အရင်က ကိုင်ဖူးတယ်..
Vol. 51 Ch. 761
“ အဲ့လိုဆို ဝမ်မြန်ဆိုတဲ့ကောင်က အဆင်ပြေမယ့်ပုံပဲ…”
“ လင်းကြီး … မင်း နိမ့်နိမ့်ချချနေမှ ဖြစ်မှာနော်…”ချင်းဟန် ပြောလိုက်ပြီး “ အဲ့ကောင် သောက်ရမ်းကြမ်းတယ်ဆိုတာ ငါတို့ ချဲ့ကားပြီး ပြောနေတာမဟုတ်ဘူး…”
လင်းရီ ပခုံးတွန့်ရုံမျှသာ တွန့်လိုက်ပြီး အလေးနက် ထားမနေချေ။
“သွားစို့… တစ်နေရာပြီး ခဏတဖြုတ် သွားထိုင်ရအောင်….”
အုပ်စုမှာ ထိုင်ချလိုက်ကြပြီး ပုံမှန်အတိုင်း ရောက်တတ်ရာရာ စကား ဖောင်ဖွဲ့နေကြလေသည်။
ထိုအခိုက်အတန့်တွင်ပဲ အာမေဋိတ်သံ လှိုင်းလုံးကြီး နေရာအနှံ့အပြားမှ ထွက်ပေါ်လာခဲ့၏။
“ အဲ့တာ အာယာနဲ မစ်ဆူပဲ…”
တစ်ချိန်တည်းတွင် ပွဲကျင်းပသည့် နေရာရှိ သီချင်းသံမှာ နူးညံ့သွားခဲ့ပြီး ၎င်းတို့က ယခုလေးတင် အပြင်မှ ရောက်ရှိလာသည့် အမျိုးသမီးအား ဖိတ်မန္တက ပြုနေသည့်နှယ်ပင်။
အာယာနဲ မစ်ဆူ…
လင်းရီ ကြည့်လိုက်တော့ အာယာနဲမစ်ဆူမှာ သနပ်ခါးရောင် Chanel ဝတ်စုံကို ကျက်သရေရှိစွာ ဝတ်ဆင်ထားပြီး လမ်းလျှောက်လာသည်ကို မြင်တွေ့လိုက်ရ၏။
သူမ ဝင်လာသည့် အချိန်၌ လူတိုင်းကို ပြုံးပြနှုတ်ဆက်၍ သိမ်မွေ့ပြီး တော်ဝင်ဆန်သည့် ဟန်ပန်ကို ထိန်းသိမ်းထားလေသည်။
လူအများစုကို သူမ မသိသော်လည်း နှစ်ပေါင်းများစွာ ရင်းနှီးလာကြသူများကဲ့သို့ ဟန်ဆောင်နေသည်။ ထိုသို့ လူတိုင်းကို ပြုံးပြနှုတ်ဆက်ရင်း အာယာနဲမစ်ဆူနှင့် လင်းရီတို့နှစ်ယောက် လေထဲတွင် အကြည့်ချင်း ဆုံသွားခဲ့ကြ၏။
သို့သော်လည်း နှစ်ယောက်လုံးက သဘာဝကျကျ ပြုံးပြနှုတ်ဆက်လျက်ရှိကာ မည်သည့် ထူးဆန်းမှုကိုမှ လှစ်ဟာ မပြခဲ့ပေ။ မည်သူကမျှလည်း သူတို့နှစ်ယောက်ကြားတွင် ဇာတ်လမ်းတစ်ခုရှိခဲ့သည်ဆိုတာကို သိနိုင်လိမ့်မည် မဟုတ်ချေ။
အာယာနဲ မစ်ဆူ ရောက်လာသည်ကို မြင်တော့ ကျောက်မို သူ့ နက်ခ်တိုင်ကို ဆွဲတင်းလိုက်ရင်း မတ်တပ်ရပ်ပြီး ညာလက်ကို ဆန့်ထုတ်လျက် ယဉ်ကျေးသည့် ဟန်အမူအရာဖြင့် “ မိန်းကလေး မစ်ဆူ.. ကျုပ် မိန်းကလေးကို စောင့်နေတာတောင် အတော်လေး ကြာနေပြီ… ကျေးဇူးပြုပြီး ဒီဘက်ကြွပါ…”
“ လူကြီးမင်း ကျောက်.. ရှင်က အရမ်း ကြင်နာတာပဲ…” အာယာနဲ မစ်ဆူမှ ပြန်လည်နှုတ်ဆက်ရင်း သင့်တင်လျောက်ပတ်သည့် ဟန်အမူအရာကို ဖော်ပြလိုက်လေသည်။
သူမ ပြုလုပ်သည့် အမူအရာတိုင်းက အရူးမလေး ကျန်းရှောင်ယွီကို ယစ်မူးသွားစေခဲ့၏။
သူမ၏ အိပ်မက်ကလည်း အာယာနဲမစ်ဆူကဲ့သို့ မြင့်မြတ်ပြီး တော်ဝင်ဆန်သည့် အမျိုးသမီးတစ်ယောက် ဖြစ်လာဖို့ရာပင်။
အကယ်၍ တစ်နေ့ သူမ၏ အလှက ပုရိသ အပေါင်းကို ပါးစပ်အဟောင်းသား ဖြစ်သွားစေမည်ဆိုပါက သူမ အနားတွင် ခန့်ညားသည့် ရှောင်ကောကောများက ဝိုင်းဝိုင်းလည်နေပေမည်။ ထိုအကြောင်း စဉ်းစားကြည့်ရုံမျှဖြင့် ကျန်းရှောင်ယွီ ကြည်နူးနေမိတော့၏။
ထိုအချိန်သို့ ရောက်လျင်တော့ သူမ အစ်ကိုရီကဲ့သို့ ခန့်ညားချော့မောသည့် ရှောင်ကောကောကို ရွေးချယ်ပြီး ညရောက်လျင် ကျွမ်းဘားအားကစား မျိုးစုံကို စမ်းသပ်ကြည့်ပေမည်။
ဟပ်ချိုး….!
လင်းရီ နှာချေပြီးနောက် သူ့ကိုယ်သူ ရေရွတ်လိုက်၏။
“ ဘယ်ကောင် ငါ့အကြောင်း စဉ်းစားနေတာလဲဟ…”
ကျောက်မို အာယာနဲ မစ်ဆူကို ဘေးတစ်နေရာသို့ ဖိတ်ခေါ်လိုက်ပြီး မကြာမီ စီးပွားရေး လုပ်ငန်းရှင် အုပ်စုကြီးမှာ သူမအနား ဝန်းရံလာကြတော့၏။
အဆိုပါ စီးပွားရေးသမားများက သူတစ်ပါး ဇနီးမယားများနှင့် ဖက်ကနေခြင်းကို ခေတ္တ ရပ်တန့်လိုက်ပြီး လုပ်ငန်းကတ်လေး ကိုယ်စီကိုင်လျက် အာယာနဲ မစ်ဆူထံ အပြုံးလေးဖြင့် ရောက်လာကြလေသည်။
မစ်ဆူအုပ်စုမှာ ကမ္ဘာ့အဆင့်မှီ စီးပွားရေး ကော်ပိုရေးရှင်းကြီး တစ်ခု ဖြစ်ပြီး ဂုဏ်၊ အဆင့်အတန်း၊ ငွေကြေး အရင်းအမြစ်တို့၌ မစ်ဆူအုပ်စုနှင့် မည်သည့် ကုမ္ပဏီကမျှ မယှဉ်ပြိုင်နိုင်ကြချေ။
အကယ်၍ သူတို့သာ မစ်ဆူအုပ်စုနှင့် အကျိုးတူ ပူးပေါင်းနိုင်မည်ဆိုပါက အနာဂတ် စီးပွားရေးလမ်းကြောင်း၌ ကောင်းမွန်သည့် သက်ရောက်မှုနှင့် အခွင့်အလမ်းတို့ ရှိလာပေမည်။
ယခု သူတို့ရှေ့ ရောက်ရှိနေသူက မစ်ဆူအုပ်စု၏ အကြီးဆုံး သမီးတော်ဖြစ်ပြီး သူမ၏ အဆင့်အတန်းအရ မိသားစုထဲတွင် ပြောရေးဆိုခွင့် အများအပြား ရှိမှာ သေချာသလောက်ပင်။
ထို့ကြောင့် အာယာနဲ မစ်ဆူကို မြင်တွေ့လိုက်ရသည့် အခိုက်အတန့်၌ လူတိုင်းက အားတက်သရော ဖြစ်နေကြသည်ကို နားလည်ပေး၍ ရလေသည်။
အာယာနဲ မစ်ဆူကြောင့် ကပွဲပါတီမှာလည်း ခေတ္တမျှ နှောင့်ယှက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားခဲ့၏။
မူလက လင်းရီနှင့် ချင်းဟန်နား ရပ်နေကြသူများမှာ ယခု အာယာနဲ မစ်ဆူဘက်သို့ အပြေးသွားကြလေသည်။
“ ဒီလူတွေက ယင်ကောင်တွေများလား…”ကျန်းရှောင်ယွီ မပျော်ရွှင်စွာ ပြောလိုက်ပြီး “ သူတို့ စောနလေးတင် အစ်ကို့ကို မျက်နှာလို မျက်နှာရ လုပ်နေကြတယ်… ဒါပေမယ့် ခုကျတော့ သူများနောက်ကောက်ကောက်ပါအောင် လိုက်သွားကြတယ်… အဲ့လိုမျိုး အပြောင်းအလဲမြန်တတ်တဲ့ ဘော့စ်တွေနဲ့ လက်တွဲလုပ်လို့ မရဘူးနော်…”
“ သာမန်ပါပဲ… စီးပွားရေးသမားက ငွေနောက်လိုက်တယ်… ပိုက်ဆံရနိုင်နေသမျှတော့ လူတစ်ယောက် အကျင့်ကောင်းမကောင်း ဘာလို့ ကြည့်နေတော့မှာလဲ… ဟုတ်တယ်မလား… ဒီတော့ ပိုပြီး ရင့်ကျက်လိုက်…" လင်းရီ သူ့ဝိုင်ကို မော့သောက်ပြီး ပြောလိုက်၏။
လင်းရီနှင့် ကျန်နှစ်ယောက်ကတော့ တည်တည်ငြိမ်ငြိမ်နှင့် ဘာမျှ မဖြစ်သကဲ့သို့ပင်။ ကျန်းရှောင်ယွီတစ်ယောက်တည်းကသာ စိတ်တိုဒေါသဖြစ်နေခဲ့လေသည်။
သူမကတော့ အနှီလူများက လူမှုရေးကို တန်ဖိုးမထားတတ်သောကြောင့် လူမဟုတ်သည့် သူများဟု တေးမှတ်ထားလိုက်၏။
တကယ်တမ်း လင်းရီ အမြင်တွင်တော့ အနှီ ဟွာရှ စီးပွားရေးသမားများက အနည်းငယ်တော်သေးသည်ဟု ဆိုရပေမည်။ သူတို့အားလုံးက အနည်းငယ် အေးစက်သည်မှအပ ပြောစရာတစ်ပါး မရှိချေ။
တစ်ဖက်ရှိ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများကတော့ လူလို့ပင် သတ်မှတ်၍ မရေတော့ချေ။
ထိုအခိုက်အတန့်တွင်တော့ အာယာနဲမစ်ဆူမှာ ဝန်းရံခံလိုက်ရသော်လည်း တည်ငြိမ်စွာနှင့် ရင်ဆိုင်လိုက်သည်။
“ ကျွတ် ကျွတ် ကျွတ်… ကြည့်ရသလောက်တော့ ကျောက်မိုရဲ့ အရည်အချင်းတွေက ပိုသာနေတာပဲ… သူတကယ်ကြီး မစ်ဆူအုပ်စုရဲ့ အကြီးဆုံး သမီးတော်နဲ့ ရင်းနှီးနေတယ်…”
“ သူကလည်း ဟွာယင်းအုပ်စုရဲ့ သခင်လေးပဲလေ… ဒါပေါ့… သူ့ရဲ့ အဆင့်အတန်းကလည်း ထူးခြားနေတာကိုပဲ…. မိန်းကလေး မစ်ဆူနဲ့ ဒီလိုမျိုး စကားပြောနေနိုင်တာ နားလည်ပေးလို့ရပါတယ်…”
“ မင်းပြောတာ အဓိပ္ပာယ်ရှိတယ်… ကျောက်မိသားစုရဲ့ ခွန်အားနဲ့မိသားစု နောက်ခံအင်အားက ချင်းမိသားစုထက် တကယ်လည်း မဆိုသလောက်လေး သာလွန်တယ်… လင်းယွမ်အုပ်စုဆိုတာကတော့ …. ပြောမနေပါနဲ့… သူက ကုမ္ပဏီကြီး တစ်ခုဆိုရင်တောင် နောက်ခံက မရှိ… ခု လောလောဆယ် အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်နေတယ်ဆိုပေမယ့် အနာဂတ်မှာ ဆက်ပြီးရပ်တည်နေနိုင်မလား ဆိုတာက ကံတရားအပေါ်မှာ မူတည်နေပြီ….”
“ အဲ့တာ သူတို့ကြားက ခြားနားမှုပဲလေ…” သက်လတ်ပိုင်းလူကြီးမှ ပြောလိုက်ပြီး “ ချင်းဟန်က ခုထိ သောက်စား ပျော်ပါးလို့ကောင်းနေချိန် ကျောက်မိုက အောင်မြင်တဲ့ စီးပွားရေးသမား တစ်ယောက်လို့တောင် သတ်မှတ်လို့ရနေပြီ…”
“ ခုက အစပိုင်းမို့ မဆိုသလောက်လေး ကွာနေတာ… နောင် သုံးလေးနှစ်လောက်ဆို သူတို့ကြား ကွာဟမှုက ပိုပြီး ကြီးထွားလာဖို့ပဲ ရှိတယ်… အဲ့ဒီအချိန်ကျရင် သူတို့နှစ်ယောက်က ခိုင်းနှိုင်းလို့ ရတော့မှာတောင် မဟုတ်ဘူး…”
အခြားသူများ ဝိုင်းဖွဲ့ဆွေးနွေးနေကြသည့် စကားသံများကို ကြားတော့ ကျောက်မို နှုတ်ခမ်းထောင့်စွန်းတို့ တွန့်ကွေးတက်သွားခဲ့ပြီး အစောပိုင်းတုန်းက မကျေမချမ်းမှုများမှာနေလာနှင်းအလား ပျောက်ကွယ်သွားခဲ့ချေသည်။
' သူ့ကို ဘာမှ သောက်ရေး မပါတဲ့ ကိစ္စတွေမှာ အနိုင်ပေးလိုက်ရတာက ကိစ္စမရှိဘူး… ဒါပေမယ့် လေးလေးနက်နက် ရှိတဲ့ ကိစ္စတွေမှာတော့ သူနဲ့ သေချာပေါက် အလှမ်းဝေးနေမှာပဲ…'
“ မိန်းကလေး မစ်ဆူ… ဒီမှာက လူတွေ အများကြီးရှိနေတော့ စကားပြောလို့ သိပ်မကောင်းဘူး… သီးသန့်စကားပြောလို့ ကောင်းမယ့် နေရာကို သွားကြမလား…” ကျောက်မို မှ အပြုံးလေးဖြင့် ပြောလိုက်၏။
“ လူကြီးမင်း ကျောက်ရဲ့ ကြင်နာမှုကို ကျေးဇူးတင်ပါတယ်… ကျွန်မက ဟွာရှကို မရောက်ဖြစ်တာလည်း အတော်ကြာနေပြီဆိုတော့ ရောက်တုန်းလေး အနားယူချင်သေးလို့… နောက်မှ ဒီအကြောင်း ပြန်ပြောကြတာပေါ့…. ရတယ်မလား…”
“ ရတာပေါ့…” ကျောက်မို ပြုံးလိုက်ပြီး “ အချိန်ကျလာရင် ကျုပ်ဘက်က မိန်းကလေး မစ်ဆူကို ဟွာရှအနှံ့ လိုက်ပြပေးမယ်….”
“ ကျေးဇူးတင်ပါတယ်ရှင်…”
အဆိုပါ စကားဝိုင်းက အနီးအနား၌ မတ်တပ်ရပ်နေကြသူတိုင်းကို မနာလို ဝန်တို ဖြစ်သွားစေသည်။
ကြည့်ရသလောက်တော့ အနာဂတ်တွင် ဟွာယင်းအုပ်စုက အဆင့်တစ်ခုသို့ မြင့်တက်လာမည့်ကိန်းကို မြင်နေရ၏။
“ မိန်းကလေးမစ်ဆူကို ကျုပ်နဲ့ အတူတွဲကဖို့ ဖိတ်ခေါ်လို့ရမလား မသိဘူး…”
“ ခဏလေးစောင့်ပေးလို့ရမလား… ကျွန်မ သိပ်ပြီး နေလို့ မကောင်းသေးလို့ပါ…”
“ အိုး… ကျုပ်ဘက်က ရိုင်းပြသလို ဖြစ်သွားတယ်… စိတ်မရှိပါနဲ့…”
ကျောက်မို လှည့်လိုက်ပြီး သူ့ဘေးရှိ လူများကို ဝေ့ကြည့်ကာ “ လူတိုင်းပဲ … ဒီနားမှာ စုပြုံမနေကြပါနဲ့… မိန်းကလေး မစ်ဆူက နေလို့ မကောင်းဘူးတဲ့… လူတိုင်းပဲ လေဝင်လေထွက်ကောင်းအောင် နေရာဖယ်ပေးလိုက်ကြပါ….”
“ အိုကေ အိုကေ… ငါတို့ အခု ဖယ်နေပြီ… အခု ဖယ်ပေးနေပြီ…”
လူတိုင်း အုပ်စုကွဲသွားကြပြီး ကပွဲမှာ တစ်ဖန်ပြန်လည် စတင်ချေပြီ။
ကျောက်မိုလည်း အလျင်လို မနေချေ။ အာယာနဲ မစ်ဆူ အနားယူသည့် အချိန်၌ လူတိုင်းက သူ့အတွက် လမ်းဖယ်ပေးကြ၏။
“ အစ်ကိုရီ… အဲ့အမျိုးသမီးက ဘယ်က လာခဲ့တာ… အဲ့ဒီ ကျောက်ဆိုတဲ့ ဒုတိယမျိုးဆက် သခင်လေးကလည်း အရမ်းချမ်းသာတယ်မဟုတ်ဘူးလား… ဘာလို့ သူမကို ဖော်လံဖားလုပ်နေတာ… “
“ ရှင်းနေတာပဲလေ… အဲ့ဒီ အမျိုးသမီးက ပိုပြီး ချမ်းသာနေလို့ပေါ့…” လင်းရီ ပြောလိုက်ပြီး “ မစ်ဆူ စီးပွားရေးလုပ်ငန်းစုရဲ့ အကြီးဆုံးသမီးက ကျောက်မိုထက် ချမ်းသာနေသာ မဆန်းပါဘူး…”
“ အဲ့လိုလား… ကျွန်မကတော့ အဲ့အမျိုးသမီးက အရမ်း ဘဝင်မြင့်နေသလားလို့…” ကျန်းရှောင်ယွီ ပြောလိုက်ပြီး “ တကယ်လို့ အစ်ကိုရီ သူမကို ပိုးပန်းရမယ်ဆိုရင် အောင်မြင်နိုင်မယ်လို့ ယုံကြည်ချက်ရှိလား…”
“ အပြည့်ရှိတာပေါ့…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် သူမရဲ့ ဆိုဒ်က 39 B တည်းရှိတာ… ပြီးတော့ အတုတွေလည်း ထည့်ထားသေးတယ်… စိတ်မဝင်စားပါဘူး…”
“ဟမ်…”
ချင်းဟန် ၊ ကောင်းကျုံးယွမ်နှင့် ကျန်းရှောင်ယွီတို့ လင်းရီကို ပြိုင်တူ ကြည့်လိုက်ကြပြီး “ သူမက အတုတွေ ဝတ်နေတယ်ဆိုတာ အစ်ကိုရီက ဘယ်လိုလုပ်ပြီး သိနေတာ…”
“ အရင်က ကိုင်ဖူးလို့ပေါ့ကွ… ရေးကြီးခွင်ကျယ် လုပ်ဖို့ လိုလို့လား…”