← Chapters

ရေပန်းစားမှု ပြိုင်ဆိုင်ခြင်း

Vol. 51 Ch. 756

ရေပန်းစားမှု ပြိုင်ဆိုင်ခြင်း

Vol. 51 Ch. 756

“ စာချုပ်ချုပ်မလို့…”

ကျန်းနီ လင်းရီကို ကြည့်လိုက်ပြီး “ ရှင်က လူတွေကို အရူးလုပ်တာတော့ အတော်လေး တော်သားပဲ… ဥက္ကဌမာကိုတောင်မှ ရှင်နဲ့ စာချုပ်လာချုပ်ရအောင် လုပ်နိုင်ခဲ့တယ်ပေါ့…”

“ မင်းလက်သီးထိုးတာ တော်မှန်း ငါနားလည်တယ်… ဒါပေမယ့် စာချုပ်ချုပ်တယ်ဆိုတာ ရော့အင့်ဆိုပြီး ထိုးလိုက်လို့ရတဲ့ ကိစ္စ မဟုတ်ဘူးကွ… မင်းစထွင်း ကြည့်တဲ့သူ များချင်တိုင်း ဒီလိုတွေ လျှောက်လုပ်နေရင် ထောင်စာ စားနေရလိမ့်မယ်… ပြီးမှ ငါ သတိမပေးဘူးဆိုပြီး လာမပြောနဲ့…”

ထိုသို့ ပြောပြီးနောက် ကျိန်းချောင် မာဟုန်ထောင်ကို ကြည့်လိုက်ပြီး “ ဥက္ကဌမာ.. အဲ့ကောင်ကို လျစ်လျူရှုထားလိုက်… ဒီကောင်က ခင်များကို အရူးကွက်နင်းနေတာ…”

“ မင်း ဘာ အဓိပ္ပာယ် မရှိတာတွေ လာပြောနေတာတုန်းကွ… ဥက္ကဌလင်းက ငါတို့ရဲ့ 650ER ကို ဝယ်မယ် ဆုံးဖြတ်ပြီးသွားပြီ… သူ့လိုလူမျိုးက ဘယ်လိုလုပ်ပြီး လိမ်ညာမှာလဲ…”

“ ဥက္ကဌလင်း….? သူက သူ့ကိုယ်သူ ဥက္ကဌလင်းလို့တောင် ပြောထားတယ်ပေါ့… ဘယ်လိုတောင် ရယ်ဖို့ကောင်းထားလဲ…”

“ မင်းတို့ စကားကို ဆင်ခြင်ပြီးပြောကြ…” မာဟုန်ထောင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး “ ငါမင်းတို့ကို ပြောလိုက်မယ်… ခုမင်းတို့ ရှေ့မှာ ရပ်နေတဲ့ ပုဂ္ဂိုလ်က လင်းယွမ်အုပ်စုရဲ့ ဥက္ကဌပဲ… သူ့လို ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကြီးက ငါ့လို ပါမွှားလေးကို အရူးလုပ်ဖို့ အားယားနေတယ်များ ထင်နေလား… ပြီးတော့ ဒီလိုမျိုး ပွဲချိတ်ပေးတဲ့သူကလည်း သခင်လေးချင်းပဲ… ခု နောက်နေတယ်လို့ ထင်နေတုန်းပဲလား….”

“ သခင်လေးချင်း…. ချင်း…ချင်းဟန်လား….”

ချင်းဟန်၏ နာမည်ကို ကြားလိုက်ရတော့ နှစ်ယောက်မှာ မိုးကြိုးအပစ်ခံလိုက်ရသည့် အလား တောင့်တင်းသွားခဲ့ကြသည်။ သူတို့ လင်းယွမ်အုပ်စုကို မကြားဖူးသော်လည်း ချင်းဟန်နှင့်တော့ မစိမ်းသက်ကြပေ။

အင်တာနက် အသုံးပြုတတ်သည့် လူတိုင်းချင်းဟန်ကို သိသည်ဟု ပြောလျှင် ပိုမှန်ပေမည်။

ထိုသို့ ဆိုလျှင်တော့ ယခု ကိစ္စမှာ မည်သို့မျှ အတု မဖြစ်နိုင်တော့ချေ။

“ အဲ့ဒီ ချင်းဟန်ပဲ… “ မာဟုန်ထောင် ပြောလိုက်ပြီး “ ငါတော့ မင်းတို့ကောင်တွေ ဘာလုပ်နေမှန်းကို နားမလည်နိုင်တော့ဘူး… မင်းတို့လို ကောင်တွေက ဥက္ကဌလင်းကို အထင်သေးဝံ့နေကြတယ်ပေါ့…. ဒီလိုပုံစံတွေနဲ့များ industry ထဲ ဘယ်လိုရောက်လာကြလဲ မသိဘူး..”

နှစ်ယောက်မှာ အံ့အားသင့်နေကြပြီး အခြေအနေကို ပြန်လည်သုံးသပ်ရင်း သူတို့၏ ဦးနှောက်မှာ တခဏမျှ တုံ့နှေးသွားခဲ့ကြသည်။

မာဟုန်ထောင် ထို နှစ်ယောက်ကို လျစ်လျူရှုလိုက်ပြီး လင်းရီကို ကြည့်၍ “ မစ္စတာလင်း … ကျွန်တော်တို့ ဘယ်နေရာမှာ လက်မှတ်ထိုးကြမလဲဗျ…”

“ ဒီနေရာမှာပဲ ထိုးကြတာပေါ့…” လင်းရီ ပြောလိုက်ပြီး “ ဒီတိုင်း လက်မှတ်လေးပဲမလား… ရေးကြီးခွင်ကျယ်တွေ လုပ်မနေနဲ့…”

“ ကောင်းပါပြီဗျ… ကောင်းပါပြီ….”

မာဟုန်ထောင် လက်ဆွဲသေတ္တာထဲမှ စာချုပ်နှင့် ဖောင်တိန်ကို ထုတ်လိုက်ပြီး လင်းရီထံ ကမ်းပေးလိုက်၏။

စုတ်ချက် အနည်းငယ်ဖြင့် လင်းရီ သူ့နာမည်ကို လက်မှတ်ရေးထိုးလိုက်လေသည်။

“ ကျုပ်အခု ဘဏ္ဍာရေး ဌာနကို ဖုန်းဆက်ပြီးတော့မှ ငွေလွှဲခိုင်းလိုက်မယ်… “

“ ရပါတယ် ရပါတယ်… အလျင်လိုစရာ မလိုပါဘူး…” မာဟုန်ထောင် ပြုံးလိုက်ပြီး “ မစ္စတာလင်းလို ဂုဏ်သတင်းရှိတဲ့သူနဲ့ လက်တွဲလုပ်နေမှတော့ ကျွန်တော်တို့ဘက်က ကုန်ပစ္စည်းကို အရင်ပေးလိုက်လို့ ဘာမှ ဖြစ်မသွားပါဘူး… ပိုက်ဆံကိစ္စ နောက်မှပေါ့…”

“ ပိုက်ဆံက အရမ်းများနေလို့ မဟုတ်ဘူး… ဒီတိုင်း ပမာဏက ဘဏ်ကတ်ရဲ့ လစ်မစ်ထက် ကျော်လွန်နေလို့ပဲ… မဟုတ်ရင် ကျုပ် အိတ်ထောင်ထဲက မုန့်ဖိုးလောက်နဲ့ ရှင်းပေးလို့ရတယ်….”

‘ မုန့်ဖိုး….မုန့်ဖိုး…’

ထိုအသံက မာဟုန်ထောင် စိတ်ထဲ ပဲ့တင်ထပ်သွားခဲ့ပြီး သူ့နဖူးထက်ရှိ ချွေးအေးများကို သုတ်လိုက်၏။

ချမ်းသာနေတာကြီးကလည်း ကြောက်စရာကောင်းလိုက်တာ…

“ ကဲ မစ္စတာလင်း… စာချုပ်လည်း ချုပ်ပြီးသွားပြီဆိုတော့ ကျွန်တော့်ကို ခွင့်ပြုပါဦး… မစ္စတာလင်းကို ဆက် မနှောင့်ယှက်တော့ပါဘူး…”

“ ကောင်းပြီလေ… ခင်များ လုပ်စရာရှိတာ သွားလုပ်ပေါ့…”

ယခုတော့ ကျိန်းချောင်နှင့် ကျန်းနီတို့နှစ်ယောက် လင်းရီ 650ER ကို ထမင်းစားရေသောက်သဖွယ် ဝယ်ယူနိုင်ကြောင်း မြင်တွေ့လိုက်ရလေသည်။

ထိုသို့ ဆိုပါက Bombardier 7500ကိုလည်း ဝယ်ယူနိုင်သည်ဟု ဆိုနေသည် မဟုတ်ပါလော။

ထိုအကြောင်းကို တွေးမိတော့ ကျိန်းချောင် နောင်တရလွန်း၍ အတွင်းကလီစာများ အစိမ်းရောင် သမ်းသွားခဲ့သည်။

ရန်စီက သူ့ကို မလိမ်ညာခဲ့ချေ။

သူ့ရှေ့ရှိ လူက အမှန်ပင် ကျိကျိတက် ချမ်းသာလှ၏။

စထွင်မာဟူသည့် အထောက်အထားက သူ၏ အထောက်အထားများထဲက တစ်ခုမျှသာ ဖြစ်ရပေမည်။ သို့သော်လည်း သူကတော့ အထင်သေးစွာဖြင့် နိမ့်ချပြီး စထွင်မာတစ်ယောက်ကဲ့သို့ ဆက်ဆံခဲ့မိ၏။

အကယ်၍ သူသာ ထိုစဉ်က ရန်စီ၏ စကားကို နားထောင်ပြီး ဖောက်သည်တစ်ဦးကဲ့သို့ ဆက်ဆံခဲ့မည်ဆိုပါက 7500 မှာ ရောင်းထွက်သွားလောက်ချေပြီ။

ထိုအခါ သူ၏ ကော်မရှင်ခသည်လည်း ယွမ် တစ်သန်းကျော်ပေလိမ့်မည်။

ယခုတော့ ပွဲမဖြစ်မြောက်ရုံသာမက ရန်စီနှင့်ပင် လမ်းခွဲလိုက်ရ၏။

သူကတော့ ဤကစားပွဲတွင် အကြီးဆုံး အရှုံးသမားကြီးတစ်ဦးပင်။

လင်းရီ ကျိန်းချောင်နှင့် ကျန်းရန်ကို ပြုံးကြည့်လိုက်ပြီး “ ခု ငါ့ကို စထွင်မာလို့ ထင်သေးလား…”

နှစ်ယောက်မှာ ကိုးရိုးကားယား ဖြစ်သွားခဲ့ပြီး ရှက်လွန်း၍ ပျောက်ကွယ်မိချင်သွားတော့သည်။

လင်းရီ ကျေနပ်နေသည့် အပြုံးဖြင့် ဓာတ်လှေကားပေါ်သို့ တက်သွားလိုက်၏။

လင်းရီကို မြင်တော့ အစောင့်များမှ နှုတ်ဆက်လိုက်ကြပြီး “ မင်္ဂလာပါခင်ဗျ…”

လင်းရီ ခေါင်းညိမ့်လိုက်ပြီး “ နောက်က အဲ့နှစ်ယောက်ကို ဒီပေါ် မတက်လာစေနဲ့… ဒီလိုမျိုး အဆင့်မြင့်တဲ့ နေရာက သူတို့နဲ့ မသင့်တော်ဘူး….”

“ ဥက္ကဌလင်း… ကျုပ်တို့ ကြားမှာ ပဋိပက္ခ တစ်ချို့ရှိခဲ့ဖူးတယ်ဆိုပေမယ့် ဒီလိုမျိုး လူ တစ်ဖက်သားကို အနိုင်ကျင့်တာကြီးကတော့ မဟုတ်သေးပါဘူး…” ကျိန်းချောင် ပြောလိုက်၏။

သူ့အတွက် ဤလှေပေါ်သို့ တက်ရောက်နိုင်ရန်အတွက် ခဲရာခဲဆစ် ကြိုးပမ်းထားခဲ့ရလေသည်။ အပေါ်သို့ ရောက်သည်နှင့် သူ နာမည်ကြီးသည့် လူများနှင့် တွေ့ဆုံပြီး သူ၏ အဆက်အသွယ်ကွန်ရက်ကို ချဲ့ထွင်ရမည် ဖြစ်၏။

အကယ်၍ အပြင်၌သာ မတ်တပ်ရပ်နေရမည် ဆိုပါက သူ၏ အားခဲသမျှမှာ သဲရေထဲကျသွားရလိမ့်မည်။

“ အနိုင်ကျင့်တော့‌ကော ဘာဖြစ်လဲ… ဒါ ငါ ပိုင်တဲ့ သင်္ဘောပဲ… ဘယ်သူတွေတက်လို့ရပြီး ဘယ်သူတွေ တက်လို့မရဘူးဆိုတာ ငါ့မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်…”

“ ဘာပြောလိုက်တယ်… ဒါက မင်းရဲ့လှေ….”

“ လာနောက်မနေစမ်းနဲ့…. ဒီလှေက ဝမ်းကျန်းဆိပ်ကမ်းပိုင်တာကွ… “

“ အိုး ပြောဖို့ ကျန်သွားလို့… ဝမ်ကျန်းဆိပ်ကမ်းကလည်း ငါ့ နာမည်အောက်က လုပ်ငန်းတစ်ခုပဲ… ဒီလောက်ဆို နားလည်သင့်လောက်ပြီ မဟုတ်ဘူးလား…”

ဟစ်....

၎င်းကို ကြားတော့ နှစ်ယောက်လုံး မှင်တက်ပြီး ကြက်သေသေသွားကြတော့၏။

သူတို့ ဘယ်လို ပုဂ္ဂိုလ်မျိုးကိုမှ သွားပြီး အပြစ်ပြုမိတာပါလိမ့်….

လင်းရီ ထိုနှစ်ယောက်ကို လျစ်လျူရှုလိုက်ပြီး အိတ်ထောင်ထဲ လက်နှိုက်၍ လှေပေါ်သို့ အေးဆေး တက်လာခဲ့လိုက်သည်။

သူ လှေပေါ်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် အသံဗလံမျိုးစုံကို နားဆင်လိုက်ရလေသည်။

လင်းရီ လှေနောက်ဘက်ခြမ်းသို့ လျှောက်သွားလိုက်ပြီး ရေကူးဝတ်စုံနှင့် မိန်းကလေးတစ်သိုက်က ရေဆော့ကစားနေကြသည်ကို မြင်တွေ့လိုက်ရ၏။

ချင်းဟန်နှင့် ကျန်သူများကတော့ ပါဝင်ရန် စိတ်ကူးမရှိသည့် အလား ထောင့်တစ်နေရာတွင် လဲလျောင်းနေခဲ့ကြသည်။

ကျန်းရှောင်ယွီလည်း သူမ၏ ကိုယ်ကြပ် ရေကူးဝတ်စုံကို ဘဝင်ခိုက်စွာဖြင့် ဝတ်ဆင်ထားလေသည်။

မည်သူက မြှောက်ပေးလိုက်လဲဆိုတာတော့ လင်းရီလည်း မသိချေ။

“ အစ်ကိုရီ…. ဒီမှာ ဒီမှာ…”

လင်းရီကိုမြင်တော့ ကျန်းရှောင်ယွီ မတ်တပ်ရပ်ပြီး လက်ဝှေ့ယမ်းပြုလိုက်၏။

“ လိုက်စထွင်းပြဿနာက ဖြေရှင်းပြီးသွားပြီလား….”

“ အင်း .. ပြီးပြီ.. ငါ ရိုက်နှက်ပေးလိုက်တော့ အဲ့ကောင်တွေ ဘယ်လိုပြုမူရမလဲဆိုတာ သဘောပေါက်သွားကြတယ်လေ…”

“ အစ်ကိုရီက အရမ်းလွှမ်းမိုးနိုင်အားကြီးတာပဲ….” ကျန်းရှောင်ယွီ အရည်လဲ့နေသည့် မျက်ဝန်းတို့ဖြင့် ကြည့်လိုက်၏။

“ ဟေ့.. ငါ့ကို အချစ်ရူးနေတဲ့ ပုံစံနဲ့ လာကြည့်မနေနဲ့…မင်းက အချင်းချင်းတွေ ပြန်စားတော့မလို့လား…”

“အာ... ဘာလို့ အဲ့လောက်တောင် ဇွတ်ငြင်းချင်နေရတာ… အနည်းဆုံးတော့ သူများကို စိတ်ကူးယဉ်ခွင့်လေးတော့ ပေးလေ… တကယ်တည်း… မဟုတ်ရင် ညကျ ဘယ်လိုလုပ်ပြီး အိပ်ပျော်မှာလဲလို့….”

“ ဒါဆိုလည်း မင်းရဲ့ အစ်ကိုချင်းတို့… အစ်ကိုလျန်တို့ အကြောင်း စဉ်းစားပေါ့.. ငါ့အကြောင်းချည်းပဲ တွေးမနေနဲ့…”

“ ဒါပေမယ့် သူတို့ကမှ အစ်ကိုရီလောက် မတော်တဲ့ဟာကို…”

“ ရှီးပဲ… ရှောင်းယွီ… ငါမင်းကို ရေကန်ထဲ ပိတ်ကန်တော့မယ်ဆိုတာ ယုံလားတော့မသိဘူး…” လျန်ကျင်းမင်မှ ပြောလိုက်၏။

“ အိုက်ယား… အစ်ကိုလျန်ကလည်း စိတ်လျော့ပါဦးလား… ဟီးဟီး… အစ်ကိုကြီးက အရမ်းတော်တာ.. အရမ်း ထူးချွန်တာ…”

“ ကဲ ကိုက်နေတာတွေ တော်သင့်ပြီ..” ကောင်းကျုံးယွမ် ပြောလိုက်ပြီး “ ငါတို့ တခြား လုပ်စရာတွေ ကျန်သေးတယ်.. တကယ်လို့ ဒါက ဒီတိုင်း ရေကူးဝတ်စုံ ပါတီပွဲသပ်သပ်ဆိုရင် ပျင်းဖို့ ကောင်းသွားလိမ့်မယ်…”

“ ဘာလဲ… တခြား အစီအစဉ်တွေ ရှိသေးတာလား…” လင်းရီ သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်၏။

“ ဒါက ဒီနေ့ အစီအစဉ်တွေထဲကတစ်ခုလေ… ကျောက်မိုနဲ့ ကျန်တဲ့ကောင်တွေက လှေရဲ့ တစ်ခြားတစ်ဖက်မှာ ပါတီပေးနေကြတာ.. နှစ်ဖက်လုံးကလည်း ဘယ်သူ့ဘက်က မိန်းမလှလေးတွေ ပိုပေါလဲ ပြိုင်ဆိုင်နေကြတာ…”

“ မင်းတို့ကောင်တွေက ဘယ်လို ပျော်ရမလဲ အတော်လေး သိသားပဲကွ…” လင်းရီ ပြုံးလိုက်ပြီး “ ဒါပေမယ့် နည်းနည်းလေး ပျင်းစရာ ကောင်းမနေဘူးလား…”

“ ဒါက ကျွန်တော်တို့အတွက် ကစားပွဲသပ်သပ်တင်မဟုတ်ဘူး.. တိုက်ပွဲပဲ… အဲ့ဒီ စိတ်ရှုပ်စရာ ကောင်းတဲ့ကောင်တွေ အနိုင်ရသွားလို့မရဘူး… မြို့တော်ဂိုဏ်းနဲ့ ပင်လယ်ဂိုဏ်းက အမြဲ ကွဲလွဲနေကြတာ ဘယ်လိုပဲဖြစ်ဖြစ် တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ ယှဉ်ပြိုင်ကြမှာပဲ..”

“ ဒါဆို မနှစ်က ဘယ်သူတွေ နိုင်သွားတာ…”

ကောင်းကျုံးယွမ် ပခုံးတွန့်လိုက်ပြီး “မနှစ်က အစ်ကိုကြီးချင်းမလာတော့ ပွဲရဲ့ တောက်ပမှုက ဟိုကောင် ကျောက်မိုဆီ ဖြစ်သွားတာလေ.. ဒါကြောင့်မို့ ဒီနှစ် ဒီကောင်တွေကို အနိုင်ပိုင်းချင်နေတာ… အစ်ကိုကြီးလင်း.. ခင်များလက်ထဲမှာက လှည့်ကွက်တွေ အများကြီး ရှိတယ်… ကျုပ်တို့ကို မြန်မြန် လေး ကူစဉ်းစားပေးစမ်းပါဗျာ…”

All Chapters