ဘောက်ဆင်ပွဲ စတင်ပြီ
Vol. 51 Ch. 764
“ ဒါ…ဒါက မင်းရဲ့ သင်္ဘော….”
ကျောက်မိုနှင့် ကျန်သုံးယောက်၏ အမူအရာမှာ ရုတ်ချည်းအေးခဲသွားတော့၏။ ထို့နောက် အလွန်အမင်း ထူးဆန်းသွားခဲ့လေသည်။
အဆိုပါ သတင်းက သူတို့ကို အကြီးအကျယ် အံ့အားသင့်ဖို့ရာအတွက် လုံလောက်၏။
ရလဒ်အနေဖြင့် လေးယောက်စလုံးမှာ ဖင်ကို အပ်နှင့် အဆွခံလိုက်ရသကဲ့သို့ ကိုးရို့ကားယား ဖြစ်သွားခဲ့ကြတော့သည်။
“ မင်းတို့ကောင်တွေကိုတော့ ငါ တကယ် လေးစားလို့ မဆုံးဘူး…” လင်းရီ ပြောလိုက်ပြီး “ ဒီလောက်ကြာ နေပြီကို ငါ ဘယ်နယ်ပယ်တွေမှာ မင်းမူနေလဲဆိုတာ မသိသေးဘူးပေါ့… ဒီလို ပုံစံနဲ့များ စီးပွားရေး ထွက်လုပ်နေကြသေးတယ်…လူငယ်လေး… ဒီပုံစံအတိုင်းဆိုရင်တော့ မဖြစ်တော့ဘူးနော….”
“ ဟားဟား….”
ရယ်မောသံများ ထွက်ပေါ်လာပြီး ကျောက်မိုနှင့် ကျန်သူများ၏ အမူအရာကို ပို၍ပင် အကျည်းတန်သွားစေသည်။
လင်းရီ ကျောက်မို၏ ပခုံးကို အသာအယာ ပုတ်လိုက်ပြီး စီနီယာ တစ်ဦး၏ လေသံဖြင့် “ ငါက စကားတည်တဲ့ ယောက်ျားသားပဲ… မင်းနဲ့ ပြိုင်ပြီးတော့ အဲ့ဒီ အမှိုက်တွေကို မလုပါဘူးကွာ…. မင်းကြိုက်ရင် ရဲရဲသာ လေလံဈေးခေါ်လိုက်… အကုန်မင်းအပိုင်ပဲ သခင်လေးကျောက်…. “
ပြီးနောက် လင်းရီ အိတ်ထောင်ထဲ လက်ထည့်လျက် လေလံပွဲကို စိတ်မဝင်စားသည့် အလား ဘေးရှိ ထိုင်ခုံတွင် အေးဆေး သွားထိုင်နေလေသည်။
“ ငိုးပဲကွာ…”
ကျောက်မို ဒေါသတကြိး ကျိန်ဆဲလိုက်ပြီး အပေါင်းအပါများနှင့် ပြန်လည် ဆုတ်ခွာသွားခဲ့၏။
မူလက သူ လေလံပွဲတွင် နည်းနည်းပါးပါး ဈေးကစားရန် ရည်ရွယ်ချက်ရှိသော်လည်း ယခုလို ဖြစ်ပျက်ပြီး နောက်တွင်တော့ ပါဝင်ရန် စိတ်မဝင်စားတော့ချေ။
လေလံပွဲမှာ ဆက်လက်ကျင်းပနေသော်ငြား လူတိုင်းကတော့ လေထုထဲတွင် ပျံ့နှံ့နေသည့် ယမ်းမှုန်ယမ်းနံ့များကို ရှူရှိုက်မိနေသည်။
မူလက အုပ်စုနှစ်ခုမှာ သိုသိုသိပ်သိပ်နေပြီး တိုက်ခိုက်နေကြသော်လည်း ယခုတော့ တိုက်ပွဲမှာ အပေါ်ယံမျက်နှာပြင်သို့ ထွက်ပေါ်လာခဲ့ချေပြီ။
ယခုအချိန်သည်ကား အနိုင်ရသူကို အဆုံးအဖြတ်ပေးတော့မည့် အချိန်အခါဖြစ်၏။
“ ကျန်းကြီး… မင်းလည်း ကြားတယ်မလား… ရှေ့ နှစ်ညတုန်းက အုပ်စုနှစ်ခု စကားများပြီးတော့ ရန်ဖြစ်လုဖြစ်ခင် ဖြစ်သွားတာကိုလေ…”
“ ကြားတာပေါ့ကွ…အဲ့ကိစ္စ ဘယ်သူ့မေးမေး သိနေတာကိုပဲ… ခုလေးတင် ဖြစ်ပျက်သွားတာနဲ့ဆို ကိစ္စတွေကတော့ သာယာတော့မှာ မဟုတ်လောက်တော့ဘူး… ဝူးရှူးဝါးရှားတွေ ဖြစ်ကုန်တော့မယ်နဲ့တူတယ်…”
“ ဒါဆို မင်း ဘယ်သူနိုင်မယ်လို့ ထင်လဲ…”
“ မေးဖို့လိုသေးလို့လား… ရန်ကျင်းက သခင်လေး ဂူချန်းချွမ်ပဲပေါ့…” ကျန်းကြီးဟုခေါ်သည့် သက်လတ်ပိုင်း လူကြီးမှ ပြောလိုက်ပြီး “ သူက ရန်ကျင်းမှာ တိုက်ခိုက်တာ တော်လို့ နာမည်ကြီးတယ်… ပြောသံကြားတာတော့ သူက ရုန်ချွမ်းသိုင်း ပညာရှင်ဆိုပဲ …”
“ အတည်ကြီးလား… သူက ဟွာရှရိုးရာသိုင်းပညာတွေကို လေ့ကျင့်ဖူးတယ်ပေါ့…”
“ အဲ့တာတင် ဘယ်ကမှာ.. သူက ဂျူဒို၊ ကရာတေး ၊ ဂျူဂျစ်ဆုလိုမျိုး တိုက်ခိုက်ရေး နည်းပညာ တော်တော်များကိုလည်း သိထားသေးတယ်… ကုန်ကုန်ပြောမယ်ကွာ… အဲ့ကောင်က သောက်ရမ်းကြမ်းတယ်…” ကျန်းကြီး ဆိုသူမှ ပြောလိုက်ပြီး “ ငါ ငါ့သားဆီကနေ တစ်ဆင့်ပြန်ကြားရသလောက်တော့ သူက ရန်ကျင်း ဘောက်ဆင်ကလပ်တောင် တည်ထောင်ထားတယ်ဆိုပဲ… ပြီးတော့ တစ်ခါတုန်းက ပြည်နယ်ဘောက်ဆင် ချန်ပီယံ တစ်ယောက် သူ့ကို စိန်လာခေါ်တာ ဆယ်စက္ကန့်နဲ့တင် ဂူချန်းချွမ်က အမှောက်သိပ်ပစ်လိုက်တယ်…”
“ အဲ့တာတော့ ဟုတ်တယ်… ဒါပေမယ့် ဥက္ကဌလင်းကလည်း ကိုင်တွယ်ဖို့ လွယ်မယ့် လူစားမျိုးတော့ မဟုတ်လောက်ဘူး…”
“ ဥက္ကဌလင်းကလည်း တော်တော်လေး အထင်ကြီးဖို့ ကောင်းပါတယ်… လူသာမန်တွေနဲ့ယှဉ်မယ်ဆိုရင်ပေါ့…” ကျန်းကြီးဆိုသူမှ ပြောလိုက်ပြီး “ ဂူချန်းချွမ်က သူ့ရဲ့ အားမာန်ပြည့်၀တဲ့ သက်လုံကို ထိန်းသိမ်းဖို့ဆိုပြီး အမျိုးသမီးတွေကို ထိတောင်မထိဘူး… အဲ့လိုလူမျိုးနဲ့ ဘယ်သူက ယှဉ်နိုင်မှာ…”
“ အဲ့လိုဆိုလို့ကတော့ လင်းယွမ်အုပ်စုရဲ့သူဌေးကတော့ သေအောင် ရိုက်နှက်ခံရတော့မယ်နဲ့တူတယ်…”
“ သေတဲ့ထိ ရိုက်နှက်ခံရမယ်လို့တော့ ငါမထင်ဘူး… ဘာပဲဆိုဆို အကုန်လုံးက အဆင့်အတန်းကိုယ်စီနဲ့လေ… ဒါပေမယ့် အနိုင်ကျင့်ခံရမယ်ဆိုတာကတော့ ရှောင်လွဲလို့ရမှာ မဟုတ်ဘူး… မဟုတ်ရင် ရန်ကျင်းရဲ့ သခင်လေး လေးဖော်ဆိုတဲ့ နာမည်နဲ့ ဘယ်ထိုက်တန်တော့မှာ…”
“ ကျွတ် ကျွတ်… ငါတော့ ဒီလေလံပွဲကြီးကို မြန်မြန်တောင် ပြီးစေချင်နေပြီ…”
“ ဟားဟား… အမှန်ပဲ… ခဏနေ ပြိုင်ပွဲစရင် ငါတို မှန်ကန်တဲ့ ဘက်ကနေ လောင်းကြေးထပ်ရမယ်… “
လက်တွေ့တွင်တော့ ထိုလူနှစ်ယောက်ကသာ အဆိုပါ ကိစ္စကို ဆွေးနွေးနေကြခင်း မဟုတ်ပဲ ကျန်သူများကလည်း ပြိုင်ပွဲအကြောင်း အပြင်းအထန် စကားဝိုင်းဖွဲ့နေကြလေသည်။
အမျိုးသား အများစုကတော့ ဂူချန်းချွမ်ကို မြင့်မြင့်မှန်းထားကြ၏။
သုံးကွက်မျှနှင့် ပွဲရလဒ်မှာ ထွက်ပေါ်လာလိမ့်မည်ဟု ခန့်မှန်းထားကြလေသည်။
သို့သော်လည်း အမျိုးသမီးများကတော့ ထိုသို့ မထင်ကြပေ။
လင်းယွမ်အုပ်စု၏ ဥက္ကဌမှာ ရုပ်ရည်ပြေပြစ် ချောမောသောကြောင့် သူ၏ အရည်အချင်းများမှာလည်း သေချာပေါက် ဆိုးရွားလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် လင်းရီကသာ နိုင်မည့် သူဖြစ်၏။
မကြာမီ လေလံပွဲမှာ တရားဝင် စတင်ချေပြီ။
ကျန်းရှောင်ယွီလည်း သူမ၏ စထွင်းကို စတင် ထုတ်လွင့်တော့၏။ လေလံပွဲက ရေကူးကန် ပါတီလောက် အမြင်မဖမ်းစားနိုင်သော်လည်း ကြည့်ရှုသူ အများစုမှာ ယခုလို လေလံပွဲမျိုးကို ပထမဆုံးအကြိမ် တွေ့ကြုံဖူးကြသောကြောင့် ရလဒ်ကတော့ သိသိသာသာ ကောင်းမွန်လေသည်။
ထို့ကြောင့် ရေပန်းစားမှုကလည်း မနိမ့်ပါးချေ။ မကြာမီ ရေပန်းစားမှု ငါးသန်းကျော်သွားခဲ့ပြီး ဆက်ပြီးတော့လည်း မြင့်တက်လျက်ရှိ၏။
နှစ်နာရီ ကြာပြီးနောက် လေလံပွဲမှာလည်း ပစ္စည်းရှစ်ခု ရောင်းချပြီးသွားကာ အဆုံးသွားခဲ့လေသည်။
ထိုအခါ ပွဲကျင်းပရာ နေရာရှိ လူတိုင်းက သင်္ဘောအောက်ခြေသို့ ရွေ့ပြောင်းလာခဲ့ကြသည်။
ဘောက်ဆင် ကြိုးဝိုင်းတစ်ခုက ခန်းမ အလယ်တွင် ရှိနေပြီး ထိုင်ခုံနေရာများကလည်း VIP ခုံများအပ ကျန်သည့်နေရာများမှာ လစ်လပ်နေသည်ကို မရှိချေ။
ဘောက်ဆင်ပွဲမှာ ကော့တေးပါတီ၏ အညှာဖြစ်ပြီး ချမ်းသာသည့် လူပုဂ္ဂိုလ်များကတော့ ချက်ခ်လက်မှတ်များကို ကြိုတင်ကိုင်ဆောင်ထားကြကာ လောင်းကြေးထပ်ရန် အဆင်သင့်ဖြစ်နေကြ၏။
ထို့နောက် ဒိတ်ဒိတ်ကျဲကြီးများမှ VIP ခုံတွင် နေရာဝင်ယူကာ တစ်ချိန်တည်းတွင် ရှပ်အဖြူ ဘောင်းဘီအနက်နှင့် ဒိုင်လူကြီးကလည်း ကြိုးဝိုင်းအလယ်တွင် မတ်တပ်ရပ်၍ မိုက်ကိုကိုင်လျက် အားမာန်တက်ကြွသည့် လေသံဖြင့် “ ဒီနေ့ ကြယ်ငါးရဲ့ ဘောက်ဆင် ချန်ပီယံပွဲကို ကြွရောက်လာကြတဲ့ ဧည့်ပရိတ်သတ်အပေါင်းတို့ မင်္ဂလာပါ…. ကျွန်တော်ကတော့ ဒီပွဲရဲ့ ဒိုင်လူကြီးဖြစ်တဲ့ ရိုင်နောစရစ်(Rhinoceros ကြံ့ ) ဖြစ်ပါတယ်…”
မြေအောက်စိန်ခေါ်ပွဲများ၏ ရွှေတံဆိပ်ဆုရ ပွဲကြေညာသူ တစ်ယောက်အနေဖြင့် ရိုင်နောစရစ်မှာ အတော်လေး ကျော်ကြားသည့် လူတစ်ယောက်ဖြစ်၏။
သူက အတိတ်တွင် ပရော်ဖက်ရှင်နယ် ဘောက်ဆင်ကစားသမားကောင်း တစ်ဦးဖြစ်ခဲ့ပြီး သူ၏ တုတ်ခိုင် သန်မာသည့် ခန္ဓာကိုယ်ကြီးကြောင့် ကြံ့ကြီးဟူသော နာမည်ပြောင်ကို ရရှိခဲ့လေသည်။
ကြေးပွဲများမှ ဒဏ်ရာကြောင့် အနားယူပြီးနောက်တွင် သူ၏ ထူးချွန်ပြောင်မြောက်လှသည့် စကားပြောစွမ်းရည်ကို အသုံးချကာ ပွဲကြေညာသူတစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်း ပြုခဲ့လေသည်။
ယခုအလုပ်တွင်လည်း သူ တည်ဆောက်ထားသည့် နာမည်ဂုဏ်သတင်းနှင့် အရည်အချင်းတို့က ပေါင်းစပ်သွားကာ အချိန်တိုအတွင်း လျှမ်းလျှမ်းတောက် အောင်မြင်လာခဲ့လေသည်။
လက်ခုပ်သံများ ဆဲသွားသည့် အချိန်၌ ကြံ့ကြီးမှ ဆက်လိုက်၍ “ ဒီနေ့ ပွဲစဉ်မှာတော့ ပါဝင်ယှဉ်ပြိုင်သွားမယ့် ကစားသမားဦးရေက ရှစ်ယောက်ရှိပါတယ်… လူတိုင်းပဲ … ခင်များတို့ရဲ့ နှလုံးသား စိတ်ဆန္ဒကို နားထောင်ပြီးတော့ ကိုယ်နှစ်သက်ရာ ကစားသမားဘက်ကနေ လောင်းကြေးတွေ ထိုးလို့ရပါပြီ..... ကျွန်တော့်ရဲ့ ဂုဏ်သတင်းကို တိုင်တည်ပြီးတော့မှ ဒီပွဲက မျှတတဲ့ ပြိုင်ပွဲဖြစ်စေရမယ်လို့လည်း ကတိပေးပါတယ်…. ဘယ်လို လုပ်ကြံမှုမျိုးမှ မရှိစေရပါဘူး..”
“ ကောင်းတယ်…”
“ မြန်မြန် စပါတော့ဟ… ငါ ပွဲကြည့်ချင်လှပြီ….”
“ ငါတို့ ပိုက်ဆံတွေက အဆင်သင့်ပဲ… မင်းပွဲကိုသာ စလိုက်…”
ပွဲကျင်းပသည့်နေရာရှိ လေထုမှာ လှုပ်ရှားတက်ကြွလာခဲ့တော့၏။ မကြာမီ ကြံ့ကြီးမှ ပါဝင်ယှဉ်ပြိုင်မည့် ကစားရှစ်ဦးကို မိတ်ဆက်ပေးလေသည်။
နှစ်ဖက်စလုံးမှ အနီနှင့် အပြာ ၀တ်ရုံများကို ဝတ်ဆင်ထားကြပြီး လမ်းနှစ်ဖက်မှ လျှောက်လာခဲ့ကြကာ ကြိုးဝိုင်းဘေးတွင် ရပ်နေရင်း ပွဲစတင်မည့် အချိန်ကို စောင့်မျှော်နေကြသည်။
တစ်ချိန်တည်းတွင် ကျန်းရှောင်ယွီ၏ စထွင်းမှာလည်း တရားဝင် စတင်တော့၏။
“ ရှောင်းယွီ… မင်းငါတို့ကို လက်ဝှေ့ပွဲပြတော့မလို့ပေါ့…”
“ ဒါကြီးက ရင်ခုန်စရာပဲကွ… ငါ အရင်တုန်းက ဒါမျိုး တစ်ခါမှ မကြုံဖူးဘူး… ပုံမှန် လက်ဝှေ့ပွဲတွေထက် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းမယ့်ပုံပဲ…”
ကျန်းရှောင်ယွီ ဘေးဘီဝဲယာကို တစ်ချက်ကြည့်လိုက်ပြီး “ ငါနင်တို့ကို တစ်ခု ပြောပြမယ်… ခုက သာမန် ပွဲမဟုတ်ဘူး…မြေအောက် စိန်ခေါ်ပွဲ.. နင်တို့ အရင်တုန်းက ဒါမျိုးပွဲ မမြင်ဖူးဘူး ဆိုတာ အာမခံတယ်..”
“ အိုးမိုင်ဂေါ့…. မျက်နှာဖုံး အစ်ကိုကြီးက ဘယ်လောက်တောင် အံ့ဩဖို့ကောင်းနေတာ… သူတကယ်ကြီး ငါတို့ကို ဒီလိုပွဲမျိုးတွေ ပြရဲနေတယ်… သူ အဘန်းခံရမှာ မကြောက်ဘူးတဲ့လာ…”
“ နေ့ခင်းတုန်းကတောင်တစ်ခါ အဘန်းခံလိုက်ရပြီးပြီ မဟုတ်လား… မင်းတို့ moderator တွေကို သွေးတိုး မစမ်းတာကောင်းမယ်နော… မဟုတ်လို့ကတော့ ငါတို့လည်း ကြည့်စရာ မရှိ ဖြစ်နေလိမ့်မယ်…”
ကျန်းရှောင်ယွီ ရယ်မောလိုက်ပြီး “ မပူနဲ့.. နေ့ခင်းတုန်းက ဖြစ်သွားတာက ဒီတိုင်း အထင်လွဲသွားတာ… မျက်နှာဖုံး အစ်ကိုကြီးက ဒီလောက် တော်တာ ဘယ်သူက သူ့စထွင်းကို ပိတ်ရဲမှာ…”
“ ပြီးတော့ နင်တို့ကို ပြောပြလိုက်မယ်… မျက်နှာဖုံး အစ်ကိုကြီးကလည်း ဒီနေ့ပွဲမှာ ဝင်ထိုးမှာ… နင်တို့ သေချာပေါက်အားပေးရမယ်နော်…”