြီး မျက်ခုံးပင့်သည်။
“ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ကျွန်တော်က ဓားကျင့်ကြံသူတစ်ယောက် ဖြစ်တာကြောင့် အထက်ဘုံမှာ ဓားကျင့်ကြံခြင်းဆွေးနွေးပွဲတစ်ခုကို ဖန်တီးလိုက်မယ်”
“ဆွေးနွေးပွဲမှာ ပါဝင်တဲ့လူတိုင်းက ဓားကျင့်ကြံခြင်းနဲ့ ပတ်သတ်ပြီး လမ်းညွှန်ပေးခံရမယ်”
သူက စဉ်းစားကြည့်လိုက်ပြီး ခပ်ဟဟရယ်လျက် ပြောသည်။
“ပြီးတော့ ပြိုင်ပွဲတချို့စီစဉ်ပြီး ကျွန်တော်ကိုယ်တိုင် ဆုပေးလို့ရတယ်”