မြွေကို ချောက်မည်
Vol. 137 Ch. 1903
“မင်း လုပ်ရဲလား။ ငါ မင်းကို အစိတ်စိတ်အမွှာမွှာ ဆွဲဖြဲပစ်မယ်”
အနက်ရောင်အခိုးအငွေ့အုပ်ကြီးက ဟင်းလင်းပြင်ထဲသို့ ပျံထွက်လာ၏။ မင်တဲသည် ထိုအခိုးအငွေ့များထဲမှနေ၍ ကျန်းရီထံ လျင်မြန်စွာ ပျံသန်းသွားသည်။ သူ့အနောက်တွင် ချီဟုန်ကလည်း ပျံလိုက်လာပြီး အော်ပြောလိုက်လေသည်။
“မင်တဲ... ခင်ဗျားက ထွက်ပြေးချင်သေးတာလား။ ကျန်းရီ... မိုးမြေနတ်ဘုရားမီးတောက်တွေ ထုတ်ပြီး ငါနဲ့ မင်တဲကို အတူမီးရှို့ပစ်လိုက်”
“ဟုတ်ကဲ့ပါ”
ချီဟုန်က မင်တဲကို ခြောက်လှန့်နေခြင်းသာဖြစ်ကြောင်း သိသော်လည်း ကျန်းရီသည် ချီဟုန်နှင့် အတိုင်အဖောက်ညီညီ လုပ်လိုက်သည်။ သူ မင်တဲဆီသို့ ရူးသွပ်နေသော နဂါးတစ်ကောင်အလား ပျံသန်းသွားပြီး အော်ပြောလိုက်သည်။
“မင်တဲ... ကျွန်တော် ခင်ဗျားကို ကောင်းကင်ဧကရာဇ်ရဲ့ နတ်ဘုရားမီးတောက်တွေကို ပြမယ်။ ခင်ဗျား ဒီတစ်ခေါက်မှ မသေသေးရင် ကျွန်တော် ခင်ဗျားကို ကောင်းကင်ဧကရာဇ်ရဲ့ နတ်ဘုရားလက်နက် ပေးမယ်”
“ဟိန်း...”
ထိုအခိုက်တွင် ချီဟုန်၏ ခန္ဓာကိုယ်က တောက်ပစွာ လင်းလက်လာ၏။ သူ့ကိုယ်ပေါ်မှ သင်္ကေတပုံသဏ္ဌာန်များကလည်း အဆက်မပြတ် လင်းလက်လာသည်။ သူ့အရှိန်အဝါက အဆများစွာ တိုးသွားပြီး သူ့အမြန်နှုန်းလည်း ထိုးတက်သွားသည်။ ထို့နောက် သူ အခိုးအငွေ့နက်များထဲ ပျံဝင်သွားပြီး အနီရောင်နဂါးချုပ်ကြိုးတစ်ချောင်းအလား မင်တဲ၏ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်၏။ ပြီးမှ သူ အော်ပြောလိုက်လေသည်။
“ကျန်းရီ... လုပ်လိုက်တော့”
“သေပေတော့...”
ကျန်းရီ၏ သတ်ဖြတ်အရှိန်အဝါက ခက်ထန်စွာ ထိုးထွက်လာ၏။ သူ့သတ်ဖြတ်အရှိန်အဝါက လွန်စွာကြောက်မက်ဖွယ်ကောင်းသည်။ သူက လူသားများစွာ၊ မိစ္ဆာများစွာနှင့် တမလွန်ဘုံမျိုးနွယ်ဝင်များစွာကို သတ်ခဲ့သည်။ ထို့ပြင် သူသည် သတ်ဖြတ်အရှိန်အဝါနှင့် မကောင်းသောအရှိန်အဝါကို နားလည်ခဲ့သည်။ ထိုအခိုက်တွင် သူက မကောင်းဆိုးဝါးတစ်ကောင်ထက်ပင် ပိုကြောက်မက်ဖွယ်ကောင်းသည်ဟု ခံစားနေရပေသည်။
ကျန်းရီ၏ လက်ထဲတွင် မီးနဂါးဓား ထွက်ပေါ်လာ၏။ သူ၏ မကောင်းသောအရှိန်အဝါကလည်း အားကောင်းလာသည်။ ထိုအခိုက်၌ မင်တိနှင့် အခြားထိပ်တန်းတမလွန်ဘုံဘုရင်များ ရင်လေးသွားကြသည်။ မင်တဲအသတ်ခံလိုက်ရလျှင် တမလွန်ဘုံဧကရာဇ်သာ ပြန်ထွက်ပေါ်မလာပါက တမလွန်ဘုံတစ်ခုလုံး အဆုံးသတ်သွားပေလိမ့်မည်။
“မိုးမြေနတ်ဘုရားမီးတောက်လား”
မင်တဲ ရင်လေးသွား၏။ သူ ထိုမီးတောက်မျိုးကို တစ်ခါမှ မကြားဖူးခဲ့ပါ။ ၎င်းမီးတောက်က မီးအရင်းအမြစ်မီးတောက်ထက်ပင် ပိုစွမ်းအားကြီးသည်လော။ ယန်ကိုးပါးကောင်းကင်ဧကရာဇ် ဖန်တီးခဲ့သည့် နတ်ဘုရားမီးတောက်တစ်မျိုးလော။ ယခုတွင် သူ့ခန္ဓာကိုယ်ကို ချီဟုန်က ချုပ်ထားသည်။ သူ ရင်ခုန်မြန်လာသည်။ အကယ်၍ ကျန်းရီက သူ့ကို မီးရှို့သတ်နိုင်မည်ဆိုလျှင် တမလွန်ဘုံက ပရမ်းပတာ ဖြစ်သွားမည်ဖြစ်သည်။ မိုးပြာမဟာဧကရာဇ်ကသာ ကျန်းရီနှင့် ပူးပေါင်းလိုက်မည်ဆိုလျှင် သူတို့ ဘုံများစွာကို ပြန်သိမ်းပိုက်နိုင်ပေလိမ့်မည်။ ထိုအခါ တမလွန်ဘုံနှင့် တမလွန်ဘုံမျိုးနွယ်၏ တမလွန်ချောက်နက် ဖျက်ဆီးခံရနိုင်ပေသည်။
‘ငါတို့ စွန့်စားလို့ မဖြစ်ဘူး’
မင်တဲသည် အထက်ပါအကြောင်းများကို လျှပ်တစ်ပြက်အတွင်း တွေးလိုက်ခြင်းပင်။ သူ မသေလျှင် တမလွန်ဘုံက ပရမ်းပတာ ဖြစ်သွားမည် မဟုတ်ချေ။ တမလွန်ဘုံဧကရာဇ်က ပြန်ထွက်ပေါ်မလာသေးပေ။ ယင်းမှာ သူ့စွမ်းအားက အပြည့်အဝ ပြန်မပြည့်သေးဆိုသော အဓိပ္ပာယ်ပင်။ ဤအခြေအနေတွင် တမလွန်ဘုံ၏ အခြေခံအုတ်မြစ်က ဖျက်ဆီးခံလိုက်ရမည်ဆိုလျှင် တမလွန်ဘုံဧကရာဇ်၏ ရည်ရွယ်ချက်ကို အောင်မြင်အောင် လုပ်နိုင်ရန်မှာ ခက်သွားပေလိမ့်မည်။
တမလွန်ဘုံဧကရာဇ်က ပြန်ထွက်ပေါ်လာတော့မည်ဖြစ်သည်။ မင်တဲသာ နှစ်အနည်းငယ် ဆက်တောင့်ခံထားနိုင်မည်ဆိုလျှင် နောက်ဆုံး၌ လူသားမျိုးနွယ်က ရှုံးနိမ့်ရမည်သာ။ ထို ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူက ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ အဆင့်ကို နှစ်အနည်းငယ်အတွင်း မရောက်နိုင်လောက်သည် မဟုတ်လော။
မင်တဲသည် တမလွန်ဘုံဧကရာဇ်ကို ထာဝရယုံကြည်သူဖြစ်သည်။ သူ့သေရေးရှင်ရေးကိုပင် အရေးမစိုက်ပေ။ သူ အရေးစိုက်သည်မှာ တမလွန်ဘုံဧကရာဇ် လောကကို အုပ်စိုးနိုင်ရေးပင်။ အခြားသူများမှာမူ အမှိုက်များသာ ဖြစ်သည်။ သို့သော် လက်ရှိအခြေအနေတွင် သူ သေ၍ မဖြစ်သေးပေ။ ထို့ကြောင့် သူ မစွန့်စားဝံ့ပါ။
ရှစ်...
မင်တဲ၏ မျက်နှာပေါ်မှ အနက်ရောင် ဆေးမင်ကြောင်များက ရွှေ့လျားလာပြီး တစ်ကိုယ်လုံးကို လွှမ်းခြုံသွား၏။ ၎င်းတို့က မြွေလေးများကဲ့သို့ သူ့ကိုယ်ပေါ်တွင် ရွေ့လျားနေကြသည်။ သူ့အရှိန်အဝါကလည်း ရုတ်တရက် အလွန်အားကောင်းသွားလေသည်။
ဝုန်း...
ကျန်းရီ ရောက်လာတော့မည့် အချိန်တွင် မင်တဲ၏ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွား၏။ ပတ်ဝန်းကျင် ဟင်းလင်းပြင်တစ်ခုလုံး တုန်ခါ၊ အက်ကွဲ၊ တွန့်ခေါက်သွားသည်။ မင်တဲ၏ ခန္ဓာကိုယ်သည် မြွေနက်များအဖြစ် ပြောင်းလဲကာ အရပ်မျက်နှာ အနှံ့သို့ ထွက်ပြေးသွားပေသည်။ ချီဟုန်၏ ခန္ဓာကိုယ်လည်း ပေါက်ကွဲသွားပြီး ကျန်းရီက အဝေးသို့ လွင့်ထွက်သွားသည်။ သူ့လည်းချောင်းထဲ သွေးများ ပျို့တက်လာသော်လည်း ကျန်းရီ အတင်းပြန်မျိုချလိုက်လေသည်။
ရွှီ...
ချီဟုန်၏ ခန္ဓာကိုယ်က ပြန်ဖြစ်တည်လာ၏။ ထို့နောက် သူ အော်ပြောလိုက်သည်။
“ကျန်းရီ... မြန်မြန် မင်တဲရဲ့ ခန္ဓာကိုယ်အစစ်ကို ရှာလိုက်။ သူက ထွက်ပြေးချင်နေတာ။ သူ လွတ်မသွားစေနဲ့...”
“ခင်ဗျားက ဘယ်ကို ပြေးတာလဲ”
ကျန်းရီ ဒေါသတကြီး အော်လိုက်သည်။ မီးအရင်းအမြစ်မီးတောက်များ အဆက်မပြတ် ထွက်လာပြီး မြွေလေးများနောက်ကို လိုက်သွားကြသည်။ သို့သော် မြွေလေးများမှာ အလွန်လျင်မြန်သဖြင့် ကျန်းရီ ၎င်းတို့ကို မီအောင် မလိုက်နိုင်ပေ။ သောင်းချီသော မြွေနက်များမှာ ဟင်းလင်းပြင်ကို ဖြတ်သန်း၍ မည်းမှောင်သော အာကာသထဲတွင် ပျောက်ကွယ်သွားပေသည်။
“ထားလိုက်တော့... အဲ့ တမလွန်ဘုံရင်တွေ အကုန်လုံးကိုပဲ သတ်ကြတာပေါ့”
ချီဟုန်သည် တစ်ခဏမျှ လိုက်ပြီးနောက် ရပ်တန့်လိုက်၏။ သူ့အော်ပြောလိုက်သော စကားက တမလွန်ဘုံဘုရင်များကို မှင်တက်သွားစေသည်။ မင်တဲသည်ပင် သူ၏စွမ်းအားကို စွန့်လွှတ်၍ အသက်ကယ်ဆန်းကြယ်စွမ်းရည်ကို သုံးကာ ထွက်ပြေးသွားပြီဖြစ်ရာ သူတို့က ဤနေရာတွင် ဘာဆက်လုပ်နေရဦးမည်နည်း။
“ပြေးကြ...”
တမလွန်ဘုံဘုရင်တစ်ပါးက ချက်ချင်း အော်ပြော၍ ထွက်ပြေးသွားလိုက်၏။ ထိုအခါ ကျန်သော တမလွန်ဘုံဘုရင်များလည်း အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးကြသည်။ ကျန်းရီနှင့် ချီဟုန်တို့က နောက်မှ လိုက်သတ်ကြသည်။ သို့သော် တစ်ခဏမျှ လိုက်ပြီး သာမန် တမလွန်ဘုံဘုရင် အနည်းငယ်ကို သတ်ပြီးနောက် သူတို့ ရပ်တန့်လိုက်ကြသည်။ ကျန်းရီ မီးအရင်းအမြစ်မီးတောက်များကို ပြန်သိမ်းလိုက်ပြီး ထျန်းဖုန့်ဧကရာဇ်ကို အပြင်ထုတ်လိုက်၏။ ၎င်းနောက် သူ ချက်ချင်း အသံပို့လွှတ်လိုက်သည်။
“ထျန်းဖုန့်ဧကရာဇ်... ကျွန်တော့်ကို ဆွဲခေါ်ပြီး အရှေ့ဘက်ကို အမြန်ဆုံး ပျံသွားလိုက်ပါ”
ဝှစ်...
ချီဟုန်၏ အရှိန်အဝါက လျင်မြန်စွာ အားနည်းလာ၏။ သူ အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲကာ မီးဝိညာဉ်ပုလဲထဲ ပြန်ဝင်သွားလိုက်၏။ အထဲရောက်ပြီးနောက် အသံပို့လွှတ်လိုက်သည်။
“ကောင်လေး... မြန်မြန်ထွက်ပြေးတော့။ ပြီးတော့.. ငါ့ကို မီးအရင်းအမြစ်မီးတောက် နည်းနည်းလည်း ပေး”
“ဟုတ်ကဲ့”
ကျန်းရီသည် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်၏။ သူ့တစ်ကိုယ်လုံးလည်း အားနည်းလာသည်။ အစောတွင် ချီဟုန်က ဟန်ဆောင်နေခဲ့ခြင်းဖြစ်ကြောင်း သူ ကောင်းစွာသိသည်။ ချီဟုန်သည် မင်တဲကို ချောက်လှန့်ခဲ့ခြင်းသာ။ သူတို့၏ ဟန်ဆောင်မှုက အောင်မြင်ခဲ့၏။ သူတို့ မင်တဲကို ကြောက်ရွံ့သွားအောင် လုပ်နိုင်ခဲ့သဖြင့် မင်တဲတစ်ယောက် အသက်ကယ် ဆန်းကြယ်စွမ်းရည်ကို သုံးကာ ထွက်ပြေးသွားခဲ့သည်။ မည်သည့် အသက်ကယ်စွမ်းရည်မဆို ကျင့်ကြံခြင်းစွမ်းအားကို ထိခိုက်စေသည်ချည်းသာ။ ယခင်က အရှင်မချင်လင်းကဲ့သို့ပင် မင်တဲသည် သူတို့နောက်သို့ အချိန်တိုအတွင်း လိုက်လာနိုင်လိမ့်မည် မဟုတ်ချေ။
‘အောင်မြင်သွားပြီလား’
ကျန်းရီသည် သူက အိပ်မက်မက်နေသလို ခံစားနေရဆဲပင်။ အစတွင် ဤတစ်ခေါက်၌ သူ မလွတ်မြောက်နိုင်တော့ဟု ထင်ခဲ့သည်။ သို့သော် သူ ရှင်သန်နိုင်ခဲ့ပေပြီ။ ယခုအထိ အပြည့်အဝ မလုံခြုံသေးသော်လည်း အနည်းဆုံးတော့ လွတ်မြောက်နိုင်ရန် မျှော်လင့်ချက် ရှိလာပြီဖြစ်သည်။
ဤတစ်ခေါက်တွင် ကိစ္စများက အဆင်ပြေချောမွေ့ခဲ့ခြင်းမှာ မီးအရင်းအမြစ်နှင့် များစွာသက်ဆိုင်သည်။ မီးအရင်းအမြစ်ကြောင့် တမလွန်ဘုံဘုရင် အပါးရာကျော်ထဲမှ တစ်ဝက်ကျော်လောက်က မီးလောင်ပြာကျသွားခဲ့သည်။ ကျန်းရီသည် သန်းဆယ်ချီသော တပ်သားများကိုလည်း တစ်ကွက်တည်းနှင့် ရှင်းပစ်နိုင်လိုက်သည်။ ထို့ပြင် ကျန်းရီက ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူ ဖြစ်နေခဲ့ပေသည်။
ထို့ကြောင့် မင်တဲတို့သည် ကျန်းရီက အားနည်းချင်ယောင် ဆောင်နေခြင်း ဖြစ်နိုင်သည်ဟု တွေးမိသွားကြသည်။ ကျန်းရီက အမှန်တွင် မိုးပြာမဟာဧကရာဇ်နှင့်ပင် ယှဉ်နိုင်သူတစ်ယောက် ဖြစ်နေလောက်သည်ဟု သူတို့ ထင်သွားကြသည်။ ထို့ပြင် ချီဟုန်ကလည်း ပူးပေါင်းတိုက်ခိုက်နေခဲ့သည်။ သို့ဖြစ်၍ မင်တဲသည် သူသေသွားလျှင် တမလွန်ဘုံဧကရာဇ် နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရသော တမလွန်ဘုံ၏ အခြေခံအုတ်မြစ် ပျက်စီးသွားမည်ကို စိုးရိမ်သွားခဲ့သည်။ ယင်းကြောင့် သူ ထွက်ပြေးသွားခဲ့ခြင်းပင်။
ထျန်းဖုန့်ဧကရာဇ်သည် မည်သည့်ကိစ္စများ ဖြစ်ပျက်နေကြောင်းကို နားမလည်သော်လည်း ကျန်းရီက အမိန့်ပေးလိုက်ပြီဖြစ်ရာ သူ မမေးဝံ့တော့ပေ။ သူ အရှေ့ဘက်သို့သာ အမြန်ဆုံး ပျံသန်းသွားလိုက်ပေသည်။
“အာ... တမလွန်ဘုံဘုရင်တွေ ရှိနေတာလား”
ထျန်းဖုန့်ဧကရာဇ်၏ အမြန်နှုန်းက အလွန်လျင်မြန်၏။ ထို့ကြောင့် တစ်နာရီအတွင်းမှာပင် အစောက အရှေ့ဘက်သို့ ထွက်ပြေးသွားခဲ့သော တမလွန်ဘုံဘုရင်အချို့ကို လိုက်မီသွားသည်။ သူက တမလွန်ဘုံဘုရင်များကို ရှောင်၍ သွားရန် ဟန်ပြင်လိုက်ချိန်တွင် ကျန်းရီက အမိန့်ပေးလိုက်သည်။
“သူတို့နောက်ကို လိုက်ပြီး သူတို့အကုန်လုံးကို သတ်ပစ်လိုက်”
“သူတို့ကို သတ်ပစ်ရမှာလား”
ထျန်းဖုန့်ဧကရာဇ် တစ်ခဏမျှ မှင်တက်သွားသည်။ ကျန်းရီ ရေခဲကန်အောက်ရှိ ရေထုထဲ ရောက်ကတည်းက သူ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲတွင်သာ နေခဲ့ရသည်။ ထို့ကြောင့် နောက်ပိုင်းကိစ္စများကို သူ မသိပေ။ ယခုတွင် ကျန်းရီက နေရာပြောင်း၍ ပုန်းရန် ကြံနေခြင်းဖြစ်မည်ဟုသာ သူ ထင်ထားသည်။ သို့သော် ကျန်းရီက သူ့ကို တမလွန်ဘုံဘုရင်များကို လိုက်သတ်ဖို့ ပြောနေသည်လော။ ထိုတမလွန်ဘုံဘုရင်များက သာမန် တမလွန်ဘုံဘုရင်များသာ ဖြစ်သော်လည်း သူတို့ကို သတ်လိုက်လျှင် မိမိ၏တည်နေရာပေါ်သွားမည်ကို ကျန်းရီက မစိုးရိမ်သည်လော။
“ဘာစောင့်နေတာလဲ... မြန်မြန်”
ကျန်းရီက အေးစက်စက် မျက်နှာထားနှင့် အော်ပြောလိုက်၏။ ထို့ကြောင့် ထျန်းဖုန့်ဧကရာဇ် ရွေးချယ်စရာ မရှိတော့ဘဲ အံကြိတ်၍ တမလွန်ဘုံဘုရင်များနောက်သို့ လိုက်သွားလိုက်ရ၏။ မကြာခင်မှာပင် သူ တမလွန်ဘုံဘုရင်များ အနီးသို့ ရောက်သွားပေသည်။
“အာ... ကျန်းရီပဲ”
ထိုတမလွန်ဘုံဘုရင်များသည် သူတို့အနောက်မှ အသံများကို ကြားရသဖြင့် တမလွန်ဘုံအရှိန်အဝါ ထုတ်၍ အာရုံခံလိုက်ရာ ကျန်းရီနှင့် မိစ္ဆာအရှင်တစ်ပါးကို တွေ့လိုက်ကြရ၏။ သူတို့ ကြောက်ရွံ့ကာ မျက်နှာပျက်သွားကြသည်။ သူတို့သည် ကျန်းရီကို လှည့်မတိုက်ဝံ့ဘဲ အရပ်မျက်နှာအနှံ့သို့သာ ချက်ချင်း ထွက်ပြေးကြလေသည်။
“အဲ့ဒါက...”
ထိုတမလွန်ဘုံဘုရင်များက သူတို့ကို တွေ့သွားသည်ပင် လှည့်မတိုက်ဘဲ ကြောက်လန့်တကြား ထွက်ပြေးသွားကြသည်လော။ ထျန်းဖုန့်ဧကရာဇ် နားမလည်နိုင်ဖြစ်သွားသည်။ သို့သော် သူ တုံ့ဆိုင်းမနေဘဲ တမလွန်ဘုံဘုရင်များနောက်သို့ ပျံလိုက်သွားလိုက်၏။ သူ၏ တိုက်ခိုက်စွမ်းအားက အလွန်ကြီးသည်။ သူ့အနေဖြင့် သာမန် တမလွန်ဘုံဘုရင်များကို အလွယ်တကူ သတ်နိုင်သည်။ ထို့ကြောင့် မိနစ်အနည်းငယ်အတွင်းမှာပင် သူ တမလွန်ဘုံဘုရင်အားလုံးကို သတ်ပစ်နိုင်လိုက်လေသည်။
ကျန်းရီသည် သူ့နေရာမှ မရွေ့ပေ။ သာမန် တမလွန်ဘုံဘုရင် အနည်းငယ်ကို သတ်ဖြတ်ရန် သူကိုယ်တိုင် ဝင်ပါစရာ မလိုပါ။
ထျန်းဖုန့်ဧကရာဇ်သည် ကျန်းရီထံ ပြန်ပျံသန်းလာပြီးနောက် မအောင့်နိုင်တော့ဘဲ စိတ်ဝင်တစား မေးလိုက်၏။
“သခင်... ကျုပ်တို့ ဒီလိုလုပ်လိုက်ရင် ရန်သူကို တပ်လှန့်လိုက်သလို ဖြစ်မသွားဘူးလား”
“ရန်သူကို တပ်လှန့်တာလား”
ကျန်းရီသည် သောင်းချီသော မြွေနက်လေးများအဖြစ် ပြောင်းလဲ၍ ထွက်ပြေးသွားသော မင်တဲအကြောင်းကို ပြန်တွေးကာ ခေါင်းညိတ်လိုက်၏။
“အဲ့ဒါက အကြံကောင်းပဲ။ သွားကြစို့။ အရှေ့ဘက်ကို ဆက်ပျံမယ်။ လမ်းမှာ တွေ့သမျှ တမလွန်ဘုံမျိုးနွယ်ဝင်တွေကို သတ်မယ်။ လမ်းက ဆန်းကြယ်နယ်မြေတိုင်းကို ဝင်တိုက်မယ်။ ကျွန်တော်တို့ ရန်သူကို တပ်လှန့်ပြီး မြွေကို တွင်းထဲက ထွက်မလာရဲအောင် ချောက်ရမယ်”
***