လင်းရီနှင့် ကောင်းကျုံးယွမ်ကြား စကားစမြည်
Vol. 51 Ch. 757
“ မင်းပြောလိုက်မှဖြင့် ငါက လူယုတ်မာကြီး ကျနေတာပဲ…”
“ အစ်ကိုကြီးလင်း… ဟန်ဆောင်မနေစမ်းပါနဲ့… တစ်ညတည်းနဲ့ သုံးယောက်…. ကျွန်တော်တို့ သုံးယောက်ပေါင်းလိုက်ရင်တောင် အစ်ကိုကြီးကို မှီမယ်မထင်ဘူး…” လျန်ကျင်းမင် စောဒကတက်လိုက်၏။
“ အမှန်တရားက မင်းတို့သုံးယောက်ပေါင်းရင်တောင် ငါ့လောက် မသန်မာလို့လေ…”
“ ရပြီ… ကိုယ်ရည်သွေးနေတာတွေ တော်လိုက်တော့… ငါတို့ နည်းလမ်းတစ်ခုကို မြန်မြန်စဉ်းစားသင့်ပြီ…”ချင်းဟန် လက်ကာပြရင်း ပြောလိုက်သည်။
“ ဒီည ဘာအစီအစဉ်တွေ ရှိလဲ…” လင်းရီ မေးမြန်းလိုက်၏။
“ တော်တော်လေးတော့များတယ်… ငါတို့ သီးသန့် စီစဉ်ထားတဲ့ ပွဲတွေကတော့ ပုံမှန်ပွဲစဉ်တွနဲ့ မတူဘူး…” ချင်းဟန်ပြောလိုက်ပြီး “ သင်္ဘော ရွက်လွင့်ပြီးရင် ပါတီ ရှိမယ်… ပါတီနောက်ဆုံးကျရင် လေလံပွဲပါမယ်… ပြီးရင် ဘောက်ဆင်ပွဲ… မင်း ဂူချန်းချွမ်နဲ့ ချိန်းထားတယ်မလား… အဲ့တာပြီးရင် စလို့ရပြီ…”
“ ဒါဆို မင်းစီစဉ်ထားတဲ့ ပွဲအတွက်က အချိန်အကန့်အသတ်တော့ ရှိမယ်မလား…”
“ လှေက ဒီည ခြောက်နာရီ ထွက်မယ်… ကော့တေးပါတီကျတော့ ခုနစ်နာရီမှာ… ဒါကြောင့်မို့ ခုနစ်နာရီက အဓိက အချိန်ပဲ…”
လင်းရီ သူ့နာရီကို တစ်ချက်ကြည့်လိုက်တော့ မွန်းလွဲလေးနာရီ ရှိနေပြီဖြစ်ကြောင်း သတိပြုမိလိုက်၏။
အကယ်၍ သူသာ လုပ်စရာရှိပါက ယခုကတည်းက ကြိုတင်ပြင်ဆင်ထားသင့်ချေပြီ။
“ တကယ်လို့ မင်းတို့ကောင်တွေချည်းသပ်သပ် ကိုင်တွယ်ရမယ်ဆို ဘယ်လိုလုပ်မယ် စီစဉ်ထားလဲ…”
“ ဝိုင်တွေနဲ့ မိန်းမလှေတွေခေါ်ပြီး ရူးသွပ်မယ်လေ… “ ကောင်းကျုံးယွမ်မှ ပြောလိုက်၏။
“ ဒါပဲပေါ့…”
“ ဒါပဲလေ…”
“ အင်း… ငါ ဒီနေ့မှ ချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေက ဉာဏ်ရည်နိမ့်ကျတယ်ဆိုတာ သတိပြုမိတော့တယ်…” လင်းရီ ဆွံ့အစွာ ပြောလိုက်ပြီး “ အစကတော့ငါ ကျောက်မိုကို နှပ်ချနိုင်လို့ဆိုပြီး ကျေနပ်နေတာ.. ခု ပြန်တွေးကြည့်တော့မှ အထင်ကြီးလောက်စရာကို မရှိဘူးပဲ….”
“ ကျုပ်တို့က ဉာဏ်ရည်နိမ့်ကျနေတာ မဟုတ်ဘူး အစ်ကိုကြီးလင်း.. ခင်များရဲ့ နည်းဗျူဟာတွေကိုက သာမန်လူတွေထက် ကောက်ကျစ်နေတာ…. ခင်များလို မြေခွေးအိုကြီးနဲ့ ဘယ်သူကများ ယှဉ်နိုင်မှာလဲ… “ လျန်ကျင်းမင်မှ ပြောလိုက်၏။
ကောင်းကျုံးယွမ် လင်းရီကို မသက်သာသည့် အပြုံးလေး ပြုံးပြလိုက်ပြီး “ အစ်ကိုကြီးလင်း .. အချင်းချင်းတွေကို ဖဲ့မနေနဲ့တော့.. ခု လူလည်း စုံပြီဆိုတော့ စလိုက်ကြစို့…”
လင်းရီ ခေါင်းညိမ့်လိုက်ပြီး မာဟုန်ထောင်ကို ဆက်သွယ်လိုက်သည်။
“ ဟယ်လို ဥက္ကဌမာ… ကျုပ် ခင်များ အကူအညီကို လိုအပ်နေလို့…”
“ မစ္စတာလင်းကလည်း … ကျွန်တော်တို့ကြားမှာ အဲ့လို ပြောစရာလိုသေးလို့လား… လိုအပ်တာရှိရင် ကျွန်တော့်ကို ခု ချက်ချင်းပြောလိုက်… တတ်နိုင်တာဆို သေချာလေး ဂရုတစိုက်နဲ့ လုပ်ပေးမယ်….”
“ ကောင်းပြီ.. ဒါဆို ခု ကျုပ် ပြောတာတွေကို တစ်ခုချင်း ရေးမှတ်ထားလိုက်…. ဒါတွေအကုန်လုံးကို ညနေ ခြောက်နာရီ မတိုင်ခင် အပြီး ဖြစ်နေရမှာနော်…”
“ အိုကေ မစ္စတာလင်း… ကျုပ်နားထောင်နေတယ်….”
………………………………
အချိန်တို့ ကုန်ဆုံးလာသည်နှင့်အမျှ လှေပေါ်သို့ တက်ရောက်လာသည့် လူဦးရေမှာလည်း များသထက် များလာပြီး အမျိုးသား အမျိုးသမီး ဦးရေမှာလည်း 10:1 သို့ ရောက်ရှိလာခဲ့လေသည်။
အချို့ အသက်ကြီးပိုင်းများကတော့ အခန်းကိုယ်စီထဲ ဝင်သွားကြပြီး ကပွဲစတင်မည့် အချိန်ကို စောင့်မျှော်နေကြသည်။
အဆိုပါ သိုသိုသိပ်သိပ် နေတတ်ကြသည့် ဒိတ်ဒိတ်ကျဲကြိးများကတော့ အောက်ဆုံးထပ်ရှိ မော်ဒယ်လ်အငယ်စားလေးများကို စိတ်မဝင်စားကြချေ။ သူတို့က အောင်မြင်ကျော်ကြားပြီး ငယ်ရွယ်သည့် စီးပွားရေး လုပ်ငန်းရှင်များ သို့မဟုတ် သူတစ်ပါး ဇနီးမယားများကိုသာ စိတ်ဝင်စားကြ၏။
ရလဒ်အနေဖြင့် အောက်ဆုံးထပ်မှာ လူငယ် အမျိုးသား အမျိုးသမီးတို့ဖြင့် ပြည့်နှက်သွားခဲ့လေသည်။
ထို့ပြင် အနှီ အမျိုးသမီးများကလည်း အရှက်တရားကို မေ့လျော့နေကြကာ ဘီကီနီများအပြင် ဆက်ဆီ စကတ်တိုများ၊ cosplay မျိုးစုံကို ဝတ်ဆင်ထားကြ၏။
အတော်လေးကို ပရမ်းပတာဆန်လှပြီး ဇိမ်ခံသင်္ဘောကြီးထက်တွင် သင်ထင်မထားလောက်သည့် အမှောင်ဘက်ခြမ်းများကို ဝေ့ကြည့်ရုံမျှနှင့် မြင်တွေ့နိုင်လေသည်။
ထိုအခိုက်အတန့်တွင်တော့ ဂိုဏ်းအုပ်စုနှစ်ခုကြားရှိ ပြိုင်ဆိုင်မှုမှာလည်း တရားဝင် စတင်နေလေပြီ။
ချင်းဟန်နှင့် လျန်ကျင်းမင်တို့မှာ ပွဲကိုစီစဉ်ရာ၌ ကျွမ်းကျင် လိမ္မာလှပြီး ကျန်းရှောင်ယွီ၏ အကူအညီနှင့်အတူ ရေကူးကန် ပါတီ၏ အငွေ့အသက်တို့မှာ ခမ်းနားကြီးကျယ်စွာဖြင့် စတင်ပေါ်ပေါက်လာသည်။
သို့သော်လည်း လင်းရီနှင့် ကောင်းကျုံးယွမ်တို့ကတော့ ပါဝင်ဆင်နွှဲရန် ရည်ရွယ်ချက် မရှိသည့် အလား ဘေးတွင် အေးဆေးစွာဖြင့် ရပ်ကြည့်နေကြ၏။
“ မင်း မသွားဘူးလား…” လင်းရီ လက်ရန်းကို မှီရင်း ကောင်းကျုံးယွမ်အား မေးလိုက်၏။
“ ပြောင်းလဲချိန်တန်ပြီလေ…” ကောင်းကျုံးယွမ် ပြုံးရင်း ပြောလိုက်သည်။
“ ဒါက ပြောင်းလဲတာ မပြောင်းလဲတာနဲ့ ဘာမှ မဆိုင်ဘူး… မင်းကို အချစ်အတွက်နဲ့ ဘုန်းကြီး ဖြစ်ခိုင်းနေတာမဟုတ်ဘူး… သွားပြီး အပမ်းဖြေတာလောက်ကတော့ နားလည်ပေးလို့ရပါတယ်…”
“ အစ်ကိုကြီးလည်း အတူတူပဲမလား… အတူတူချင်း ကျွန်တော့်ကို လာပြီး ဝေဖန်နေသေးတယ်…”
“ ငါက မင်းနဲ့မှမတူတာ… ငါ ဒီလိုပွဲမျိုးတွေကို ဘယ်တုန်းကမှလည်း မကြိုက်ခဲ့ဖူးဘူး… စိတ်လည်း မဝင်စားဘူး…”လင်းရီ ပြောလိုက်၏။
ကောင်းကျုံးယွမ် ရေကူးကန်ကို ငေးရင်း “ဒါက..... ဥပမာ ပေးရမယ်ဆိုရင် ဆေးလိပ်ဖြတ်သလိုမျိုးပဲပေါ့… ကိုယ်က မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ရင် စိတ်က လုံးဝပြတ်နိုင်မှ….”
လင်းရီ ကောင်းကျုံးယွမ်ကို ကြည့်လိုက်ပြီး “ ကောင်းကြီး … မင်း ဆေးမိနေတာလား… ဟော်ယွမ်ယွမ်က အဲ့လောက်ထိ ဆွဲဆောင်မှု ရှိလို့လားဟ….”
“ အနည်းဆုံးတော့ သူမက မိကောင်းဖခင် သားသမီးပဲလေ… ပညာအရည်အချင်းကော အလုပ်အကိုင်ကော အပြစ်ပြောစရာ မရှိဘူး… ပြီးတော့ သူမက အရာရာတိုင်းမှာ ပြီးပြည့်စုံတယ်လို့ ခံစားရတယ်….”
“ ဧကန္တ မင်းအိမ်က အဘိုးကြီး တစ်ခုခု ဖြစ်နေလို့လား…”
“ ဟာဗျာ.... ကျွန်တော့် အဖေက အကောင်းအတိုင်းကြီး ရှိနေပါသေးတယ်… အစ်ကိုကြီးလင်း…. ကျွန်တော်အဖေကို အဲ့လိုတော့ မကျိန်ဆဲပါနဲ့…”
" မသိဘူးလေ… မင်းလေသံကြီးက မင်းအိမ်က အဘိုးကြီး အမြန်ကြွတော့မယ့် ပုံစံနဲ့… ဒီတော့ မင်းလည်း မြန်မြန် မိန်းမတစ်ယောက်ရှာ .. ကလေးမွေးပြီး မိသားစု အမွေကို ဆက်ခံဖို့ လိုနေပြီလားပေါ့…”
“ မဆိုင်တာတွေ.. ကျွန်တော်က တစ်ဦးတည်းသောသား…. အဲ့လိုပြဿနာမျိုးတွေ ရင်ဆိုင်စရာ မလိုဘူး…”
ကောင်းကျုံးယွမ် ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်၏။
သူ ငိုရအခက် ရယ်ရအခက် ဖြစ်နေလေသည်။
“ ဒါပေမယ့် မင်းပြောသွားတဲ့ အရာတွေက ဒီတိုင်း ပြင်ပ အခြေအနေသပ်သပ်ပဲလေ… သူမရဲ့ အမူအကျင့် စိတ်နေစိတ်ထားကကော…. မင်းဘယ်လို မြင်လဲ…”
ကောင်းကျုံးယွမ်မှာ သူ၏ ညီကိုဖြစ်ပြီး ဟော်ယွမ်ယွမ်ကလည်း သူ့အတွက် ညီမသဖွယ်ပင်။
အကယ်၍ ကောင်းကြီးသာ အမှန်တကယ် စိတ်ဝင်စားနေသည်ဆိုပါက လင်းရီ အောင်သွယ်တော် လုပ်ပေးဖို့ရာ ကိစ္စမရှိချေ။
သို့သော်လည်း အခြား ရည်ရွယ်ချက် တစ်ခုခုကြောင့် ပိုးပန်းနေသည် ဆိုပါက မည်သူ့အတွက်မှ ကောင်းကျိုး ဖြစ်ထွန်းလိမ့်မည် မဟုတ်ချေ။
လင်းရီ လူဆိုးကြီး လုပ်လိုက်ရလို့လည်း စိတ်မရှိချေ။ သို့သော်လည်း သူသာ ဟော်ယွမ်ယွမ်ကို နာကျင်အောင် လုပ်မိမည်ဆိုပါက နောင်တရမိပေလိမ့်မည်။
“ အစ်ကိုကြီးလင်း… ကျွန်တော်တို့ နှစ်ယောက်က သွေးရင်းတွေ မဟုတ်ဘူးဆိုပေမယ့် ကျွန်တော့် အစ်ကိုအရင်းကြီး တစ်ယောက်လိုပဲ အမြဲ သဘောထားတယ်… ဒီကနေ့ ကျွန်တော် အမှန်တရားကို ပြောပြမယ်..” ကောင်းကျုံးယွမ် ပြောလိုက်ပြီး “ ကျွန်တော့် အဘွားက ခု ကင်ဆာဖြစ်နေတယ်… ဆရာဝန်ကလည်း သူမ အသက်ရှင်ဖို့ လပိုင်းလောက်ပဲ ကျန်တယ်ပြောတယ်… ကျွန်တော့် ဝမ်းကွဲတစ်ယောက်ဆို ကောင်မလေး တစ်ယောက်နဲ့ အတည်တကျတွဲနေပြီး မကြာခင် လက်ထပ်ကြတော့မှာ… ကျွန်တော်ကတော့ တစ်ကိုယ်တည်း…နေ့တိုင်း အလေလိုက် သောက်စားနေပြီး စိတ်ပါဝင်စားတဲ့ အလုပ်အကိုင် မယ်မယ်ရရကလည်း မရှိ… ဒါကြောင့်မို့ ကောင်မလေး တစ်ယောက်လောက် ရှာပြီးတော့ ကျွန်တော့်အဘွားဆီ ခေါ်သွားတွေ့ပေးမလို့…”
“ ဒါပေမယ့် ကျွန်တော့်ကို အထင်မလွဲနဲ့… ယွမ်ယွမ်က အစ်ကို့ကို နေ့တိုင်း သတ်ချင်တယ် ပြောနေရင်တောင်မှ အစ်ကိုကြီးတို့နှစ်ယောက်က အတော်လေး ရင်းနှီးတယ်ဆိုတာ ကျွန်တော် နားလည်တယ်… တကယ်လို့ ကျွန်တော်ကသာ သူ့ကို စိတ်မဝင်စားဘူးဆိုရင် အစ်ကိုကြီးကို ပြောပြနေမှာမဟုတ်ဘူး… ဒီတိုင်း တွေ့ကရာ ကောင်မလေး တစ်ယောက်လောက် ခေါ်သွားပြီး သွားမိတ်ဆက်လို့လည်း ရနေတာပဲ မဟုတ်ဘူးလား…”
“ ကောင်းပြီလေ… မင်းဘက်က စိတ်သန့်တယ်ဆိုရင် ပြီးတာပါပဲ…” လင်းရီ ကောင်းကျုံးယွမ်၏ ပခုံးကို ပုတ်လိုက်ပြီး “ တကယ်လို့ မင်းသူ့ကို အမှန်အကန် ပိုးပန်းချင်တယ်ဆိုရင် ငါမင်းကို ကုမ္ပဏီရဲ့ CEO ရာထူးပေးပြီး မင်းတို့နှစ်ယောက် အတူ အချိန်ကုန်ဆုံးလို့ရအောင် ဖန်တီးပေးမယ်…”
“ မလုပ်ပါနဲ့… လင်းယွမ် အုပ်စုက ဧရာမကြီးရယ်… တကယ်လို့ ကျွန်တော့် လက်ထဲ ထည့်လိုက်မယ်ဆိုလို့ကတော့ တစ်လတောင် မကြာလိုက်ပဲနဲ့ ဒေဝါလီ ခံလိုက်ရဦးမယ်….”
“ ငိုးပဲ… ကုမ္ပဏီ ကိစ္စတောင် မစီမံနိုင်မှတော့ မင်းလုပ်တတ်တာ ဘာရှိသေးလဲ…”
“ အမှန်ပဲ… ကောင်မလေးတွေနဲ့ ကစားတာကလွဲရင် ကျွန်တော် လုပ်တတ်တာ ဘာမှကို မရှိတာ… ပြီးတော့ အစ်ကိုကြီးလို တောင့်တင်းတဲ့ ဘော်ဒီလည်း မရှိဘူး… ကျွန်တော်က ဒီတိုင်း ပိုက်ဆံတွေ လျှောက်ဖြုန်းဖို့ သိတဲ့ကောင်…” ကောင်းကျုံးယွမ် သူ့ကိုယ်သူ လှောင်ပြောင်ရယ်မောလိုက်၏။
“ ဒါကြောင့်မို့လည်း ကျွန်တော် အစ်ကိုကြီးနဲ့ အပြင်သွားမယ်ဆိုရင် အဖေက ဂရုမစိုက်တာလေ…သူက အစ်ကိုကြီးဆီကနေ ကြည့်ပြီးတော့ သင်ယူခိုင်းနေတာ… ဒါမှ မိသားစု အမွေကို ဆက်ခံနိုင်မှာပေါ့…”
“ ဘာလို့ အဲ့လောက် အများကြီး စဉ်းစားနေတာ… တစ်နေ့ မင်းရဲ့ ကောင်းမိသားစုက အခက်ကြုံနေတယ်ဆိုရင်တောင်မှ ငါတို့ ကူညီပေးလို့ရသေးတယ် မဟုတ်ဘူးလား… “ လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် မင်းသာ ဟော်ယွမ်ယွမ်.. အဲ့ဒီ လိပ်မကို ရနိုင်မယ်ဆိုလို့ကတော့ မင်းတို့ ကောင်းမိသားစုကတော့ သေချာပေါက် ထင်ပေါ် ကျော်ဇောလာလိမ့်မယ်….”
“ အစ်ကိုကြီးလင်း… စကားပြောတာကို ကြည့်ပြောဦး…သူက အနာဂတ်ကျရင် ခင်များခယ်မ ဖြစ်လာမယ့်သူလေ…”
“ အိုကေ အိုကေ … ငါ စကားပြောမှားတာ.. ပြန်ပြောမယ်… တကယ်လို့ မင်းသာ ယွမ်ယွမ်ကို ရနိုင်မယ်ဆိုရင် မင်းတို့ ကောင်းမိသားစုက သေချာပေါက် မြင့်တက်လာတော့မှာ…”
“ အမ်… အစ်ကိုကြီးလင်း… ကျွန်တော့်အထင် ခင်များ ခုကစပြီး ယွမ်ယွမ်လို့ မခေါ်သင့်တော့ဘူးထင်တယ်… အဲ့ဒီ နာမည်က အရမ်း ရင်းနှီးလွန်းတယ်.. အဲ့နာမည်က ကျွန်တော်တစ်ယောက်ပဲ ခေါ်သင့်တာမျိုး….”
“ ငါယိုးပဲလို့…! “