မနက်စာ
Vol. 9 Ch. 11
“မင်္ဂလာနံနက်ခင်းပါ၊ သခင်မလေး။” မက်ဒါနာနိုးလာတော့ သူ့ဘာသာအဝတ်လဲနေတဲ့အေမီကို အခန်းထဲမှာ တွေ့လိုက်ရတယ်။ ဒါကြောင့် မက်ဒါနာလည်း ထူးဆန်းစွာနဲ့ အေမီရဲ့ခန္ဓာကိုယ်ကိုကြည့်လိုက်လေရဲ့။
သူပြန်ပြီးဖန်တီးထားလို့ အေမီရဲ့ခန္ဓာကိုယ်က လူသားတစ်ယောက်နဲ့လုံးဝနီးပါးဆင်တူပြီး အရေပြားကပြစ်မျိုးမှဲ့မထင် ညိုပြီးချောမွေ့နေတာမျိုးဖြစ်တယ်။ ဒါပေမဲ့ပြဿနာက...
“အေမီရေ၊ နင်ဘာလို့ အဝတ်လဲနေတာလဲဟင်။” မက်ဒါနာက သူ့စိတ်ထဲမှာသိမ်းထားရလွန်းလို့ မအီမသာဖြစ်နေတဲ့မေးခွန်းကို ထုတ်မေးလိုက်တယ်။ စက်ရုပ်တစ်ရုပ်အနေနဲ့ အေမီက လူသားတွေလိုမျိုး ချွေးထွက်ခြင်းမရှိပါဘူး။ အဝတ်အစားတွေညစ်ပတ်ကုန်လို့ လဲရတာမျိုးရှိပေမဲ့လို့ များသောအားဖြင့် အပြင်ကပြန်လာပြီးညနေပိုင်းလောက်မှ အဝတ်လဲတာ။ မနက်ပိုင်းအဝတ်မလဲဘူး။
“အဲဒါကလား၊ မနေ့ညက သခင်မလေးအိပ်ပျော်သွားတော့ ကျွန်မအပြင်ခနသွားလိုက်သေးတယ်လေ။”
အေမီက သူ့ခြေထောက်မှာစွပ်ထားတဲ့ အဖြူရောင်စတော့ကင်အတိုကို ချွတ်လိုက်ရင်း မက်ဒါနာကိုပြန်ဖြေပါတယ်။ ခြေအိတ်ရှည်နှစ်ဖက်လုံးချွတ်ပြီးတဲ့နောက် ရင်ဘတ်က ဇာနက်ကလေးတွေကိုချွတ်ဖို့လုပ်တော့ မက်ဒါနာလည်း အလိုက်သတိတစ်ဖက်လှည့်ပေးလိုက်တယ်။
“နင်ညဘက်မြို့ထဲမှာ ကင်းလှည့်တာလား။” မက်ဒါနာက နီရဲနေတဲ့ သူ့ပါးပြင်လေးကို အေမီမမြင်ရအောင်လို့ လက်ဝါးနဲ့အုပ်ထားပြီး နံရံကိုပဲ စိုက်ကြည့်နေဖို့ကြိုးစားနေတယ်။ ဒါပေမဲ့ အခန်းမီးလုံးအောက်တည့်တည့်မှာ အေမီရဲ့ခန္ဓာကိုယ်ကရှိနေတဲ့အတွက် အရိပ်က နံရံကိုလာထိုးနေပြီး အေမီရဲ့ခန္ဓာကိုယ်လှလှလေးကို တစ်ဆင့်ခံမြင်နေရရော။
‘ဘုရားဘုရား... ငါတော့အရည်ပျော်တော့မယ်နဲ့တူတယ်။’ မက်ဒါနာ သူ့နှလုံးအရမ်းခုန်နေတာကို ခံစားမိတယ်။ တစ်ကိုယ်လုံးလည်း ခိုက်ခိုက်တုန်လို့။ ‘ဒီလိုမှန်းသိရင် တစ်ခါတည်းအိပ်ခန်းထဲကနေ ထွက်ပေးပါတယ်။’
အေမီကတော့ မက်ဒါနာရဲ့တဆတ်ဆတ်တုန်ရင်နေတဲ့ ကျောပြောကို လှမ်းကြည့်ရင်း စချင်စိတ်အပြည့်နဲ့ပြောလိုက်လေရဲ့။ “မမလေးရေ၊ ကျွန်မတို့တွေက မိန်းမချင်းတွေပဲမဟုတ်လား၊ ဒီလောက်ကွယ်ပေးစရာမလိုပါဘူးနော်။ မမလေးကို ကျွန်မနားလည်ပါတယ်။”
“ရ... ရတယ်၊ ငါဒီလိုနေလဲ အဆင်ပြေတယ်။ နင့်ဘာသာပြောစရာရှိတာပြော။”
“အင်း...” အေမီက ခေါင်းညိတ်လိုက်ပြီး လုပ်စရာရှိတာဆက်လုပ်တယ်။ ပေကျံနေတဲ့ အင်္ကျီတွေကိုချွတ်ပြီးတဲ့နောက် ရေချိုးတဲ့သဘက်ကိုဝတ်လိုက်ပြီး ကိုယ်ပေါ်မှာရုံပါတယ်။ အဲဒီနောက် အိမ်စေဝတ်စုံအသစ်ကို ကောက်ယူလိုက်ပြီး လက်ဖျံပေါ်ခေါက်တင်လေရဲ့။
“မနေ့ညက ပုစွန်ကောင်ကို တခြားတစ်နေရာရာမှာဝှက်ဖို့ ခနထွက်သွားမိတာပါသခင်မလေး။ မနက်ဖြန်လုပ်မယ့်ပြိုင်ပွဲမှာ နံနံစော်စော်အကောင်တစ်ကောင် ဒီမှာရှိနေလို့မဖြစ်ဘူးလေ။”
မက်ဒါနာလည်း သေချာစဥ်းစားလိုက်ပြီး အေမီဘက်ကို အမှတ်တမဲ့လှည့်ကြည့်ပြီး ခေါင်းညိတ်ပြမိတယ်။ “ဒါလည်းဟုတ်တာပဲ...” ဒါပေမဲ့ ခနနေတော့ အေမီရဲ့ပုဝါလေးနဲ့ပုံစံကိုမြင်ပြီး နှာခေါင်းထဲကနေ သွေးတွေစီးကျလာပါလေရော။
“မမလေး၊ နှာခေါင်းကနေ သွေးတွေယိုကျနေပြီ။ ကျွန်မဆရာဝန်ခေါ်ပေးရမလား။”
“နေနေ... ငါအဆင်ပြေတယ်။ နင်အရင်ရေသွားချိုးတော့။ နင်ပြီးမှ ငါကိုယ်လက်သန့်စင်တော့မယ်။” မက်ဒါနာက မျက်စိကိုစုံလုံးမှိတ်ရင်း အေမီကိုနှင်ထုတ်တယ်။ အေမီလည်း သက်ပြင်းချလိုက်ပြီး “မမလေး သဘောပါပဲလေ။”လို့ပြောကာ အခန်းထဲကနေ ထွက်သွားလေရဲ့။
....
အေမီအလှည့်ပြီးသွားတော့ မက်ဒါနာက ရေချိုးခန်းထဲဝင်ပြီး ရေချိုးတယ်။ အဲဒီနောက် အသင့်ပါလာတဲ အဝတ်တွေကောက်လဲလိုက်ပြီး အောက်ထပ်ကိုဆင်းလာလိုက်တယ်။ အဲဲဒီနောက်တော့ လှေကားအဆင်းမှာ သန့်ရှင်းရေးလုပ်ဖို့ ဝတ်စုံအပြည့်ဝတ်ထားတဲ့ ကြမ်းတိုက်တုတ်နဲ့လီဆာကို ဝင်တိုက်မိတော့မလိုဖြစ်တော့တာပဲ။
“ဟဲ့ဟဲ့... လီဆာရယ်၊ နင်ဘယ်လိုလုပ်ပြီး လမ်းမကြည့်ဘဲ လျှောက်နေရတာလဲ။”
“အာ... မေမေမက်ဒါနာ၊ အဲလေ အရူးမကြီး။” ပထမတော့ လီဆာက မော့ကြည့်ပြီး မက်ဒါနာကို မေမေလို့ခေါ်မိသေးပေမဲ့ ချက်ချင်းဆိုသလိုပဲ အရူးမကြီးလို့ ပြန်ပြောင်းခေါ်တယ်။ အဲဒီနောက်တော့ သူလုပ်နေတာကို ရှင်းပြတယ်။
“သန့်ရှင်းရေးလုပ်ဖို့လိုအပ်တဲ့ပစ္စည်းတွေကို အသင့်ပြင်နေတာလေ။” လီဆာက စိတ်မရှည်တဲ့ပုံစံနဲ့ပြောလိုက်ပြီး လှေကားအောက်မှာရှိတဲ့ သိုလှောင်ခန်းအသေးလေးကိုဖွင့်လိုက်ထဲ။ အထဲမှာ ဖုန်စုပ်စက်၊ ကြမ်းတိုက်တံမြက်စည်းအမျိုးမျိုးနဲ့ မှန်ကြည်ဆေး၊ အိမ်သာဆေးဆေးရည်လိုမျိုး ဓာတုဗေဒပစ္စည်းတချို့ပါရှိနေပါတယ်။ မက်ဒါနာကို သူလုပ်နေတဲ့ကိစ္စအကြောင်း ပြောပြီးနောက်တော့ လီဆာက နဂိုအခြေအနေအတိုင်းပြန်ရောက်သွားပြီး မက်ဒါနာနားမလည်နိုင်တဲ့စကားတွေကို တစ်ကိုယ်တည်း ရေရွတ်နေတော့တယ်။
“ကြမ်းတိုက်ဝတ်အစိုက ဝိုင်းဝိုင်းနဲ့အဖက်အဖက်တွေပါတဲ့ဥစ္စာ၊ ကြမ်းတိုက်ဝတ်အစိုက လေးထောင့်ပြားပြားလေး။ အိမ်သာရေဆေးမချရင် ဆေးရည်အရင်ထည့်ပြီးမှဆေးရမယ်....”
မက်ဒါနာလည်း လီဆာရဲ့မပီမသရေရွတ်သံတွေကို နားထောင်ရင်းကနေ ခေါင်းမူးလာတဲ့အတွက် ဒီအတိုင်းလွှတ်ထားပြီး စားသောက်ဆိုင်ထဲဝင်တော့ အဲလင့်က စားသောက်ဆိုင်ထဲက စားပွဲခုံတွေကိုလိုက်ပြီး သန့်ရှင်းရေးလုပ်နေတာ တွေ့လိုက်ရတယ်။
“ဒီနေ့ ငါဆင်းလာတာ စောလို့များလား။” မက်ဒါနာက တိုင်ကပ်နာရီကိုမော့ကြည့်လိုက်တော့ အချိန်က ပုံမှန်ပါပဲ။ နောက်ကနေ ဘယ်ချိန်ကတည်းကမှန်းမသိ ကပ်ပါလာတဲ့အေမီက ရုတ်တရက်ကြီး ထွက်ရှင်းပြတယ်။
“သခင်မလေးထွက်လာတာ မစောပါဘူးရှင့်၊ သူတို့က ပြိုင်ပွဲအတွက် အသေးစိတ်ကျကျသန့်ရှင်းရေးလုပ်နေတာပါ။”
“အောင်မလေး၊ အေမီရယ်။ နင်ဘယ်ချိန်တည်းကရောက်နေတာလဲ။ အသံလေးဘာလေးပေးမှပေါ့။”
“မမလေးနဲ့လီဆာ စကားပြောနေကတည်းက ကျွန်မသခင်မလေးအနားရောက်နေတာပါ။”
အေမီက တောင်းပန်တဲ့အနေနဲ့ မက်ဒါနာကို ဦးညွှတ်တယ်။ မက်ဒါနာကလည်း လီဆာရထားတဲ့စာရွက်ထဲက အကြောင်းအရာတွေကို ပြန်စဥ်းစားလိုက်တော့မှ သူတို့ဘာလို့အစောကြီး သန့်ရှင်းရေးလုပ်နေတာလဲဆိုတာ နားလည်တော့တယ်။
“ဟုတ်သားပဲ၊ နေ့လယ် ၁၂ နာရီကျရင် အကဲဖြတ်ဒိုင်တွေရောက်လာပြီး တည်းခိုခန်းနှစ်ခုရဲ့သန့်ရှင်းမှုကို အကဲဖြတ်မှာပဲ။”
အေမီလည်း ခေါင်းညိတ်လိုက်ပြီး ဆက်ရှင်းပြပါတယ်။ “ဟုတ်ပါတယ်ရှင့်၊ အခုဆိုရင် ဆိပ်ကမ်းပြာရော ဘလိဗီးယားဟိုတယ်ပါ အသေးစိတ်သန့်ရှင်းရေးလုပ်နေလောက်ပြီထင်ပါတယ်။ ဟိုတယ်တွေမှာက အသေးစိတ်သန့်ရှင်းရေးလုပ်တာနဲ့ ပုံမှန်သန့်ရှင်းရေးလုပ်တာဆိုပြီး နှစ်မျိုးရှိပါတယ်။”
မက်ဒါနာက လက်ညိုးကို နှုတ်ခမ်းပေါ်တင်လိုက်ပြီးအေမီညက လီဆာကိုရှင်းပြနေတဲ့အကြောင်းတွေကို ပြန်စဥ်းစားကြည့်တယ်။ မနေ့ညက လီဆာညနက်မှ ပြန်သွားရတာ။ မက်ဒါနာလည်း သူနဲ့မဆိုင်လို့သေချာအာရုံစိုက်နားမထောင်ပေမဲ့ တချို့ကိစ္စတွေကိုတော့ ကြားလိုက်သေးတယ်။
“ပုံမှန်သန့်ရှင်းရေးက ဟိုတယ်အပြင်ပိုင်းကို ဖုန်သုတ်၊ တံမြက်စည်းလှည်း၊ ကြမ်းတိုက်တာလိုမျိုး အပေါ့စားသန့်ရှင်းရေးတွေပဲလုပ်တာဖြစ်ပြီးတော့ နေ့တိုင်းလုပ်ကြရတယ်မဟုတ်လား။ အသေးစိတ်သန့်ရှင်းရေးက လေးလံတဲ့ဆိုဖာတွေ ပရိဘောဂပစ္စည်းတွေကိုပါ သေချာသန့်ရှင်းရေးလုပ်တာဖြစ်ပြီးတော့ တည်းခိုခန်းအသေးတွေမှာ တစ်ပတ်တစ်ခါနဲ့ အလတ်စားနဲ့အကြီးစားတွေမှာ တစ်ပတ်နှစ်ခါသုံးခါလုပ်တတ်တယ်မဟုတ်လား။”
အေမီက သူ့သခင်မလေးကို ဂုဏ်ယူစွာနဲ့ကြည့်လိုက်ပြီး အသိအမှတ်ပြုတဲ့အနေနဲ့ပြုံးပြပါတယ်။ “မမလေး မှတ်ထားတဲ့အတိုင်း အတိအကျပါပဲရှင့်။”
“အင်း၊ ဒါတော့ဒါဆိုပေမဲ့ ဗိုက်ဆာနေပြီ။ ဒီနေ့ဘာဟင်းတွေချက်ထားတယ်မသိဘူး။” မက်ဒါနာက ပြောပြောဆိုဆိုနဲ့ ထိုင်ခုံမှာထိုင်ချပြီး မီနူးရှာလိုက်ပေမဲ့ ဘာမီနူးမှရှိမနေဘူး။ နောက်ဆုံး ယနေ့အထူးဟင်းဆိုပြီးရေးထားတတ်တဲ့ ဆိုင်းဘုတ်ပါရှိမနေတာ။
“.....” မက်ဒါနာ ဘယ်ဘက်ကိုကြည့်လိုက်တယ်။ ဘယ်စားသုံးသူမှမတွေ့ဘူး။
“.....” မက်ဒါနာ ညာဘက်ကိုကြည့်လိုက်တယ်။ စားသုံးသူတစ်ယောက်မှမရှိဘူး။
“နေပါဦး၊ ငါ့အထူးဟင်းက ဘာဖြစ်သွားတာလဲဟင်။” မက်ဒါနာတစ်ယောက် ငိုမဲ့ငိုမဲ့နဲ့ ပြောလိုက်တဲ့အချိန်မှာပဲ သန့်ရှင်းရေးလုပ်နေတဲ့ အဲလင့်က လက်ထဲက ရေပတ်ဝတ်ကို ရေပုံးထဲထည့်ပြီး လာရှင်းပြပါတယ်။
“မင်းသမီးလေးရှင့်၊ စိတ်မကောင်းပါဘူး။ ကျွန်မတို့တည်းခိုခန်းမှာ ဝန်ထမ်းနည်းနည်းပဲရှိတော့ အထူးသန့်ရှင်းရေးလုပ်နေတဲ့အချိန်မျိုးမှာ စားသောက်ဆိုင်မဖွင့်နိုင်ပါဘူး။ အဖွားဒိုင်ယာနာလည်း စားဖိုချောင်ကို သန့်ရှင်းရေးလုပ်နေတာမလို့လေ။”
မက်ဒါနာလည်း စိတ်ပျက်စွာနဲ့ ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပါလေရော။ အေမီကတော့ မက်ဒါနာကို ပြုံးပြပြီး “မမလေး၊ ဒီလမ်းထဲမှာပဲ စားစရာတစ်ခုခု ရှာကြည့်ကြမလား။”
“အင်း၊ အဲဒါလည်းမဆိုးဘူးပဲ။” မက်ဒါနာက ထိုင်နေရာကထပြီး လမ်းပေါ်မှာ တခြားစားသောက်ဆိုင်တွေရှိမရှိ ကြည့်တယ်။ ဒါပေမဲ့ ကြည့်လို့အဆင်ပြေတဲ့ဆိုင် တစ်ဆိုင်မှမရှိဘူးရယ်။ နောက်တော့ ဘလိဗီးယားဖွင့်ထားတဲ့ အောက်ထပ်က စားသောက်ဆိုင်ကို ကြည့်လိုက်မိပြီး
“ဆိပ်ကမ်းပြာနဲ့ပြိုင်ဘက်ဆိုပေမဲ့ နည်းနည်းသွားကြည့်ရင်လည်း မဆိုးပါဘူး။” မက်ဒါနာက ပြောလိုက်တော့ အေမီကလည်း ခေါင်းညိတ်ထောက်ခံပါတယ်။
...
“ဟေး၊ အေမီ။ လီဆာက ဘာမဟုတ်တဲ့ ပြိုင်ပွဲလေးတစ်ခုအတွက်နဲ့ ဘာလို့အခုလောက်အထိ ပင်ပန်းခံနေရတာလဲ။ ပြိုင်ပွဲမစခင်ကတည်းက ငါတားလို့ရခဲ့ပေမဲ့ သူ့ရဲ့တိုက်ခိုက်ချင်စိတ်ကိုကြည့်ပြီး မတားမြစ်ခဲ့မိဘူးလေ။”
မက်ဒါနာက သူနောက်ကနေ ဖြည်းဖြည်းချင်းလမ်းလျှောက်ပြီး လိုက်ပါလာတဲ့ အေမီကိုမေးလိုက်တယ်။ အေမီကတော့ သခင်မလေးရဲ့အရိပ်ကိုငုံကြည့်နေရင်းကနေ ယောင်ယောင်လေးပြုံးပြီးလိုက်လာတယ်။
“လီဆာက အပြောဆိုးပေမဲ့ တကယ်တော့ မမလေးကို ချစ်ပါတယ်။ သူက မမလေး တခြားနေရာကို ထွက်သွားမှာမလိုချင်ရုံပါ။”
မက်ဒါနာကလည်း အေမီစကားကိုနားထောင်နေရင်းနဲ့ အေမီရဲ့အရိပ်ကိုပြန်ငုံကြည့်လိုက်တယ်။ လက်နှစ်ဖက်ကို ချိတ်ပြီးလမ်းလျှောက်နေတဲ့ အေမီရဲ့အရိပ်က သူ့အရိပ်နောက်မှာရှိနေပြီး ဒီအရိပ်လေးက သူ့နောက်မှာ အမြဲလိုက်ပါနေခဲ့တာပါ။
“ဟိုကိစ္စကြောင့် သူငါ့ကို စိတ်ဆိုးနေတုန်းပဲလို့ ထင်နေသေးတာ။”
အေမီက မက်ဒါနာရဲ့အထင်ကိုနားထောင်ပြီးနောက် ခေါင်းကိုခါယမ်းလိုက်လေရဲ့။ “မဟုတ်ပါဘူး၊ မမလေး သူ့နောက်ကိုလိုက်လာပြီးကတည်းက သူမမလေးကို စိတ်မဆိုးတော့ပါဘူး။”
အေမီရဲ့စကားကို နားထောင်နေရင်းကနေ မက်ဒါနာက သွားနေတဲ့ခြေလှမ်းတွေကို ရပ်လိုက်တယ်။ အခုသူတို့က ဘလိဗီးယားဟိုတယ်နားမှာရောက်နေပါပြီ။ဟိုတယ်ရှေ့မှာ ဝန်ထမ်းတစ်ဒါဇင်လောက်က အလုပ်တွေလုပ်နေကြပြီး ကြမ်းပြင်က ကြွေပြားတွေကို အရောင်တင်စက်နဲ့ အရောင်တင်တဲ့သူကတင်၊ အင်္ဂတေကြမ်းခင်းမှာ ကပ်နေတဲ့ရေညှိတွေကို ဖိအားမြင့်ရေဆေးစက်နဲ့ ထိုးချတဲ့သူကထိုးချနဲ့ပါ။ ဆိပ်ကမ်းပြာနဲ့ယှဥ်ရင် ဒီဟိုတယ်မှာက စက်ပစ္စည်းရော လူအင်အားမှာပါ သာလွန်မှုရှိတယ်။
“မမလေး၊ ဟိုကိစ္စကိုရှေ့မဆက်တော့ဘဲ လီဆာကိုစိတ်ရင်းအတိုင်းဆက်ဆံတာ ပိုကောင်းမယ်လို့မထင်ဘူးလား။” အေမီက တောင်းဆိုလိုက်ပေမဲ့ မက်ဒါနာပြန်မဖြေခင်မှာပဲ ဘလိဗီးယားဟိုတယ်က သန့်ရှင်းရေးလုပ်နေတဲ့ ဝန်ထမ်းတွေက သူတို့ကိုမြင်သွားပြီး လုပ်လက်စအလုပ်တွေကို ပစ်ချထားခဲ့ကာ ထွက်လာပြီးကြိုဆိုပါတယ်။
“မင်းသမီးလေးကို ကြိုဆိုပါတယ်။ ကျွန်မတို့နဲ့လိုက်ခဲ့ပေးပါ။” ဝန်ထမ်းမိန်းကလေးတွေက မက်ဒါနာကို ဝန်းရံထားပြီး အိမ်တော်ထိန်းချုပ်ရှိနေတဲ့နေရာဆီကို ခေါ်ဆောင်သွားတယ်။ အိမ်တော်ထိန်းချုပ်က ဟိုတယ်ရဲ့ပင်မဟောခန်းကို သန့်ရှင်းရေးလုပ်တဲ့နေရာမှာ ကိုယ်တိုင်ဝင်ပါပြီး ကြီးကြပ်နေခဲ့တာပါ။
“မင်းသမီးလေး၊ ဘာကြောင့်များ ကျွန်တော်တို့ဆီကို ကြွရောက်လာရတာပါလဲ။” အိမ်တော်ထိန်းက ဦးညွှတ်ပြီးမေးတော့ မက်ဒါနာလည်း ဆာလွန်းလို့တဂွမ်ဂွမ်မြည်နေတဲ့ဗိုက်ကို နှိပ်လိုက်ရင်း
“မနက်စာစားမလို့။” လို့ပြောလိုက်တယ်။ အိမ်တော်ထိန်းချုပ်လည်း ခေါင်းညိတ်လိုက်ပြီးတော့ သီးသန့်ခန်းမတစ်ခုဆီကို ညွန်ပြလိုက်လေရဲ့။
“လောလောဆယ်တော့ ပင်မညစာစားခန်းက သန့်ရှင်းရေးလုပ်နေတယ်ဆိုပေမဲ့ သီးသန့်ခန်းတချို့တော့အားပါတယ်။ စားဖိုမှူးချုပ်ကိုအကြောင်းကြားပြီး အထူးမနက်စာပြင်ဆင်ခိုင်းလိုက်ပါ့မယ်။ ဆယ့်ငါးမိနစ်ထက် ပိုမကြာစေရပါဘူး။”
....
“မကြီးအဲလစ်ရေ၊ အရူးမကြီးဘယ်သွားတာလဲ။” အများသုံးအိမ်သာတွေကို သန့်ရှင်းရေးလုပ်ပြီးတဲ့နောက် လက်ဆေးပြီးထွက်လာတဲ့လီဆာက မေးလိုက်တယ်။ အဲလစ်ကလည်း စားသောက်ဆိုင်က စားပွဲတွေကို သန့်ရှင်းပြီးနေပြီဖြစ်ပြီး ရှေးနာရီစင်ကြီးကို သန့်ရှင်းရေးလုပ်ဖို့ပြင်နေတာပါ။
“မနက်စာစားမယ်ဆိုပြီး ဘလိဗီးယားကိုထွက်သွားတယ်လေ။”
“ဘာ၊ ဘလိဗီးယားဟုတ်လား။ ဒီအရူးမကြီးကတော့။” လီဆာတစ်ယောက် ချက်ချင်းနဂါးတစ်ပိုင်းပုံစံပြောင်းသွားပြီး ဟိန်းလိုက်တယ်။ အဲလစ်ကတော့ ကြောက်စရာလို့မမြင်ဘဲ လီဆာကိုချစ်စရာလို့မြင်နေတဲ့ပုံပဲ။ သူက လီဆာရဲ့နဂါးပုံစံကိုကြည့်ရင်း ပြုံးလိုက်လို့လေ။
“အင်း... ငါတို့ဒီနေ့ မနက်စာမှမချက်တာ။ သူ့ဟာသူ စားချင်တဲ့နေရာမှာစားပါစေ။”
ဒါပေမဲ့ လီဆာကတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သိပ်မကျေနပ်သေးပုံပဲ။ “ဆိုင်တွေအများကြီးရှိတဲ့အထဲကမှ ဘာလို့ကျွန်မတို့ပြိုင်ဘက်ဆီကိုမှ သွားရတာလဲ။”
လီဆာစိတ်ဆိုးနေတုန်း အဲလစ်က အနားရောက်လာပြီး ပခုံးကိုဖွဖွလေးကိုင်လိုက်တယ်။ “လီဆာ၊ နင်အဲဒီဟိုတယ်ကို အနိုင်လိုချင်နေတာ ငါသိပါတယ်။ ဒါပေမဲ့ အဲဒီလောက်အထိ ခါးခါးသီးသီးလုပ်နေစရာမလိုပါဘူး။”
လီဆာက နားမလည်နိုင်တဲ့အတွက်ကြောင့် မော့ကြည့်လိုက်တယ်။ အဲလစ်က ပထမပြိုင်ပွဲရှုံးထားပြီးအခုပွဲက သူတို့ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်တဲ့ပွဲဖြစ်နေတာတောင် တည်တည်ငြိမ်ငြိမ်ရှိနေဆဲပဲ။
“ဒီနေရာတိုင်းမှာ ပြိုင်ဆိုင်မှုဆိုတာ ရှိနေမှာပဲလေ။ ဘာပဲဖြစ်ဖြစ် အကောင်းဆုံးကြိုးစားပြီး ကျော်ဖြတ်တာကမှ အကောင်းဆုံးမဟုတ်လား။ ပြီးတော့ အခုတစ်ခေါက်တာဝန်က လီဆာတစ်ယောက်တည်းလုပ်ရတာမဟုတ်လို့ ကိုယ်လုပ်နိုင်တာကိုပဲလုပ်ပါ။ ဘာမှစိတ်မပူနဲ့ကြားလား။”
“အင်း...” လီဆာက ခေါင်းညိတ်လိုက်တယ်။ အဲဒီအချိန်မှာပဲ နောက်ကနေပြီး အဖွားဒိုင်ယာနာရဲ့စကားသံထွက်ပေါ်လာတယ်။
“လီဆာရေ၊ အပေါ်ထပ်က ပြတင်းပေါက်တွေကို သန့်ရှင်းရေးလုပ်ဖို့မမေ့နဲ့ဦး။”
“ဟုတ်ကဲ့အဖွား...” လီဆာက ခေါင်းညိတ်လိုက်ပြီး နေရာကနေ ပြေးထွက်သွားတယ်။
....
မက်ဒါနာကတော့ အေမီနဲ့အတူ သီးသန့်ညစာစားပွဲခန်းမထဲမှာ အတူရှိနေပါတယ်။ မက်ဒါနာက ခန်းမထဲက ပရိဘောဂပစ္စည်းတွေကို ကြည့်လိုက်တယ်။ မော့ကြည့်တော့ မျက်နှာကျက်ပေါ်မှာ ဖန်လုံးမီးဆိုင်းတွေတပ်ထားတာရှိတယ်။
သက်တောင့်သက်သာရှိတဲ့ အညိုရောင်ဆိုဖာခုံရှည်တွေကို စီချထားပြီး အလယ်မှာတော့ ကနုတ်တွေပါတဲ့ သစ်သားစားပွဲဝိုင်းရှည်ရှိနေလေရဲ့။
“အင်း၊ ဒီညစားစားပွဲအခန်းက ခမ်းနားတယ်ဆိုပေမဲ့ခံစားရတာ တစ်မျိုးကြီးပဲ။”
မက်ဒါနာက အခန်းကိုလိုက်ကြည့်နေရင်း ဝေဖန်လိုက်တော့ အေမီက ချက်ချင်းအဖြေကိုသုံးသပ်ပြီး ပြန်ပြောပါတယ်။ “ဒီအခန်းရဲ့ဖွဲ့စည်းပုံက ပုံမှန် ညစာစားပွဲကျင်းပတဲ့နေရာနဲ့မတူသလို စားသောက်ဆိုင်တစ်ခုရဲ့ပုံစံမျိုးလည်းမရှိတာကြောင့် အခုလိုခံစားရတာပါ။ ဒီနေရာကိုဒီဇိုင်းဆွဲထားတဲ့ပုံအရဆိုရင် လူစုပြီး အရက်သောက်အပျော်အပါးလိုက်စားဖို့လုပ်ထားတဲ့ပုံပါပဲ။”
“နားလည်ပြီ။” မက်ဒါနာက ခေါင်းညိတ်လိုက်တယ်။ ဒီနေရာက ညစာစားခန်းထက်စာရင် မိတ်ဆွေတွေစုစည်းပြီး အရက်သောက်တဲ့နေရာနဲ့ တူညီနေတဲ့အတွက်ကြောင့် သူ့စိတ်ထဲမသန့်သလိုဖြစ်နေမှန်း မက်ဒါနာနားလည်လိုက်တယ်။
“မမလေးရှင့်၊ တကယ်လို့ ဒီအခန်းက သက်သောင့်သက်သာမဖြစ်ဘူးဆိုရင် တခြားအခန်းနဲ့လဲပေးဖို့ ကျွန်မသွားပြောပေးပါ့မယ်။” အေမီက ပြောတော့ မက်ဒါနာက လက်ကာပြတယ်။
“နေပါစေ၊ ဗိုက်ဆာရတဲ့အထဲ အခန်းမလဲချင်တော့ဘူး။ သူတို့လည်း သန့်ရှင်းရေးကိစ္စတွေနဲ့အလုပ်ရှုပ်နေတာမဟုတ်လား။”
နောက်တော့ မက်ဒါနာရဲ့မျက်နှာက ကိစ္စတစ်ခုခုကို သတိရသွားတဲ့ပုံစံနဲ့ တည်ကြည်သွားပြီး အေမီကိုပြောလိုက်ပါတယ်။ “နောက်ပြီး ငါ့စိတ်ထဲမှာ သံသယဝင်နေတဲ့ကိစ္စတစ်ခုရှိသေးတယ်။”
အေမီကလည်း သူ့သခင်မလေး အဲဒီကိစ္စကိုထုတ်ပြောလာမှာ ကြိုစောင့်နေတဲ့အတိုင်းပဲ ခေါင်းညိတ်လိုက်တယ်။ ဒါပေမဲ့ ဖြတ်ပြောမယ့်အစား ယဥ်ကျေးမှုအရ သူ့သခင်မလေးကို စကားဆုံးအောင်ပြောစေပါတယ်။
“ဟိုတယ်ဘလိဗီးယားက ပုံမမှန်ဘူးလို့မထင်ဘူးလား။ အထူးသဖြင့် ဟိုတယ်ပြိုင်ပွဲကိစ္စတစ်ခုလုံးပေါ့။ ဟိုတယ်လောကမှာက စားဖိုမှူးလောကနဲ့မတူဘဲ အခုလိုပြိုင်ပွဲတွေလုပ်တာရှားတယ်လေ။ မရှိသလောက်ပဲဥစ္စာ။”
အေမီက သူ့သခင်မလေးပြောတာ ဆုံးအောင်နားထောင်ပေးပြီးတဲ့နောက်တော့ သူ့အထင်အမြင်ကို စပြောပါတယ်။ “အမှန်ပါပဲ သခင်မလေး၊ ဒီကိစ္စမျိုးက တစ်ယောက်ယောက်ရဲ့စနက်မပါဘဲ ဖြစ်မလာနိုင်တဲ့ကိစ္စမျိုးပါ။ မမလေးက တော်ဝင်မျိုးမလို့ တော်ဝင်မျိုးတည်းခဲ့တဲ့ဟိုတယ်ဆိုတဲ့ဂုဏ်ကို သူတို့လိုချင်တယ်ဆိုရင်တောင်မှ သူများဆီကအတင်းလုယူရင် သူတို့ဂုဏ်သိက္ခာကို ပိုမိုထိပါးစေနိုင်ပါတယ်။”
ပြောရရင်တော့ အခုလီဆာပြိုင်နေတဲ့ ပြိုင်ပွဲတစ်ခုလုံးက ဖြစ်လာစရာယုတ္တိကိုမရှိတာ။ မက်ဒါနာက လက်တစ်ဖက်နဲ့ မေးကိုထောက်လိုက်ပြီး တခြားတစ်ဖက်နဲ့ စားပွဲခုံကို တစ်တောက်တောက်ခေါက်ပါတယ်။
“ဒါဆိုရင် ရေဂင့်လူတွေများ ငါတို့ကိုအာရုံနောက်အောင်လုပ်နေတာလား။ မဖြစ်နိုင်သေးဘူး၊ ရေဂင်ဆိုလည်း သေဆုံးခြင်းအငွေ့အသက်တွေကို လီဆာသတိထားမိမှာပဲ။ ပြီးတော့ ဒီကဝန်ထမ်းတွေက လူသားစစ်စစ်တွေပါ။”
တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းပြီးတဲ့နောက်တော့ မက်ဒါနာက လူနဲ့ပိုးကောင်အယောင်ဆောင်ထားတဲ့လူကို ကောင်းကောင်းခွဲတတ်နေပြီ။ သူသတိမထားမိရင်တောင် အေမီက သတိပေးဦးမှာပါ။
“သခင်မလေး၊ ရေဂင့်လက်ချက်မဟုတ်ဘူးဆိုရင် တခြားဖြစ်နိုင်တာဆိုလို့ ပိုးကောင်အင်ပါယာပဲရှိပါတယ်။ ပိုးကောင်တွေက ကျွန်မတို့ရှေ့ထွက်မလာဘဲ ဒီဟိုတယ်ကို နောက်ကနေကြိုးကိုင်နေတာလဲ ဖြစ်နိုင်တာပဲလေ။ အထူးသဖြင့် ကျွန်မတို့တွေအခုထိ အိမ်တော်ထိန်းချုပ်ကိုပဲတွေ့ရသေးတာ။ ရာထူးအကြီးဆုံးဖြစ်တဲ့ ဟိုတယ်မန်နေဂျာက အခုထိထွက်မလာသေးဘူး။”
ဒေါက်.. ဒေါက်... ဒေါက်...
“မနက်စာလာပို့ပါတယ်။”
မက်ဒါနာက အေမီ့စကားကိုနားထောင်ပြီးတဲ့နောက် ထပ်ဆွေးနွေးချင်တဲ့အတွက် ပါးစပ်ဟလိုက်ပေမဲ့ အပြင်ကနေပြီး တံခါးခေါက်သံထွက်ပေါ်လာတဲ့အတွက် ပြောမယ့်စကားကို ရင်ထဲမှာ ပြန်သိမ်းထားလိုက်တယ်။