← Chapters

မမြင်နိုင်သော ပိုက်ကွန်

Vol. 137 Ch. 1908

မမြင်နိုင်သော ပိုက်ကွန်

Vol. 137 Ch. 1908

“သခင်မလေးနုန်ယင်း”

ကျန်းရီသည် ဆုံးဖြတ်ချက်ချပြီးနောက် ဟယ်နုန်ယင်းထံ ချက်ချင်း အသံပို့လွှတ်လိုက်၏။ သူမ၏ဖခင်က ကောင်းကင်ကြယ်စုဘုံထဲတွင် ရှိနေပြီး ချီလင်းဧကရီကလည်း ရောက်လာ‌တော့မည် မဟုတ်လော။ ထို့ကြောင့် သူ သူမထံ အသံပို့လွှတ်ကာ သူက မိုးပြာမဟာဧကရာဇ်တို့နှင့် မတွေ့လို၍ ထွက်သွားရန် ဆုံးဖြတ်ထားကြောင်း ပြောလိုက်သည်။ ဟယ်နုန်ယင်း၊ ယွင်ပင်းနှင့် အခြားသူများက ကောင်းကင်ကြယ်စုဘုံသို့ သွားလိုလျှင်လည်း သွားရန် ပြောလိုက်လေသည်။

ဟယ်နုန်ယင်းသည် ထိုစကားကို ကြားသောအခါ မျက်နှာအရောင်လက်သွား၏။ သို့သော် သူမ ကျန်းရီကို ပြန်မပြောဘဲ တစ်ခဏမျှ တိတ်ဆိတ်နေပြီးမှ အသံပို့လွှတ်လိုက်သည်။

“ကျန်းရီ... ရှင်က ကမ္ဘာဦးကောင်းကင်ဘုံကိုပြန်ပြီး အထက်ဘုံကို ဆက်ပြန်ချင်တာ မဟုတ်လား။ ကျွန်မ ရှင်နဲ့အတူ လိုက်ခဲ့မယ်။ ကျွန်မ ရှိနေရင် ရှင် ပိုအဆင်ပြေမှာပါ။ ကျွန်မ ကောင်းကင်ကြယ်စုဘုံကို မသွားတော့ဘူး။ ခွမ်ဟူနဲ့ တခြားသူတွေကိုသာ လွှတ်ပေးလိုက်ပါ”

ကျန်းရီသည် ဟယ်နုန်ယင်းက သူနှင့် လိုက်လိုသည်ဟု ဆိုခြင်းကို ထူးဆန်းသည်ဟု မထင်ပါ။ သို့သော် သူမက ခွမ်ဟူတို့ကို လွှတ်ပေးလိုနေသည်လော။

ကျန်းရီသည် တွေးတောလိုက်ပြီးနောက် နားလည်သွား၏။ ဟယ်နုန်ယင်းက အားလုံးကို ဂရုစိုက်သော ကြင်နာတတ်သည့် မိန်းမပျိုတစ်ယောက်ပင်။ သူမက ဖြောင့်မတ်မှန်ကန်သူလည်း ဖြစ်သည်။ သူမသည် မိမိ၏အကျိုးအမြတ်အတွက် မကြည့်ဘဲ လူသားမျိုးနွယ်တစ်ခုလုံးအတွက်သာ ကြည့်သည်။ အသိုက်ဖျက်ခံရချိန်တွင် မည်သည့်ဥမှ အကောင်းအတိုင်း မကျန်မည်ကို သူမ ကောင်းစွာ သိပေသည်။

ကျန်းရီသည် တွေးတောကာ ခွမ်ဟူတို့ကို လွှတ်ပေးရန်မှာ ပြဿနာမဟုတ်ကြောင်း ဆုံးဖြတ်လိုက်သည်။ သူ့ကိုလည်း ဟယ်နုန်ယင်း၏ စိတ်ဓာတ် ကူးစက်လာသလိုပင်။ လူများစွာကို သတ်ဖြတ်ပြီးနောက် သူ ပင်ပန်းနေပေပြီ။ လူသားမျိုးနွယ်အတွက် စွမ်းအားကြီး သိုင်းသမားများကို ပျိုးထောင်ရန်မှာ မလွယ်ကူပေ။ အချိန်လည်း ကြာခဲ့ပြီဖြစ်၍ ကျန်းရီ ခွမ်ဟူတို့ကို သိပ်မုန်းမနေတော့ပါ။

ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူဖြစ်၍ ကျန်းရီက လူသားမျိုးနွယ်တစ်ခုလုံးကို ကယ်တင်ကာကွယ်ရမည့် တာဝန်ကို ပခုံးထမ်းထားရသည်။ လက်ရှိတွင် တမလွန်ဘုံမျိုးနွယ်က အင်အားကြီးနေပြီး တမလွန်ဘုံဧကရာဇ်က ပြန်ထွက်ပေါ်လာတော့မည်ဖြစ်လျက် လူသားမျိုးနွယ်က ဖျက်ဆီးခံရတော့မည်ဖြစ်သည်။ ထို့ကြောင့် လူသားအချင်းချင်း တိုက်ခိုက်နေလျှင် အကျိုးရှိမည် မဟုတ်ပေ။ သူတို့ အချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေလျှင် တမလွန်ဘုံမျိုးနွယ်ကသာ အကျိုးရှိသွားပေလိမ့်မည်။

ရွှီး...

ကျန်းရီတို့သည် ကောင်းကင်ကြယ်စုဘုံနှင့် မဝေးတော့ပါ။ ရက်အနည်းငယ်သာ သွားရတော့မည်ဖြစ်သည်။ ကျန်းရီသည် ခွမ်ဟူ၊ ခွမ်ကျန့်၊ တောက်မျိုးနွယ် ပန်းသုံးပွင့်၊ သခင်မလေးကုန်းယန်၊ ဟဲ့ရွှီဝမ်နှင့် အခြားသူများကို လွှတ်ပေးရန် ဆုံးဖြတ်လိုက်သည်။

ခွမ်ဟူတို့သည် အပြင်ရောက်လာသောအခါ အလွန်စိတ်လှုပ်ရှားနေကြ၏။ သူတို့ တမလွန်ဘုံမျိုးနွယ်ဝင်များကို ထပ်သတ်ကြရဦးမည်ဟု ထင်နေကြသည်။ သို့သော် အာကာသဟင်းလင်းပြင်ထဲတွင် ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့သာရှိကြောင်း တွေ့လိုက်သောအခါ သူတို့ စိတ်အေးသွားကြပြီး မည်သို့မှ မပြောကြတော့ပေ။ သူတို့ ကျန်းရီကိုသာ တိတ်တဆိတ် ကြည့်နေကြသည်။

ကျန်းရီက မျက်နှာသေနှင့် လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။

“အရှေ့ဘက်ကို ရက်နည်းနည်း ပျံသွားရင် မင်းတို့ ကောင်းကင်ကြယ်စုဘုံကို ရောက်သွားလိမ့်မယ်။ အခု ကောင်းကင်ကြယ်စုဘုံနဲ့ ကောင်းကင်ဝိညာဉ်ဘုံကို လူသားမျိုးနွယ်က ပြန်သိမ်းပိုက်နိုင်လိုက်ပြီ။ မိုးပြာမဟာဧကရာဇ်နဲ့ တခြားမဟာဧကရာဇ်တွေလည်း ကောင်းကင်ကြယ်စုဘုံကို လာနေကြတယ်။ မင်းတို့ အဲ့ကို ကိုယ့်ဘာသာ သွားလိုက်ကြပါ”

“လွှတ်ပေးတာလား”

ခွမ်ဟူ၊ ဟဲ့ရွှီဝမ်၊ ခွမ်ကျန့်နှင့် အခြားသူများ တုန်ယင်သွားကြ၏။ သူတို့၏ မျက်နှာများပေါ်တွင် မယုံနိုင်မှုများ ပြည့်နှက်သွားသည်။ သူတို့သည် အဖမ်းခံရပြီးကတည်းက ဖြစ်နိုင်ခြေများစွာကို တွေးခဲ့ကြသည်။ ကျန်းရီက သူတို့ကို နှိပ်စက်သတ်ဖြတ်တော့မည်ဟု ထင်ခဲ့သည်။ ထို့ပြင် သူတို့ကို အသုံးချ၍ တောက်မျိုးနွယ်နှင့် ခွမ်မျိုးနွယ်ကို အကြပ်ကိုင်လိမ့်မည်ဟုလည်း တွေးခဲ့သည်။ တောက်မျိုးနွယ် ပန်းသုံးပွင့်နှင့် သခင်မလေးကုန်းယန်တို့သည် ကျန်းရီက သူမတို့ကို ကျွန်ပြုလိမ့်မည်ဟုပင် အဆုံးစွန်တွေးထားကြသည်။ ယခုတွင်မူ သူမတို့က အတွေးလွန်ခဲ့ခြင်းသာ ဖြစ်ကြောင်း သူမတို့ သဘောပေါက်သွားကြလေသည်။

သိမ်းငှက်ဘုရင်လေးနှင့် သခင်မလေးယွင်ပင်းတို့လည်း အတန်ငယ် အံ့အားသင့်သွားကြသည်။ ရီဖျောင်ဖျောင်ကမူ မည်သို့မှ မမြင်ပေ။ သူမရင်ထဲတွင် ကျန်းရီလုပ်သမျှက အမြဲမှန်ပေသည်။ သူမ၏သားက ထူးချွန်ထက်မြက်ရာ သူ့ဆုံးဖြတ်ချက်အားလုံးက မမှားနိုင်ပေ။

“ဘာလဲ...”

ကျန်းရီသည် အားလုံးက မလှုပ်ကြောင်း တွေ့လိုက်သောအခါ အေးစက်စက် မျက်နှာထားနှင့် ပြောလိုက်၏။

“မင်းတို့က ဘာလို့ ထွက်မသွားကြသေးတာလဲ။ ဒီသခင်လေးက မင်းတို့ကို လိုက်ပို့ပေးရဦးမှာလား။ ဒါမှမဟုတ် မင်းတို့က ငါနဲ့အတူ တမလွန်ဘုံကို လိုက်ပြီး တမလွန်ချောက်နက်ကို ဖျက်ဆီးချင်လို့လား”

“သွားကြမယ်...”

တောက်မျိုးနွယ်ပန်းသုံးပွင့်သည် ကျန်းရီ၏ အေးစက်စက်အကြည့်ကို တွေ့လိုက်သောအခါ ကျောစိမ့်သွားကြ၏။ သူမတို့ တစ်‌ယောက်ကိုတစ်ယောက် ကြည့်ကာ အရှေ့ဘက်သို့ ပျံသန်းသွားလိုက်ကြသည်။ သခင်မလေးကုန်းယန်ကလည်း ရှုပ်ထွေးသော မျက်နှာထားနှင့် ကျန်းရီကို ကြည့်၍ ထွက်သွား၏။ ခွမ်ကျန့်နှင့် ယန်ဖူတို့မှာ ကြောက်ကြောက်ရွံ့ရွံ့နှင့် ပျံသန်းသွားကြသည်။

ခွမ်ဟူကမူ ထွက်မသွားပါ။ ထိုအစား သူ လက်ဆုပ်၍ အလေးအနက်ဦးညွှတ်ကာ ပြောလိုက်သည်။

“ကျန်းရီ... မင်းက တကယ့်ယောက်ျားပဲ။ အတိတ်က ငါတို့ရဲ့ ရန်ငြိုးတွေကို မေ့ပစ်လိုက်ကြတာပေါ့။ ငါ မင်းကို အသိအမှတ်ပြုပါပြီ”

ဟဲ့ရွှီဝမ်လည်း သက်ပြင်းချကာ ပြောလိုက်သည်။

“သခင်လေးကျန်းကို ရန်သူပြုတာ ဒီအဘိုးကြီးရဲ့ အကြီးဆုံးအမှားပဲ။ ကျုပ်ကို မသတ်တဲ့အတွက် သခင်လေးကျန်းကို ကျေးဇူးအများကြီးတင်ပါတယ်။ ဒီအဘိုးကြီး သွားပါတော့မယ်”

ဟဲ့ရွှီဝမ်နှင့် ခွမ်ဟူတို့ အဝေးသို့ ပျံသန်းသွားကြသည်။ သို့သော် ယွင်ပင်းက လိုက်မသွားပေ။ ထို့ကြောင့် ကျန်းရီ သူမကို ကြည့်ကာ ပြောလိုက်သည်။

“သခင်မလေးယွင်... သခင်မလေးက ကျွန်တော်နဲ့အတူ တမလွန်ဘုံကို လိုက်မှာလား”

“ဟင်းဟင်း...”

ယွင်ပင်း ပြုံးကာ ပြောလိုက်၏။

“ကျွန်မတို့ တမလွန်ဘုံကို သွားရမယ်ဆိုလည်း သွားပေါ့။ ကျွန်မ မကြောက်ပါဘူး။ ကျန်းရီ... ပြောရရင် ကျွန်မက ရှင့်ရဲ့ အထက်လူကြီးဖြစ်နေတုန်းပဲ။ ကျွန်မ ရှင့်နောက်ကို လိုက်မှာ ဘာမှားလို့လဲ”

“အဲ့ဒါဆိုလည်း ကောင်းပါပြီ”

သူတို့က ကမ္ဘာဦးကောင်းကင်ဘုံသို့ ပြန်ကြမည်ဖြစ်ရာ ကျန်းရီ စိတ်မရှိပါ။ ကမ္ဘာဦးကောင်းကင်ဘုံကို ရောက်မှ နောက်ပိုင်းကိစ္စများကို ပြောနိုင်သည်။ ထို့ကြောင့် သူ များစွာမရှင်းပြတော့ဘဲ ကျန်ခဲ့သူအားလုံးကို လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ပြန်ထည့်၍ အရှေ့တောင်ဘက်သို့ ပျံသန်းသွားလိုက်လေသည်။

အရှေ့ဘက်တွင် ကောင်းကင်ကြယ်စုဘုံရှိသည်။ မိုးပြာမဟာဧကရာဇ်တို့က ကောင်းကင်ကြယ်စုဘုံကို ရောက်တော့မည်ဖြစ်သည်။ ကျန်းရီက သူတို့နှင့် မျက်နှာချင်းမဆိုလိုရာ အရှေ့တောင်ဘက်မှ ကွေ့ပတ်သွားရန်သာ ရှိပေသည်။

ကျန်းရီသည် ချီဟုန်ကို လမ်းတစ်လျှောက်တွင် ထောက်လှမ်းပေးရန်လည်း ပြောခဲ့သည်။ ထိုမှ သူတို့ လူသားထောက်လှမ်းရေးများကို ရှောင်နိုင်မည်ဖြစ်သည်။ ချီဟုန်၏ ကောင်းကင်စိတ်အာရုံက မိုးပြာမဟာဧကရာဇ်၏ ကောင်းကင်စိတ်အာရုံထက်ပင် ပိုအားကောင်းသည်။ သို့ဖြစ်ရာ မည်သည့်ထောက်လှမ်းရေးကမှ သူ၏အာရုံခံမှုမှနေ၍ လွတ်နိုင်လိမ့်မည် မဟုတ်ချေ။

***

ခွမ်ဟူနှင့် အခြားသူများက အလွန်ဘေးကင်းလုံခြုံခဲ့သည်။ နေ့တစ်ဝက်ကြာ ပျံသန်းပြီးနောက် သူတို့ ဟယ်မုန့်စေလွှတ်လိုက်သော ထောက်လှမ်း‌ရေးများနှင့် ဆုံသည်။ ထောက်လှမ်းရေးများက ချက်ချင်း သတင်းပြန်ပို့ကြသည်။ ဟယ်မုန့်သည် ထိုသတင်းကို ရသည်နှင့် ဂရုမစိုက် မပြုဝံ့ဘဲ အင်အားတစ်သိန်းရှိသော တပ်ဖွဲ့တစ်ဖွဲ့ကို ဦးဆောင်၍ ခွမ်ဟူတို့ကို လာကြိုလေသည်။

လေးရက်ကြာပြီးနောက် ခွမ်ဟူတို့ ကောင်းကင်ကြယ်စုဘုံသို့ အောင်အောင်မြင်မြင် ရောက်သွားကြသည်။ ကောင်းကင်ကြယ်စုဘုံထဲတွင် တမလွန်ဘုံမျိုးနွယ် တော်ဝင်မိသားစုဝင်များကို သတ်ဖြတ်နေဆဲဖြစ်သည်။ သို့သော် သူတို့ များစွာတော့ မကျန်တော့ပေ။ ထိုဘုံကို အပြည့်အဝ သိမ်းပိုက်နိုင်ရန် အချိန်တစ်ခုသာ လိုတော့ပေသည်။

မိုးပြာမဟာဧကရာဇ်နှင့် စွမ်းအားကြီး သိုင်းသမားအုပ်စုသည် မြန်နိုင်သမျှ အမြန်ဆုံး လာခဲ့ကြ၏။ ခွမ်ဟူတို့သည် ထွက်မသွားကြဘဲ ကောင်းကင်ကြယ်စုဘုံထဲမှာပင် မိုးပြာမဟာဧကရာဇ်တို့ ရောက်လာမည်ကို စောင့်နေကြသည်။

ဟယ်နုန်ယင်းက ခွမ်ဟူတို့နှင့် ပြန်ပါမလာပေ။ ခွမ်ဟူသည် ကျန်းရီက တမလွန်ဘုံသို့သွား၍ တမလွန်‌ချောက်နက်ကို ဖျက်ဆီးရန် ကြံနေကြောင်း ပြောလိုက်သည်။ ထို့ကြောင့် ဟယ်မုန့် အလွန်စိုးရိမ်သွားသည်။ သို့သော် သူ့သမီးက မည်မျှခေါင်းမာကြောင်း သူသိသည်။ သူမက ကျန်းရီနှင့် လိုက်သွားရန် ဆုံးဖြတ်လိုက်ပြီဖြစ်ရာ သူ သူမကို ပြန်ခေါ်နို်ငတော့မည် မဟုတ်ပေ။ သို့ဖြစ်၍ သူ ထောက်လှမ်းရေးများ စေလွှတ်၍သာ ကျန်းရီတို့ကို ရှာစေလိုက်သည်။ သို့သော် ရလဒ်မှာ ထင်ရှား၏။ ထောက်လှမ်းရေးများက ကျန်းရီတို့ကို လုံးဝ ရှာမတွေ့ကြချေ။

ခြောက်ရက်ကြာပြီးနောက် မိုးပြာမဟာဧကရာဇ်တို့ ကောင်းကင်ကြယ်စုဘုံကို ရောက်လာကြ၏။ တမလွန်ဘုံမျိုးနွယ်ဘက်က တန်ပြန်တိုက်စစ်မဆင်သေးကြောင်း ထောက်လှမ်းရေးများက တင်ပြသည်။ သို့သော် တမလွန်ဘုံ တော်ဝင်မိသားစုဝင်များနှင့် တမလွန်ဘုံမျိုးနွယ်ဝင်များက ကောင်းကင်အံ့ဖွယ်ဘုံဆီ ဆုတ်ခွာနေကြပေသည်။

မိုးပြာမဟာဧကရာဇ်တို့သည် ယင်း၏ အဓိပ္ပာယ်ကို နားမလည်နိုင်ကြပေ။ တမလွန်ဘုံတွင် အမှန်ပင် တစ်ခုခု ဖြစ်နေသည်လော။ ထို့ကြောင့် တမလွန်ဘုံမျိုးနွယ်က သူတို့၏ပိုင်နက်ကို ချုံ့၍ အားစုထားကြသည်လော။ သူတို့က တမလွန်ဘုံဧကရာဇ် ပြန်ထွက်ပေါ်လာမည်ကို စောင့်နေကြခြင်းလော။

မိုးပြာမဟာဧကရာဇ်သည် ထောက်လှမ်းရေးများ ထပ်မံစေလွှတ်၍ ကောင်းကင်စကြဝဠာဘုံအနီးရှိ ဆန်းကြယ်နယ်မြေများကို ထောက်လှမ်းစေလိုက်၏။ အလစ်ဝင်တိုက်မည့် မည်သည့်စစ်တပ်မှ ရှိမနေကြောင်း အတည်ပြုပြီးမှ မိုးပြာမဟာဧကရာဇ်သည် ရှားယွီကို တပ်သားသန်းနှစ်ဆယ် ဦးဆောင်စေ၍ ကောင်းကင်စကြဝဠာဘုံကို သွားသိမ်းခိုင်းလိုက်၏။ တစ်ချိန်တည်းမှာပင် သူသည် တည်နေရာပြောင်းရွှေ့အစီအရင်ကို ပိုလျင်မြန်စွာ တည်ဆောက်စေ၍ ကောင်းကင်ကြယ်စုဘုံထဲတွင် ကောင်းကင်ကိုးပါးကြယ်အစီအရင် ဆင်ရန် ပြင်ဆင်လိုက်သည်။

တမလွန်ဘုံတွင် မည်သည့်ကိစ္စ ဖြစ်ခဲ့ပါစေ၊ ဤအခြေအနေက ထောင်ချောက်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ လူသားမျိုးနွယ်အတွက် ပါးစပ်နားလာပေးသော အသားစကြီးကို ပုတ်ထုတ်ရန် အကြောင်းမရှိပေ။ မိုးပြာမဟာဧကရာဇ်သည် ရှားယွီအား တပ်သားသန်းနှစ်ဆယ် ဦးဆောင်စေ၍ အခြေအနေကို အရင် စမ်းသပ်လိုခဲ့သည်။ အကယ်၍ ကိစ္စများက မှားယွင်းသွားလျှင်လည်း အလွန်ဆုံးမှ သူတို့ တပ်သားသန်းနှစ်ဆယ်သာ ဆုံးရှုံးရမည်ဖြစ်သည်။

ရှားယွီမှာ အုပ်ချုပ်သူအဆင့်တွင်သာ ရှိသေးသည်။ သူမသည် ဧကရာဇ်တစ်ပိုင်းအဆင့်သို့ပင် မရောက်သေးပေ။ ထို့ပြင် သူမက အလွန်ငယ်ရွယ်သဖြင့် ဩဇာအာဏာလည်း များစွာမရှိသေးချေ။ သို့သော် မိုးပြာမဟာဧကရာဇ်က သူမကို စစ်တပ်ကို ဦးဆောင်စေလိုနေသည်။ ထို့ကြောင့် စွမ်းအားကြီး သိုင်းသမားများစွာ မကျေမနပ်ဖြစ်သွားကြသည်။ သို့ရာတွင် မိုးပြာမဟာဧကရာဇ်ကြောင့် မည်သူမှ အတွန့်မတက်ဝံ့ကြပေ။

ထို့ပြင် အားလုံး နားမလည်နိုင်လည်း ဖြစ်နေကြသည်။ ဤတစ်ခေါက် စစ်တပ်ထဲတွင် ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများ ဆယ်ယောက်ကျော် ရှိကြသည်။ မိုးပြာမဟာဧကရာဇ်တို့ကမူ လှုပ်ရှားကြမည် မဟုတ်ပေ။ မိုးပြာမဟာဧကရာဇ်က သူ၏အခြားတပည့်ဖြစ်သော တောက်လန်နှင့် အခြားသူများ တိုက်ပွဲတွင် ကျသွားမည်ကို မစိုးရိမ်သည်လော။ ရှားယွီက တောက်လန်တို့ကို ကာကွယ်ပေးနိုင်မည်လော။ ကောင်းကင်စကြဝဠာဘုံထဲတွင် တမလွန်ဘုံဘုရင်များစွာ ရှိနေသေးသည်။ ထို့ပြင် မင်လူ၊ မင်တိနှင့် အခြားသူများကလည်း အချိန်မရွေး တည်နေရာပြောင်းရွှေ့လာနိုင်ပေသည်။

ယင်းတို့အပြင် ကျန်းရီက မည်သည့်နေရာသို့ ရောက်သွားခြင်းနည်း။ ကောင်းကင်စကြဝဠာဘုံအနီးတွင် ထောက်လှမ်းရေးများ ရှိနေကြသည်။ သူတို့ နေရာအနှံ့တွင် လိုက်ရှာခဲ့သော်လည်း ကျန်းရီတို့၏ အရိပ်အယောင်ကိုပင် ရှာမတွေ့ကြချေ။ ကျန်းရီတို့က အမှန်ပင် တမလွန်ဘုံသို့သွား၍ တမလွန်ချောက်နက်ကို သွားဖျက်ဆီးခြင်းလော။

အရာအားလုံးက ထူးဆန်းနေသည်။ ကောင်းကင်ဘုရင်ဝေတို့ စိုးရိမ်နေကြသည်။ မကြာခင်တွင် လူသားမျိုးနွယ်ကို ဖမ်းမည့် မမြင်နိုင်သော ပိုက်ကွန်ကြီးတစ်ခု ကျလာတော့မလို သူတို့ ခံစားနေကြရပေသည်။

***

All Chapters