← Chapters

ဆယ့်ကိုးချက်မြောက် ဓားကွက်

Vol. 56 Ch. 746

ဆယ့်ကိုးချက်မြောက် ဓားကွက်

Vol. 56 Ch. 746

ချင်မူ၏ မှော်စွမ်းအင်အားလုံး၊ အဆီအနှစ်အားလုံး၊ စွမ်းအင်အားလုံးသည် ဓားစက်လုံးနှင့် တစ်သားတည်းဖြစ်ကာ ကပ်ဘေးဓား၏ ပထမဓားကွက် ၊ ကပ်ဘေးဖွင့်ဓားအား ထုတ်ဖော်လိုက်၏။

ဓားစက်လုံးက မြန်သထက် မြန်မြန် လည်လာသည်။ အံ့အားသင့်ဖွယ် အမြန်နှုန်းဖြင့် တဝီးဝီး လည်လျက် ပင်လယ်ရေမျက်နှာပြင်ဆီသို့ နိမ့်ဆင်းပျံသန်းသွား၏။ ထိုအချိန်တွင် မရေမတွက်နိုင်သော ဓားပျံများက ဓားစက်လုံးဆီမှ ဝှစ်ခနဲ ထွက်လာကြပြီး ဓားထိပ်တိုင်းက ကောင်းကင်နတ်အရှင်ဟောင်ဆီသို့ ချိန်ရွယ်ထားကြသည်။

ဓားစက်လုံး၏ အနောက်တွင် ချင်မူက လေးလံသော ခြေလှမ်းများဖြင့် တဒုန်းဒုန်း ပြေးလာနေ၏။

သူ၏မှော်စွမ်းအင်သည် ဓားစက်လုံးအတွင်းသို့ စီးဆင်းဝင်ရောက်ကာ ဓားပျံများနှင့် ချိတ်ဆက်လိုက်သည်။ ထို့နောက် ဓားပျံအားလုံး အဆက်မပြတ် အသွင်သဏ္ဍာန် ပြောင်းလဲစလာပြုလာကြသည်။ သင်္ကေတအမှတ်အသားများသည်လည်း မီးပွားများပမာ ဓားပျံတစ်လက်အပေါ် တစ်လက် ခုန်ကူးပြေးလွှားနေကြ၏။

ဓားပျံတို့၏ တည်နေရာမှာလည်း အဆက်မပြတ် ပြောင်းလဲနေကြသည်။ တစ်ချက်တစ်ချက် ပင်လယ်ထဲ၌ ငါးများပမာ ကူးခတ်နေကြပြီး တစ်ချက်တစ်ချက် ဝေဟင်ထက်၌ ပျံလွှားများပမာ ပျံသန်းနေကြ၏။ လှပသေသပ်လှသော ဓားစွမ်းရည်ကား အပြစ်ရှာဖွယ်မရှိလောက်အောင် ပြီးပြည့်စုံလွန်းပေသည်။

နောက်တခဏတွင် ဓားပျံများကား တစ်လက်တည်း ပေါင်းစည်းသွားပြီး ‌သင်္ကေတအမှတ်အသားများနှင့် ချီစွမ်းအင်တို့က လျင်မြန်ဖြတ်လတ်မှုနှင့် အလိုက်သင့်ပြောင်းလဲနိုင်မှုတို့ကို ဖော်ထုတ်ကြွားဝါနေတော့သည်။

ပင်လယ်ရေပြင်တစ်လျှောက် ဖြတ်ပြေးလာသော ဓားသည် ကြော့ရှင်းတင့်တယ်သော အလင်းရောင်အသွင် ပြောင်းလဲပြီးနောက် အခြေခံအကျဆုံး ဆယ့်ရှစ်ချက်မြောက်ဓားကွက်ကို ပြီးပြည့်စုံစွာ ထုတ်ဖော်ပြသလိုက်၏။

အဝေးမှ ကြည့်လျှင် ဓားရောင်ကား ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် ရှည်လျားနေပြီး အလွန်ရိုးရှင်းသော သာမန် ထိုးဓားတစ်ချက်သာ ဖြစ်သယောင် မြင်ရလိမ့်မည်။ အသေးစိတ်ကြည့်သည့်အခါမှ ဤရိုးရိုးသာမန် ဓားကွက်အတွင်း၌ ပြောင်းလဲမှုပေါင်း မရေမတွက်နိုင်အောင် ငုပ်လျိုးနေကြောင်း တွေ့မြင်ရလိမ့်မည်။

ကပ်ဘေးဖွင့်ဓားကို ဖန်တီးပြီးနောက် ယခုလို ပြီးပြည့်စုံစွာ ထုတ်လွှတ်နိုင်လိုက်သည်မှာ ချင်မူ့အတွက် ပထမဆုံးအကြိမ် ဖြစ်သည်။

ဤအချိန်တွင် တွန်းအားတစ်ခုကို ချင်မူ ခံစားရသည်။ ဟင်းလင်းပြင်ဆီမှ ဓားကို တွန်းကန်နေခြင်းမဟုတ်ဘဲ၊ လေက ဆန့်ကျင်တိုးဝှေ့နေ၏။

ချင်မူ ခွန်အားသုံး၍ ရှေ့သို့ ထိုးစိုက်လိုက်သည့်အခါ ကပ်ဘေးဖွင့်ဓားသည် ဝါးပင်ကို ခုတ်ဖြတ်လိုက်သကဲ့သို့ လေတွန်းအားကို လွယ်ကူစွာ ထိုးဖောက်သွား၏။ ဓားထိပ်ကား ကောင်းကင်နတ်အရှင်ဟောင်နှင့် နီးကပ်နေချေပြီ။

သို့သော် တွန်းအားက ကြောက်ခမန်းလိလိ ကြီးထွားလာသည်ကိုလည်း ချင်မူ ခံစားနေရသည်။

ဤစွမ်းအားမျိုးသည် ကောင်းကင်နတ်သိုင်းတစ်ခု၏ စွမ်းအားသာ မဟုတ်... ထူးခြားသော စည်းမျဉ်းတစ်ခုဆီမှ ဖိအားလည်း ဖြစ်ဟန်တူသည်။

သို့နျန်ကမ္ဘာ၏ တောင်ကောင်းကင်မုခ်ဝသို့ ဝင်ရောက်ခဲ့စဉ်တုန်းက ဤကဲ့သို့ ဖိအားမျိုးကို ချင်မူ ကြုံတွေ့ခဲ့ရသည်။ ဖိအားက ဘက်ပေါင်းစုံမှ လာပြီး သူ့ရုပ်ခန္ဓာနှင့် မူလဝိညာဉ်တွင် နေရာလပ်မကျန် သက်ရောက်‌နေ၏။ ကပ်ဘေးဓားအပေါ်သို့ပင် သက်ရောက်နေလေသည်။

သူ၏ ဓားလမ်းစဉ်အဆင့် ကောင်းကင်နတ်သိုင်း ဖိနှိပ်ခံနေရသည့် အခြေအနေအား ချင်မူ ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်းဖြစ်သည်။

ကပ်ဘေးဖွင့်ဓား၏ ဓားထိပ်က ရှေ့သို့ ထိုးစိုက်နေသေးသော်လည်း အမြန်နှုန်းမှာ နှေးသည်ထက် နှေးလာသည်။ ကောင်းကင်နတ်အရှင်ဟောင်၏ မျက်နှာရှေ့သို့ ရောက်သည့်အချိန်တွင် ဓားထိပ်မှာ လိပ် တွားသွားနေသကဲ့သို့ နှေးနေခဲ့ချေပြီ။

ဤအချိန်တွင် ကောင်းကင်နတ်အရှင်ဟောင်၏ ကျောနောက်မှ နေအလင်းတန်းများ ဖြာထွက်လာသည်။ အလင်းတန်းများက ပုံရိပ်အသွင်တစ်ခုကို ဖွဲ့တည်လိုက်၏။

ဤပုံရိပ်ကား ကောင်းကင်နတ်အရှင်ဟောင်၏ အမေကိုယ်တိုင် ဆင်းသက်လာသော ပုံရိပ်မဟုတ်... သူမ၏ ပုံရိပ်အယောင်သာ ဖြစ်ပေသည်။ သူမ၏ရုပ်ခန္ဓာအစစ်က ကောင်းကင်နတ်ဘုံတွင်သာ ရှိနေလိမ့်မည်။

အလင်းတန်းများသည် နတ်ဘုရားမကို ဝန်းရံရစ်သိုင်းလျက် လှပတင့်တယ်စွာ ကွန့်မြူးတောက်ပနေ၏။

သူမခန္ဓာကိုယ်မှာလည်း ကြော့ရှင်းလှပပြီး ကောင်းကင်ယင်နတ်ဘုရားမကဲ့သို့ ရဲတင်းပွင့်လင်းစွာ မဝတ်စားထားပေ။ မျက်နှာခြေတို့ကိုလည်း မှုန်နေအောင် ခြယ်သထားသည်။

နေရောင်တို့မှ ဖွဲ့တည်ထားသော ဂါဝန်က သူမ၏ခန္ဓာကိုယ်ကို လုံလုံခြုံခြုံ လွှမ်းခြုံထားပြီး ချပ်ချပ်ရပ်ရပ် ရှိနေသဖြင့် ရင်သပ်ရှုမောလောက်စရာ ကောက်ကြောင်းအသွယ်သွယ်မှာ အထင်းသား ပေါ်လွင်နေတော့၏။

အခြားတစ်ဖက်တွင် ကောင်းကင်ယင်နတ်ဘုရားမသည် နေရောင်သုံး၍ သူမ၏ အဓိကနေရာများကိုသာ ဖုံးကာပြီး ကျန်နေရာများကို ဖော်ထားတတ်၏။ လက်ဝတ်တန်ဆာလည်း တစ်ခု၊ နှစ်ခုသာ ဝတ်တတ်သော်လည်း ဤနတ်ဘုရားမတွင်မူ အဆင်တန်ဆာ များစွာ ရှိနေသည်။ ထို့အပြင် အားလုံးက အဖိုးထိုက်တန်မည့်ပုံပေါ်သည်။

ခေါင်းတွင် ဆံထိုးနှင့် ကျောက်စိမ်းအဆင်တန်ဆာများ၊ လည်တိုင်တွင် လခြမ်းသဏ္ဍာန် ပုလဲများ သီကုံးထားသော လည်ဆွဲ၊ လက်ကောက်ဝတ်တွင် ကျောက်ိစမ်းလက်ကောက်၊ လက်ချောင်းများအပေါ်၌ လက်စွပ်များ၊ ခြေကျင်းဝတ်၌ ခေါင်းလောင်းအသေးလေးများ တွဲဆက်ထားသော ပုလဲခြေကျင်း.... အစရှိသဖြင့် တစ်ဒါဇင်ကျော်သည်။

ကောင်းကင်နတ်အရှင်ဟောင်မှာ ဓားထိပ်၏အရှေ့၌ ရပ်နေရာမှ သက်ပြင်းချနိုင်သွားသည်။ ချင်မူက ရှေ့တိုးရန် အတတ်နိုင်ဆုံး ကြိုးစားနေပြီး ကပ်ဘေးဖွင့်ဓား၏ စွမ်းအားကို ထုတ်လွှတ်နေဆဲ ဖြစ်သည်။ သူက ထိုနတ်ဘုရားမ၏ ဖိနှိပ်မှုကို ထိုးဖောက်ရန် ကြိုးစားနေသည်။

သို့သော် ရှေ့တက်တိုး၍ မရပေ။ ဓားထိပ်မှာ တစ်လက်မသာ ရွေ့သွားပြီး ယင်းကား ချင်မူ တတ်နိုင်သမျှအတိုင်းအတာ အကုန်ပင်။

ကောင်းကင်နတ်အရှင်ဟောင်က ပြုံးသည်။

“ကောင်းကင်နတ်အရှင်ယွီ၊ နင် မိုက်မဲလွန်းတယ်”

နတ်ဘုရားမ၏ ပုံရိပ်က စကားပြောသည်။ သူမ၏ တည်ငြိမ်အေးဆေးသော အသံက ကျယ်သထက် ကျယ်‌လောင်လာကာ ချင်မူ့နှလုံးသားအထဲသို့ ထိုးဖောက်ဝင်ရောက်လာ၏။ “အခုလေးတင်မှ သေရွာက ပြန်ရှင်လာရတဲ့ နင့်အနေအထားနဲ့ ချောက်ကမ်းစပ်မှာ လမ်းလျှောက်နေရသလို ကြောက်နေသင့်တာ မဟုတ်လား... နင် မသေခင် နင့်ကို ဖိနှိပ်ထားတဲ့ အား,ကို မေ့သွားပြီလား... မန့်လန်အဆောင်က ငါ့အစ်မတော် စံမြန်းတဲ့အဆောင်ပဲ... အဲဒါက ငါ့ဆီက ဖိအားဆိုတာ နင် မသိဘူးလား”

ချင်မူက ရှေ့သို့ တိုးရန် ဆက်လက်ရုန်းကန်နေဆဲပင်။ သူ ကောင်းကင်နတ်အရှင်ဟောင်ကို သတ်မှဖြစ်မည်။

နတ်ဘုရားမ မျက်မှောင်ကြုတ်သွား၏။ “ငါ သက်ညှာပေးနေတာကို ကျေးဇူးမတင်ဘူးပေါ့လေ... ဟောင်အာ၊ သူ့ကို လက်စဖျောက်လိုက်တော့... ဒီတစ်ခေါက် ဘာအရှုပ်အရှင်းမှ မကျန်စေနဲ့ ... အလောင်းပါ အစပျောက်သွားပလေ့စေ”

ကောင်းကင်နတ်အရှင်ဟောင်က ဦးညွှတ်အရိုအသေပေးရင်း ကျေးဇူးတင်စကား ဆိုပြီးနောက် ဆယ်မိုင်ရှည်လျားသော ဓားရောင်ကို ကွေ့ရှောင်လိုက်သည်။ ဓားရောင်မှာ အေးခဲခံထားရသကဲ့သို့ လေလယ်တွင် ရပ်တန့်နေသည်။

ကောင်းကင်နတ်အရှင်ဟောင် စိတ်အေးလက်အေး ဖြစ်သွားပြီး ဆယ်မိုင်အကွာရှိ ချင်မူ့ဆီသို့ လမ်းလျှောက်သွားသည်။ သူက အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “ဒါပေမဲ့ အမေ၊ သူက ကောင်းကင်နတ်အရှင်ယွီ မဟုတ်ဘူး”

နတ်ဘုရားမ အံ့အားသင့်သွားပြီး ချင်မူ့ဆီသို့ လှည့်ကြည့်သော်လည်း ရုပ်ဖျက်ထားမှန်း မမြင်ရပေ။

ကောင်းကင်နတ်အရှင်ဟောင်က အလွန်ကျေနပ်နေသည်။ “သူက ကောင်းကင်နတ်အရှင်မူပဲ... ကောင်းကင်နတ်အရှင်ယွီအစစ်က မြေကြီးအောက်က အခေါင်းထဲမှာ ရှိနေလောက်သေးတယ်”

“အရှင်မင်းကြီး ဒီနေ့ပဲ ဘွဲ့ချီးမြှင့်လိုက်တဲ့ ကောင်းကင်နတ်အရှင်မူဆိုတာလား... သူ့ကောင်းကင်နတ်သိုင်းက တခြားသူတွေနဲ့ အမှန်တကယ် ကွာခြားပါပေတယ်... စိတ်ကူးနဲ့ မှန်းဆမကြည့်လို့ မရတဲ့ သဘောတရားမျိုးစုံ ကိန်းဝပ်နေတယ်”

ကောင်းကင်နတ်အရှင်ဟောင်သည် ဆယ်မိုင်အရှည် ဓားရောင်၏ အလယ်သို့ လျှောက်သွားကာ ပြောလိုက်၏။ “သူက ကောင်းကင်နတ်အရှင်ယွီနဲ့ တူအောင် ထူးဆန်းတဲ့ နည်းလမ်းတစ်ခု သုံးပြီး ရုပ်ဖျက်ထားတာ... ကောင်းကင်နတ်အရှင်ယွီက မသေခင် သူ့ကိုလည်း နတ်ဘုရားဖြစ်နိုင်မယ့် နည်းလမ်း ပြောပြထားခဲ့တာမလို့ သူ ကောင်းကင်နတ်အရှင်ယွီအယောင် ဆောင်နိုင်ခဲ့တယ်... ဒါပေမဲ့ ကျွန်တော် သိချင်တာက သူ့ရဲ့ အရင်ရုပ်ကရော တကယ့်အစစ် ဟုတ်ရဲ့လား ဆိုတာပဲ... ကောင်းကင်နတ်အရှင်မူရဲ့ မျက်နှာက အစစ်မဟုတ်ဘူးလို့ ကျွန်တော် သံသယရှိမိတယ်”

နတ်ဘုရားမက ပြုံးသည်။ “အမေ့သားက ထက်မြက်ပါပေတယ်... မင်း သူ့ကို သတ်လိုက်ရင် သူ့အနေနဲ့ ရုပ်အစစ် ဖော်ပြရုံအပြင် ရွေးချယ်စရာ ဘယ်ရှိပါ့မလဲ... အမေ သူ့ကို ဖိနှိပ်ပေးထားပြီးပြီ၊ စိတ်တိုင်းကျသာ တိုက်ခိုက်...”

ဤအခိုက်အတန့်တွင် ဓားရောင်က ရုတ်တရက် ကျုံ့သွား၏။

ဆယ်မိုင်အရှည် ဓားရောင်သည် ရုတ်ခြည်းဆိုသလို အလုံးတစ်လုံးအဖြစ် ကျုံ့ဝင်သွားပြီး ကောင်းကင်နတ်အရှင်ဟောင်၏ အရှေ့တည့်တည့်တွင် ရပ်လိုက်သည်။

ကောင်းကင်နတ်အရှင်ဟောင် မှင်သက်သွားပြီး သွေးများ အေးခဲသွားသလို ခံစားလိုက်ရသည်။

ဓားရောင် ကျုံ့သွားသည့်အချိန်တွင် သူ့မှာ ရက်စက်ကြမ်းကြုတ်သော ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ စူးစူးရဲရဲ စိုက်ကြည့်ခြင်း ခံနေရသည့်အလား ခံစားနေရသည်။ သားသတ်သမား၏ သားသတ်ခန်းထဲ ရောက်သွားသည့်အလား ထင်ရ၏။

ချင်မူက ငါးမိုင်အကွာတွင် ဖြစ်ပြီး နတ်ဘုရားမကြောင့် လှုပ်မရပေ။ အံတင်းတင်း ကြိတ်ထား၍ သူ့သွားများမှ အံကြိတ်သံများ ကျယ်လောင်စွာ ထွက်နေသည်။ နှုတ်ခမ်းထောင့်မှလည်း သွေးများ စီးကျနေသည်။

ထိုစဉ် ဓားစက်လုံး ရွေ့သွားသည်။

ချင်မူ ရှိသမျှအားအင်အကုန်ဖြင့် မာန်သွင်းအော်ဟစ်လိုက်၏။

“ကပ်ဘေးကို ပင့်မြှောက်ခြင်း...”

နတ်ဘုရားမ တုန်လှုပ်သွားပြီး မှော်စွမ်းအင်ကို ကပျာကယာ တိုးမြှင့်ကာ ဓားစက်လုံးအပေါ် ဖိနှိပ်လိုက်သည်။

သူမ၏တန်ခိုးသည် မယှဉ်သာအောင် ကြီးမားသည့်အပြင် အားကောင်းပြင်းထန်၏။ ထို့ကြောင့် တမုဟုတ်ချင်း ဓားစက်လုံးအား ချုပ်နှောင်နိုင်လိုက်သည်။ သို့သော် ထူးဆန်းသည်မှာ ဓားစက်လုံး ချုပ်နှောင်ခံလိုက်ရသော်လည်း ဓားပျံများက ဓားစက်လုံးအတွင်းမှ ပျံထွက်လာနိုင်သေးလေသည်။

ကောင်းကင်နတ်အရှင်ဟောင် အလျင်အမြန် နောက်ဆုတ်လိုက်သည်။ ဓားပျံများက ထူးဆန်းသော ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လျက် ရွေ့လျားလာ၏။ ထိုဓားကွက်သည် အခြေဓားချက် ဆယ့်ရှစ်ချက်ထဲမှ မဟုတ်ပေ။‌ ရှေးဟောင်းနတ်ဘုရားမ၏ ပုံရိပ်ပင် ၎င်းအား မဖိနှိပ်နိုင်။

ဖောက် ဖောက် ဖောက်

ကောင်းကင်နတ်အရှင်ဟောင်၏ ခန္ဓာကိုယ်မှာ ဓားပျံများ ထုတ်ချင်းဖောက်သွားဖြင့် သွေးစိမ့်နေသော အပေါက်ရာများ ပွင့်ထွက်လာတော့သည်။

ကပ်ဘေးဓား၏ ဒုတိယဓားကွက်၊ ကပ်ဘေးပင့်မြှောက်ဓား

ကပ်ဘေးကို ဖွင့်လှစ်၍ ဓား ပင့်မြှောက်ကာ သားကောင်အား သတ်ဖြတ်မည်။

ဤရှေးဟောင်းနတ်ဘုရားမ၏ ပုံရိပ်အောက်တွင်၊ ပြန်တိုက်ခိုက်ရန် အင်အားမရှိသော ကူကယ်ရာမဲ့ အခြေအနေတွင် ချင်မူသည် ဓားလမ်းစဉ်၏ ဒုတိယအခန်းအား စဉ်းစားတွေးခေါ်နိုင်သွား၏။ သူကား ဓားလမ်းပေါ်၌ နောက်တစ်လှမ်း လှမ်းလိုက်နိုင်ချေပြီ။

ထိုမျှသာမက သူ၏ဓားကွက်က ဆယ့်ကိုးချက်မြောက် အခြေခံဓားချက်ကို ထုတ်ဖော်ပြသလိုက်ကာ ဤကမ္ဘာ၏ ဓားပညာအား နောက်တစ်ဆင့်သို့ တွန်းပို့ပေးလိုက်သည်။

ကောင်းကင်နတ်အရှင်ဟောင်၏ ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာပြီး ကပ်ဘေးပင့်မြှောက်ဓား၏ ခန့်မှန်းမရသော လမ်းကြောင်းက နတ်ဘုရားမဆီမှ ဖိနှိပ်ချုပ်နှောင်မှုအားလုံး ဖြိုခွင်းပစ်လိုက်၏။ ဓားကွက်သည် ထူးဆန်းပြီး မှန်းဆမရသောကြောင့် ကောင်းကင်နတ်အရှင်ဟောင် သူ့ကိုယ်သူ မကာကွယ်နိုင်တော့ပေ။

နတ်ဘုရားမပင် မည်သို့မျှ မတတ်နိုင်ပေရာ သူ့မှာ မည်သို့ ကာကွယ်နိုင်မည်နည်း။

ဆယ့်ကိုးချက်မြောက် အခြေခံဓားချက်အသာထား၊ ဤခေတ်တွင် အခြေခံဓားချက် ဆယ့်လေးချက်ပင် မတီထွင်ရသေးသည် မဟုတ်ပါ၏လော။

တစ်ချိန်တည်းမှာပင် နတ်ဘုရားမ၏ ပုံရိပ်က ချင်မူ့ဆီသို့ ရိုက်ချလိုက်သည်။ သူမအနေဖြင့် ဓားပျံများကို မထိန်းချုပ်နိုင်သဖြင့် ချင်မူ အရင်ဆုံး သေသွားအောင် လုပ်ရလိမ့်မည်။ သို့ဆိုလျှင် သိုင်းကွက်ကိုလည်း တားဆီးပြီးသား ဖြစ်မည်။

သူမ၏လက်ဝါးသည် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းအောင် မြန်ပေသည်။ လက်ဝါး ဖိချလိုက်သည့်အချိန်တွင် ပတ်ပတ်လည် မိုင်တစ်ရာအတွင်းရှိ ပင်လယ်ရေပြင်မှာ ရုတ်တရက် နိမ့်ကျသွား၏။ ဧရာမလက်ဝါးကြီး တစ်ခု ပေါ်လာသည်။

ထိုအချိန်တွင် လူငယ်တစ်ယောက် ဤနေရာသို့ အပြေးအလွှား လာနေသည်ကို သူမ လှမ်းမြင်လိုက်ရသည်။ သူ၏ခြေထောက်အောက်တွင် ပင်လယ်ရေသည် တဗွမ်းဗွမ်း ပေါက်ကွဲလျက် ရှိ၏။

လူငယ်က ပြေးလာနေစဉ် လက်နှစ်ဖက်အား နိမ့်ချည်မြင့်ချည် လှုပ်ရှားနေသည်။ မရေမတွက်နိုင်သော ကောင်းကင်နတ်သိုင်းများသည် သူ့ကို ဝန်းရံလှည့်ပတ်သွားပြီး သူက တောင်တန်းများကို ဖြိုခွင်း၍ ပင်လယ်ပြင်ကို လှန်မှောက်ကာ ချင်မူ့ဆီသို့ အပြေးလာနေသည်။

“အားနည်းလွန်းတယ်”

နတ်ဘုရားမ သူ့ကို ဥပေက္ခာပြုလိုက်သည့်အချိန် လက်သီးကြီးတစ်လုံးက ကောင်းကင်နှင့်မြေပြင်အပြည့် နေရာယူသွားသည်။ ထိုလူငယ်၏ ကောင်းကင်နတ်သိုင်း ရောက်မလာခင် လက်သီးကြီးက သူမ၏လက်ဝါးကို ဘုန်းခနဲ တိုက်ချသွား၏။

နဂါးသွဲ့ရေကန်တစ်ကန်လုံး လှုပ်ခတ်သွားပြီး ကြာပွင့်များ ယမ်းခါသွားသည်။ တောင်တန်းများ သယ်‌ဆောင်ထားသော လိပ်အိုကြီးများလည်း လေပေါ် မြောက်တက်ကုန်ကာ ယက်ကန်ယက်ကန် ဖြစ်နေကြသည်။

“မိစ္ဆာမ၊ သခင်ကြီးနျိုပန်း ရောက်လာပြီ”

နွားအိုကြီးက မာန်သွင်းဟစ်အော်လျက် ကြွက်သားများ အမြှောင်းမြှောင်း ထနေသည့် နွားခေါင်းနတ်ဘုရားတစ်ပါးအသွင် ပြောင်းလိုက်ကာ ပင်လယ်ပြင်သို့ ဆင်းသက်လာသည်။

ပင်လယ်ရေပြင်မှာ လှိုင်းထန်အုံကြွသွားကာ အားလှိုင်းတို့က ခိုင်ဧကရာဇ်၏ ကောင်းကင်နတ်သိုင်းများကို ဖြိုခွဲလိုက်ပြီး ချင်မူ၊ ခိုင်ဧကရာဇ်နှင့် ကောင်းကင်နတ်အရှင်ဟောင်တို့အား လွင့်ထွက်သွားစေတော့သည်။

ခိုင်ဧကရာဇ်က ခန္ဓာကိုယ်ကို ခက်ခက်ခဲခဲ လှုပ်ရှားလိုက်ပြီး လွှားခနဲ ခုန်ကာ ချင်မူ့ကို ဆွဲဖမ်းသည်။

အခြားတစ်ဖက်တွင် နေအလင်းတန်းတစ်တန်းက ကောင်းကင်နတ်အရှင်ဟောင်အား စွေ့ခနဲ သယ်ကာ အားလှိုင်းကို ခုခံလိုက်သည်။

ကောင်းကင်နတ်အရှင်ဟောင်သည် ဒွါရပေါက်အားလုံးမှ သွေးစိမ်းရှင်ရှင် ကျနေ၏။ သူ့ခန္ဓာကိုယ်တွင် အပေါက်များ ဇကာပေါက်လို ပြည့်နေပြီး ဤအပေါက်များမှာ ထူးဆန်းသော ကပ်ဘေးပင့်မြှောက်ဓားဆီမှ ဓားချက်များ ဖြစ်ပေသည်။

နေအလင်းတန်းက သူ့ကိုယ်ထဲ ဝင်ရောက်ကာ သွေးတိတ်စေလိုက်သည်။ ထို့နောက် အဝေးရှိ နဂါးသွဲ့စံအိမ်ဆီ သယ်ဆောင်သွား၏။

ကောင်းကင်နတ်အရှင်ဟောင်မှာ ထိုနေရာတွင် မလှုပ်မယှက် လဲနေတော့သည်။

ခိုင်ဧကရာဇ် ချင်မူ့ကို သယ်၍ အသည်းအသန် ပြေးနေသည်။ ချင်မူမှာ အရိုးတစ်ချောင်းမကျန် စိစိညက်ညက် ကြေမွနေသော်လည်း သူ့အသွေးအသားက အဆက်မပြတ် လူးလွန့်ရွေ့လျားနေ၏။ မကြာခင် အရိုးစများ အပြင်စွန့်ထုတ်ခံလိုက်ရကာ အရိုးအသစ်များ ပေါက်လာသည်။

‘အဲဒီလို ဖိအားအောက်မှာတောင် မသေသေးဘူးတဲ့လား’ ခိုင်ဧကရာဇ် အံ့အားသင့်သွား၏။

‘ကျွန်တော့်ဓား...” ချင်မူက အားနည်းဖျော့တော့သောအသံဖြင့် ရေရွတ်သည်။

“လီးကို မင်းဓားလား”

ခိုင်ဧကရာဇ် ဒေါသထွက်သွားပြီး ဆူလိုက်မိသည်။ “ငါ မင်းကို ပြဿနာ ရှာဖို့ မပြောခဲ့ဘူးလား... ငါ ဒီလိုဖြစ်လာမှာ ကြိုမြင်လို့ အစ်ကိုကြီးနျိုပန်းကို ခေါ်ပြီး မင်းကို နဂါးသွဲ့ပင်လယ်မှာ လာမရှာခဲ့ရင် မင်း သေတာ ကြာပြီကွ”

ချင်မူက ပြုံးနေသည်။ “အခုမှပဲ ခင်ဗျားက သက်ရှိလူသားတစ်ယောက်နဲ့ တူတော့တယ်... ကျွန်တော် သိပ်ပျော်တာပဲ...”

ခိုင်ဧကရာဇ် မှင်သက်သွားသော်လည်း ပြုံးလိုက်မိသည်။ “စကားမပြောနဲ့ ကိုယ့်ကိုယ်ကို အရင်ကုဦး”

ချင်မူက လက်ဝါးဖြန့်၍ အနောက်သို့ လက်ယပ်ခေါ်လိုက်သည်။ ဓားရောင်လေးများသည် သူ့ဆီ ပျံသန်းလာပြီး အချင်းချင်း ဝင်တိုက်ကာ ဓားစက်လုံးအသွင် ဖွဲ့တည်သွား၏။ ဓားစက်လုံးက လျင်မြန်စွာ ပိတ်သွားလေသည်။

“ကောင်းကင်နတ်အရှင်ဟောင်ကို သွားသတ်ရအောင်”

ချင်မူ သွေးအန်ကာ အားနည်းဖျော့တော့စွာ ပြောလိုက်သည်။ “သူ သေခါနီးနေပြီ... ဓားနဲ့ နောက်တစ်ချက် ထိုးလိုက်ဖို့ပဲ လိုတယ်....”

“သူ့အစား ငါတို့အသက်ကို မင်း ပိုစိတ်ပူပေးသင့်တယ် ထင်တယ်”

ခိုင်ဧကရာဇ်မှာ ပတ်ဝန်းကျင်တွင် တစတစ များပြားလာသော နတ်ဘုရားတစ်ပိုင်းများကို မြင်လျှင် သက်ပြင်းချလိုက်သည်။ သူက ခပ်တိုးတိုး ပြောလိုက်၏။ “မင်း သူ့ကို သတ်စရာမလိုဘူး... နောင်ကျရင် ငါကိုယ်တိုင် သူ့ကို သတ်ပြီး ကောင်းကင်နတ်အရှင်ယွီအတွက် ကလဲ့စားချေပေမးယ်... အခုတော့ ငါတို့ လွတ်အောင် ဘယ်လိုပြေးရမလဲပဲ စိတ်ပူတယ်”

ချင်မူ ရုတ်တရက် မျက်ရည်များ ဝဲတက်လာပြီး ခေါင်းကို တစ်ဖက်လှည့်လိုက်သည်။ သူက သူ့ဘာသူ တွေးနေမိ၏။ ‘ဘိုးဘိုးကြီး၊ ခင်ဗျား.... ခင်ဗျား အသက်ရှင်သေးရဲ့လားတောင် ကျွန်တော် မသိတော့ဘူး... ခင်ဗျား ရဲရဲဝင့်ဝင့် တိုက်ခိုက်ပြီး စစ်မြေပြင်မှာ ကျဆုံးသွားခဲ့သင့်တာလို့ တစ်ခါ တွေးခဲ့ဖူးပေမယ့်... အခုတော့ ရွှင်ပျော်ပျော်ကျေးရွာမှာ အသက်ရှင်နေပါစေလို့ပဲ မျှော်လင့်မိပါတယ်’

All Chapters