ကြီးမားသော ထိုးနှက်မှုတစ်ခု
Vol. 137 Ch. 1905
“အားလုံးပဲ အကြောဆန့်လိုက်ကြပါဦး။ မြို့ထဲက တော်ဝင်မိသားစုဝင်တွေ အကုန်လုံးကို သတ်ကြတာပေါ့”
ကျန်းရီသည် လူအုပ်ကို ကြည့်၍ ပြောလိုက်၏။ သိမ်းငှက်ဘုရင်လေးက ချက်ချင်း ပုံစံပြောင်းကာ ထက်ရှသော ဓားတစ်စင်းအလား ပျံသန်းသွားလိုက်သည်။ ခွမ်ဟူနှင့် ဟဲ့ရွှီဝမ်တို့မှာ ကျန်းရီ ကြည့်သည်ကို ခံလိုက်ရသောအခါ ချက်ချင်း ပျံဆင်းသွားကြသည်။ ယွင်ပင်း၊ ဖုန့်နီနှင့် အခြားသူများလည်း နောက်မှ လိုက်သွားကြလေသည်။
ရီဖျောင်ဖျောင်နှင့် ဟယ်နုန်ယင်းတို့သာ မလှုပ်ကြပေ။ ရီဖျောင်ဖျောင်က ကျန်းရီနှင့်အတူ နေလိုခြင်းဖြစ်ပြီး ဟယ်နုန်ယင်းက ကိစ္စများကို ရှင်းရှင်းလင်းလင်း သိလိုနေခြင်းဖြစ်သည်။
သို့သော် ဟယ်နုန်ယင်းသည် ကိုယ်တိုင်မမေးဘဲ ရီဖျောင်ဖျောင်ကို ကြည့်လိုက်သည်။ ရီဖျောင်ဖျောင်က သဘောပေါက်သွားပြီး ကျန်းရီ၏လက်ကို ဆုပ်ကိုင်၍ မေးလိုက်၏။
“ရှောင်ရီ... အခု အခြေအနေက ဘယ်လိုလဲ။ အဲ့တမလွန်ဘုံဘုရင်တွေက အမေတို့နောက်ကို လိုက်မလာတော့ဘူးလား”
ကျန်းရီသည် ဟယ်နုန်ယင်းက မည်သည်ကို မေးလိုခြင်းဖြစ်ကြောင်း သိ၏။ သို့သော် သူ အမှန်ပင် မည်သို့ ရှင်းပြရမည်ကို မသိပေ။ မင်တဲက သူတို့နောက်သို့ လိုက်လာ၊ မလာကိုလည်း သူ အတပ်မပြောနိုင်ပါ။ ထို့ကြောင့် သူ ပြုံး၍သာ ပြန်ပြောလိုက်သည်။
“အမေ မစိုးရိမ်ပါနဲ့။ ကျွန်တော် အကုန်လုံးကို သေချာပေါက် ပြန်ခေါ်သွားမှာပါ။ ကျွန်တော့်ကို ယုံပါ။ ကျွန်တော် အမေ့ကို အိမ်ပြန်ခေါ်သွားချင်သေးတယ်...”
“အိမ်လား”
ကျန်းရီသည် ထိုစကားကို ပြောမိပြီးမှ နောင်တရသွား၏။ ရီဖျောင်ဖျောင်၏ မျက်ဝန်းများ ဝေဝါးသွားပြီး သူမ၏စိတ်ထဲတွင် ကောင်းကင်ကြယ်တာရာနယ်နမိတ်နှင့် သူမချစ်ခဲ့ဖူးသော အမျိုးသား၏ ပုံရိပ်များ ထွက်ပေါ်လာသည်။ သူမ အတော်ကြာ နှုတ်ဆိတ်နေပြီးမှ သက်ပြင်းသဲ့သဲ့ချကာ ထပ်မေးလိုက်သည်။
“ရှောင်ရီ... သားက တက်လှမ်းလာနိုင်ခဲ့ပြီးပြီဆိုတော့ ကိစ္စတွေ အများကြီးကို သိပြီးလောက်ပြီပေါ့.. ဟုတ်လား”
ကျန်းရီ ခေါင်းညိတ်ကာ ခါးသက်သက် ပြုံးလိုက်၏။
“ဟုတ်.. သား အကုန်လုံးကို သိထားပြီးပါပြီ”
“ဟူး...”
ရီဖျောင်ဖျောင် သက်ပြင်းရှည်ကြီးချလိုက်၏။
“သူ... သူရော အဆင်ပြေရဲ့လား”
“သေပြီ...”
ကျန်းရီ အံကြိတ်ကာ ပြောလိုက်သည်။ ရီဖျောင်ဖျောင်၏ မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မှ ထွက်ပေါ်မလာပါ။ သို့သော် သူမ ကျန်းရီ၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်မိလိုက်သည်။ ကျန်းရီသည် ရီဖျောင်ဖျောင်၏ အသက်ရှူသံက အတန်ငယ် မြန်လာသည်ကို သတိပြုမိလိုက်၏။ သူမ မျက်လုံးမှိတ်ထားပြီး အတော်ကြာ နှုတ်ဆိတ်နေပြီးမှ ဣန္ဒြေပြန်ဆည်၍ အေးစက်စက် မေးလိုက်လေသည်။
“သူ ဘယ်လိုသေသွားခဲ့တာလဲ”
“သားကို ကယ်ရင်း သေသွားခဲ့တာပါ”
ကျန်းရီ လေးလေးနက်နက် ပြောလိုက်သည်။ ထို့နောက် သူ ဆက်ပြောသည်။
“သူ မသေခင်တုန်းက သားကို အတိတ်က သူ့အမှားတွေအတွက် သူ့ကို ခွင့်လွှတ်ပေးပါလို့ တောင်းဆိုခဲ့တယ်။ သူက အဖေကောင်းတစ်ယောက် မဟုတ်ခဲ့ပေမဲ့ သား သူ့ကို ခွင့်လွှတ်ပေးထားပြီးပါပြီ”
ရွှီး...
ကျန်းရီ၏လက်မှ လက်စွပ်က လင်းလက်လာပြီး ကျောက်စိမ်းဖြူရုပ်တုငယ်လေးတစ်ခု ထွက်ပေါ်လာ၏။ ထိုရုပ်တုမှာ အလွန်အသက်ဝင်ပြီး ရီဖျောင်ဖျောင်နှင့် တစ်ပုံစံတည်း တူသည်။ ကျန်းရီသည် ၎င်းကို ရီဖျောင်ဖျောင်အား ပေးလိုက်၏။
“သူက အမေ့အတွက် ဒါ ချန်ပေးသွားတယ်”
ရီဖျောင်ဖျောင်၏ မျက်နှာထားမှာ မတည်ငြိမ်နိုင်တော့ပါ။ သူမ ရုပ်တုလေးကို တွေတွေကြီး စိုက်ကြည့်နေပြီး တုန်ယင်နေသော လက်နှင့် လက်ခံယူလိုက်သည်။ ထို့နောက် သူမ၏မျက်ဝန်းစွန်းမှနေ၍ မျက်ရည်များ စီးကျလာပြီး သူမ ရုပ်တုကို ကြည့်ကာ ဆွံ့အနေလေသည်။
ဟယ်နုန်ယင်းသည် ကျန်းရီ၏အကြောင်းကို လေ့လာထားပြီးဖြစ်သည်။ သို့သော် ကျန်းရီနှင့် ကျန်းပိုင်လီကြားမှ ဆက်ဆံရေးအကြောင်းကို သူမ သိပ်မသိပါ။ ရီဖျောင်ဖျောင်နှင့် ကျန်းပိုင်လီကြားမှ ဆက်ဆံရေးကိုမူ သိသည်။ ရီဖျောင်ဖျောင်က ဝိညာဉ်မျိုးနွယ်၏ မင်းသမီးဖြစ်သော်လည်း သေမျိုးတစ်ယောက်နှင့် လက်ထပ်ခဲ့သည်။ သို့ဖြစ်ရာ ရီဖျောင်ဖျောင်က ကျန်းပိုင်လီကို မည်မျှချစ်ကြောင်း တွေးကြည့်နိုင်ပေသည်။
ဟယ်နုန်ယင်းသည် ကျန်းရီကို မသိမသာ ခိုးကြည့်၍ ကျန်းပိုင်လီက မည်သို့သော သေမျိုးတစ်ယောက်ဖြစ်ကြောင်းကို တွေးကြည့်နေသည်။ အထက်ဘုံမှ မင်းသမီးတစ်ပါး၏ နှလုံးသားကို ရနိုင်ပြီး ဤကဲ့သို့ ပါရမီထူးသည့် သားတစ်ယောက်ကို မွေးထုတ်နိုင်သော ကျန်းပိုင်လီမှာလည်း သာမန်လူတစ်ယောက်တော့ မဖြစ်နိုင်ပေ။
“အမေ...”
ကျန်းရီသည် ရီဖျောင်ဖျောင်၏နှလုံးသားထဲမှ ပူဆွေးမှုကို ခံစားနိုင်၏။ သူ ရီဖျောင်ဖျောင်၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်၍ ပြောလိုက်သည်။
“သူက သေသွားပေမဲ့ အမေ့ဆီမှာ သားရှိပါသေးတယ်။ သား အမေ့ကို ဘယ်တော့မှ ထားသွားမှာ မဟုတ်ပါဘူး”
“အွန်း..အွန်း...”
ရီဖျောင်ဖျောင်သည် ရှိုက်ကြီးတငင် ငိုကြွေး၍ ကျန်းရီကို တင်းကြပ်စွာ ဖက်လိုက်၏။
“အမေ့သားက အရွယ်ရောက်လာပြီပဲ။ အမေ့သား တော်ပါတယ်။ ရှောင်ရီ... အမေ သားအတွက် ဂုဏ်ယူတယ်”
“ကဲပါ... သခင်မလေးဟယ် ကျွန်တော့်ရဲ့အမေကို စောင့်ရှောက်ပေးပါ။ ဒီမြို့က ပျက်တော့မယ်။ နောက်တစ်မြို့ကို သွားကြတာပေါ့။ ကျွန်တော်တို့ ကောင်းကင်စကြဝဠာဘုံထဲက မြို့ဒါဇင်ကျော်လောက်ကို ဖျက်ပြီးမှ ကမ္ဘာဦးကောင်းကင်ဘုံကို ပြန်ကြတာပေါ့”
ကျန်းရီတို့ စကားပြောနေစဉ်တွင် မြို့ထဲမှ သတ်ဖြတ်မှုများက ပြီးဆုံးတော့မည်ဖြစ်သည်။ အချိန်များစွာ မရှိသဖြင့် ကျန်းရီသည် ရီဖျောင်ဖျောင်ကို ဟယ်နုန်ယင်းလက်ထဲ ထည့်ပေးလိုက်ပြီး အောက်ဘက်သို့ ပျံဆင်းကာ ကိုယ်တိုင် ဝင်သတ်လိုက်သည်။ မြို့ထဲမှ တော်ဝင်မိသားစုဝင်များနှင့် တမလွန်ဘုံမျိုးနွယ်ဝင်များ အားလုံးကို သတ်ပြီးနောက် ကျန်းရီသည် လူအားလုံးကို လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ထည့်လိုက်ပြီး သူ့ကို နောက်တစ်မြို့သို့ ဆွဲခေါ်ပျံသန်းသွားဖို့ ထျန်းဖုန့်ဧကရာဇ်ကို ပြောလိုက်လေသည်။
ကောင်းကင်စကြဝဠာဘုံထဲတွင် မြို့များစွာ ရှိသည်။ ထိုဘုံက ကမ္ဘာဦးကောင်းကင်ဘုံနှင့် တစ်ရွယ်တည်းပင်။ ထို့ကြောင့် ဘုံထဲမှ မြို့အားလုံးကို ရှင်းပစ်မည်ဆိုလျှင် အချိန်အကြာကြီး လိုမည်ဖြစ်သည်။ ယခုလောက်တွင် မင်တဲက ပြန်ကောင်းနေလောက်ပေပြီ။ သူ တမလွန်ဘုံဘုရင်များကို ဦးဆောင်ကာ ဤဘုံသို့ ရောက်လာနိုင်သည်။ ထို့ကြောင့် ကျန်းရီသည် မြို့ဒါဇင်ကျော်လောက်ကိုသာ ရှင်းပစ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ကျန်းရီ၏ ဆုံးဖြတ်ချက်က အလွန်မှန်ကန်ခဲ့၏။ မင်တဲ၊ မင်တိနှင့် အခြားတမလွန်ဘုံဘုရင်များ အားလုံးက ကောင်းကင်အံ့ဖွယ်ဘုံထဲတွင် စုဝေးနေကြသည်။ မင်တဲက ပြန်အားဖြည့်နေဆဲပင်။ ကျန်းရီက ဟင်းလင်းပြင်ထဲရှိ တမလွန်ဘုံမျိုးနွယ်ဝင်များကို သတ်ခဲ့ပြီး ကောင်းကင်အံ့ဖွယ်ဘုံလည်း လာတိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် မင်တိနှင့် အခြား တမလွန်ဘုံဘုရင်များ တုန်လှုပ်နေကြသည်။ သူတို့ မင်တဲကို တမလွန်ဘုံသို့ ပြန်ခေါ်သွားလိုနေကြပေသည်။
နောက်ပိုင်းတွင် ကျန်းရီက ပျောက်ကွယ်သွားခဲ့သည်။ ထို့ကြောင့် မင်တိတို့ ပို၍ စိတ်လှုပ်ရှားလာကြသည်။ ကျန်းရီက ပေါ်ချင်သည့်အချိန်တွင် ထွက်ပေါ်လာပြီး သူ၏မိုးမြေနတ်ဘုရားမီးတောက်ကို သုံး၍ သူတို့ တစ်ယောက်ချင်းစီနှင့် မင်တဲအား သတ်ပစ်လိုက်မည်ကို သူတို့ စိုးရိမ်ပေသည်။
ကျန်းရီက ကောင်းကင်စကြဝဠာဘုံသို့ ရောက်သွားပြီး ထိုဘုံမှ မြို့များကို ရှင်းပစ်နေကြောင်း ကြားလိုက်ရသောအခါ မင်တိတို့သည် သူတို့က ချမ်းသာပေးခံလိုက်ရသလို ခံစားလိုက်ကြရ၏။ ကျန်းရီက ကောင်းကင်အံ့ဖွယ်ဘုံထဲ ဝင်မလာသ၍ အခြားဘုံများထဲရှိ တော်ဝင်မိသားစုဝင်များနှင့် တမလွန်ဘုံမျိုးနွယ်ဝင်များကို သတ်ဖြတ်ခြင်းမှာ သူတို့နှင့် မဆိုင်ပါ။
တမလွန်ဘုံမျိုးနွယ်ဝင်များ သေသွားလျှင်လည်း တမလွန်ချောက်နက်က ၎င်းတို့ကို ထပ်၍ မွေးထုတ်ပေးနိုင်သည်။ တော်ဝင်မိသားစုဝင်များ သေသွားလျှင်လည်း နှစ်အနည်းငယ်အတွင်း မျိုးဆက်သစ်များ မွေးလာပေလိမ့်မည်။ ကောင်းကင်စကြဝဠာဘုံ ကျသွားလျှင်လည်း တမလွန်ဘုံဧကရာဇ် ပြန်ထွက်ပေါ်လာသည်နှင့် ချက်ချင်း ပြန်သိမ်းယူနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကျန်းရီက ကောင်းကင်အံ့ဖွယ်ဘုံထဲ ဝင်မလာသ၍၊ တမလွန်ဘုံထဲ ဝင်မသွားသ၍ ကျန်သောအရာအားလုံးမှာ အရေးမကြီးပါ။
ကောင်းကင်စကြဝဠာဘုံက အလွန်ကြီးပြီး ဘုံထဲတွင် မြို့များစွာရှိသည်။ ထိုဘုံထဲရှိ တမလွန်ဘုံမျိုးနွယ်ဝင်များနှင့် တော်ဝင်မိသားစုဝင်များ၏ အရေအတွက်ကလည်း မရေမတွက်နိုင်ပင်။ ကျန်းရီက မည်မျှ သတ်ဖြတ်နိုင်ပါမည်နည်း။ ကောင်းကင်စကြဝဠာဘုံတစ်ခုလုံးကို ရှင်းပစ်ရန်လည်း အချိန်မည်မျှ လိုမည်နည်း။ မင်တဲ ပြန်ကောင်းလာသည်နှင့် မင်တိတို့ နည်းလမ်းတစ်ခု စဉ်းစားနိုင်ပေသည်။
မင်တဲထက် တစ်ဆင့်သာနိမ့်သော ထိပ်တန်းတမလွန်ဘုံဘုရင် မင်လွင်က ကောင်းကင်ကြယ်စုဘုံထဲရှိ တော်ဝင်မိသားစုဝင်အားလုံးနှင့် တမလွန်ဘုံမျိုးနွယ်ဝင်အားလုံးကို ကောင်းကင်အံ့ဖွယ်ဘုံသို့ တည်နေရာပြောင်းရွှေ့လာရန် အမိန့်ပေးလိုက်သည်။ ကောင်းကင်ဝိညာဉ်ဘုံက ဟယ်နုန်ယင်း၏အဖေ ဦးဆောင်သော တပ်သားဆယ်သန်းကြောင့် ပျက်လုနီးနီး ဖြစ်နေပေပြီ။ ကောင်းကင်ဝိညာဉ်ဘုံကို မကာကွယ်နိုင်လျှင် ကောင်းကင်ကြယ်စုဘုံကိုလည်း ကာကွယ်နိုင်မည် မဟုတ်ချေ။
ကောင်းကင်ဝိညာဉ်ဘုံကို လူသားမျိုးနွယ်က ပြန်သိမ်းပိုက်လိုက်ပြီဖြစ်သည်။ သို့သော် ထိုဘုံက အသေးဆုံးဘုံဖြစ်သည်။ ယခင်တွင် ယန်မဟာဧကရာဇ်က ထိုဘုံထဲရှိ စွမ်းအားကြီးသူများကို သတ်ပစ်ခဲ့သည်။ ထို့ပြင် ဟယ်နုန်ယင်းတို့ကလည်း ထပ်မံ တိုက်ခိုက်ခဲ့သေးသည်။ ထို့ကြောင့် ဤတစ်ခေါက်တွင် တပ်သားဆယ်သန်းက ဘုံထဲကို အလွယ်တကူဝင်၍ တော်ဝင်မိသားစုဝင်များနှင့် တမလွန်ဘုံမျိုးနွယ်ဝင်များကို လျင်မြန်စွာ ရှင်းပစ်နိုင်လိုက်ပေသည်။
ဟယ်နုန်ယင်း၏အဖေ ဟယ်မုန့်သည် ကောင်းကင်ကြယ်စုဘုံကို တိုက်သင့်၊ မတိုက်သင့် စဉ်စားနေသေးဆဲသာ ရှိသေးသည်။ ဤတစ်ခေါက်တွင် ချီလင်းဧကရီ၏ ရည်ရွယ်ချက်က ရှင်းသည်။ သူမသည် ဟယ်နုန်ယင်း၏ဘက်မှ ဖိအားကို လျှော့ချပေးလိုခြင်းဖြစ်သည်။ တမလွန်ဘုံမျိုးနွယ်က ထိန်းချုပ်ထားသော ဘုံများကို ပြန်သိမ်းယူလိုခြင်း မဟုတ်ပါ။ ထို့ပြင့် တပ်သားဆယ်သန်းလောက်နှင့်လည်း ကောင်းကင်ကြယ်စုဘုံကို သိမ်းယူနိုင်လိမ့်မည် မဟုတ်ချေ။
ဟယ်မုန့် ချီတုံ့ချတုံ ဖြစ်နေချိန်တွင် ထောက်လှမ်းရေးများက တုန်လှုပ်ဖွယ်သတင်းတစ်ခုကို တင်ပြလာ၏။ ကောင်းကင်ကြယ်စုဘုံမှ တော်ဝင်မိသားစုဝင်များနှင့် တမလွန်ဘုံမျိုးနွယ်ဝင်များက အဝေးသို့ တည်နေရာပြောင်းရွှေ့နေကြသည်။ ယခုတွင် တော်ဝင်မိသားစုဝင် တစ်ဝက်လောက်နှင့် တမလွန်ဘုံမျိုးနွယ်ဝင် တစ်ဝက်လောက်က တည်နေရာပြောင်းရွှေ့ပြီးသွားပြီဖြစ်သည်။
“ဘာတွေ ဖြစ်နေတာလဲ”
ဟယ်မုန့် နားမလည်နိုင်ဖြစ်သွား၏။ ကောင်းကင်ကြယ်စုဘုံထဲတွင် စွမ်းအားကြီးသူများစွာ မရှိတော့သော်လည်း တမလွန်ဘုံမျိုးနွယ်ဝင်များနှင့် တော်ဝင်မိသားစုဝင်များ အများအပြားရှိသေးသည်။ သူတို့၏တပ်သားဆယ်သန်းနှင့်ပင် မြို့အနည်းငယ်ကိုသာ ရှင်းပစ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ကြယ်စုဘုံထဲမှ တမလွန်ဘုံစစ်သူကြီးများက သူတို့ကို ကြောက်စရာအကြောင်း မရှိပေ။
ဟယ်မုန့်သည် အလျင်စလို မပြုမူဝံ့ပါ။ လူတစ်ယောက်ကိုသာ လျှို့ဝှက်သတင်းပို့အစီအရင်မှတဆင့် ချီလင်းဧကရီထံ သတင်းပို့ရန် ခိုင်းလိုက်သည်။ ရှေးဦးစွာ ထူးဆန်းသော အခြေအနေကို ပြန်တင်ပြပြီးမှ ချီလင်းဧကရီကို ဆုံးဖြတ်ချက်ချခိုင်းရပေမည်။ တစ်ချိန်တည်းမှာပင် သူ ကောင်းကင်ကြယ်စုဘုံဆီသို့ ထောက်လှမ်းရေးများ ထပ်စေလွှတ်လိုက်လေသည်။
နာရီပေါင်း ဒါဇင်ကျော် ကြာပြီးနောက် ချီလင်းဧကရီ၏ အမိန့်တော် ရောက်မလာသေးခင်မှာပင် ကောင်းကင်ကြယ်စုဘုံသို့ စေလွှတ်လိုက်သည့် ထောက်လှမ်းရေးများက သတင်းပြန်ပို့လာသည်။ သူတို့ ပြန်ပို့လာသော သတင်းက အလွန်တုန်လှုပ်စရာကောင်းသဖြင့် ဟယ်မုန့်တစ်ယောက် အတော်ကြာအောင် မှင်တက်သွားပေသည်။
မီးမကောင်းဆိုးဝါးကျန်းရီက ကောင်းကင်စကြဝဠာဘုံထဲရှိ တော်ဝင်မိသားစုဝင်များနှင့် တမလွန်ဘုံမျိုးနွယ်ဝင်များကို သတ်ဖြတ်နေပြီဖြစ်သည်သည်။ ထို့ကြောင့် မင်လွင်က ကောင်းကင်ကြယ်စုဘုံထဲမှသူများကို ကောင်းကင်အံ့ဖွယ်ဘုံသို့ ကြို၍ပြောင်းရွှေ့လာခိုင်းခဲ့ခြင်းဖြစ်သည်။
ကပ်လောကထဲတွင် ‘ကျန်းရီ’ဟု ခေါ်သူများ များစွာရှိသည်။ သို့သော် ကောင်းကင်စကြဝဠာဘုံကို ဝင်တိုက်ရဲသည့် ကျန်းရီမှာမူ တစ်ယောက်သာရှိပေသည်။ ဟယ်မုန့်သည် တစ်နာရီကြာအောင် တွေးတောနေပြီးနောက် ချီလင်းဧကရီ၏ အမိန့်တော်ကို မစောင့်တော့ရန် ဆုံးဖြတ်လိုက်ပြီး စစ်တပ်တစ်တပ်လုံးကို ကောင်းကင်ကြယ်စုဘုံဆီသို့ ချီသွားစေလိုက်လေသည်။
အဘယ်ကြောင့် ကျန်းရီက ကောင်းကင်စကြဝဠာဘုံကို ဝင်တိုက်နေခြင်းဖြစ်ကြောင်း ဟယ်မုန့် မသိပေ။ အဘယ်ကြောင့် မင်တဲ၊ မင်လွင်၊ မင်တိနှင့် အခြားထိပ်တန်းတမလွန်ဘုံဘုရင်များက ကျန်းရီအား လာမသတ်ကြောင်းကိုလည်း သူ မသိပါ။ သို့သော် သူသည် ထိုကဲ့သို့သော အခွင့်အရေးကောင်းတစ်ခုကို လက်လွတ်ခံမည့် အရူးတစ်ယောက် မဟုတ်ပေ။
ဟယ်မုန့်သည် ကောင်းကင်ဝိညာဉ်ဘုံကို သိမ်းပိုက်နိုင်လိုက်ပြီဖြစ်သည်။ သူသာ ကျန်းရီနှင့်ပူးပေါင်း၍ ကောင်းကင်ကြယ်စုဘုံကို ဆက်သိမ်းပိုက်နိုင်လိုက်မည်ဆိုလျှင် သူ့အမည်က သမိုင်းဝင်သွားပေလိမ့်မည်။
***