မီးမကောင်းဆိုးဝါး
Vol. 137 Ch. 1902
ကမ္ဘာဦးကောင်းကင်ဘုံသို့ အဘယ်နည်းနှင့် ထွက်ပြေးနိုင်မည်နည်း။
ထိုမေးခွန်းက ကျန်းရီကို စိတ်ရှုပ်နေစေခဲ့သည်မှာ ကြာပြီဖြစ်သည်။ မီးအရင်းအမြစ်ကို အသုံးပြုနိုင်ပြီးနောက်တွင်ပင် မျှော်လင့်ချက်များစွာ ရှိလာသည်ဟု သူ မခံစားရသေးပေ။ မီးအရင်းအမြစ်က အလွန်စွမ်းအားကြီးသည်။ သို့သော် ပြဿနာမှာ သူ့ကျင့်ကြံခြင်းအဆင့်က လုံလောက်အောင် မမြင့်ခြင်းပင်။ ထို့ပြင် သူက နှေးရာ မင်တဲကို မဆိုထားနှင့် အခြားထိပ်တန်းတမလွန်ဘုံဘုရင်များကိုပင် မီအောင် မလိုက်နိုင်ချေ။
ထိပ်တန်းတမလွန်ဘုံဘုရင်များကမူ ကျန်းရီနောက်သို့ လိုက်နိုင်ကြသည်။ သူတို့အနေဖြင့် အချိန်ဆွဲ တိုက်ခိုက်ကာ ကျန်းရီ၏ မီးအရင်းအမြစ်ကို ကုန်သွားအောင် လုပ်ရန်သာလိုသည်။ မီးအရင်းအမြစ်က အကန့်အသတ်မဲ့ မဟုတ်ပေ။ ထို့ပြင် ဤနေရာက ကမ္ဘာဦးကောင်းကင်ဘုံနှင့် အလွန်ဝေးသည်။ သူ မည်သို့မှ လွတ်မြောက်နိုင်မည် မဟုတ်ပါ။
ချီဟုန် နိုးထလာခဲ့ပြီးနောက် ကျန်းရီနှင့် ချီဟုန်တို့ ခပ်မြန်မြန် ဆွေးနွေးခဲ့ကြသည်။ ကျန်းရီ ဗျူဟာတစ်ခုကို ဆုံးဖြတ်ခဲ့သည်။ သူတို့ အသက်ရှင်လျက် ပြန်သွားလိုလျှင် တမလွန်ဘုံမျိုးနွယ်ကို သူတို့အား ကြောက်သွားသည်အထိ တိုက်ပစ်ရန် လိုပေသည်။ တမလွန်ဘုံမျိုးနွယ်က ပြင်းပြင်းထန်ထန် ထိခိုက်သွားမှ သူတို့နောက်သို့ မလိုက်ဝံ့တော့မည်ဖြစ်သည်။ ထိုမှသာလျှင် သူတို့ အသက်ရှင်လျက် ပြန်သွားနိုင်ခြေ ရှိပေလိမ့်မည်။
မင်တဲကို သတ်နိုင်မည့်အခွင့်အရေးတစ်ခု ရမည်ဆိုလျှင် အကောင်းဆုံးဖြစ်သည်။ သို့သော် ထိုသို့ဖြစ်နိုင်ရန်မှာ အလွန်အခွင့်အရေးနည်းသည်။ ချီဟုန်က မင်တဲ၏ ပြိုင်ဘက် မဟုတ်ပါ။ ကျန်းရီပါ ဝင်ပူးပေါင်းလျှင်လည်း လုံလောက်မည် မဟုတ်ပါ။ ကျန်းရီ၏ မီးအရင်းအမြစ်က မင်တဲကို လောင်ကျွမ်းနိုင်မည် မဟုတ်ချေ။ သို့သော် မင်တဲအနီးသို့ ကပ်သွားလျှင် ချီဟုန် ချက်ချင်း အသတ်ခံရမည်ဖြစ်သည်။
ထို့ကြောင့် ကျန်းရီသည် ချီဟုန်အား မင်တဲကို ထိန်းထားရန် ပြော၍ သူကိုယ်တိုင်က သာမန် တမလွန်ဘုံဘုရင်များနှင့် တမလွန်ဘုံမျိုးနွယ်ဝင် တပ်သားများကို အသက်ရင်း၍ လိုက်သတ်နေခြင်းဖြစ်သည်။ သူတို့ တမလွန်ဘုံမျိုးနွယ်ကို ပြင်းပြင်းထန်ထန် ထိခိုက်၊ ကြောက်ရွံ့သွားသည်အထိ တိုက်ရပေမည်။
ထိုအခိုက်တွင် ကျန်းရီသည် မီးတောက်များကို အဆက်မပြတ် ထုတ်လွှတ်နေ၏။ သူ့အရှေ့မှ တမလွန်ဘုံဘုရင် ဒါဇင်ကျော် ပြာကျသွားကြသည်။ ထို့နောက် သူသည် မရပ်ဘဲ အထက်သို့ ဆက်ပျံတက်ကာ ကျန်နေသေးသော တမလွန်ဘုံဘုရင်များ အနောက်သို့ လိုက်သွားလိုက်လေသည်။
“ပြေးကြ...”
တမလွန်ဘုံဘုရင်များ ကြောက်ရွံ့နေကြ၏။ အကယ်၍ မင်တဲက သူတို့ကို သူသေကိုယ်သေ တိုက်ခိုက်ခိုင်းမည်ဆိုလျှင် သူတို့ ကြောက်နေကြမည် မဟုတ်ပါ။ သို့သော် မင်တဲက သူတို့ကို ပြန်ဆုတ်ခိုင်းနေရာ သူတို့ သူသေကိုယ်သေ တိုက်လိုက်စိတ် မရှိကြတော့ပေ။ သူတို့သည် အခြား တမလွန်ဘုံဘုရင်များက ပြာကျသွားသည်ကို မြင်သောအခါ အလိုလို ထိတ်လန့်ကြောက်ရွံ့ကုန်ကြသည်။ မည်သူကမှ မသေလိုပေ။ မီးအရင်းအမြစ် ထိမှန်ခံရမည်ဆိုသော အတွေးက သူတို့၏ စိတ်ဝိညာဉ်များကိုပင် တုန်လှုပ်စေသည်။ မီးအရင်းအမြစ် ထိမှန်ခံလိုက်ရလျှင် မင်တိပင် သူတို့၏ အကြွင်းအကျန် ဝိညာဉ်များကို ကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ပါ။
ကျန်းရီသည် အဆုံးစွန် အမြန်နှုန်းနှင့် ပျံသန်းကာ မီးတောက်များကို ကြိုက်ရာနေရာသို့ ပစ်လွှတ်နေ၏။ မြင့်မားသော အပူချိန်က တမလွန်ဘုံဘုရင်များကို နှေးသွားစေသည်။ လူသားမျိုးနွယ်က မိုးမြေဝိညာဉ်စွမ်းအင်ကို စုပ်ယူ၍ ကောင်းကင်စွမ်းအား ကျင့်ကြံကြသည်။ တမလွန်ဘုံမျိုးနွယ်ကမူ တမလွန်ဘုံအရှိန်အဝါကို စုပ်ယူ၍ ၎င်းကို တမလွန်ဘုံစွမ်းအားအဖြစ် ပြောင်းလဲကြသည်။ ချီဟုန်က ကျန်းရီကို တမလွန်ဘုံမျိုးနွယ်မှာ ထူးခြားသော မျိုးနွယ်တစ်ခုဟု ပြောခဲ့သည်။ ဆိုရလျှင် တမလွန်ဘုံမျိုးနွယ်နှင့် လူသားမျိုးနွယ်ကြားတွင် ကွာခြားမှုများစွာ မရှိပါ။
ထို့ကြောင့် မြင့်မားသော အပူချိန်၏ လွှမ်းခြုံမှုကို ခံရသောအခါ တမလွန်ဘုံမျိုးနွယ်ဝင်များ၏ တမလွန်ဘုံစွမ်းအားက နှောင့်ယှက်ခံရပြီး သူတို့၏ အမြန်နှုန်းကလည်း နှေးသွားခြင်းပင်။ သူတို့၏ အမြန်နှုန်းက နှေးသွားသောအခါ ကျန်းရီ သူတို့ကို အလွယ်တကူ သတ်ပစ်နိုင်သွားပေသည်။
“အာ...”
ရေခဲအရင်းအမြစ်မြေရိုင်း အပြင်ဘက်တွင် သန်းဆယ်ချီသော တမလွန်ဘုံမျိုးနွယ်တပ်သားများ ရှိနေသည်။ ထိုအခိုက်တွင် တပ်သားများ မှင်တက်နေကြသည်။ သူတို့သည် တမလွန်ဘုံဘုရင်များက ပြိုင်ဘက်ကင်းဟု မြင်ခဲ့ကြ၏။ အရှင်မင်တဲက တမလွန်ဘုံဘုရင်အုပ်စုကို ဦးဆောင်၍ လူသားတစ်ယောက်ကို သွားသတ်မည့်ကိစ္စမှာ အလွယ်တကူ ပြီးသွားလိမ့်မည်ဟုလည်း ထင်ထားခဲ့ကြသည်။
ယခုတွင်မူ အခြေအနေက ပြောင်းပြန်ဖြစ်နေပုံပင်။ လူသားတစ်ယောက်က တမလွန်ဘုံဘုရင်အုပ်စုကို လိုက်သတ်နေသည်။ ထို့ပြင် တမလွန်ဘုံဘုရင်များစွာက မီးလောင်ပြာကျသွားနေကြလေသည်။
လူသားမျိုးနွယ်က မည်သည့်အချိန်က ထိုမျှ ကြောက်မက်ဖွယ်ကောင်းသွားခြင်းနည်း။
ပြီးခဲ့သော နှစ်များအတွင်း တမလွန်ဘုံမျိုးနွယ်နှင့် လူသားမျိုးနွယ်တို့သည် မရေမတွက်နိုင်သော တိုက်ပွဲများကို တိုက်ခိုက်ခဲ့ကြသည်။ ထိုတိုက်ပွဲများ၏ နောက်ဆုံးရလဒ်က အသို့နည်း။ လူသားမျိုးနွယ်သာ ထပ်ခါ ထပ်ခါ ရှုံးခဲ့သည်ချည်းသာ။ တမလွန်ဘုံမျိုးနွယ်က ဘုံများစွာကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။ လူသားပညာရှင်များက တမလွန်ဘုံမျိုးနွယ်ကြောင့် သေဆုံးခဲ့သည်။ မိစ္ဆာများလည်း ရှင်းပစ်ခံခဲ့ရသည်။ ထို့ကြောင့် တမလွန်ဘုံမျိုးနွယ်သည် သူတို့ကိုယ်သူတို့ ပြိုင်ဘက်ကင်းများဟု ထင်ခဲ့ပေသည်။
မိုးပြာမဟာဧကရာဇ်က မည်မျှ စွမ်းအားကြီးသနည်း။
မကြာသေးမီက မိုးပြာမဟာဧကရာဇ်နှင့် ရူးသွပ်မဟာဧကရာဇ်တို့က တပ်သားများကို ဦးဆောင်၍ ကောင်းကင်ကြယ်စုဘုံကို တိုက်ခိုက်ခဲ့ကြသည်။ သို့သော် နောက်ဆုံးတွင် သူတို့သည် မင်တဲကြောင့် ရှုံးနိမ့်ထွက်ပြေးသွားခဲ့ရသည် မဟုတ်လော။
ထို့ကြောင့် တမလွန်ဘုံမျိုးနွယ်တပ်သားများသည် ယခုမြင်ကွင်းက ဟာသဆန်ကာ မဖြစ်နိုင်သော မြင်ကွင်းတစ်ခုဟု ခံစားနေရပေသည်။ သို့သော် ကျန်းရီက တမလွန်ဘုံဘုရင်များကို လိုက်သတ်နေဆဲပင်။ တမလွန်ဘုံဘုရင်များကလည်း သူတို့၏ မျက်စိရှေ့မှာပင် မီးလောင်ပြာကျသွားနေဆဲပင်။
“မင်းတို့က ဘာကို စောင့်နေကြတာလဲ။ ကောင်းကင်အံ့ဖွယ်ဘုံဆီ ပြန်ဆုတ်ကြတော့လေ...”
မြေရိုင်းအပြင်ဘက်သို့ ပထမဆုံး ရောက်သွားသော တမလွန်ဘုံဘုရင်က သန်းဆယ်ချီသော တပ်သားများမှာ မြေရိုင်းကို ပိုက်ကွန်ကြီးတစ်ခုသဖွယ် ဝန်းရံထားသေးကြောင်း တွေ့လိုက်ရ၏။ ထို့ကြောင့် သူ အော်ပြောလိုက်သည်။ တမလွန်ဘုံဘုရင်များပင် အသတ်ခံနေရသည်ကို ထိုတပ်သားများကို မပြေးသေးဘဲ မည်သည်ကို ရပ်ကြည့်နေကြပါသနည်း။
ကျန်းရီ၏ မီးတောက်များက အလွန်စွမ်းအားကြီးသည်။ သာမန် တော်ဝင်မိသားစုဝင်များနှင့် တမလွန်ဘုံမျိုးနွယ်ဝင်များက ထိုမီးတောက်များကို ခံနိုင်မည် မဟုတ်ပေ။ ဤတစ်ခေါက် စစ်တပ်က ထိပ်တန်းစစ်တပ်ဖြစ်သည်။ အကယ်၍ တပ်သားအားလုံးက ကျန်းရီကြောင့် သေသွားလျှင် တမလွန်ဘုံဧကရာဇ် ထွက်ပေါ်လာသောအခါ အလွန်ဒေါသထွက်သွားပေလိမ့်မည်။
“ပြန်ဆုတ်ကြ...”
တော်ဝင်မိသားစုဝင်အချို့က အော်ပြောလိုက်ကြပြီး ချက်ချင်း စစ်တပ်ကို ဦးဆောင်၍ ကောင်းကင်အံ့ဖွယ်ဘုံဆီ ပြန်ဆုတ်သွားကြ၏။ တမလွန်ဘုံဘုရင်တစ်ပါးက သူတို့ကို ပြန်ဆုတ်ရန် အမိန့်ပေးလိုက်ပြီဖြစ်၍ သူတို့ အမိန့်မနာခံဘဲ မနေဝံ့ပေ။ သူတို့ အခြားနေရာသို့လည်း ပြန်မဆုတ်ဝံ့သလို တပ်လည်း မခွဲဝံ့ချေ။
“ဟားဟား...”
ကျန်းရီသည် မြေရိုင်းထဲမှ ပျံထွက်လာသောအခါ တစ်စုတစ်စည်းတည်း ထွက်ပြေးနေကြသော သန်းဆယ်ချီသည့် တပ်သားများကို မြင်လိုက်ရ၏။ သူ ဝမ်းသာသွားသည်။ အကယ်၍ စစ်တပ်က တပ်ခွဲသွားမည်ဆိုလျှင် သူတို့နောက်သို့ လိုက်ရန် ဒုက္ခများပေလိမ့်မည်။ ယခုတွင်မူ သူတို့က တစ်စုတစ်စည်းတည်း ဆုတ်နေကြရာ သူတို့ကို သတ်ရန် အလွန်လွယ်ကူပေသည်။
တမလွန်ဘုံဘုရင် အပါးရာကျော်ထဲမှ တစ်ဝက်လောက်က ကျန်းရီကြောင့် သေသွားပြီဖြစ်သည်။ ကျန်သောသူများမှာလည်း အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးနေကြသည်။ ယခု သူတို့နောက်သို့ လိုက်ရန် မလွယ်တော့ပေ။ ကျန်းရီ မျက်လုံးဝေ့ကြည့်ကာ မိုးမြေစွမ်းအား ထုတ်လိုက်၏။ ထို့နောက် အလင်းတန်းတစ်တန်းအလား စစ်တပ်နောက်သို့ လိုက်သွားလိုက်သည်။ ထွက်ပြေးနေကြသော တမလွန်ဘုံဘုရင်များကို သူ အရေးမစိုက်တော့ပေ။
ဟူး...ဟူး...
ကျန်းရီက သူတို့နောက်သို့ လိုက်မလာတော့ကြောင်း သိလိုက်ရသောအခါ တမလွန်ဘုံဘုရင်အချို့ သက်ပြင်းချလိုက်ကြ၏။ သို့သော် သူတို့ မရပ်ဝံ့သေးဘဲ ဆက်ထွက်ပြေးကြသည်။ မကြာခင်မှာပင် တမလွန်ဘုံဘုရင်တစ်ပါးက သတိဝင်သွားသည်။ သူသည် အဝေးရှိ သန်းဆယ်ချီသော တမလွန်ဘုံမျိုးနွယ်တပ်သားများကို ကြည့်ကာ အော်ပြောလိုက်သည်။
“တပ်ဖြန့်ကြ.. အကုန်လုံး တပ်ဖြန့်လိုက်ကြ...”
ထိုတမလွန်ဘုံဘုရင် သတိဝင်ချိန်မှာ အလွန်နောက်ကျသွားပေပြီ။ စစ်တပ်က မြေရိုင်းနှင့် သိပ်ဝေးဝေးသို့ မရောက်သေးပေ။ ကျန်းရီ၏ အမြန်နှုန်းက သူတို့၏ အမြန်နှုန်းထက် များစွာပိုမြန်သည်။ ထို့ပြင် စစ်တပ်က တစ်စုတစ်စည်းတည်း ပြန်ဆုတ်နေရာ အမြန်နှုန်းက ပို၍ပင် နှေးနေသည်။ ထိုတမလွန်ဘုံဘုရင် အော်ပြောလိုက်ချိန်တွင် ကျန်းရီက စစ်တပ်အနီးသို့ ရောက်နေပြီဖြစ်သည်။ သူသည် မည်သည့်မီးတောက်မှ မထုတ်လွှတ်ဘဲ စူးရှသော ဓားတစ်ချောင်းအလား တမလွန်ဘုံမျိုးနွယ်စစ်တပ်ထဲ ပျံဝင်သွားလေသည်။
“အား...”
ကျန်းရီက အနားကပ်မလာခင်မှာပင် စစ်တပ်နောက်တန်းရှိ တပ်သားများက စတင် အော်ဟစ်လိုက်ကြ၏။ ကျန်းရီ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မီးတောက်နတ်ဘုရားဒိုင်း ရှိနေသည် မဟုတ်ပါလား။ ထိုဒိုင်းကို မီးအရင်းအမြစ်နှင့် ဖန်တီးထားခြင်းပင်။ မီးအရင်းအမြစ်မှာ ဤလောကထဲရှိ ကြောက်မက်ဖွယ်အကောင်းဆုံး မီးတောက်ပင်။ ၎င်း၏ အပူချိန်က အလွန်မြင့်သည်။ ထိုတမလွန်ဘုံတပ်သားများက ၎င်းကို ထိပင် မထိနိုင်ကြပေ။ ကျန်းရီက အနားရောက်လာသောအခါ မြင့်မားသော အပူချိန်က သူတို့ကို လွှမ်းခြုံသွဦးပြီး သူတို့၏ခန္ဓာကိုယ်များက မီးလောင်ကျွမ်းလာလေသည်။
“တပ်ဖြန့်ကြ...”
စစ်တပ်ရှေ့တန်းသည် မြင့်မားသော အပူချိန်က သူတို့ထံ ရွေ့လျားလာကြောင်း ခံစားလိုက်ရ၏။ သူတို့အားလုံး သတိကပ်သွားပြီး အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးလိုက်ကြသည်။ ကျန်းရီက စစ်တပ်ထဲကို ပျံဝင်လာပြီဖြစ်သည်။ သူ ဖြတ်သွားသောနေရာတိုင်းတွင် တမလွန်ဘုံမျိုးနွယ်တပ်သားများ မီးလောင်သွားကြသည်။ ထို့နောက် ကျန်းရီ၏ လက်ထဲတွင် မီးနဂါးဓားထွက်ပေါ်လာသည်။ ပြီးလျှင် သူ အရပ်မျက်နှာအနှံ့သို့ မီးနဂါးများ စေလွှတ်လိုက်သည်။ ထိုမီးနဂါးများက မီးအရင်းအမြစ်မီးတောက်များကို သယ်ဆောင်၍ နေရာအနှံ့သို့ ပျံထွက်သွားကြပေသည်။
မီးနဂါးများ ဖြတ်သွားသော နေရာတိုင်းတွင် အပူချိန်က ထိုးတက်သွား၏။ ကီလိုမီတာရာကျော် ပတ်လည်အတွင်းကိုလည်း မြင့်မားသော အပူချိန်က လွှမ်းခြုံသွားသည်။ သန်းဆယ်ချီသော တပ်သားအားလုံးမှာ ထိုဧရိယာအတွင်းမှာပင် ရှိနေပေသေးသည်။
ထို့ကြောင့် ရလဒ်ကို ပြောနေရန်ပင် မလိုတော့ချေ။ ဟင်းလင်းပြင်ထဲတွင် မီးလောင်နေသူများ ပြည့်နှက်သွားသည်။ အော်သံများ အဆက်မပြတ် ပေါ်ထွက်လာသည်။ မီးခိုးနက်များကလည်း တလူလူ ထွက်နေသည်။ တမလွန်ဘုံတပ်သားများ လူးလွန့်နေကြသည်။ နောက်ဆုံးတွင် သူတို့ ပြာဖြစ်သွားကြလေသည်။
ထိုမြင်ကွင်းမှာ မယုံနိုင်ဖွယ်ပင်။ ထွက်ပြေးနေကြသော တမလွန်ဘုံဘုရင်များ၏ ရင်ထဲတွင် ထိုမြင်ကွင်းက မှတ်ကျောက်တင်သွားသည်။ မင်တိနှင့် ထိပ်တန်းတမလွန်ဘုံဘုရင်ခုနစ်ပါးသည်လည်း ထိုမြင်ကွင်းကို တစ်သက်လုံး မေ့နိုင်တော့မည် မဟုတ်ပါ။
တိုက်ကွက်တစ်ကွက်က သန်းဆယ်ချီသော တပ်သားများကို သေစေသွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သန်းဆယ်ချီသော တပ်သားများ ပြာကျသွားသည်။ တမလွန်ဘုံဘုရင်အားလုံး၏ ရင်ထဲတွင် ကျန်းရီက မကောင်းဆိုးဝါးတစ်ကောင် ဖြစ်လာပေပြီ။ သူက အရာအားလုံး၊ သက်ရှိအားလုံးကို မီးလောင်တိုက်သွင်းမည့် မီးမကောင်းဆိုးဝါးတစ်ကောင်ပင်။
ရှူး...ရှူး...
မင်တိသည် ကျန်းရီကြောင့် မီးလောင်ကျွမ်းပြာကျသွားသော သန်းဆယ်ချီသည့် တပ်သားများကို ကြည့်၍ ပင့်သက်ရှိုက်လိုက်၏။ တိရှဘုံ၏ နှင်းနက်ပင်လယ်ထဲတွင် ဖျက်ဆီးခံလိုက်ရသော သူ့ကိုယ်ပွားအကြောင်းကိုလည်း ပြန်တွေးမိသွားသည်။ ထိုစဉ်က သူ တိရှအရှင်ကို ထိန်းချုပ်နိုင်လုနီးနီးဖြစ်ခဲ့ကာ တိရှဘုံကို တမလွန်ဘုံ၏ ပိုင်နက်အဖြစ် ပြောင်းလဲနိုင်လုနီးပါး ဖြစ်ခဲ့သည်။ နောက်ဆုံးတွင် ထိုလူသားကောင်လေးကြောင့် နှစ်ပေါင်းများစွာ ပြင်ဆင်ထားရသော သူ့အစီအစဉ်က ပျက်ခဲ့ရပေသည်။
ထိုစဉ်က မင်တိ၏ မျက်လုံးထဲတွင် ကျန်းရီက ကံကောင်းပြီး ကောင်းကင်ဝါးမျိုသားရဲကို ရသွားသော လူသားပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်ခဲ့သည်။ ထိုပုရွက်ဆိတ်က အချိန်တိုအတွင်း ဤအဆင့်အထိ ရောက်လာနိုင်လိမ့်မည်ဟုလည်း မမျှော်လင့်ခဲ့ချေ။
‘ကောင်းကင်ဧကရာဇ်ရဲ့ ဆက်ခံသူ’
မင်တိ ရုတ်တရက် စိတ်ဓာတ်ကျသွားသည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဉာဏ်ပညာက ပင်လယ်တစ်စင်းအလား ကျယ်ပြန့်သည်။ သူက ပြိုင်ဘက်ကင်းပင်။ သူ ရွေးချယ်ထားသော ဆက်ခံသူမှာလည်း သေချာပေါက် သာမန်လူတစ်ယောက် ဖြစ်မည် မဟုတ်ပေ။ ထိုဆက်ခံသူက အမှန်ပင် ထူးကဲသူတစ်ယောက်ဖြစ်ကြောင်းလည်း လက်တွေ့က သက်သေပြခဲ့ပေပြီ။
တမလွန်ဘုံဧကရာဇ်က လောကကို အုပ်စိုးနိုင်တော့မည့်အချိန်တွင် ထို ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူ ထွက်ပေါ်လာသည်။ သို့ဖြစ်ရာ နောက်ဆုံးတွင် တမလွန်ဘုံမျိုးနွယ်က အနိုင်ရနိုင်ပါတော့မည်လော။
***