← Chapters

ငါက မကောင်းတဲ့အမျိုးသမီးပဲ ဖြစ်ချင်တာ (ပလေးဂဲ)

Vol. 51 Ch. 759

ငါက မကောင်းတဲ့အမျိုးသမီးပဲ ဖြစ်ချင်တာ (ပလေးဂဲ)

Vol. 51 Ch. 759

“ ဝေ့... ကျောက်မို… ဘာလို့ အလျင်လိုနေတာတုန်းဟ.. ငါတို့နဲ့ လာပျော်ပါဦးလား…” ချင်းဟန်လှမ်းအော်လိုက်၏။

“ ကံစမ်းမဲတွေက အမြဲတမ်း ပျော်ဖို့ကောင်းတယ်… ပနားမီးယား မလိုချင်ဘူးလား…” လျန်ကျင်းမင်မှ ဖြည့်စွက် ပြောလိုက်၏။

နှစ်ယောက်မှာ ကိုးရို့ကားယားဖြစ်သွားခဲ့ပြီး သူတို့၏ ခြေလှမ်းများကို အရှိန်တင်ကာ နောက်သို့ ပြန်လှည့်မကြည့်ပဲ အခန်းထဲသို့ ပြန်ဝင်သွားကြလေသည်။

“ ဟားဟား….”

၎င်းတို့၏ အမူအရာကို မြင်တော့ ကောင်းကျုံးယွမ်မှ ရယ်မောလိုက်ပြီး “ အစ်ကိုကြီးလင်း… တကယ်လို့များ ဒီသင်္ဘောက အစ်ကို့အပိုင်ဆိုတာ သိသွားခဲ့ရင် ဘယ်လိုများ နေမလဲ မသိဘူးနော်…”

“ သေချာတယ်… အဲ့ကောင်တွေ ကြွက်ချေးစားမိတာထက်တောင် ဆိုးရွားသွားဦးမယ်…”

“ ဟားဟား… တွေးကြည့်လိုက်တာနဲ့တင် စိတ်လှုပ်ရှားဖို့ ကောင်းနေပြီ….”

ပြိုင်ကား၏ ဆွဲဆောင်မှု အောက်တွင် ဧရာမ များပြားသည့် လူအုပ်ကြီးမှာ အပြေးအလွှားရောက်ရှိလာကြကာ နေရာတစ်ခုလုံးကလည်း တက်ဝင်လှုပ်ရှားနေတော့၏။

ပြိုင်ကားတွေ မဲဖောက်ပေးမှာလေ… တစ်စီးလောက် အိမ်သယ်သွားလည်း အလကား မဖြစ်ဘူး ဟုတ်တယ်မလာ…

တစ်ချိန်တည်း၌ လင်းရီ ကျန်းရှောင်ယွီကို တိုက်ရိုက်ထုတ်လွင့်ပြီး ကြည့်ရှုသူ စုဆောင်းရန် ပြောလိုက်၏။

သို့သော်လည်း လင်းရီ ကတော့ အစမှ အဆုံးထိတိုင်အောင် မပါဝင်ပဲ ဟိုငေး ဒီငေးဖြင့် အေးဆေး ထိုင်နေလေသည်။

ကလင် ကလင် ကလင် …

သူ ငေးလို့ကောင်းနေစဉ် လင်းရီ ဖုန်းသံ မြည်လာခဲ့၏။

ကျီချင်းရန်မှ ဗွီဒီယိုကော ခေါ်ဆိုလာခဲ့ခြင်းပင်။

“ ဟိုက်… ဘာလို့ ခုချိန်ကျမှ ဖုန်းခေါ်လာခဲ့တာတုန်းဟ… ပြီးတော့ ဗွီဒီယိုကောကြီး…”

လင်းရီ သူ၏ မာစတာ အိပ်ခန်းသို့ အလျင်စလို ပြေးသွားလိုက်ပြီး ရှပ်အင်္ကျီကို ချွတ်၍ ကုတင်ပေါ်သို့ လွှားကနဲ ခုန်တက်လိုက်သည်။ ထို့နောက် ခုမှ အိပ်ရာထမှန်း သိသာအောင် ဆံပင်ကို ဖွလိုက်လေသည်။

အရာအားလုံးကို အသေးစိတ် ဂရုစိုက်ထားပြီး လင်းရီ သူသာ ဆက်လက်လေ့ကျင့်မည်ဆိုပါက အနာဂတ်တွင် faker များကိုပင် စိန်ခေါ်နိုင်လိမ့်မည်ဟု ခံစားနေရ၏။

သူအသင့်ဖြစ်သည့် အခါ၌ ကျီချင်းရန်၏ ဖုန်းခေါ်ဆိုမှုမှာ ကျသွားခဲ့ပြီး လင်းရီ သူမကိုပြန်ခေါ်လိုက်သည်။

“ နင် မထသေးဘူးပေါ့…” ကျီချင်းရန် ပြောလိုက်ပြီး “ မြန်မြန်ထတော့…. နေဖင်ထိုးနေပြီ ဟဲ့အကောင်ရဲ့…..”

သူမ၏ တွက်ချက်မှုများအရတော့ အမေရိကားတွင် မနက်ခြောက်နာရီ ထိုးလောက်ချေပြီ။

ထိုအခိုက်အတန့်တွင်တော့ ကျီချင်းရန်မှာ အိမ်တွင်းဝတ်သည့် ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းထက်တွင်လည်း ပန်းရောင် ခေါင်းစည်းကို ဆင်ယင်ထား၏။

သူ ဆိုင်စဖွင့်ပါပြီဆိုကတည်းက ကျီချင်းရန်မှာ ပန်းနုရောင် အသုံးအဆောင်များကို မကြာခဏဆိုသလို ဝင်ဆင်လေ့ရှိသည်။

“ မင်း ခုဘယ်ရောက်နေတာ… ကြည့်ရတာ ငါတို့ အိမ် မဟုတ်သလိုပဲနော်… "

‘ငါတို့အိမ်’ ဟူသော အသုံးအနှုန်းကို ကြားတော့ ကျီချင်းရစ် ခစ်ကနဲ ရယ်မောလိုက်၏။

“ နင် ထွက်သွားပြီးတော့ ငါ အမေ့အိမ် ပြန်လာနေနေတာလေ… “ ကျီချင်းရန် ပြောလိုက်ပြီး “ ဒီနေ့ အမေတို့က လူမှုရေးပွဲသွားစရာရှိတော့ ငါ့ကို ညစာ လုပ်ပေးပြီး ထွက်သွားခဲ့ကြတာ… တစ်ယောက်တည်း ထမင်းစားရတာ ပျင်းလို့ နင့်ဆီ ဖုန်းဆက်လိုက်တာ…”

“ ကောင်းတာပေါ့… ငါလည်း မျက်စိအစာကျွေးလို့ရတယ်…”

“ ခစ်ခစ်… နင်က ငါ့ကို လှပြီး အရသာရှိတယ်လို့ သွယ်ဝိုက်ပြီး ပြောလိုက်တာလား… နင်က လူဆိုးပဲ…”

သူမ ထမင်းစားပွဲသို့ ပြန်သွား၍ စားသောက်ရန် ဟန်ပြင်လိုက်ရင်း “ ငါနင့်ကို ပြောစရာရှိလို့ ဖုန်းဆက်လိုက်တာ…” ကျီချင်းရန် ပြောပြီးနောက် ခဏရပ်တန့်၍ “ ယွမ်ယွမ် ငါ့ကို ပြောပြတာ…”

“ ဟမ်… ကုမ္ပဏီ အကြောင်းလား…”

“သူမပြောတာ လုံရှင်းက ဒီနေ့ မွန်းလွဲပိုင်းမှာ ဒေါ်လာ 40 မီလီယမ် ရင်းနှီးမြုပ်နှံမှု ရလိုက်တယ်တဲ့… အဲ့ ငွေတွေက မစ်ဆူအုပ်စုဆီကနေ လာခဲ့တယ်ဆိုပဲ…” ကျီချင်းရန် ဆံပင်ကို နောက်သို့ ဖိကပ်ထား၍ စားရင်း ပြောလိုက်ပြီး “ ငါတော့ ဒီရင်းနှီးမြုပ်နှံမှုကြီးက အရမ်းကို လျှပ်တစ်ပြက်ဆန်လွန်းနေသလိုပဲ… ကြည့်ရတာ လုံရှင်းရဲ့ နာမည်ဂုဏ်သတင်းက ကမ္ဘာအနှံ့ကို ပျံ့နှံ့သွားပြီးတော့ အနာဂတ်ကျရင် တခြားနာမည်ကြီး ကုမ္ပဏီတွေကပါ ရင်းနှီးလာနိုင်လောက်တယ်….”

လင်းရီ ခေတ္တမျှ တိတ်ဆိတ်သွားခဲ့တော့၏။ သူ ဤရင်းနှီးမြုပ်နှံမှု၏ ရည်ရွယ်ချက်ကို ကောင်းမွန်စွာ နားလည်ထားပြီး ဖြစ်သည်။ ၎င်းက အာယာနဲ မစ်ဆူ၏ စနက် ကင်းလိမ့်မည် မဟုတ်ပဲ သူမဘက်က ကောင်းမွန်သည့် စိတ်ရင်းကို ပြသရန်အတွက် ယခုလို ရင်းနှီးမြုပ်နှံလိုက်ခြင်း ဖြစ်လောက်၏။

‘ ဒီအမျိုးသမီးက တော်တော်လေး ရက်ရောနေတာပဲ … ဒေါ်လာ သန်း ၄၀ ကို ဘာမှဟုတ်တဲ့အတိုင်း ပစ်ပေးလိုက်တယ်ပေါ့…’

“ ဒီရင်းနှီးမြုပ်နှံမှုအတွက်ကတော့ သာမန် လုပ်ရိုးလုပ်စဉ်တွေအတိုင်းပဲ လုပ်လိုက်… ဘာမှ ထွေထူးစဉ်းစားပြီး တွေးပူမနေနဲ့… ထျန်းရန်ကို ကိုင်တွယ်ခိုင်းလိုက်…”

“ အွန်း… ငါလည်း အဲ့လို စဉ်းစားထားတယ်… ဒါရိုက်တာထျန်က အရမ်း တော်တာ…”

သို့နှင့် သူမ ခေါင်းကို မော့ပြီး လင်းရီကို ကြည့်ရင်း “ ခု အလုပ်ကိစ္စ ပြောပြီးပြီဆိုတော့ ငါနင့်ကို အရမ်း ပြဇာတ်ဆန်တဲ့ ကိစ္စတစ်ခုကို ပြောပြမယ်…”

“ ပြဇာတ်ဆန်တာ… ငါတို့ နှစ်ယောက် အကြောင်းလား…”

“ မဟုတ်ပါဘူး.. အဲ့တာက ယွမ်ယွမ်နဲ့ဆိုင်တယ်…”

“ ဘာလဲဖြစ်လို့… သူ့ ရည်းစားဟောင်း ပြန်ပေါ်လာလို့လား…”

“ အမ်… နင် ဘယ်လိုလုပ်ပြီး သိနေတာ…”

“ ငါလား… ငါက မရှိတာမသိ မသိတာ မရှိတဲ့ ဆရာကြီးလေ…”

“ ဟွန့်… မျက်နှာပိုးကိုက…. ခု အခြေအနေက တူနေတယ်ဆိုရင်တောင် နင် စိတ်ကူးထားတာနဲ့ တခြားစီပဲ…”

“ အဲ့တာက တမြန်မနေ့တုန်းက… ယွမ်ယွမ်ရဲ့ ရည်စားဟောင်းက လုံရှင်းကို စီနီယာ အင်ဂျင်နီယာ ရာထူးနဲ့ ရောက်လာခဲ့တယ်… ငါ ဒါရိုက်တာစွန်းဆီက ကြားရသလောက်တော့ သူက အရမ်း အရည်အချင်းရှိလို့ လီတိုဂရပ်ဖီစက် ပရောဂျက်ထဲတောင် ရွေ့ပြောင်းပေးဖို့ စဉ်းစားထားတယ်ဆိုပဲ…”

“ အာ…. တကယ်ကြီးလားကွ…”

၎င်းကို ကြားတော့ လင်းရီ ကြက်သေသေသွားခဲ့၏။

ကျီချင်းရန်မှ ပြဇာတ်ဆန်သည်ဟု ပြောသည်မှာ မဆန်းတော့ပေ။

“ အွန်း… အမှန်ပဲ…” ကျီချင်းရန် ပြုံးလိုက်ပြီး “ တမြန်မနေ့တုန်းက ဝမ်ရန် ငါ့ဆီဖုန်းဆက်လာပြီး နင့်ကိုယ်စား အလုပ်အမှုဆောင် အစည်းအဝေး တက်ခိုင်းတယ်လေ… ငါ သွားပြီးတော့ သုတေသန စင်တာကို တစ်ချက် ဝင်ကြည့်လိုက်တာနဲ့ သူ့ကို ချက်ချင်း မှတ်မိသွားခဲ့တာပဲ…”

“ မင်း အရင်က တွေ့ဖူးတယ်ဆိုတော့ သူလည်း မင်းကို မှတ်မိရောပေါ့…”

ကျီချင်းရန် ရယ်မောလိုက်ပြီး “ ဟင့်အင်း.. မှတ်မိပါဘူး… ငါ ယွမ်ယွမ်နဲ့ အတူသွားတွေ့တုန်းက နှင်းတွေအရမ်းကျတော့ မျက်လုံးပဲ ဖော်ထားတာလေ… ဒါကြောင့်မို့ သူငါ့ကို မမှတ်မိဘူး….”

“ ဟားဟား… စိတ်ဝင်စားဖို့တော့ ကောင်းနေပြီ…” လင်းရီ ရယ်မောလိုက်ပြီး “ သူ့ရဲ့ရည်းစားဟောင်းက သူ့ကို လစာပေးနေတဲ့သူဆိုတာ သိသွားခဲ့ရင် အဲ့ကောင် ဘယ်လိုခံစားလိုက်ရမလဲ မသိဘူး….”

ကျီချင်းရန်လည်း ပါးစပ်အုပ်၍ တသိမ့်သိမ့် တုန်အောင် ရယ်မောလိုက်ပြီး “ ဒါပေမယ့် ငါ ယွမ်ယွမ်ကိုတော့ အဲ့ဒီ အကြောင်း မပြောရသေးဘူး… တကယ်လို့ သူမသာ သိသွားခဲ့ရင် ဘယ်လိုတုံ့ပြန်မလဲ မသိဘူးနော်…”

“ သူတို့နှစ်ယောက် ပြန်ညှိသွားနိုင်လောက်လား….”

ကျီချင်းရန် ကူကယ်ရာမဲ့စွာဖြင့် နှုတ်ခမ်းကိုက်လိုက်ပြီး “ ဘယ်သူက တပ်အပ်ပြောနိုင်မှာလဲ… ဒါပေမယ့် နင်ပြောတော့ ကောင်းကျုံးယွမ်ကလည်း ယွမ်ယွမ်ကို ပိုးပန်းနေတယ်ဆို …”

“ အဲ့တာဆိုလည်း သူမကို အမှန်အတိုင်း ပြောပြလိုက်ပေါ့…” လင်းရီ ပြောလိုက်ပြီး “ အဲ့တာက ဖုံးထားလို့ ရတဲ့ အရာမှ မဟုတ်တာ… မဟုတ်လည်း အနှေးနဲ့အမြန် သိသွားမှာကိုပဲ….”

“ ငါသိတယ်… သူမကို ဘယ်လို ပြောပြရင် ကောင်းမလဲလို့ စဉ်းစားနေတာ…”

“ အင်း… ဟုတ်သားပဲ....”

လင်းရီ ဗွီဒီယိုကောကို ချုံ့လိုက်ပြီး ဝီချက်ဖွင့်၍ ဟော်ယွမ်ယွမ်ထံ စာလှမ်းပို့လိုက်၏။

“ ဟေ့… မင်းရည်းစားဟောင်းက ခု လုံရှင်းရောက်နေတယ်တဲ့….”

ထိုသို့ စာပို့ပြီးနောက် ကျီချင်းရန်နှင့် ဆက်လက် စကားပြောနေလိုက်သည်။ သူ၏ လှုပ်ရှားမှုများက သေသပ်ပိရိလှပြီး ကျီချင်းရန်လည်း ဘာတစ်ခုမျှ သတိမထားမိလိုက်ချေ။

“ ရီ… ငါတို့ ဒီကိစ္စ ဘယ်လိုလုပ်ကြရင် ကောင်းမလဲ… ငါတော့ နည်းနည်းလေး ကိုးရို့ကားယား နိုင်သလားလို့…” ကျီချင်းရန် မေးလိုက်၏။

“ တကယ်လို့ မင်း အဆင်မပြေဘူးထင်ရင်လည်း သူ့ကို မပြောနဲ့ပေါ့…”

“ ဒါပေမယ့် အဲ့လိုလုပ်ပြန်ရင်လည်း ငါတို့က အပြစ်ရှိနေသလို ဖြစ်သွားမှာလေ…” ပြောပြီးနောက် ကျီချင်းရန် ရုတ်ချည်း မာန်ပါလာခဲ့ပြီး “ ဟွန့် အဲ့တာ အဲ့ကောင်အမှားကြောင့်ပဲလေ… သူ့ကို ဘယ်သူက လမ်းခွဲခိုင်းလို့… အဲ့လိုကောင်ကို နောင်တရပါလေ့စေ…”

လင်းရီ ငိုရကောင်းနိုး ရယ်ရကောင်းနိုး ဖြစ်သွားခဲ့ပြီး “ ဒါဆိုလည်း မင်း သဘောပဲ…”

“ အွန်း…” ကျီချင်းရန် ခေါင်းညိမ့်လိုက်ပြီး “ နင်လည်း မြန်မြန်ထပြီး အလုပ်လုပ်တော့… စောစောပြီး စောစောပြန်လာခဲ့..”

“ ကောင်းပါပြီဗျ…”

ဖုန်းချပြီးနောက် လင်းရီ အိပ်ရာ ထလိုက်ပြီးသူ၏ အဝတ်အစားများကို ပြန်ကောက်ဝတ်လိုက်၏။ ထို့နောက် ဆံပင်ကို ပြန်သကာ အပြင်သို့ထွက်ရန် ဟန်ပြင်လိုက်လေသည်။

ထိုအခိုက်အတန့်တွင်ပဲ ဟော်ယွမ်ယွမ်ထံမှ ဖုန်းဝင်လာခဲ့၏။

“ ကျွန်မရည်စားဟောင်းက ဒီရောက်နေတယ်ဆို … အဲ့တာ အတည်ကြီးလား..…”

ဖုန်းထဲတွင်တော့ ဟော်ယွမ်ယွမ်၏ လေသံမှာ အတော်လေး ရှော့ခ်ရနေဟန်ပင်။

“ အင်း... မင်းရဲ့ အစ်မကျီကိုယ်တိုင် မြင်ခဲ့တာပဲ… သူ လုံရှင်းကို အစည်းအဝေးသွားတက်တော့ သူက စီနီယာအင်ဂျင်နီယာတောင် ဖြစ်လို့…”

“ မဆိုးပါဘူး… လုံရှင်းမှာတောင် စီနီယာ အင်ဂျင်နီယာ ဆိုတော့ တော်တော်လေး အရည်အချင်းရှိလို့ နေမယ်…”

“ အဲ့တာက အဓိက မဟုတ်သေးဘူး…” လင်းရီ ပြောလိုက်ပြီး “ မင်း ဘယ်လိုစဉ်းစားထားလဲ… အရင် ရည်းစားဟောင်းနဲ့ ပြန်တွဲမလား.. ဒါမှမဟုတ် ကောင်းကြီးနဲ့ ဆက်ဆံရေး အသစ် တည်ဆောက်မလား…”

“ ရွှတ် … လှေနံနှစ်ဖက် နင်းလို့မရဘူးလား….”

“ လှေနံနှစ်ဖက်နင်းပြီး ဘာလဲလုပ်မှာ….”

“ အီးဟီးဟီး… ငါလည်း ပလေးဂဲ ဖြစ်ချင်တယ်လေ….”

All Chapters