← Chapters

ကျွန်တော်နဲ့ ဝေးဝေးမှာနေလိုက်

Vol. 137 Ch. 1904

ကျွန်တော်နဲ့ ဝေးဝေးမှာနေလိုက်

Vol. 137 Ch. 1904

ကမ္ဘာဦးကောင်းကင်ဘုံသို့ ပြန်ရောက်ရန် အချိန်အကြာကြီး သွားရမည်ဖြစ်သည်။ မင်တဲက ပြန်ကောင်းလာလျှင် စေ့စေ့စပ်စပ်တွေးမိကာ ကျန်းရီနောက်သို့ ထပ်လိုက်လာပေလိမ့်မည်။

မင်တဲသည် ကျန်းရီ၏ တည်နေရာအကြမ်းဖျင်းကို အချိန်မရွေး အာရုံခံနိုင်သည်။ ထို့ကြောင့် ကျန်းရီတို့ ပုန်းလျှိုးကွယ်လျှိုး သွားလျှင်လည်း အသုံးဝင်မည် မဟုတ်ပါ။ သို့ဖြစ်၍ မင်တဲက သူတို့နောက်သို့ လိုက်လာမည်ကို စောင့်နေမည့်အစား သူတို့က တမလွန်ဘုံမျိုးနွယ်ဝင်များကို အရင်သတ်ပစ်ရန် ကျန်းရီ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သို့ဆိုလျှင် မင်တဲနှင့် အခြားတမလွန်ဘုံဘုရင်များသည် ကျန်းရီက အမှန်ပင် စွမ်းအားကြီးသူတစ်ယောက်ဟု ထင်သွားပြီး နောက်မှ လိုက်လာဝံ့တော့မည် မဟုတ်ချေ။

လူသားမျိုးနွယ်ဖြစ်စေ၊ တမလွန်ဘုံမျိုးနွယ်ဖြစ်စေ တူညီမှုတစ်ခု ရှိကြသည်။ သူတို့သည် အားနည်းသူကို အနိုင်ကျင့်ကာ အားကြီးသူကိုမူ ကြောက်ရွံ့ကြသည်။ အားနည်းပုံပြလေလေ၊ အထင်သေးခံရကာ ကြွက်များကဲ့သို့ ပတ်ပြေးနေရမည်ဖြစ်သည်။ သို့သော် အားကြီးပုံ ပြလျှင်မူ ရန်သူက လှုပ်ဝံတော့မည် မဟုတ်ပေ။

ကျန်းရီသည် ဆုံးဖြတ်ပြီးပြီဖြစ်၍ ထျန်းဖုန့်ဧကရာဇ်ကို ရှင်းပြမနေတော့ပေ။ ရှင်းပြရန်မှာ အလွန်ဒုက္ခများသည်။ သူ ထျန်းဖုန့်ဧကရာဇ်ကို တစ်ခဏမျှ ရင်တုန်ခိုင်းထားရပေမည်။

ထျန်းဖုန့်ဧကရာဇ်သည် ရွေးချယ်စရာ မရှိသဖြင့် အရှေ့ဘက်သို့ ပျံသန်းနေရသည်။ နာရီနှစ်ဆယ်ကျော် ပျံသန်းပြီးနောက် သူတို့ တမလွန်ဘုံမျိုးနွယ်စစ်တပ် တစ်ပတ်နှင့် ဆုံ၏။ မျှော်လင့်ထားသလိုပင် ကျန်းရီက ထျန်းဖုန့်ဧကရာဇ်ကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။ ထို့ပြင် မင်တဲနှင့် အခြားသူများထဲ သတင်းပြန်ပို့နိုင်ရန် တပ်သားအနည်းငယ်ကို အရှင်ထားလိုက်ဖို့လည်း ပြောလိုက်ပေသည်။

လမ်းတစ်လျှောက်ရှိ ဆန်းကြယ်နယ်မြေများထဲတွင်မူ တမလွန်ဘုံမျိုးနွယ်ဝင်များ မရှိကြတော့ပေ။ သူတို့အားလုံးက ကောင်းကင်အံ့ဖွယ်ဘုံဆီသို့ ဆင့်ခေါ်ခံထားရပြီဖြစ်သည်။ ကျန်းရီသည် ထိုအကြောင်းကို တွေးတောကာ ထျန်းဖုန့်ဧကရာဇ်ကို ဦးတည်ရာပြောင်း၍ အရှေ့မြောက်ဘက်ရှိ ကောင်းကင်အံ့ဖွယ်ဘုံဆီ ပျံသန်းရန် ခိုင်းလိုက်သည်။

ကောင်းကင်အံ့ဖွယ်ဘုံသို့ သွားရန် လမ်းတွင် အတန်ငယ် ကွေ့ပတ်သွားရမည်ဖြစ်သည်။ သို့သော် ထိုသို့ရောက်ရန် နေ့တစ်ဝက်သာ ကြာပေလိမ့်မည်။ ထိုမျှလောက် ကြာသည်ကို ကျန်းရီ စိတ်မရှိပါ။ သူ မင်တဲနှင့် အခြားသူများကို ကြောက်သွားအောင်သာ လုပ်လိုနေသည်။ ထို့ကြောင့် သူ ကောင်းကင်အံဖွယ်ဘုံကို တိုက်ခိုက်ကာ မင်တိနှင့် အခြားသူများကို ဖရိုဖရဲဖြစ်သွားအောင် လုပ်ချင်နေပေသည်။

“ကောင်းကင်အံ့ဖွယ်ဘုံလား”

ထျန်းဖုန့်ဧကရာဇ် မျက်တောင်ပုတ်ခတ်လိုက်၏။ ယခု မည်သည့်အရာများ ဖြစ်နေခြင်းနည်း။ ကျန်းရီက ယန်ကိုးပါးကောင်းကင်ဧကရာဇ် ဝင်ပူးခံထားရခြင်းလော။ သူက တမလွန်ဘုံမျိုးနွယ်ကို တစ်ကိုယ်တော် ရှင်းပစ်တော့မည်လော။ ကောင်းကင်အံ့ဖွယ်ဘုံသို့ သွားခြင်းက ကိုယ့်သေလမ်းကိုယ်ရှာခြင်း မဟုတ်ပါလော။

ထျန်းဖုန့်ဧကရာဇ်သည် ကျန်းရီကို မေးရန် အကြိမ်ကြိမ် စဉ်းစားမိ၏။ သူ တစ်လုံးစ၊ နှစ်လုံးစပင် ထုတ်ပြောခဲ့သည်။ သို့သော် ကျန်းရီက ရှင်းပြရန် ငြင်းဆန်နေသည်။ ထို့ကြောင့် ထျန်းဖုန့်ဧကရာဇ်သည် သွေးအန်မိလုမတတ် မချင့်မရဲ ဖြစ်နေရလေသည်။

သို့သော် လမ်းတစ်လျှောက်တွင် ဆုံခဲ့ရသော တမလွန်ဘုံမျိုးနွယ်တပ်သားများက ကျန်းရီကို မြင်သည်နှင့် မကောင်းဆိုးဝါးတစ်ကောင်ကို မြင်လိုက်ရသလို ဖြစ်သွားကြပြီး အလွန်ကြောက်ရွံ့သွားကြကြောင်း ထျန်းဖုန့်ဧကရာဇ် တွေ့ခဲ့ရသည်။ ထိုတပ်သားများသည် ကျန်းရီကို တွေ့သောအခါ ပြန်တိုက်ရန် မဆိုထားနှင့် ချက်ချင်း ထွက်ပြေးခဲ့ကြပေသည်။

“သခင်... ဘာလို့ တမလွန်ဘုံမျိုးနွယ်ဝင်တွေက သခင့်ကို အရမ်းကြောက်နေရတာလဲ။ ပြီးတော့... ကျုပ်တို့က တကယ်ပဲ ကောင်းကင်အံ့ဖွယ်ဘုံကို သွားကြမှာလား”

ထျန်းဖုန့်ဧကရာဇ်သည် မဝံ့မရဲနှင့် မေးလိုက်၏။

“အဲ့ဒါတွေကို စိုးရိမ်မနေနဲ့။ ကျွန်တော့်အမိန့်တွေကိုသာ နားထောင်ပါ”

ကျန်းရီက မျက်နှာသေဖြင့် ပြန်ပြောလိုက်၏။ ထို့နောက် မီးဝိညာဉ်ပုလဲဆီ ကောင်းကင်စိတ်အာရုံပို့လွှတ်ကာ ချီဟုန်နှင့် ဆက်သွယ်လိုက်သည်။ ပတ်ဝန်းကျင် အခြေအနေကို အတည်ပြုပြီးသောအခါ သူ ထျန်းဖုန့်ဧကရာဇ်ကို ဆက်ပျံစေကာ လမ်းတွင်တွေ့သည့် တမလွန်ဘုံမျိုးနွယ်ဝင်များကို ဆက်သတ်စေလိုက်ပေသည်။

“ရပြီ”

နေ့တစ်ဝက်ကြာပြီးနောက် ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့ ကောင်းကင်အံ့ဖွယ်ဘုံအနီးသို့ ရောက်ရှိသွားကြ၏။ ကျန်းရီသည် ကောင်းကင်အံ့ဖွယ်ဘုံကို မတိုက်ခိုက်ဘဲ ထျန်းဖုန့်ဧကရာဇ်ကို လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ပြန်ထည့်၍ ပုန်းကွယ်ခြင်းအတတ်ကို သုံးလိုက်သည်။

ထျန်းဖုန့်ဧကရာဇ်က ဆွဲခေါ်မသွားလျှင် ကျန်းရီ၏ အမြန်နှုန်းက နှေးသွားမည်ဖြစ်သည်။ ထို့ပြင် မိုးမြေစွမ်းအားကို အချိန်အကြာကြီး သုံးမည်ဆိုလျှင်လည်း သူ အလွန်အားနည်းသွားပေလိမ့်မည်။ သို့သော် ကျန်းရီသည် ကိုယ်ဖျောက်ရန် ရွေးချယ်လိုက်ပေသေးသည်။

ကျန်းရီ ရုတ်တရက် ပျောက်ကွယ်သွားလျှင် ကောင်းကင်အံ့ဖွယ်ဘုံထဲမှ တမလွန်ဘုံဘုရင်များက သူ့တည်နေရာကို မသိရဘဲ စိတ်မသက်မသာ ခံစားလာရမည်ဖြစ်သည်။ မင်တိနှင့် အခြားသူများသည်လည်း မည်သည့်နေရာကိုမှ မသွားနိုင်ဘဲ ကောင်းကင်အံ့ဖွယ်ဘုံကို ကာကွယ်ရန်သာ စောင့်နေရပေလိမ့်မည်။ ထိုအခါ ကျန်းရီ အလွယ်တကူ လွတ်မြောက်နိုင်မည်ဖြစ်သည်။

ကျန်းရီသည် ကိုယ်ဖျောက်ပြီးပြီးချင်း ထွက်မပြေးလိုက်ပါ။ ထိုအစား ကောင်းကင်အံ့ဖွယ်ဘုံကို လှည့်ပတ်၍ ခံတပ်တစ်ခုကို ရှာလိုက်သည်။ သူ မီးအရင်းအမြစ်ကို အသုံးပြုကာ ထိုခံတပ်ထဲရှိ တမလွန်ဘုံမျိုးနွယ်တပ်သား တစ်သောင်းကျော်ကို မီးရှို့ပစ်လိုက်ပြီး ခံတပ်ကိုလည်း ဖျက်ဆီးပစ်လိုက်သည်။

‘သွားမယ်...’

ထိုခံတပ်ထဲရှိ တမလွန်ဘုံမျိုးနွယ်တပ်သားများကို သတ်ဖြတ်ပြီးနောက် ကျန်းရီ ဆက်မနေတော့ပေ။ သူ အရှေ့ဘက်သို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်သည်။ ချီဟုန် ရှိနေလျှင် သူ တမလွန်ဘုံဘုရင်များနှင့် ရင်ဆိုင်ရမည် မဟုတ်ပါ။ တမလွန်ဘုံဘုရင်များကို အလွယ်တကူ ရှောင်ရှား၍ အရှေ့ဘက်သို့ အေးအေးချမ်းချမ်း ပျံသန်းသွားနိုင်ပေသည်။

တစ်ရက်ကြာပြီးနောက် ကျန်းရီ ထျန်းဖုန့်ဧကရာဇ်ကို အပြင်ပြန်ထုတ်ကာ သူ့ကို ဆွဲခေါ်ပျံသန်းစေလိုက်သည်။ မိုးမြေစွမ်းအားကို တစ်ရက်လုံး သုံးပြီးနောက် သူ အလွန်ပင်ပန်းကာ အိပ်ချင်နေပြီဖြစ်သည်။ ထို့ကြောင့် ထျန်းဖုန့်ဧကရာဇ်၏ ဆွဲခေါ်မှုကို သူ အိပ်စက်ရင်းသာ လိုက်သွားသည်။ ချီဟုန်ကလည်း အရေးအကြောင်းဆိုလျှင် ထျန်းဖုန့်ဧကရာဇ်ဆီ အသံပို့လွှတ်မည်ဖြစ်ရာ စိုးရိမ်စရာတော့ မရှိပေ။

ရက်အနည်းငယ်ကြာအောင် ပျံသန်းပြီးသည်အထိ မည်သည့်တမလွန်ဘုံဘုရင်ကမှ ကျန်းရီတို့နောက်သို့ လိုက်မလာချေ။ လမ်းတွင်လည်း တမလွန်ဘုံမျိုးနွယ်ထောက်လှမ်းရေးများကိုသာ ရံဖန်ရံခါ တွေ့ရသည်။ ကျန်းရီ နိုးနေသည်မှာ ကြာပြီဖြစ်သည်။ သူတို့ ကောင်းကင်စကြဝဠာဘုံ အနီးသို့ ရောက်နေပြီးဖြစ်ကြောင်း သိလိုက်သောအခါ သူ မီးဝိညာဉ်ပုလဲကို အာရုံခံကာ အသံပို့လွှတ်လိုက်သည်။

“အရှင်ချီဟုန်... ကျွန်တော်တို့ ကောင်းကင်စကြဝဠာဘုံကို ရောက်တော့မယ်။ ကျွန်တော် ဘုံထဲကိုဝင်ပြီး သတ်လိုက်ရမလား”

မင်တဲ၏ အသက်ကယ် ဆန်းကြယ်စွမ်းရည်က ချီဟုန်ကို ထိခိုက်သွားစေခဲ့သည်။ သို့သော် ကျန်းရီက မီးအရင်းအမြစ်မီးတောက်အနည်းငယ် ပို့ပေးပြီးနောက် သူ ပြန်ကောင်းလာပြီဖြစ်သည်။ သူ တစ်ခဏမျှ တွေးတောကာ အသံပြန်ပို့လွှတ်လိုက်၏။

“ငါတို့ ဝင်သတ်လို့ရတယ်။ ဒါပေမဲ့ တမလွန်ဘုံမျိုးနွယ်ဝင် ည်းနည်းလောက်ကိုပဲ သတ်လို့ရမယ်။ တစ်ဘုံလုံးကို သတ်လို့မရဘူး။ မဟုတ်လို့ မင်တဲကို အရမ်းချောင်ပိတ်ရိုက်သလို ဖြစ်သွားရင် ငါတို့ ပြဿနာအကြီးကြီးတက်လိမ့်မယ်”

“ဟုတ်ကဲ့ပါ”

ကျန်းရီ စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ ထျန်းဖုန့်ဧကရာဇ်ကို ကောင်းကင်စကြဝဠာဘုံထဲ ဝင်ရန် အမိန့်ပေးလိုက်၏။ ထျန်းဖုန့်ဧကရာဇ် ထပ်မံ မှင်တက်သွားသည်။ သူ ခေတ္တမျှ တွေးတောပြီးနောက် ကျန်းရီက ရူးသွားခြင်း ဖြစ်ရမည်ဟုသာ တွေးလိုက်၏။ ပြီးနောက် သူ ကျန်းရီကိုခေါ်ကာ ကောင်းကင်ကြယ်စုဘုံထဲ ပျံဝင်သွားလိုက်လေသည်။

ကောင်းကင်စကြဝဠာဘုံက အလွန်ကြီးသည်။ ကျန်းရီသည် မြို့တစ်မြို့ကို ရွေးချယ်ကာ ထျန်းဖုန့်ဧကရာဇ်ကို ထိုမြို့ဆီသို့ ပျံသန်းသွားစေလိုက်၏။ ထျန်းဖုန့်ဧကရာဇ်၏ အရှိန်အဝါကြောင့် မြို့ထဲရှိ တော်ဝင်မိသားစုဝင်များနှင့် မြို့ပြင်ရှိ တမလွန်ဘုံမျိုးနွယ်ဝင်များ ထိတ်လန့်သွားကြသည်။ ထို့နောက် အခြေအနေကို စူးစမ်းရန် တမလွန်ဘုံအရှိန်အဝါများ ထိုးထွက်လာလေသည်။

“ကျန်းရီ... ကျန်းရီပဲ။ အဲ့လူက မီးမကောင်းဆိုးဝါး ကျန်းရီပဲ”

ကြောက်လန့်တကြား အော်လိုက်သံတစ်သံ ထွက်‌ပေါ်လာ၏။ အောက်ဘက်မှ တော်ဝင်မိသားစုဝင်များနှင့် တမလွန်ဘုံမျိုးနွယ်ဝင်များ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ထျန်းဖုန့်ဧကရာဇ်လည်း ထပ်မံ မှင်တက်သွားသည်။ ယခုတွင် ကျန်းရီက ထိုမျှကျော်ကြားနေသည်လော။ အဘယ်ကြောင့် ကောင်းကင်စကြဝဠာဘုံတစ်ခွင်လုံးက သူ့ကို သိနေရသနည်း။ အဘယ်ကြောင့် တမလွန်ဘုံမျိုးနွယ်ဝင်များက သူ့ကို အလွန်ကြောက်ရွံ့နေကြသနည်း။

ဝှစ်...

မရေမတွက်နိုင်သော တော်ဝင်မိသားစုဝင်များ စတင် ထွက်ပြေးကြသည်။ မြို့ပြင်မှ တမလွန်ဘုံမျိုးနွယ်ဝင်များမှာမူ ကျန်းရီနှင့်အဖော်ကို တိုက်ခိုက်ရန် တော်ဝင်မိသားစုဝင်များ၏ အမိန့်ပေးမှုကို ခံလိုက်ကြရသည်။ ကျန်းရီသည် အေးစက်စက်မျက်ဝန်းများနှင့် ဝေ့ဝဲကြည့်ကာ အော်ပြောလိုက်လေသည်။

“ထျန်းဖုန့်ဧကရာဇ်... ကျွန်တော်နဲ့ ဝေးဝေးမှာနေလိုက်”

ဝှစ်...

ကျန်းရီ အောက်ဘက်သို့ ပျံဆင်းသွား၏။ သူ ထျန်းဖုန့်ဧကရာဇ်နှင့် ပေသောင်းကျော်အကွာသို့ ရောက်သောအခါ မီးအရင်းအမြစ်မီးတောက်များကို ထုတ်လိုက်သည်။ ထို့နောက် မီးနဂါးဓားကို ထုတ်ကာ ဆွဲကိုင်၍ အောက်ဘက်သို့ အကြိမ်ဒါဇင်ကျော် ခုတ်ချလိုက်၏။ မီးနဂါးများ ထွက်ပေါ်လာပြီး မီးအရင်းအမြစ်မီးတောက်များကို သယ်ဆောင်၍ ပျံဆင်းသွားလေသည်။

“ဝေးဝေးမှာနေရမှာလား။ ဘာလို့ ကျုပ်က ဝေးဝေးမှာနေရမှာလဲ”

ထျန်းဖုန့်ဧကရာဇ်သည် အူကြောင်ကြောင်နှင့် လေထဲတွင် ရပ်နေ၏။ သူ နားမလည်နိုင်ဖြစ်နေသည်။ အဘယ်ကြောင့် ကျန်းရီက သူ့ကို ဝေးဝေးတွင် နေခိုင်းရသနည်း။ သို့သော် မီးအရင်းအမြစ်များ ထွက်လာပြီးနောက်တွင် သူ မျက်မှောင်ကြုတ်သွားပြီး ကောင်းကင်ထက်သို့ လျင်မြန်စွာ ပျံတက်သွားလိုက်ပေသည်။

‘မီးမကောင်းဆိုးဝါးတဲ့လား။ တမလွန်ဘုံမျိုးနွယ်ဝင်တွေက သခင့်ကို ဒီလောက်ကြောက်နေကြတာ မထူးဆန်းတော့ပါဘူး။ သခင်... သခင်က မီးအရင်းအမြစ်ကို ထိန်းချုပ်နိုင်သွားပြီပေါ့’

ထျန်းဖုန့်ဧကရာဇ်သည် တံတွေးမျိုချ၍ ကျန်းရီကို ကြောက်ရွံ့စွာ လှမ်းကြည့်လိုက်၏။ မီးပင်လယ်ဖြစ်နေသော အောက်ဘက်မှ မြို့ကိုလည်း သူ ကြည့်လိုက်သည်။ တော်ဝင်မိသားစုဝင်များနှင့် တမလွန်ဘုံမျိုးနွယ်ဝင်များက မီးလောင်ကျွမ်းကာ အော်ဟစ်လူးလွန့်နေကြသည်။ ထျန်းဖုန့်ဧကရာဇ် တုန်လှုပ်သွား၏။ ကျန်းရီက ရေခဲအရင်းအမြစ်မြေရိုင်းထဲတွင် မင်တဲကို သတ်နိုင်ခဲ့သည်လော။ မဟုတ်လျှင် အဘယ်ကြောင့် တမလွန်ဘုံမျိုးနွယ်ဝင်များက ကျန်းရီကို ထိုမျှကြောက်ရွံ့နေမည်နည်း။

“ကျန်တာတွေကို ကျွန်တော် ခင်ဗျားကိုပဲ တာဝန်ပေးလိုက်တော့မယ်”

ကျန်းရီသည် မီးနဂါဓားကို အကြိမ်ဒါဇင်အနည်းငယ် ခုတ်ယမ်းပြီးနောက် မီးအရင်းအမြစ်မီးတောက်များကို သုံးခြင်းက အလွန်ဖြုန်းတီးရာကျ၏ဟု တွေးမိလိုက်၏။ မြို့ထဲရှိ တော်ဝင်မိသားစုဝင် တစ်ဝက်ကျော်လောက်က မီးလောင်သေဆုံးသွားကြပြီဖြစ်သည်။ သန်းချီသော တမလွန်ဘုံမျိုးနွယ်ဝင်များလည်း သေဆုံးသွားကြပေပြီ။ ထို့ကြောင့် ကျန်းရီ ဆက်မသတ်လိုတော့ဘဲ ထျန်းဖုန့်ဧကရာဇ်ကိုသာ ဆက်သတ်ဖို့ အမိန့်ပေးလိုက်လေသည်။

“ဟုတ်သား...”

ထျန်းဖုန့်ဧကရာဇ် ပျံဆင်းလာသောအခါ ကျန်းရီသည် ဟွင့်သွမ့်ချီပုလဲထဲရှိ ရီဖျောင်ဖျောင်နှင့် အခြားသူများကို ရုတ်တရက် တွေးမိလိုက်၏။ သူမတို့ကလည်း အတော်လေး ပျင်းရိနေလောက်သည် မဟုတ်ပါလား။ ကောင်းကင်စကြဝဠာဘုံမှ ထွက်ပြီးလျှင် ခရီးရှည်ကြီး ဆက်သွားရဦးမည်ဖြစ်သည်။ သို့ဖြစ်ရာ သူ သူမတို့ကို အပျင်းပြေအောင် အပြင်ထုတ်ပေးနိုင်ပေသည်။

ကျန်းရီ ဟွင့်သွမ့်ချီပုလဲကို ထုတ်လိုက်၏။ ထို့နောက် ပုလဲက လင်းလက်လာပြီး လူများစွာ ထွက်လာသည်။ ရီဖျောင်ဖျောင်၊ ဟယ်နုန်ယင်းနှင့် အခြားသူများသည် အပြင်ရောက်သောအခါ အံ့အားသင့်သွားကြ၏။

“အာ... ရှောင်ရီ ဒါက ဘယ်နေရာလဲ”

ရီဖျောင်ဖျောင်က လှည့်ပတ်ကြည့်ကာ စိတ်ဝင်တစား မေး၏။ ကျန်းရီက ပြုံး၍ ပြန်ဖြေလိုက်သည်။

“အမေ.. ဒါက ကောင်းကင်စကြဝဠာဘုံပါ။ အရင်ဆုံး ခြေဆန့်လက်ဆန့်လေး လုပ်လိုက်ဦး။ ပြီးမှ ကျွန်တော် အမေတို့ကို ကမ္ဘာဦးကောင်းကင်ဘုံဆီ ပြန်ခေါ်သွားပေးမယ်”

“ကောင်းကင်စကြဝဠာဘုံလား”

ဟယ်နုန်ယင်းနှင့် သိမ်းငှက်ဘုရင်လေးတို့ အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့နှစ်ယောက်စလုံး အံ့အားသင့်သွားကြပေသည်။ ကျန်းရီက လိုက်သတ်ခံနေရသည် မဟုတ်လော။ အဘယ်ကြောင့် ယခုတွင် သူက တမလွန်ဘုံမျိုးနွယ်က သိမ်းပိုက်ထားသော ဘုံတစ်ခုထဲကို ဝင်တိုက်နေရသနည်း။

အရေးအကြီးဆုံးအရာမှာ ကျန်းရီ၏ မျက်နှာထားက ယခင်ကနှင့် ကွာခြားနေခြင်းပင်။ ဤတစ်ခေါက်တွင် သူ့မျက်နှာထားက များစွာပို၍ အေးဆေးနေပုံပေါ်သည်။ သူက အပန်းဖြေခရီးတစ်ခု ထွက်လာသကဲ့သို့ပင်။

***

All Chapters