ဧကရာဇ်ကြယ်၊ မိစ္ဆာကြယ်
Vol. 137 Ch. 1907
မသေမျိုးတစ်ပိုင်း ရသေ့ကြီးမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက ကျော်ကြားခဲ့သည်။ သို့သော် သူက လောကတစ်ခွင်လုံးတွင် ကျော်ကြားခဲ့ခြင်း မဟုတ်ပါ။ မဟာဧကရာဇ်လေးပါးအကြားတွင်သာ ကျော်ကြားခြင်းဖြစ်သည်။
ထိုပုဂ္ဂိုလ်သည် တစ်ခါက ကမ္ဘာဦးကောင်းကင်ဘုံထဲတွင် လှည့်လည်သွားလာခဲ့ပြီး မဟာဧကရာဇ်လေးပါးစလုံးဆီ အလည်သွားခဲ့သည်။ သူတို့က မယှဉ်ပြိုင်ခဲ့သော်လည်း မိုးပြာမဟာဧကရာဇ်မှာ ထိုပုဂ္ဂိုလ်ကို လျှော့မတွက်ဝံ့ပါ။ မိုးပြာမဟာဧကရာဇ်နှင့် ယန်မဟာဧကရာဇ်တို့သည် မသေမျိုးတစ်ပိုင်း ရသေ့ကြီး၏ တိုက်ခိုက်စွမ်းအားက သူတို့၏ တိုက်ခိုက်စွမ်းအားထက် မနိမ့်ဟု ဆိုခဲ့သည်။ ၎င်းရသေ့ကြီးက ကျော်ကြားမှုနှင့် စည်းစိမ်အတွက် မတိုက်ခိုက်ဘဲ သိုသိုသိပ်သိပ်နေ၍သာ လောကထဲတွင် မကျော်ကြားခြင်း ဖြစ်ပေသည်။
ဆိုရလျှင်...
မသေမျိုးတစ်ပိုင်းမျိုးနွယ်နှင့် အခြားမျိုးနွယ်နှစ်ခုတို့သည့် ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ခေတ်ကတည်းက တည်ရှိခဲ့သော မျိုးနွယ်များ ဖြစ်ကြသည်။ ထိုမျိုးနွယ်သုံးခု ဆန်းကြယ်နယ်မြေသုံးခုထဲတွင် နေထိုင်နေခြင်းမှာ ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကြောင့် ဖြစ်လိမ့်မည်ဟုပင် မိုးပြာမဟာဧကရာဇ် သံသယရှိသည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ် ရှိနေစဉ်က မျိုးနွယ်ခေါင်းဆောင်သုံးယောက်အပါအဝင် ထိုမျိုးနွယ်သုံးခုသည် အပြင်လောကထဲ ထွက်မလာခဲ့ကြပါ။ ကောင်းကင်ဧကရာဇ် သေဆုံးသွားပြီးနောက်မှသာ မျိုးနွယ်ခေါင်းဆောင်သုံးယောက် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။
မိုးပြာမဟာဧကရာဇ်သည် သတင်းပို့ပြီနောက် တိတ်တဆိတ် စောင့်နေလိုက်၏။ တမလွန်ဘုံမျိုးနွယ်၏ ပိုင်နက်ထဲမှ ထောက်လှမ်းရေးများက လွတ်လပ်စွာ မလှုပ်ရှားနိုင်၍ သတင်းများစွာ မရှာနိုင်ကြပေ။ ထို့ကြောင့် မင်တဲ၏ အခြေအနေကို သူတို့ မသိကြချေ။ သို့ဖြစ်ရာ မိုးပြာမဟာဧကရာဇ်အနေဖြင့် မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ပြန်ဆက်သွယ်လာမည်ကို စောင့်ရန်သာ ရှိပေသည်။
တစ်နာရီကြာပြီးနောက်...
မိုးပြာမဟာဧကရာဇ်၏ ကျောက်စိမ်းအဆောင်က လင်းလက်လာ၏။ သူ ၎င်းကို ကြည့်လိုက်ပြီးနောက် အတန်ငယ် အံ့အားသင့်သွားသည်။ ချီလင်းဧကရီနှင့် အခြားသူများလည်း လှမ်းကြည့်လိုက်ကြသည်။ ရူးသွပ်မဟာဧကရာဇ်မှာ စိတ်မရှည်သူတစ်ယောက် ဖြစ်သည့်အတိုင်း ချက်ချင်း စိတ်လှုပ်ရှားစွာနှင့် မေးလိုက်လေသည်။
“မိုးပြာမဟာဧကရာဇ်... မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ဘာပြောလဲ”
“သူပြောတာက နမိတ်က သိပ်မထင်ရှားဘူးတဲ့...”
မိုးပြာမဟာဧကရာဇ်က ရှင်းပြသည်။
“ဒါပေမဲ့ တမလွန်ဘုံဧကရာဇ် ပြန်ပေါ်မလာသေးတာကိုတော့ သူ သေချာတယ်တဲ့။ တမလွန်ဘုံဧကရာဇ် ပြန်ထွက်ပေါ်လာပြီဆိုရင်တောင် သူ့တိုက်ခိုက်စွမ်းအားက ဧကရာဇ်အဆင့်ကို ပြန်မရောက်လောက်သေးဘူးတဲ့။ ပြီးတော့ ကျန်းရီက အရမ်းကံကောင်းတယ်လို့လည်း သူပြောတယ်။ ဒါပေမဲ့ ကျန်းရီက ဧကရာဇ်ကြယ်လား၊ မိစ္ဆာကြယ်လားဆိုတာကိုတော့... ပြောဖို့ခက်တယ်တဲ့”
“အာ...”
အားလုံး မျက်နှာထားပြောင်းသွားကြ၏။ အထူးသဖြင့် ချီလင်းဧကရီ၊ ရူးသွပ်မဟာဧကရာဇ်နှင့် ယန်မဟာဧကရာဇ်တို့ မျက်နှာထားပြောင်းသွားခြင်းမှာ သိသာသည်။ သူတို့သည် မသေမျိုးတစ်ပိုင်း ရသေ့ကြီးကို တွေ့ဖူးကြသဖြင့် ထိုရသေ့ကြီးကို အလွန်ယုံကြည်မှုရှိကြသည်။ ရသေ့ကြီးက လိမ်မည် မဟုတ်ပေ။ သူက တမလွန်ဘုံဧကရာဇ်မှာ ပြန်ထွက်ပေါ်မလာသေး၊ ထွက်ပေါ်လာလျှင်လည်း ဧကရာဇ်အဆင့် တိုက်ခိုက်စွမ်းအားကို မရလောက်သေးဟု ပြောလိုက်ပြီဖြစ်ရာ ယင်းကို သံသယဖြစ်စရာ မရှိပါ။
ထို့ပြင် ကျန်းရီက ကံအလွန်ကောင်းကြောင်းကိုလည်း သံသယဖြစ်စရာ မရှိချေ။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဆက်ခံသူအဖြစ် ရွေးချယ်ခံရသူမှာ ကံကောင်းသူဖြစ်ကြောင်း လူတိုင်း ပြောနိုင်သည်။ သို့သော် ချီလင်းဧကရီ နားမလည်နိုင်ဖြစ်သည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဆက်ခံသူက အဘယ်ကြောင့် မိစ္ဆာကြယ် ဖြစ်ရမည်နည်း။ ယန်ကိုးပါးကောင်းကင်ဧကရာဇ် ရွေးချယ်သူကလည်း အရည်အချင်း မမီသူ ဖြစ်နိုင်ပါသည်။ သို့သော် သေချာပေါက် မိစ္ဆာကြယ်တော့ မဖြစ်နိုင်ပေ။ သူ့အကျင့်စရိုက်နှင့် ပတ်သတ်၍ မည်သည့်ပြဿနာမှ ရှိမနေသင့်ပေ။
“ဟင်း...”
ရူးသွပ်မဟာဧကရာဇ်က ထရပ်ကာ ပြောလိုက်သည်။
“မသေမျိုးတစ်ပိုင်း ရသေ့ကြီးပြောတာ မှန်တယ်။ ကျုပ်အတွက်တော့ ကျန်းရီက မိစ္ဆာတစ်ကောင်ပဲ။ အားလုံးလည်း သူ့အကြောင်းတွေကို သိပြီးလောက်မှာပါ။ သူက ငယ်ငယ်ကတည်းက သူ့အဖေသူ ပြန်သတ်မလိုအထိ ဖြစ်ခဲ့တာ။ နောက်တော့လည်း သူက သူ့အမေဘက်က အဘိုးနဲ့တောင် တိုက်ခိုက်ချင်ခဲ့တယ်။ သူက လူဘယ်နှစ်ယောက်လောက် သတ်ခဲ့လဲ၊ မျိုးနွယ်ဘယ်နှစ်ခုလောက် ဖျက်ဆီးခဲ့လဲ။ သူ့လို မကောင်းတဲ့လူတစ်ယောက်က ဘယ်လိုလုပ် ဧကရာဇ်ကြယ် ဖြစ်နိုင်မှာလဲ”
“ဟင်းဟင်း...”
ကောင်းကင်ဘုရင်ဝေသည် ရူးသွပ်မဟာဧကရာဇ်၏ စကားကို အတန်ငယ် မကျေမနပ်ဖြစ်သွား၍ လက်ဝှေ့ယမ်းကာ ဝင်ပြောလိုက်၏။
“ကျန်းရီက ဘာတွေ လုပ်ခဲ့တယ်ဆိုတာကို ကျုပ်တို့အားလုံး သိကြတာပဲ။ အခု အဲ့အကြောင်းတွေကို ဆွေးနွေးနေဖို့ မလိုပါဘူး။ အခု ဆွေးနွေးရမှာက ကျုပ်တို့ တိုက်မလား၊ မတိုက်ဘူးလား ဆိုတာပဲ။ အခွင့်အရေးတွေက ဘယ်သူ့ကိုမှ စောင့်နေမှာ မဟုတ်ဘူး။ တမလွန်ဘုံဧကရာဇ် ပြန်ထွက်ပေါ်မလာသေးဘူးလို့ မသေမျိုးတစ်ပိုင်း ရသေ့ကြီးက အတည်ပြုပေးလိုက်ပြီ၊ ပြီးတော့ တမလွန်ဘုံရဲ့ အခြေအနေတွေကလည်း ပြောင်းလဲနေတယ်။ ကျုပ်အမြင်ကို ပြောရရင် ကျုပ်တို့ တိုက်ခိုက်သင့်တယ်။ ကျုပ်တို့ တမလွန်ဘုံထဲဝင်ပြီး တမလွန်ချောက်နက်ကို မဖျက်ဆီးနိုင်ရင်တောင် အနည်းဆုံး ဘုံသုံးခုကိုတော့ ပြန်သိမ်းယူသင့်တယ်”
ကောင်းကင်ဘုရင်ဝေက ယန်ကိုးပါးစစ်တပ်ကို ကိုယ်စားပြု၍ သူ့သဘောထားမှာ ယန်ကိုးပါးစစ်တပ်၏ သဘောထားပင်။
ရူးသွပ်မဟာဧကရာဇ်သည် ကောင်းကင်ဘုရင်ဝေ၏ စကားကို နားထောင်ပြီးနောက် ချက်ချင်း ထောက်ခံလိုက်သည်။
“ကျုပ်လည်း အဲ့လိုပဲ တွေးတယ်။ ကျုပ်တို့ ဒီလို ကောင်းကင်က ပို့ပေးလိုက်တဲ့ အခွင့်အရေးတစ်ခုကို ဖြုန်းတီးမပစ်သင့်ဘူး”
ယန်မဟာဧကရာဇ်မှာမူ အတန်ငယ် ချီတုံချတုံ ဖြစ်နေပြီး မည်သို့မှ မပြောပေ။ ချီလင်းဧကရီသည် ဟယ်နုန်ယင်းအတွက် အလွန်စိုးရိမ်နေသည်။ မဟုတ်လျှင် သူမ ဟယ်မုန့်ကို စစ်ထွက်ခိုင်းမည် မဟုတ်ပေ။ ထို့ကြောင့် သူမက တုံ့ဆိုင်းမှုမရှိ ပြောလိုက်သည်။
“စစ်ထွက်ကြစို့”
ရှန်ကွေ့လည်း တွေးတောကာ အံကြိတ်၍ ပြောလိုက်လေသည်။
“စစ်ထွက်ကြတာပေါ့။ ကျုပ်တို့ ဒီမှာ ထိုင်စောင့်နေလို့တော့ မဖြစ်ဘူး”
ယန်မဟာဧကရာဇ်လည်း ခေါင်းညိတ်လိုက်ရတော့၏။ သို့သော် မည်သို့မှတော့ မပြောပေ။ ဤအဆင့်ဆွေးနွေးပွဲတွင် အခြားမျိုးနွယ်ခေါင်းဆောင်များက ဝင်ပြောခွင့်မရှိပါ။ သူတို့ မိုးပြာမဟာဧကရာဇ်ကိုသာ ကြည့်နေနိုင်သည်။ မိုးပြာမဟာဧကရာဇ်သည် မည်သို့မှ မပြောသေးဘဲ ရှားယွီကို လှည့်ကြည့်၍ မေးလိုက်၏။
“ရှောင်ယွီ... မင်း ဘယ်လိုထင်လဲ”
ခန်းမထဲရှိ မျိုးနွယ်ခေါင်းဆောင်အများစု အံ့အားသင့်သွားကြ၏။ ယန်ချီနှင့် အခြားသခင်လေးများစွာလည်း ရှားယွီကို တပ်မက်သော မျက်ဝန်းများနှင့် ကြည့်လိုက်ကြသည်။ ဤကဲ့သို့သော ကိစ္စကြီးတစ်ခုတွင် မိုးပြာမဟာဧကရာဇ်က ရှားယွီ၏အမြင်ကို မေးနေသည် မဟုတ်ပါလား။ ထို့ကြောင့် ထို ဆွဲဆောင်မှုရှိသော မိန်းမပျိုလေးက မိုးပြာမဟာဧကရာဇ်အတွက် မည်မျှအရေးပါကြောင်း သိနိုင်ပေသည်။
မိုးပြာမဟာဧကရာဇ်က ရှားယွီကို စိတ်ဝင်စားနေခြင်း ဖြစ်မည်ဟုတော့ မည်သူမှ မတွေးကြပါ။ အဘယ်ကြောင့်ဆိုသော် မိုးပြာမဟာဧကရာဇ်က မိန်းမများကို စိတ်မဝင်စားကြောင်း အားလုံး သိထား၍ပင်။ အတိတ်တွင် မရေမတွက်နိုင်သော မိန်းမလှလေးများက မိုးပြာမဟာဧကရာဇ်၏ အချစ်ပန်းကို ရယူနိုင်ရန် ကြိုးစားခဲ့ကြသည်။ သို့သော် မည်သူကမှ မိုးပြာမဟာဧကရာဇ်၏ နှလုံးသားထဲ မဝင်နိုင်ခဲ့ကြပါ။ ရှားယွီက လှသည်မှာ မှန်သော်လည်း မိုးပြာမဟာဧကရာဇ်၏ တာအိုနှလုံးသားကိုတော့ မဖွင့်နိုင်ပေ။
စွမ်းအားကြီးပုဂ္ဂိုလ်များစွာ၏ စိုက်ကြည့်မှုကို ခံနေရသော်လည်း ရှားယွီတစ်ယောက် စိတ်မလှုပ်ရှားသွားချေ။ သူမသည် ထိုအကြည့်များကို အရေးမစိုက်သည့်အလား တစ်ခဏမျှ တွေးတောကာ ပြန်ပြောလိုက်သည်။
“တိုက်ခိုက်သင့်တယ်”
“ကောင်းပြီ”
မိုးပြာမဟာဧကရာဇ်က ပြတ်သားစွာ အမိန့်ပေးလိုက်သည်။
“အားလုံးပဲ စစ်တပ်တွေ သွားပြင်ဆင်ကြပါ။ ဒီတစ်ခေါက် ကျုပ်တို့ ကောင်းကင်ဝိညာဉ်ဘုံနဲ့ ကောင်းကင်ကြယ်စုဘုံကို အပြီးသိမ်းပိုက်မယ်။ ချီလင်းဧကရီ... ဟယ်မုန့်ဆီ သတင်းပို့လိုက်ပါ။ ကောင်းကင်ကြယ်စုဘုံကို သိမ်းပြီးရင် တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခု ချက်ချင်း တည်ဆောက်ပါလို့။ ကျုပ်တို့ရဲ့ စစ်တပ်တွေသာ တည်နေရာပြောင်းရွှေ့သွားနိုင်မယ်ဆိုရင် အခြေအနေကို ထိန်းနိုင်ပြီပဲ”
ဤအခြေအနေတွင် ကောင်းကင်ဝိညာဉ်ဘုံနှင့် ကောင်းကင်ကြယ်စုဘုံကို သိမ်းပိုက်ရန်မှာ လွယ်ကူသည်။ သို့သော် သိမ်းပိုက်ပြီးနောက် ကာကွယ်ထားရန်မှာမူ ခက်သည်။ ထို့ကြောင့် သူတို့ အစီအရင်အပေါ်သာ မှီခိုရပေမည်။ သူတို့သာ ထိုဘုံနှစ်ခုတွင် ကောင်းကင်ကိုးပါးကြယ်အစီအရင်ကို ဆင်နိုင်လိုက်မည်ဆိုလျှင် ထိုဘုံများကို ကာကွယ်နိုင်ရန် မခက်လောက်တော့ပေ။
ဧကရာဇ်များက အမိန့်ပေးလိုက်ပြီဖြစ်ရာ ကမ္ဘာဦးကောင်းကင်ဘုံတစ်ခုလုံး လှုပ်ရှားလာသည်။ သို့သော် မိုးပြာမဟာဧကရာဇ်က စစ်တပ်အားလုံးကို တစ်ခါတည်း မစေလွှတ်ပါ။ ထိပ်သီးတပ်သားသန်းသုံးဆယ်ကိုသာ ကောင်းကင်ကြယ်စုဘုံသို့ အရင်ဆုံး စေလွှတ်လိုက်သည်။ တည်နေရာပြောင်းရွှေ့အစီအရင် တည်ဆောက်ပြီးမှ စစ်တပ်များကို တည်နေရာပြောင်းရွှေ့၍ သွားခိုင်းမည်ဖြစ်သည်။
ထို့ပြင် မိုးပြာမဟာဧကရာဇ်သည် ချီလင်းဧကရီ၊ ယန်မဟာဧကရာဇ်၊ ရူးသွပ်မဟာဧကရာဇ်၊ ကောင်းကင်ဘုရင်ဝေနှင့် အခြားပညာရှင်များကို ခေါ်၍ ကောင်းကင်ကြယ်စုဘုံဆီသို့ အရင်ဆုံး လျင်မြန်စွာ သွားလိုက်သည်။ ယခင်တွင် အားလုံးသည် ဟယ်မုန့်၏စစ်တပ်က မည်သည့်အခါတွင်မှ ပြန်လာနိုင်တော့မည် မဟုတ်ဟု ထင်ခဲ့ကြသည်။ သို့သော် အခြေအနေက တစ်မျိုးဖြစ်လာပြီဖြစ်ရာ သူတို့ ထိုစစ်တပ်ကို ကာကွယ်လိုလာကြပေသည်။
***
ဟယ်မုန့်၏ တိုက်ခိုက်မှုက အလွန်အောင်မြင်ခဲ့သည်။ သူတို့ ကောင်းကင်ကြယ်စုဘုံကို တိုက်ခိုက်နေကြပြီဖြစ်သည်။ ကောင်းကင်ကြယ်စုဘုံထဲရှိ တော်ဝင်မိသားစုဝင်တစ်ဝက်လောက်နှင့် တမလွန်ဘုံမျိုးနွယ်ဝင်တစ်ဝက်လောက်က တည်နေရာပြောင်းရွှေ့သွားကြပေပြီ။ ကျန်သော တစ်ဝက်မှာလည်း ဟယ်မုန့်၏စစ်တပ်က ဘုံထဲ ဝင်လာသောအခါ အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးခဲ့ကြသည်။ သူတို့ လုံးဝ ပြန်မခုခံဝံ့ကြပေ။
ဟယ်မုန့်သည် ရှေးဦးစွာ ကောင်းကင်ကြယ်စုမြို့ကို သိမ်းသည်။ ထိုမြို့ထဲရှိ တမလွန်ဘုံအစီအရင်များကို ဖျက်ဆီးပြီးနောက် သူ ချက်ချင်း ချီလင်းဧကရီထံ သတင်းလိုက်သည်။ သူသည် ကောင်းကင်ကြယ်စုဘုံကို သေသည်အထိ ကာကွယ်၍ တည်နေရာပြောင်းရွှေ့အစီအရင်များ တည်ဆောက်ကာ လူသားစစ်တပ်များ စစ်ကူရောက်လာသည်အထိ စောင့်နေရန် အသင့်ပြင်ထားပြီးပေပြီ။
တမလွန်ဘုံမျိုးနွယ် တော်ဝင်မိသားစုဝင်များစွာ လွတ်မြောက်သွားခဲ့သည်။ ဟယ်မုန့်က သူတို့ကို ရှင်းရန် တပ်သားသန်းကျော် စေလွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ထောက်လှမ်းရေးများ စေလွှတ်၍ ဟယ်နုန်ယင်းနှင့် ကျန်းရီတို့ကို ဆက်သွယ်ကာ သူတို့ကို ကောင်းကင်ကြယ်စုဘုံထဲတွင် လျင်မြန်စွာ လာစုဝေးရန် ပြောလိုက်လေသည်။
ကျန်းရီက သတ်ဖြတ်ပြီးသွားပြီဖြစ်သည်။ သူ ရီဖျောင်ဖျောင်နှင့် အခြားသူများကို ခေါ်ကာ မြို့ငါးဆယ်ကို ရှင်းပစ်ခဲ့သည်။ ယခု သူ ဆက်၍ မသတ်ဖြတ်ဝံ့တော့ပေ။ ထို့ကြောင့် သူ တော်ဝင်မိသားစုဝင်တစ်ယောက်ဖြစ်သော ရီယွင်ကို အပြင်ထုတ်ပေးကာ ကောင်းကင်စကြဝဠာဘုံထဲတွင် နေခဲ့ခိုင်းလိုက်ပြီး ထျန်းဖုန့်ဧကရာဇ်အား သူ့ကိုဆွဲခေါ်၍ ကောင်းကင်ကြယ်စုဘုံသို့ ပျံသန်းသွားရန် အမိန့်ပေးလိုက်သည်။
အရာအားလုံးက အလွန်ချောမွေ့နေခဲ့သည်။ ကောင်းကင်စကြဝဠာဘုံထဲတွင် မည်သည့် ထိပ်တန်းတမလွန်ဘုံဘုရင်မှ ထွက်ပေါ်မလာခဲ့ချေ။ သာမန် တမလွန်ဘုံဘုရင်များပင် စစ်ကူအဖြစ် ရောက်မလာခဲ့ပါ။ အကယ်၍ ကျန်းရီသာ မင်တဲ ထပ်ရောက်လာမည်ကို စိုးရိမ်မနေလျှင် ကောင်းကင်စကြဝဠာဘုံကို သိမ်းနိုင်လိုက်မည်ဖြစ်သည်။
ကောင်းကင်စကြဝဠာဘုံက ကောင်းကင်ကြယ်စုဘုံနှင့် အတော်လေးဝေးသေးသည်။ ထျန်းဖုန့်ဧကရာဇ်ပင် ကောင်းကင်ကြယ်စုဘုံသို့ရောက်အောင် ဆယ်ရက်ကြာ ပျံသန်းရသည်။ လမ်းတစ်လျှောက်လုံးတွင် ကျန်းရီ စိုးရိမ်နေခဲ့သည်။ ယခုလောက်ဆို မင်တဲက ပြန်ကောင်းနေလောက်ပြီ မဟုတ်လော။ မင်တဲက သူ၏တည်နေရာကို အကြမ်းဖျင်း အာရုံခံနိုင်သည်။ အကယ်၍ မင်တဲသာ သူတို့နောက်ကို လိုက်လာလျှင် သူတို့ ထွက်ပြေးနိုင်မည် မဟုတ်ချေ။
ကျန်းရီက စိုးရိမ်နေခဲ့သော်လည်း လမ်းခရီးက အလွန်အေးချမ်းခဲ့သည်။ အေးချမ်းလွန်းသဖြင့် ကြောက်မက်ဖွယ်ပင် ကောင်းနေသည်။ ခုနစ်ရက်ကျော် ရှစ်ရက် ပျံသန်းပြီးချိန်တွင် ဟယ်မုန့်၏ ထောက်လှမ်းရေးများက ကျန်းရီကို တွေ့သွားခဲ့ကြသည်။ သူတို့သည် ဟယ်မုန့်က ကောင်းကင်ကြယ်စုဘုံကို သိမ်းထားပြီးပြီဖြစ်ပြီး မဟာဧကရာဇ်လေးပါးကလည်း စစ်ကူအဖြစ် လာနေကြောင်း ကျန်းရီအား ပြောပြလိုက်ကြလေသည်။
“မိုးပြာမဟာဧကရာဇ်၊ ရူးသွပ်မဟာဧကရာဇ်နဲ့ ယန်မဟာဧကရာဇ်တို့လား”
ကျန်းရီသည် လက်ဝှေ့ယမ်း၍ ထောက်လှမ်းရေးများကို ထွက်သွားခိုင်းလိုက်၏။ သူ့မျက်ဝန်းများက တလက်လက် အရောင်လက်နေသည်။ ဟယ်မုန့်နှင့် ချီလင်းဧကရီတို့က သူ့ကို ထိခိုက်အောင်လုပ်မည် မဟုတ်ပေ။ သို့သော် မိုးပြာမဟာဧကရာဇ်၊ ရူးသွပ်မဟာဧကရာဇ်နှင့် ယန်မဟာဧကရာဇ်တို့က သူ့ကို ထိခိုက်အောင် မလုပ်လောက်ဟု သူ အာမခံနိုင်ပါ။
‘ကောင်းကင်ကြယ်စုဘုံကို မသွားတော့ဘူး။ ကမ္ဘာဦးကောင်းကင်ဘုံကိုသွားပြီး အထက်ဘုံကို ပြန်တာပေါ့’
ကျန်းရီ လျင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်သည်။ မိုးပြာမဟာဧကရာဇ်တို့က ဘုံအချို့ကို ထိ်နးချုပ်ရန် လာနေကြခြင်းပင်။ ထို့ကြောင့် သူ ကမ္ဘာဦးကောင်းကင်ဘုံသို့ ခိုးပြန်ပြီး ထိုမှတဆင့် အထက်ဘုံသို့ပြန်ကာ စုလောရွှယ်၊ ရီချန်နှင့် အခြားသူများကို သွားခေါ်နိုင်ပေသည်။
“လောရွှယ်၊ ချန်အာ၊ ရို့ပင်း၊ ရှောင်နူ...”
ထိုလူများအကြောင်း တွေးမိသောအခါ ကျန်းရီ ရင်ခုန်မြန်လာ၏။ သူ သူချစ်ရသောမိန်းမများနှင့် ကွဲကွာနေခဲ့ရသည်မှာ အလွန်ကြာခဲ့ပြီ မဟုတ်ပါလား။
***