← Chapters

အရည်အသွေးသည်သာ ပဓာန

Vol. 51 Ch. 754

အရည်အသွေးသည်သာ ပဓာန

Vol. 51 Ch. 754

“ မစ္စတာလင်းကလည်း… ဘာလို့ အဲ့လောက်ထိ လောကြီးနေတာ…” လီဝေ့ချန်း အတင်းလုပ်ယူ ပြုံးလိုက်ပြီး “ ကျုပ် ခုလေးတင် မြည်းကြည့်တာ ဒီလက်ဖက်ခြောက် အတော်လေးကောင်းတယ်… စမ်းကြည့်ပါဦးလား…”

“ အဓိကက ကျုပ်ရဲ့ စရိုက်ကြောင့်မို့ပဲ… လက်ဖက်ရည်သောက်ပြီးရင် စကားဆက်မပြောချင်တော့ဘူး…” လင်းရီ ပြောလိုက်၏။

“ ဒါဆိုလည်း အလုပ်ကိစ္စ အရင်သွားကြတာ ကောင်းမယ်နဲ့ တူတယ်…”

လင်းရီ၏ ခေါင်းမာနေသည့် အပြုအမူကို မြင်တော့ လီဝေ့ချန်းမှ ဆက်လက် လောကွတ်ချော်မနေတော့ချေ။

' အကုန်လုံးက မပြောလည်း နားလည်ကြတဲ့ ပရော်ဖက်ရှင်နယ်တွေဆိုတော့ လိုရင်း ကိစ္စကို တန်းသွားလိုက်တာပေါ့….'

ထိုအကြောင်း တွေးတောရင်း လီဝေ့ချန်း မတ်တပ်ရပ်ပြီး သူ၏ လက်ဆွဲသေတ္တာကို ယူလိုက်၏။

ထို့နောက် စာချုပ်နှစ်ခု ထုတ်၍ လင်းရီထံသို့ တွန်းပို့ပေးလိုက်ရင်း

“ ဒါက.... မစ္စတာလင်းကို ကျုပ်တို့ ခွိုက်ရှုံကနေပြီး ကမ်းလှမ်းပေးနိုင်တဲ့ စာချုပ်… ကြေးက ၂၀ မီလီယမ်နော်….” လီဝေ့ချန်း ပြုံးလိုက်ပြီး “ ဒါပေါ့… ဒဏ်ကြေး ကိစ္စကတော့ မစိုးရိမ်နဲ့…ကျုပ်တို့ဘက်ကပဲ အပြည့် ချေသွားပေးမှာ… မစ္စတာလင်းကို တစ်ပြားတစ်ချပ်မှ မကုန်စေရဘူး စိတ်ချ… ဆိုတော့… မစ္စတာလင်း… ကျေးဇူးပြုပြီး ကျုပ်တို့ရဲ့ ရိုးသားမှုကို မြင်နိုင်ပြီလား….”

လင်းရီ စာချုပ်ကို ကိုင်မကြည့်ပဲ လီဝေ့ချန်းကို တစ်ချက် ကြည့်လိုက်၏။

ဒီ လူက မဆိုးဘူးပဲ…

ဖော်ရွေပြီး ရိုးသားတဲ့ ပုံစံနဲ့ ချဉ်းကပ်လာပြီး ကောက်ကျစ်ပြီး ဉာဏ်များတဲ့ ပုံစံကလည်း ကင်းမဲ့မနေပြန်ဘူး…

ဒီလို လူမျိုးကပဲ မြို့ကြီးပြကြီးက ကုမ္ပဏီကြီးတွေမှာ ရှင်သန်နိုင်မှာ…

လင်းရီ စိတ်မဝင်စားစွာဖြင့် နားကို လက်သန်းဖြင့် ကလော်ရင်း “ ကျုပ်ကြားချင်နေတာ ဒီစကားမဟုတ်ဘူး… ကျုပ်လိုက်စထွင်းကို ဘယ်ကောင် ရီပို့လုပ်တာလဲ.. အဲ့ကောင်ကို အခုခေါ်ခဲ့… ကျုပ်တွေ့ချင်တယ်…”

လီဝေ့ချန်း အပြုံးမပျက်သေးပဲ သူ၏ ကိုယ်နေဟန်ကို ပြောင်းလဲလိုက်ပြီး ယဉ်ကျေးစွာဖြင့် “ မစ္စတာလင်း… တကယ်တမ်းကျတော့ လိုက်စထွင်းကိစ္စက ပြဿနာ မဟုတ်ပါဘူး… ဒီရဲ့ စာချုပ်မှာ လက်မှတ်ထိုးလိုက်တာနဲ့ ကျုပ်တို့က ကူပြီးတော့……………”

ဘန်း….

လင်းရီ ကော်ဖီစားပွဲကို ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားအောင် ကန်ကျောက်လိုက်ပြီး “ မင်းထင်နေတာ ငါ့အချိန်တွေက တန်ဖိုး မရှိဘူး မှတ်နေတာလား… မင်း ငါ့အချိန်တွေကို သပ်သပ်လာဖြုန်းနေတာပဲကွ…”

လီဝေ့ချန်း အံ့အားတကြီး ဖြစ်သွားခဲ့၏။

သူ လင်းရီကို ကြောင်အစွာ ငေးကြည့်လိုက်ရင်း ‘ စောနလေးတင် စကားပြောလို့ လွယ်ကူမယ့်ပုံစံနဲ့ ခုကျတော့ လုံးဝ ထသတ်တော့မယ့်အသွင် ဖြစ်လာနေပါလား…. ‘

‘ ဒီလူက လုံးဝကို မှန်းဆလို့ မရဘူးပဲ…”

“ မစ္စတာလင်း.. ကျုပ်ဘက်က စိတ်ရင်းနဲ့ လာခဲ့တာကို ဘာလို့ ဒီလိုတွေ ဖြစ်အောင် လုပ်နေတာ…”

“ ငါ့နောက်ကွယ်မှာ ငါ့ကို လှည့်စားနေတာ... အဲ့တာကို စိတ်ရင်းလို့ ခေါ်တာလား…” လင်းရီ ပြောလိုက်ပြီး “ အကုန်လုံးက ရေမျောကမ်းတင်တွေချည်းကို မင်းကိုယ်မင်း မင်းသားယောင်ယောင် ဘာယောင်ယောင် လာလုပ်ပြမနေနဲ့… မင်းကိုယ်မင်း သူများထက် တမူထူးတယ် ထင်နေတာလား…”

“ ကောင်းပြီလေ… မစ္စတာလင်းက စကားမပြောချင်ဘူး ဆိုတော့လည်း ….ကျုပ်က ဘာတတ်နိုင်တော့မှာ…”

လီဝေ့ချန်း ပခုံးတွန့်လိုက်ပြီး လက်လျော့လိုက်သည့် အမူအရာဖြင့် “ ခဏနေကျရင် မစ္စတာလင်းနဲ့ စကားပြောဖို့ တစ်ယောက်ယောက် ရောက်လာပါလိမ့်မယ်…”

သို့နှင့် လီဝေ့ချန်း သူ၏ လက်ဆွဲသေတ္တာကို ယူပြီး ထွက်ခွာသွားခဲ့လေသည်။

လက်မှတ်ထိုးရမည့် စာချုပ်စာတမ်း နှစ်ခုကိုတော့ နေရာတွင် ချန်ထားရစ်ခဲ့၏။ လင်းရီ လက်မှတ်ထိုးလိမ့်မည်ကို သူက ကြိုသိနေသည့်နှယ်ပင်။

တစ်ဖက်ရှိ လင်းရီကလည်း အလျင်မလိုချေ။ နောက် ရောက်လာမည့် လူက နောက်ကွယ်ရှိ ပြဿနာရှာသူ ဖြစ်လောက်၏။

ချလပ်……

မကြာမီ အခန်းတံခါး ပွင့်ဟလာပြီး ဝမ်းဇီချန်းနှင့် မာဝေ့အန်းတို့ ရှေ့ဆင့်နောက်ဆင့် လျှောက်လာကြသည်။

အံ့အားသင့်ဖို့ ကောင်းစွာဖြင့် သူတို့၏ မျက်နှာပေးများက အစွယ်ထုတ်ပြမနေပဲ ပြုံးချိုလို့ နေသည်။ မသိသည့်လူများ မြင်တွေ့သွားမည်ဆိုပါက ၎င်းတို့ကြားတွင် ပဋိပက္ခ ရှိခဲ့ဖူးသည်ဟု ပြောပြလျှင်တောင် အရူးသဖွယ် အကြည့်ခံရပေလိမ့်မည်။

ထိုနှစ်ယောက်ကို မြင်တော့ လင်းရီ ရေးတေးတေး ပြုံးလိုက်၏။

သူ ယခုတလော အလေလိုက်ရင်း မွေ့လျော်နေသောကြောင့် သူ၏ ဦးနှောက်က ပုံမှန်အလုပ်လုပ် မနိုင်စေကာမူ ထိုသူနှစ်ယောက်ကိုတော့မြင်သည်နှင့် တန်းမှတ်မိလေသည်။

“ မျက်နှာဖုံး အစ်ကိုကြီး… နေကောင်းတယ်နော…”

ဝမ်းဇီချန်း လင်းရီနှင့်မျက်နှာချင်းဆိုင် နေရာတွင် ထိုင်ချလိုက်သည်။

“ မင်းတို့နှစ်ယောက်က တအားတွေ ယဉ်ကျေးနေတော့ ရိုက်ရမှာတောင် အားနာသလို ဖြစ်လာပြီ…”

“ အကုန်လုံးက အဆင့်အတန်းရှိတဲ့လူတွေချည်းပါ… ဘယ်သူကမှ ပိုက်ဆံကို မမုန်းပါဘူး… ဟုတ်တယ်မလား…”

“ အဲ့တာနဲ့ပဲ ငါ့စထွင်းကို အဘန်းခံရအောင် လုပ်လိုက်တယ်ပေါ့…”

“ မဟုတ်ပါဘူး…” ဝမ်းဇီချန်း ပြောလိုက်ပြီး “ တကယ်တမ်း ပြောရရင် မစ္စတာလင်း ခွိုက်ရှုံနဲ့ လက်တွဲလိုက်တာက ကောင်းတဲ့ ကိစ္စလို့ ပြောလို့ရတယ်… ဘယ်သူကမှလည်း ဘယ်သူ့ရဲ့လမ်းကို ဝင်ရှုပ်မနေတော့ဘူးလေ… အဲ့လိုဆို အားလုံးက ကိုယ့်လမ်းကြောင်းနဲ့ကိုယ် ဝင်ငွေရှာလို့ရပြီ.. မစ္စတာလင်း ဘယ်လိုထင်လဲ….”

“ ဆိုတော့ အဲ့တာကြောင့်မို့ ငါ့ကို ဒီအခြေအနေထိ ရောက်အောင် တွန်းပို့လိုက်တာပေါ့…”

“ အိုက်ယား.. အဲ့လို မပြောစမ်းပါနဲ့… ဒါတွေက သာမန် စီးပွားရေးလှည့်ကွက်လေးတွေလေ…”ဝမ်းဇီချန်း ပြောလိုက်ပြီး “ ကျုပ်ဘက်က ပြောဖို့ လိုအပ်တာတွေတော့ ပြောပြီးသွားပြီ.. ခု စာချုပ်ချုပ်ကြတော့မလား…. မစ္စတာလင်းဘက်က စာချုပ်ပေါ် မှင်တင်လိုက်တာနဲ့ ကျုပ်တို့ အရင်က ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေ အကုန်လုံးကို သင်ပုန်းချေပေးလိုက်မယ်.. ပြီးရင် ဒီည ကျုပ်တို့ စတူဒီယို နှစ်ခုက စထွင်မာ အလန်းစားလေးတွေ ခေါ်ပြီး ကဲကြမယ်…. တကယ်လို့ မစ္စတာလင်း အကြိုက်တွေ့ခဲ့တယ်ဆိုရင်လည်း ခေါ်သွားပေါ့…”

“ တကယ်လို့ ငါက လက်မှတ်မထိုးဘူးဆိုရင်ကော…”

“ အဲ့လို လုပ်စရာ မလိုပါဘူး.. လူတိုင်းက ပျော်ပျော်ရွှင်ရွှင်နဲ့ ပိုက်ဆံရှာနိုင်မှာ မကောင်းဘူးလား…”

လင်းရီ မျက်ခုံးပင့်လိုက်ပြီး “ မင်းက ငါ့ကို ဘာလုပ်ပါ ညာလုပ်ပါ ဆိုပြီး အမိန့်လာပေးနေတာလား…”

ဝမ်းဇီချန်း ပြုံးလိုက်၏။ လင်းရီ အမူအရာ ပြောင်းလဲသွားခဲ့သည်ကို မြင်သော်ငြား သူ လုံးဝ မတုန်လှုပ်သွားခဲ့ပေ။

“ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာ.. ကျုပ်က လူတိုင်း ကောင်းဖို့ အတွက်ပဲ လုပ်နေတာကို.... ကျုပ်လည်း မစ္စတာလင်းရဲ့ စထွင်မာ အသက်မွေးဝမ်းကြောင်းကို ဒီလောက်နဲ့တင် မရပ်စေချင်ပါဘူး…”

လင်းရီ ဆိုဖာနောက်သို့ မှီလိုက်ပြီး ဝမ်းဇီချန်းနှင့် မာဝေ့အန်းကို တစ်ချက်ကြည့်လိုက်၏။

“ တကယ်တော့ ငါက အဘန်းခံရမှာ ကြောက်ကို ကြောက်မနေတာ… တကယ်လို့ မင်းငါ့ကို တကယ်ကြီး ဘန်းလိုက်နိုင်တယ်ဆိုရင်တော့ မင်းက သေချာပေါက် အံ့အားသင့်ဖို့ ကောင်းလို့ပဲ.. ပြီးတော့ ငါဒီနေ့ ဒီနေရာကို ရောက်လာတယ်ဆိုတာကလည်း အဲ့ပြဿနာ ဖြေရှင်းဖို့ မဟုတ်ဘူး…. ငါ့နောက်ကွယ်မှာ ဘယ်ကောင်က သွေးတိုးစမ်းရဲလဲဆိုတာ သိချင်လို့ ကိုယ်တိုင်လာကြည့်တာ… မင်းတို့ ချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေက ပိန်းတယ်လို့ ပြောပြန်ရင်လည်း မကြိုက်ကြပြန်ဘူး… တကယ်လို့ ရိုက်နှက်ပြီး မဆုံးမပြန်ရင်လည်း ဉာဏ်က ကောင်းမလာပြန်ဘူး…”

ဝမ်းဇီချန်း မတ်တပ်ရပ်လိုက်ပြီး မာဝေ့အန်းနှင့် အတူ နောက်သို့ ခြေသုံးလေးလှမ်းခန့် ဆုတ်၍ လင်းရီနှင့် အကွာအဝေးတစ်ခု ခြားထားလိုက်လေသည်။

သူတို့နှစ်ယောက်လုံး လင်းရီမည်မျှ မိုက်ရူးရဲဆန်ကြောင်းနှင့် အတိုက်အခိုက် တော်ကြောင်းကို တွေ့မြင်ပြီး ဖြစ်၏။

ထို့ကြောင့် သတိထားသည်က မမှားချေ။

မည်သို့ပင်ဆိုစေ လျိုခိုင်မှာ ယခုထိ ဆေးရုံတွင် ဆန်ပြုတ်သောက်နေရဆဲ ဖြစ်သည်။

“ မင်းက ရန်ဖြစ်ချင်တာလား…”

လင်းရီ ပြုံးလိုက်ပြီး “ မင်းတို့ မိဘတွေက အလိုလိုက်ထားကြတော့ ငါကပဲ ဒုက္ခခံပြီး ကိုယ်စား ဆုံးမပေးရမှာပေါ့…. စလိုက်ကြစို့…”

“ ကောင်းပြီလေ.. မင်းက ပြဿနာကို အေးချမ်းတဲ့နည်းနဲ့ မဖြေရှင်းချင်ဘူးဆိုတော့လည်း လက်သီးသုံးပြီးပဲ ဆုံးဖြတ်ကြတာပေါ့…”

သို့နှင့် ဝမ်းဇီချန်း တံခါးပေါက်ဘက်သို့ ကြည့်လိုက်ပြီး “ ဝင်ခဲ့တော့…”

သူ စကားမဆုံးသေးမီ အရပ်အမောင်း ဂင်တိုတိုနှင့် hoodie အဖြူရောင်ဝတ်ထားသည့် အမျိုးသားတစ်ဦး ဝင်လာလေသည်။

ထိုသူက ဝင်လာပြီးနောက် သူ၏ ခေါင်းစွပ်ကို ချွတ်လိုက်၏။

သူ၏ မျက်နှာက မည်းနက်နေပြီး ပိန်ပါးသည့် သွင်ပြင် သဏ္ဌာန် ရှိကာ မေးရိုးကြီးများက လေးထောင့်စပ်စပ် ထင်ရှားနေသည်။ မျက်နှာပေါ်တွင်လည်း ရေသေကဲ့သို့ မည်သည့် အမူအရာကိုမျှ ဖော်ပြမထားပဲ အလွန်အမင်း အေးစက်သည်ဟူသော ခံစားချက်မျိုးကို ရရှိစေသည်။

“ ငါ့ဘက်ကတော့ ပြောစရာရှိတာတွေ ပြောပြီးသွားပြီ.. မင်းသဘောမတူတာကတော့ မင်းအပိုင်းပဲ…” ဝမ်းဇီချန်း ပြောလိုက်ပြီး “ ရန်ကြွေးဟောင်းနဲ့ အသစ်ကို တစ်လက်စတည်း အတူချေလိုက်ကြတာပေါ့…”

“ တစ်ယောက်တည်းလား.. ငါထင်တာ မင်းတို့ လူအများကြီး ခေါ်ထားမယ်ထင်နေတာ..”

“ ငါတို့က တစ်ခုခု လုပ်ပြီဆို အရည်အသွေးကိုပဲ ဦးစားပေးတယ်… တမြန်မနေ့ညကလိုပေါ့… အမှိုက်တစ်သိုက်အစား အားကိုးလို့ရမယ့် လူတစ်ယောက်ကို ရှာတာက ပိုကောင်းတယ်လေ…” ဝမ်းဇီချန်း ပြောလိုက်ပြီး “ ခု သူက တရုတ်လက်ဝှေ့ ပြည်နယ် ချန်ပီယံတောင် ဖြစ်ခဲ့ဖူးတဲ့သူပဲ… ဒီည ပွဲဝင်ထိုးတော့မှာဆိုတော့ မင်းကို အသာအယာလေး ကိုင်တွယ်သွားလို့ရတယ်ဟုတ်….”

“ ငါက မလုံလောက်ဘူးလို့ ပြောပြန်ရင်လည်း မင်းတို့က ဘဝင်မြင့်တယ် ထင်ကြဦးမယ်… ဒါပေမယ့် ငါတစ်ခု ပြောချင်တာ… ငါကလည်း မင်းတို့လို အရည်အသွေးကို ဦးစားပေးတဲ့ လူစားမျိုးပဲ… မလိုအပ်တာတွေ လုပ်ရတာကို မကြိုက်ဘူး…”

ဝမ်းဇီချန်း မျက်မှောင်ကြုတ်လိုက်ပြီး မကောင်းသည့် ခံစားချက်တို့က ရင်ဘက်ထဲ ပျံ့နှံ့လာသည်။ “ ဘာကို ဆိုလိုချင်တာတုန်း…”

လင်းရီ မတ်တပ်ရပ်လိုက်ပြီး ဘာမျှ ပြန်မပြောချေ။ ထိုအစား ဝမ်းဇီချန်းနှင့် ကျန်သူတို့ထံ လျှောက်သွားလိုက်၏။

ထို့နောက်တွင်တော့…

ခွက်….

လက်သီးတစ်လုံးက တိကျသည့် ရှုထောင့်မှနေ၍ ဆံပင်အတိုနှင့်လူ မျက်နှာပေါ် သို့ကျရောက်သွားခဲ့လေသည်။

တဟ်ဖက်လူမှာ တုံ့ပြန်ချိန်ပင် မရလိုက်ပဲ ကြယ်တွေလတွေ မြင်သွားကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့တော့၏။

ဘုန်း

ချန်ပီယံကြီးကား အိပ်စက် အနားယူလိုက်ရချေပြီ။

“ ဘယ်လိုလဲ… လုံလောက်ရဲ့လား….”

All Chapters