← Chapters

မသေမျိုးတစ်ပိုင်း ရသေ့ကြီး

Vol. 137 Ch. 1906

မသေမျိုးတစ်ပိုင်း ရသေ့ကြီး

Vol. 137 Ch. 1906

ကမ္ဘာဦးကောင်းကင်ဘုံမှာ အလွန်စည်းကားနေ၏။

ဟယ်မုန့်က ကောင်းကင်ဝိညာဉ်ဘုံကို သိမ်းပိုက်နိုင်လိုက်သော သတင်းမှာ ပျံ့နှံ့နေပြီဖြစ်သည်။ ထို့နောက် ဟယ်မုန့်က ကောင်းကင်ကြယ်စင်ဘုံကို ဝင်တိုက်သည့် သတင်းလည်း ပျံ့နှံ့လာသည်။ ထို့ကြောင့် ကမ္ဘာဦးကောင်းကင်ဘုံတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားပေသည်။

ချီလင်းဧကရီ ချက်ချင်း အမိန့်မပေးခဲ့ရခြင်း၏ အကြောင်းမှာ မိုးပြာမဟာဧကရာဇ်နှင့် အခြားသူများ ရောက်လာသည်ကို စောင့်၍ ဗျူဟာတစ်ခု ဆွေးနွေးနေခဲ့၍ဖြစ်သည်။ ယခုကိစ္စက ကိုယ်ရေးကိုယ်တာကိစ္စ မဟုတ်ဘဲ လူသားမျိုးနွယ်တစ်ခုလုံးနှင့် သက်ဆိုင်သောကိစ္စ ဖြစ်နေသည်။ ချီလင်းဧကရီသည် မိုးပြာမဟာဧကရာဇ်နှင့် အခြားသူများ လုပ်ခဲ့သည့်အရာများကို မကျေနပ်သော်လည်း လူသားမျိုးနွယ်တစ်ခုလုံး၏ အ‌ရေးနှင့် သက်ဆိုင်သောအခါ သူတို့၏ အမြင်ကို တောင်းခံရပေသေးသည်။

ယခုတွင် လူသားမျိုးနွယ်၏ အဖွဲ့အစည်းအသီးသီးမှ စွမ်းအားကြီး သိုင်းသမားအားလုံးက ချီလင်းဧကရီတောင်တွင် စုဝေးနေကြသည်။ ထိုတောင်က ချီလင်းဧကရီ၏ ပိုင်နက်ဖြစ်ရာ သူမက အဓိကထိုင်ခုံတွင် ထိုင်ပေသည်။ ဤတစ်ကြိမ်တွင် သူမဘေး၌ ဟယ်နုန်ယင်း ရှိမနေ‌တော့ပါ။

မိုးပြာမဟာဧကရာဇ်က ဘယ်ဘက်ရှိ ပထမဆုံးထိုင်ခုံတွင် ထိုင်၏။ ဤတစ်ခေါက်တွင် မိုးပြာမဟာဧကရာဇ်က သူနှင့်အတူ တောက်နူကို မခေါ်ခဲ့၍ အားလုံး အံ့အားသင့်နေကြသည်။ သူသည် တောက်နူအစား အလွန်လှပသော မိန်းမပျိုတစ်ယောက်ကိုသာ ခေါ်လာခဲ့ပေသည်။

လူများစွာသည် ထိုမိန်းမပျိုလေးကို သိကြ၏။ သူမက ရေဘုံမှလာသူဖြစ်ပြီး မကြာသေးမီက ထင်ရှားကျော်ကြားလာသူဖြစ်သည်။ သူမ၏အမည်မှာ ရှားယွီပင်။ ပြီးခဲ့သောအခေါက်က တမလွန်ဘုံကို တိုက်ခိုက်မှုတွင် သူမက ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ခဲ့သည်။ ထို့ကြောင့် မိုးပြာမဟာဧကရာဇ်က သူမကို စစ်သေနာပတိအဖြစ် ရာထူးတိုးပေးခဲ့သည်။

ရှားယွီမှာ ရေဘုံအရှင် ရှားကုန်းယွီ၏ အငယ်ဆုံးသမီးတော်ဖြစ်သည်။ သူမက အလွန်လှပကာ ဆွဲဆောင်မှုရှိသဖြင့် သခင်လေးများစွာမှာ ရွှေစွန်ညိုများ ဖြစ်နေကြသည်။ သို့သော် သူမသည် ဆွဲဆောင်မှုရှိသော်လည်း သခင်လေးများနှင့် ရှုပ်ရှုပ်ယှက်ယှက်သတင်းများ မထွက်ပေ။ သူမက အညှာမလွယ်ဟု ကျော်ကြားပြီး တောက်မျိုးနွယ်မှ သခင်လေးများကိုပင် မျက်နှာသာမပေးဟု ဆိုကြပေသည်။

မိုးပြာမဟာဧကရာဇ်က သူမကို ခေါ်လာခဲ့သည့်အတွက် လူများစွာ ဟိုဟိုသည်သည် တွေးမိနေကြသည်။ မိုးပြာမဟာဧကရာဇ်သည် သူမကို သူ၏ဆက်ခံသူအဖြစ် ပျိုးထောင်တော့မည်လော။

မိုးပြာမဟာဧကရာဇ်သည် လူများစွာက ရှားယွီကို မကြာခဏ ကြည့်နေကြကြောင်း သတိပြုမိ၏။ ထို့ကြောင့် သူ ပြုံးကာ ပြောလိုက်သည်။

“အားလုံးပဲ ရှားယွီကို သိကြလောက်မှာပါ။ မကြာသေးခင်တုန်းက ကျုပ် သူ့ကို တပည့်အဖြစ် လက်ခံခဲ့တယ်။ အားလုံး သူ့ကို သင်ပြပေးကြလိမ့်မယ်လို့ ကျုပ် မျှော်လင့်ပါတယ်”

“အို့...”

ကောင်းကင်ဘုရင်ဝေနှင့် အခြားသူများ၏ မျက်ဝန်းများ အရောင်လက်သွားကြ၏။ ကောင်းကင်ဘုရင်ဝေထက် တစ်ဆင့်နိမ့်သော ခုံတွင် ထိုင်နေသည့် ကောင်းကင်ဘုရင်မူက ခပ်သွက်သွက် ထရပ်ကာ လက်ဆုပ်၍ ပြောလိုက်လေသည်။

“အရည်အချင်းရှိတဲ့ တပည့်တစ်ယောက်ကို ရလိုက်တဲ့အတွက် မိုးပြာမဟာဧကရာဇ်ကို ဂုဏ်ပြုပါတယ်။ မိန်းကလေးရှားယွီက ပါရမီရှင်တစ်ယောက်ပါ။ နောက်ကျရင် သူက သေချာပေါက် ကိစ္စကြီးတွေကို လုပ်ဆောင်နိုင်မှာပါ”

ရှန်ကွေ့ကလည်း ထရပ်ကာ ပြောသည်။

“မိုးပြာမဟာဧကရာဇ်ကို ဂုဏ်ပြုပါတယ်။ မိန်းကလေးရှားယွီက အလင်းအနှစ်သာရကို သိမြင်နားလည်ထားတာ။ သူသာ မိုးပြာမဟာဧကရာဇ်ရဲ့ သင်ကြားပေးမှုကို ခံရရင် သေချာပေါက် တမလွန်ဘုံမျိုးနွယ်ကို ယှဉ်နိုင်တဲ့ အစွမ်းထက် စစ်သေနာပတိတစ်ယောက် ဖြစ်လာမှာပါပဲ”

အခြားမျိုးနွယ်ခေါင်းဆောင်များစွာလည်း ထရပ်ကာ ဂုဏ်ပြုစကားဆိုလိုက်ကြသည်။ ရှားယွီသည် အားလုံး စကားပြောပြီးသွားသည်အထိ စောင့်ပြီးမှ ရှေ့ထွက်ရပ်ကာ ကြော့ရှင်းစွာ ဦးညွှန်၍ ခပ်ရေးရေးပြုံးလိုက်၏။ သူမ၏ အပြုံးကြောင့် လူများစွာ ရင်ခုန်မြန်သွားကြသည်။ ထို့နောက် သူမသည် နီထွေးသော နှုတ်ခမ်းများကို မပွင့်တပွင့် ဟ၍ ပြောလိုက်လေသည်။

“အားလုံးရဲ့ ချီးကျူးမှုတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဆရာ့ရဲ့ ချစ်ခင်မှုကို ခံရတာ ကျွန်မ ကံကောင်းတာပါ။ ဒီကောင်မလေးက ငယ်ရွယ်ပြီး အားနည်းပါသေးတယ်။ ဒီက လူကြီးမင်းအားလုံးက စွမ်းအားကြီး တိုက်ခိုက်စွမ်းအားပိုင်ဆိုင်ထားတဲ့ ဂုဏ်သရေရှိ လူကြီးသူကောင်းတွေပါ။ ကျွန်မ အားလုံးရဲ့ လမ်းညွှန်မှုကို တောင်းခံပါတယ်”

ချီလင်းဧကရီကဲ့သို့ပင် မိုးပြာမဟာဧကရာဇ်ထံတွင် ဆက်ခံသူ မရှိပေ။ သူသည် တစ်ဘဝလုံးကို တာအိုရှာဖွေ၍ နောက်ဆုံးအဆင့်ကို တက်လှမ်းကာ မသေမျိုးလောက၏ ဂိတ်တံခါးကို ဖွင့်နိုင်ဖို့သာ သုံးခဲ့သည်။ ရှားယွီမှာ ကျော်ကြားခါစ ပါရမီရှင်မိန်းမပျိုလေးတစ်ယောက်သာဖြစ်သည်။ သို့သော် မိုးပြာမဟာဧကရာဇ်က သူမကို တပည့်အဖြစ် လက်ခံလိုက်ပြီဖြစ်၍ သူမအတွက် ကိစ္စများက ယခုမှ၍ ပြောင်းလဲသွားပေတော့မည်။

လက်ရှိတွင် ရှားယွီ၏အဆင့်အတန်းက ဟယ်နုန်ယင်းထက် မြင့်သွားပြီဖြစ်သည်။ ထို့ကြောင့် သူမက လောကထဲရှိ နံပါတ်တစ်သခင်မလေး ဖြစ်လာနိုင်ခြေရှိသည်။ သို့သော် ထိုသို့ဖြစ်လာရန် သူမ၏ တိုက်ခိုက်စွမ်းအားက ဟယ်နုန်ယင်း၏ တိုက်ခိုက်စွမ်းအားထက် ပိုကြီးရန်တော့ လိုပေသည်။

မိုးပြာမဟာဧကရာဇ်က လက်ဝှေ့ယမ်း၍ ရှားယွီကို နောက်ပြန်ဆုတ်စေလိုက်၏။ ထို့နောက် သူ ဝေ့ဝဲကြည့်ကာ လေးနက်သောလေသံနှင့် ပြောလိုက်သည်။

“ဟယ်မုန့်ပို့လိုက်တဲ့ သတင်းကို ခင်ဗျားတို့အားလုံးလည်း သိထားလောက်ပြီထင်ပါတယ်။ ကျုပ်လည်း အဲ့ကို ထောက်လှမ်းရေးတွေ စေလွှတ်ခဲ့တယ်။ အဲ့ထောက်လှမ်းရေးတွေကလည်း ဟယ်မုန့်ရဲ့သတင်းနဲ့ ဆင်တူတဲ့သတင်းတွေပဲ ပြန်ပို့လာကြတယ်။ တမလွန်ဘုံမျိုးနွယ်နဲ့ပတ်သတ်ပြီး တကယ်ကို ပြဿနာကြီးတစ်ခု ရှိနေတယ်။ သူတို့ဘက်က စွမ်းအားကြီးသူတွေအကုန်လုံးက ကောင်းကင်အံ့ဖွယ်ဘုံထဲမှာ စုဝေးနေကြတယ်။ ကောင်းကင်ကြယ်စုဘုံထဲက တော်ဝင်မိသားစုဝင်တွေနဲ့ တမလွန်ဘုံမျိုးနွယ်ဝင်တွေက ပြောင်းရွှေ့သွားကြတယ်ဆိုတာလည်း အမှန်ပဲ။ ကျန်းရီက ကောင်းကင်ကြယ်စုဘုံထဲမှာ သတ်ဖြတ်နေတယ်ဆိုတာကိုလည်း အတည်ပြုပြီးပြီ။ ခင်ဗျားတို့အားလုံး ဘယ်လိုထင်ကြလဲ”

“အာ...”

အစတွင် လူများစွာသည် ချီလင်းဧကရီဖြန့်ခဲ့သော သတင်းများကို မယုံနိုင်ခဲ့ကြပေ။ ယခု မိုးပြာမဟာဧကရာဇ်က သတင်းများမှာ မှန်ကန်ကြောင်း အတည်ပြုပေးလိုက်ပြီဖြစ်ရာ ခန်းမထဲရှိ စွမ်းအားကြီး သိုင်းသမားအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ သူတို့၏ မျက်ဝန်းများထဲတွင်လည်း အံ့ဩမှုများ ထွက်ပေါ်လာသည်။

ကျန်းရီက အဘယ်သို့ ကောင်းကင်စကြဝဠာဘုံတွင် သတ်ဖြတ်နေနိုင်ရသနည်း။

အားလုံး၏ အတွေးထဲတွင် ထိုမေးခွန်း ထွက်ပေါ်လာသည်။ မင်တဲ၏ တိုက်ခိုက်စွမ်းအားက မိုးပြာမဟာဧကရာဇ်၏ တိုက်ခိုက်စွမ်းအားနှင့်ပင် ယှဉ်နိုင်သည်။ သူတို့က ထိပ်တန်းတမလွန်ဘုံဘုရင်တစ်ပါးကို သတ်ခဲ့သော်လည်း တမလွန်ဘုံမျိုးနွယ်ဘက်တွင် မင်တဲနှင့် ထိပ်တန်းတမလွန်ဘုံဘုရင်ရှစ်ပါး ကျန်သေးသည်။ သို့သော် အဘယ်ကြောင့် မင်တဲတို့က ကျန်းရီကို ကောင်းကင်စကြဝဠာဘုံထဲတွင် သတ်ဖြတ်ခွင့် ပေးထားရသနည်း။

ကျန်းရီ၏ တိုက်ခိုက်စွမ်းအားက မင်တဲတို့နှင့်ယှဉ်လျှင် မကြီးပေ။ သူက တောက်နူလောက် သန်မာလျှင်လည်း ဘာအရေးနည်း။ ထို့ပြင် ယန်မဟာဧကရာဇ်နှင့် ရူးသွပ်မဟာဧကရာဇ်တို့လောက် စွမ်းအားကြီးမည်ဆိုလျှင်လည်း တမလွန်ဘုံမျိုးနွယ်က ထိန်းချုပ်ထားသော ဘုံကြီးတစ်ဘုံကို တစ်ယောက်တည်း ဝင်မတိုက်နိုင်သင့်သည် မဟုတ်လော။

မည်သူမှ ထိုအကြောင်းကို နားမလည်နိုင်ပေ။ မိုးပြာမဟာဧကရာဇ်ပင် နားမလည်ပါ။ အားလုံးက နှုတ်ဆိတ်နေကြောင်း မြင်လိုက်သောအခါ မိုးပြာမဟာဧကရာဇ် ဆက်ပြောလိုက်သည်။

“အားလုံးပဲ... ကျုပ်တို့ရှေ့မှာ လမ်းနှစ်လမ်းရှိပါတယ်။ တစ်လမ်းက အားလုံး ထပ်တိုက်ခိုက်ပြီး ကောင်းကင်ဝိညာဉ်ဘုံ၊ ကောင်းကင်ကြယ်စုဘုံနဲ့ ကောင်းကင်စကြဝဠာဘုံတွေကို သိမ်းဖို့ပါ။ အဲ့ဘုံသုံးခုကို သိမ်းပြီးရင် အဲ့အရှိန်နဲ့ တခြားဘုံတွေကိုပါ ဆက်သိမ်းနိုင်လောက်တယ်။ နောက်ဆုံးကျ ကျုပ်တို့ တမလွန်ဘုံကို တိုက်ခိုက်ပြီး တမလွန်ချောက်နက်ကိုပါ ဖျက်ဆီးချင် ဖျက်ဆီးနိုင်လိမ့်မယ်။ နောက်တစ်လမ်းကတော့ စောင့်ကြည့်ဖို့ပဲ။ တကယ်လို့ ခင်ဗျားတို့မှာ အကြံကောင်းတွေရှိရင် လွတ်လွတ်လပ်လပ် ပြောနိုင်ပါတယ်”

“တမလွန်ချောက်နက်ကို ဖျက်ဆီးမှာလား”

မိုးပြာမဟာဧကရာဇ်၏ စကားက လူများစွာ၏ ရင်ကို လှုပ်ရှားသွားစေ၏။ သူတို့သာ တမလွန်ချောက်နက်ကို ဖျက်ဆီးနိုင်မည်ဆိုလျှင် တမလွန်ဘုံ၏ အခြေခံအုတ်မြစ်ကို ဖျက်ဆီးနိုင်လိုက်သလိုပင်။ တမလွန်ချောက်နက် မရှိလျှင် တမလွန်ဘုံမျိုးနွယ်ဝင်များ ဆက်၍ မွေးဖွားလာတော့မည် မဟုတ်ပေ။ သူတို့ တော်ဝင်မိသားစုဝင်များ၏ ကျင့်ကြံနှုန်းကိုသာ မှီခိုမည်ဆိုပါက လူသားမျိုးနွယ်နှင့် ယှဉ်နိုင်လိမ့်မည် မဟုတ်ပါ။

“အဲ့ဒါက ထောင်ချောက်တစ်ခုများ ဖြစ်နေမလား”

ယန်မဟာဧကရာဇ်သည် တစ်ခဏမျှ တွေးတောပြီးနောက် မေးလိုက်၏။

“တကယ်လို့ တမလွန်ဘုံဧကရာဇ်က ပြန်ထွက်ပေါ်လာပြီးနေပြီး ကျန်းရီကို တမင် စိတ်ကြိုက်သတ်ဖြတ်ခွင့် ပေးထားပြီးတော့ ကျုပ်တို့ကို လာတိုက်ဖို့ မျှားတာဆိုရင်ရော၊ တမလွန်ဘုံဧကရာဇ် ပြန်ထွက်ပေါ်လာပြီးနေပြီဆိုရင် ဘယ်လိုလုပ်မလဲ။ ကျုပ်တို့ ကမ္ဘာဦးကောင်းကင်ဘုံထဲက ထွက်လိုက်တာနဲ့ ကောင်းကင်ကိုးပါးကြယ်အစီအရင်ကို အားကိုးလို့ရတော့မှာ မဟုတ်ဘူး။ တမလွန်ဘုံဧကရာဇ်က ကျုပ်တို့အကုန်လုံးကို အလွယ်လေး သတ်နိုင်သွားလိမ့်မယ်”

လူများစွာ မျက်မှောင်ကြုတ်လိုက်ကြ၏။ သူတို့လည်း ယန်မဟာဧကရာဇ် စိုးရိမ်သလို စိုးရိမ်ကြပေသည်။ သို့သော် အခွင့်အရေးကလည်း အလွန်ကောင်းနေ၏။ အကယ်၍ ဤတစ်ခေါက်တွင် သူတို့ ဘုံသုံးခုကို သိမ်းနိုင်လိုက်ပြီး ထိုဘုံသုံးခု၌ ကောင်းကင်ကိုးပါးကြယ်အစီအရင်များ တည်ဆောက်နိုင်လိုက်မည်ဆိုလျှင် လူသားမျိုးနွယ်အတွက် အရင်းအမြစ်များစွာ ရရှိပေလိမ့်မည်။ ထိုအခါ သူတို့ စွမ်းအားကြီး သိုင်းသမားများစွာကို လျင်မြန်စွာ ပျိုးထောင်ပေးနိုင်မည်ဖြစ်သည်။

ထို့ပြင် သူတို့ တမလွန်ဘုံထဲဝင်၍ တမလွန်ချောက်နက်ကို ဖျက်ဆီးနိုင်မည်ဆိုပါက တမလွန်ဘုံမျိုးနွယ်ကို ကြီးကြီးမားမား ထိုးနှက်နိုင်လိုက်မည်ဖြစ်သည်။ ယင်းသာ အောင်မြင်သွားလျှင် သူတို့၏ နောင်လာမည့်တိုက်ပွဲများအတွက် လမ်းခင်းပေးလိုက်သလိုလည်း ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် အခြေအနေက ‘စားရမှာလည်း သဲတရှပ်ရှပ်၊ ပစ်ရမှာလည်း အဆီတဝင်းဝင်း’ဟု ဆိုသကဲ့သို့ ဖြစ်နေလေသည်။

ထိုအခိုက်တွင် ချီလင်းဧကရီပင် စိတ်မဆုံးဖြတ်နိုင်ပေ။ ထို့ကြောင့် အားလုံး နှုတ်ဆိတ်နေကြသည်။ မိုးပြာမဟာဧကရာဇ်သည် တစ်ခဏမျှ စောင့်ပြီးမှ ဆက်ပြောလိုက်သည်။

“ကျုပ်တို့ ဒီလိုလုပ်ကြမယ် ဆိုရင်ရော... ကျုပ် မသေမျိုးတစ်ပိုင်း ရသေ့ကြီးဆီ သတင်းပို့ပြီး သူ့ကို ကျုပ်တို့ရဲ့ ကံကြမ္မာတစ်ပိုင်းကို ဖတ်ခိုင်းလိုက်မယ်”

“မသေမျိုးတစ်ပိုင်း ရသေ့ကြီးလား”

အားလုံး အံ့အားသင့်သွားကြ၏။ ကောင်းကင်ဘုရင်ဝေက အံ့ဩတကြီး မေးလိုက်သည်။

“အဲ့ မသေမျိုးတစ်ပိုင်း ရသေ့ကြီးက အသက်ရှင်နေသေးတာလား”

ယန်မဟာဧကရာဇ်နောက်တွင် ခံ့ညားသော သခင်လေးတစ်ယောက် ရပ်နေသည်။ ထိုသခင်လေးမှာ ကောင်းကင်ဘုံ၏ အကျော်ကြားဆုံး သခင်လေးနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ယန်ချီပင်။ သူ ခွမ်မျိုးနွယ်မှ သခင်လေးတစ်ယောက်နှင့် အကြည့်ချင်းဖလှယ်လိုက်သည်။ သူတို့နှစ်ယောက်စလုံး နားမလည်နိုင်ဖြစ်နေကြသည်။ သူတို့သည် မသေမျိုးတစ်ပိုင်း ရသေ့ကြီးကို တစ်ခါမှ မကြားဖူးကြပေ။

ယန်ချီတို့သာမဟုတ် ကုန်းယန်မျိုးနွယ်ခေါင်းဆောင်နှင့် အခြားမျိုးနွယ်ခေါင်းဆောင်များစွာလည်း နားမလည်နိုင်ဖြစ်သွားကြသည်။ သူတို့သည် ထိုအမည်ကို ယခင်က မကြားဖူးကြချေ။

ချီလင်းဧကရီမှာမူ မျက်လုံးများ အရောင်လက်လာ၏။ သူမ ခပ်သွက်သွက် ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အဲ့ရသေ့အိုကြီးက ကမ္ဘာဦးကောင်းကင်ဘုံထဲမှာလား။ မြန်မြန် သူ့ကို ကျွန်မတို့ရဲ့ ကံကြမ္မာတစ်ပိုင်းကို ဖတ်ခိုင်းလိုက်ပါ။ သူက ကျွန်မတို့ တိုက်ပွဲထွက်သင့်တယ်လို့ ပြောရင် ကျွန်မတို့ ချက်ချင်း တိုက်ပွဲထွက်မယ်”

“ကောင်းပြီ”

မိုးပြာမဟာဧကရာဇ်သည် ကျောက်စိမ်းအဆောင်တစ်ခုကို ထုတ်ကာ စတင်၍ သတင်းပို့လိုက်၏။ ယန်ချီတစ်ယောက် သိလိုစိတ်ကို မထိန်းနိုင်တော့ဘဲ ယန်မဟာဧကရာဇ်ဆီ အသံပို့လွှတ်လိုက်သည်။ အခြားမျိုးနွယ်‌ခေါင်းဆောင်များလည်း ကောင်းကင်ဘုရင်ဝေ၊ ရှန်ကွေ့နှင့် အခြားသူများထံ အသံပို့လွှတ်ကာ မသေမျိုးတစ်ပိုင်း ရသေ့ကြီးအကြောင်းကို မေးလိုက်ကြလေသည်။

ယန်မဟာဧကရာဇ်သည် တစ်ခဏမျှ နှုတ်ဆိတ်နေပြီးမှ ယန်ချီထံ အသံပြန်ပို့လွှတ်လိုက်သည်။

“တကယ်တော့ မင်းတို့က အဲ့အကြောင်းကို သိခွင့်မရှိဘူး။ ဒါပေမဲ့ မိုးပြာမဟာဧကရာဇ်က အားလုံးအရှေ့မှာ ပြောလိုက်ပြီဆိုတော့ ငါ မင်းကို ဖုံးကွယ်မထားတော့ပါဘူး...”

“ကမ္ဘာဦးကောင်းကင်ဘုံ အပြင်ဘက်မှာ အရမ်းလျှို့ဝှက်ပြီး အရမ်းစွမ်းအားကြီးကြတဲ့ ဆန်းကြယ်နယ်မြေသုံးခုရှိတယ်။ အဲ့ဆန်းကြယ်နယ်မြေသုံးခုမှာ မျိုးနွယ်သုံးခုရှိတယ်။ အဲ့မျိုးနွယ်တွေရဲ့ မျိုးနွယ်ခေါင်းဆောင်တွေအကုန်လုံးက ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတွေပဲ၊ ထူးခြားတဲ့ ဆန်းကြယ်စွမ်းရည်အမျိုးမျိုးကိုလည်း ပိုင်ဆိုင်ထားကြတယ်။ ဒါပေမဲ့ အဲ့မျိုးနွယ်သုံးခုက ဘယ်တော့မှ အပြင်ကို ထွက်မလာကြဘူး။ မျိုးနွယ်ခေါင်းဆောင်တွေပဲ ရံဖန်ရံခါလောက် ထွက်လာတတ်တယ်။ ပြီးတော့ သူတို့က သူတို့တည်ရှိနေတဲ့အကြောင်းကို သာမန်လူတွေကို အသိမခံဘူး။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးက မသေမျိုးတစ်ပိုင်းမျိုးနွယ်ရဲ့ မျိုးနွယ်ခေါင်းဆောင်ပဲ။ သူ့မှာ ကောင်းကင်ရဲ့လျှို့ဝှက်တွေကို ဖတ်နိုင်တဲ့၊ အတိတ်ကို ဖတ်နိုင်တဲ့၊ အနာဂတ်ကို ခန့်မှန်းနိုင်တဲ့ အရမ်းစွမ်းအားကြီးတဲ့ ဆန်းကြယ်စွမ်းရည်တစ်ခု ရှိတယ်”

“ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကိုဖတ်၊ အတိတ်ကိုဖတ်၊ အနာဂတ်ကို ခန့်မှန်းတာလား”

ယန်ချီ တုန်ယင်သွားသည်။ ဤလောကထဲတွင် ထိုကဲ့သို့ စွမ်းအားကြီးသည့် ဆန်းကြယ်စွမ်းရည်တစ်ခု ရှိနေသည်လော။ ထိုဆန်းကြယ်စွမ်းရည်ကို သုံးနိုင်သူကို လူသားဟု ဆိုနိုင်ပါသေးသလော။ ထို့ကြောင့်လည်း မသေမျိုးတစ်ပိုင်းဟု ခေါ်ခြင်းပေလော။

***

All Chapters