တစ်ခုခု မှားနေပြီ
Vol. 137 Ch. 1909
ဆယ်ရက်ကြာပြီးနောက် ရှားယွီသည် စစ်တပ်ကို ကောင်းကင်စကြဝဠာဘုံထဲ ခေါ်သွားလိုက်၏။ ဤတစ်ကြိမ်တွင် ကောင်းကင်စကြဝဠာဘုံထဲရှိ တမလွန်ဘုံမျိုးနွယ်ဝင်များက သေမည်ကို စောင့်မနေကြတော့ပေ။ သူတို့အားလုံးသည် စုဝေး၍ ကောင်းကင်စကြဝဠာဘုံကို ကာကွယ်ကြသည်။
တော်ဝင်မိသားစုဝင် သန်းတစ်ရာကျော်က ကောင်းကင်စကြဝဠာမြို့အပြင်တွင် စုဝေးနေသည်။ ထိုသတင်းက ကောင်းကင်ကြယ်စုဘုံကို ရောက်သွားသောအခါ အားလုံးသည် ရှားယွီက လက်ဗလာနှင့် သို့မဟုတ် ရှုံးနိမ့်၍ ပြန်လာရလိမ့်မည်ဟု တွေးလိုက်ကြသည်။ သို့သော် ရှားယွီက စစ်တပ်ကို ပြန်မဆုတ်စေဘဲ သူမကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ကာ ပိုးဖလံမျိုး မီးကိုတိုးသကဲ့သို့ ကောင်းကင်စကြဝဠာဘုံထဲ တိုးဝင်သွားပေသည်။
စွမ်းအားကြီး သိုင်းသမားများစွာ သက်ပြင်းချလိုက်ကြသည်။ ထိုရေဘုံမှ ပါရမီရှင် မိန်းမပျိုလေးက အတွေ့အကြုံနုလွန်းလှသည်။ သူမက အောင်မြင်မှုကို ငမ်းငမ်းတက်နေသည်။ အကယ်၍ သူမတို့သာ ကောင်းကင်စကြဝဠာဘုံအတွင်းရှိ တမလွန်ဘုံအစီအရင်များကို မဖျက်ဆီးနိုင်လျှင် တိုက်ပွဲကို ရှုံးနိမ့်ရပေလိမ့်မည်။ ထိုအစီအရင်များ ရှိနေလျှင် တမလွန်ဘုံမျိုးနွယ်က ထိပ်တန်းတမလွန်ဘုံဘုရင်များကို အချိန်မရွေး စေလွှတ်လိုက်နိုင်သည်။ ထိုအခါ အင်အားသန်းနှစ်ဆယ်ရှိသော စစ်တပ်ကြီး ရှင်းပစ်ခံရပေလိမ့်မည်။
လူများစွာသည် အဘယ်ကြောင့် မိုးပြာမဟာဧကရာဇ်က ရှားယွီကို စစ်တပ်နှင့်အတူ ပြန်ဆုတ်လာရန် အမိန့်လှမ်းမပို့ကြောင်းကို နားမလည်နိုင်ဖြစ်နေကြသည်။ ယခုတွင် မိုးပြာမဟာဧကရာဇ်က ရှားယွီကို လုပ်ချင်ရာလုပ်ခွင့် ပေးထားသည်။ မိုးပြာမဟာဧကရာဇ်မှာ အလွန်ဉာဏ်ကောင်းသူဖြစ်သည်။ သူ မည်သည်ကို တွေးနေကြောင်း မည်သူမှ မသိနိုင်ပေ။
ထို့ပြင် မိုးပြာမဟာဧကရာဇ်သည် ကောင်းကင်ကြယ်စုဘုံထဲ ရောက်ကတည်းက ရဲတိုက်တစ်လုံးထဲတွင်သာ နေနေပြီး အပြင်ထွက်မလာခဲ့ချေ။ တောက်နူကသာ သူ့ထံ သတင်းများ သွားပို့ရသည်။ ချီလင်းဧကရီက သူ့ကို ဖိတ်ခေါ်ခဲ့သော်လည်း သူ ပေါ်မလာခဲ့ပေ။ ထို့ကြောင့် ကောင်းကင်ဘုရင်ဝေတို့ အလွန်သံသယဖြစ်လာကြ၏။ မိုးပြာမဟာဧကရာဇ်က မည်သည်ကို ကြံနေကြောင်း သူတို့ မသိကြရပေ။
ငါးရက်ကြာပြီးနောက် တည်နေရာပြောင်းရွှေ့အစီအရင် ပြီးစီးသွား၏။ ထိုအခါ ကမ္ဘာဦးကောင်းကင်ဘုံတွင် ကျန်ခဲ့သော စစ်တပ်များက စတင်၍ အဆက်မပြတ် တည်နေရာပြောင်းရွှေ့လာကြသည်။ အဖိုးတန်ကုန်ကြမ်းများစွာကိုလည်း သယ်ဆောင်လာကြသည်။ ထို့နောက် ချီလင်းဧကရီသည် သန်းချီသော စွမ်းအားကြီး သိုင်းသမားများနှင့် အတူလုပ်ဆောင်၍ ကောင်းကင်ကိုးပါးကြယ်အစီအရင်ကို နေ့ညမနား စတင်ဆင်လိုက်ကြလေသည်။
ထိုအစီအရင်မှာ ယန်ကိုးပါးကောင်းကင်ဧကရာဇ် ဖန်တီးခဲ့သော အစီအရင်ဖြစ်သည်။ ၎င်းသည် ကောင်းကင်ဧကရာဇ် အသက်ရှိခဲ့စဉ်က ကောင်းကင်ဘုံခုံရုံးတွင် သုံးခဲ့သော ကောင်းကင်ကိုးပါးကြယ်ချိပ်ပိတ်အစီအရင်ထက် တစ်ဆင့်သာနိမ့်သည်။ ထိုကဲ့သို့သော အစီအရင်မျိုးက ကောင်းကင်ကိုးပါးကြယ်တာရာများ၏ စွမ်းအားကို စုပ်ယူသည်။ ၎င်းအစီအရင်သည် အခြေခိုင်လာလေ၊ ဖျက်ဆီးရန် ခက်လာလေပင်။ ဥပမာအားဖြင့် ကမ္ဘာဦးကောင်းကင်ဘုံ၏ အစီအရင်ကို ကြည့်ပါ။ ထိုအစီအရင်ကို တမလွန်ဘုံဧကရာဇ်ပင် အချိန်တိုးအတွင်း ထိုးဖောက်နိုင်မည် မဟုတ်ပါ။
တပ်သားများစွာသည် တည်နေရာပြောင်းရွှေ့လာပြီးသည်နှင့် ချက်ချင်း အာကာသဟင်းလင်းပြင်ထဲ ပျံထွက်ကာ ဘုံကို ကာကွယ်လိုက်ကြသည်။ ကောင်းကင်ကိုးပါးကြယ်အစီအရင်ကို ဆင်ရန်မှာ အလွန်အရေးကြီးသည်။ ထိုအစီအရင် ပြီးဆုံးသွားသည်နှင့် ကောင်းကင်ကြယ်စုဘုံက လူသားမျိုးနွယ်၏အပိုင် ဖြစ်သွားမည်ဖြစ်သည်။ ထိုအခါ ဘုံထဲရှိ အရင်းအမြစ်များနှင့် လူသားမျိုးနွယ် ပညာရှင်များကို စဉ်ဆက်မပြတ် ပျိုးထောင်နိုင်လာပေလိမ့်မည်။
ကောင်းကင်ကြယ်စုဘုံ၊ ကောင်းကင်ဝိညာဉ်ဘုံနှင့် ကမ္ဘာဦးကောင်းကင်ဘုံတို့နှင့်ဆိုလျှင် လူသားမျိုးနွယ်သည် တမလွန်ဘုံမျိုးနွယ်ကို ခုခံရန် တြိဂံပုံခံစစ် ပြင်နိုင်မည်လည်းဖြစ်သည်။
ကောင်းကင်စကြဝဠာဘုံသို့ သွားသည့်သူများကိုမူ မည်သူကမှ အရေးမစိုက်ကြတော့ပေ။ မိုးပြာမဟာဧကရာဇ်ပင် သူ၏ တပည့်ကို အရေးမစိုက်ရာ မည်သူက အရေးစိုက်ရမည်နည်း။ မည်သို့ပင်ဖြစ်စေ စေလွှတ်လိုက်သော တပ်သားသန်းနှစ်ဆယ်ထဲမှ အများစုမှာ မိုးပြာမဟာဧကရာဇ်စစ်တပ်ထဲမှ တပ်သားများသာဖြစ်သည်။ ထို့ကြောင့် မိုးပြာမဟာဧကရာဇ်ကပင် မနှမြောလျှင် အဘယ်ကြောင့် သူတို့က နှမြောရပါမည်နည်း။
တမလွန်ဘုံမျိုးနွယ်က ထူးဆန်းသောလှုပ်ရှားမှုများ လုပ်မနေပေ။ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေသည်။ ငါးရက်ကြာပြီးနောက် ကောင်းကင်ကြယ်စုဘုံထဲတွင် ကောင်းကင်ကိုးပါးကြယ်အစီအရင် ဆင်ပြီးသွားသည်။ ထိုအစီအရင်မှာ ကောင်းကင်ကြယ်တာရာနယ်နမိတ်မှ အစီအရင်အသေးစားလေးကဲ့သို့ မဟုတ်ပေ။ ထိုအစီအရင်က ကောင်းကင်ကြယ်စုဘုံတစ်ခုလုံးကို လွှမ်းခြုံထားနိုင်သည်။ ၎င်းကို နှိုးလိုက်သည်နှင့် ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များနှင့် ပေါင်းစည်းကာ ဘုံတစ်ခုလုံးကို လွှမ်းခြုံသွားမည်ဖြစ်သည်။ မည်သည့် တမလွန်ဘုံမျိုးနွယ်ဝင်မှ ဝင်လာနိုင်မည် မဟုတ်ပေ။
ထိုသတင်းပျံ့နှံ့သွားသည်နှင့် လူသားစစ်တပ် ဝမ်းသာသွားကြသည်။ ယင်းက နှစ်ထောင်ပေါင်းများစွာအတွင်း လူသားမျိုးနွယ်၏ အကြီးဆုံး အောင်မြင်မှုပင်။ လူသားမျိုးနွယ်သည် အကြိမ်များစွာ တန်ပြန်တိုက်ခိုက်ခဲ့သည်။ သို့သော် တစ်ခါမှ ဘုံတစ်ခုကို ပြန်မသိမ်းနိုင်ခဲ့ပေ။ သူတို့ဘက်မှ ဘုံများကိုသာ လက်လွှတ်၍ ပြေးခဲ့ရသည်ချည်းသာ။
ချီလင်းဧကရီသည် အစီအရင်ဆင်ပြီးသော်လည်း မနားလိုက်ပေ။ သူမ တည်နေရာပြောင်းရွှေ့အစီအရင်မှနေ၍ ကောင်းကင်ဝိညာဉ်ဘုံသို့ တန်းသွားကာ ထိုဘုံတွင်လည်း အစီအရင်ဆက်ဆင်လိုက်ပေသည်။
ထိုအခိုက်တွင် လူသားပညာရှင်များအားလုံးကို အံ့အားသင့်သွားစေသည့် သတင်းတစ်ခု ရောက်ရှိလာ၏။
ကောင်းကင်စကြဝဠာဘုံတွင် အောင်ပွဲကြီး ရလိုက်ပေပြီ။
ရှားယွီသည် နတ်ဘုရားအလင်းအစီအရင်ဆင်၍ တမလွန်ဘုံမျိုးနွယ်၏ စစ်တပ်ကို မျှားခေါ်ထုတ်သွားခဲ့ပြီး ကောင်းကင်စကြဝဠာမြို့၏ တောင်ဘက် မိုင်တစ်သိန်းအကွာရှ ကန်နက်ထဲတွင် အလစ်ဝင်တိုက်ခဲ့ကြသည်။ တမလွန်ဘုံအရှိန်အဝါများကို ခုခံရန် နတ်ဘုရားအလင်းအစီအရင်ကို သုံးခဲ့၍ သူမတို့ တမလွန်ဘုံမျိုးနွယ်ဝင် သန်းသုံးဆယ်ကို သတ်နိုင်ခဲ့သည်။ ယခုတွင် သူမတို့က ကောင်းကင်စကြဝဠာမြို့ကို သိမ်းပိုက်နေပြီး အခြေအနေကို တည်ငြိမ်အောင် လုပ်နေကြပေသည်။
ထိုသတင်းက လူများစွာကို အံ့အားသင့် မှင်တက်သွားစေ၏။ စွမ်းအားကြီး သိုင်းသမားအားလုံးသည် အင်အားသန်းနှစ်ဆယ်ရှိသော စစ်တပ်က သေချာပေါက် ရှုံးနိမ့်လိမ့်မည်ဟု တွေးထားကြသည်။ တပ်သားတစ်ဝက်လောက် ပြန်လာနိုင်လျှင်ပင် ကောင်းပေလိမ့်မည်။ သို့သော် ယခုတွင်မူ ထိုစစ်တပ်သည် သန်းဆယ်ချီသော တမလွန်ဘုံမျိုးနွယ်ဝင်များကို သတ်ဖြတ်၍ ကောင်းကင်စကြဝဠာမြို့ကို သိမ်းပိုက်နေကြသည်လော။
ထိုနတ်ဘုရားအလင်းအစီအရင်မှာ အဘယ်သို့သောအရာနည်း။ အဘယ်ကြောင့် တမလွန်ဘုံမျိုးနွယ်က ထိပ်တန်းတမလွန်ဘုံဘုရင်များကို မစေလွှတ်လိုက်ရသနည်း။ အင်အားသန်းနှစ်ဆယ်သာရှိသော စစ်တပ်က အဘယ်သို့ သန်းဆယ်ချီသော တမလွန်ဘုံမျိုးနွယ်ဝင်များကို သတ်နိုင်ခဲ့ရသနည်း။ ယင်းမှာ မဖြစ်နိုင်လောက်ဟု ထင်ရသည် မဟုတ်လော။ တိုက်ပွဲများကို ထိုမျှသာ အလွယ်တကူ နိုင်နိုင်မည်ဆိုလျှင် လူသားမျိုးနွယ်က တမလွန်ဘုံမျိုးနွယ်ကို ရှင်းပစ်ပြီးနေလောက်ပေပြီ။
တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော မိုးပြာမဟာဧကရာဇ်က ရုတ်တရက် တောက်နူကို အမိန့်ပေးလိုက်၏။ ထို့ပြင် ရူးသွပ်မဟာဧကရာဇ်နှင့် ယန်မဟာဧကရာဇ်တို့ကိုလည်း တပ်သားသန်းငါးဆယ်ကို ဦးဆောင်၍ ကောင်းကင်စကြဝဠာဘုံကို အပြီးသွားသိမ်းရန် ခိုင်းလိုက်သည်။ ကောင်းကင်ဘုရင်ဝေ၊ ရှန်ကွေ့နှင့် အခြားသူများကိုလည်း သူတို့၏စစ်တပ်များကို ချီစေလိုက်သည်။
ရူးသွပ်မဟာဧကရာဇ်နှင့် ယန်မဟာဧကရာဇ်တို့က မိုးပြာမဟာဧကရာဇ်၏ ဦးဆောင်မှုနောက်ကို အမြဲလိုက်ခဲ့၏။ ထို့ကြောင့် သူတို့သည် တုံ့ဆိုင်းမှုမရှိဘဲ တပ်သားသန်းငါးဆယ်ကို ဦးဆောင်၍ ကောင်းကင်စကြဝဠာဘုံသို့ သွားလိုက်လေသည်။ ကောင်းကင်ဘုရင်ဝေ၊ ရှန်ကွေ့နှင့် အခြားသူများလည်း လှုပ်ရှားလိုက်ကြသည်။ သူတို့အားလုံး စစ်တပ်များကို ဦးဆောင်ကာ ဆောင်းဦးလေက သစ်ရွက်ကြွေများကို တိုက်ခတ်သကဲ့သို့ ကောင်းကင်စကြဝဠာဘုံကို ဝင်တိုက်လိုက်ကြ၏။ သူတို့သည် အနီးရှိ ဆန်းကြယ်နယ်မြေများမှ တမလွန်ဘုံမျိုးနွယ်ဝင်များကိုလည်း ရှင်းပစ်ကာ လူသားမျိုးနွယ်၏ ပိုင်နက်ကို ချဲ့ထွင်လိုက်ကြလေသည်။
လူသားမျိုးနွယ် စွမ်းအားကြီး သိုင်းသမားများ၏ စိတ်ထဲတွင် သံသယများ ရှိနေကြသေးသော်လည်း အားလုံး များစွာပို၍ စိတ်အေးနေကြပေပြီ။ အဘယ်ကြောင့်ဆိုသော် မိုးပြာမဟာဧကရာဇ်က ကိစ္စတစ်ခုကို ဖော်ထုတ်လိုက်၍ပင်။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ကောင်းကင်ကြယ်စုဘုံသို့ ရောက်နေသည်မှာ ကြာပြီဖြစ်ကြောင်း၊ အရာအားလုံးက သူနှင့် မသေမျိုးတစ်ပိုင်း ရသေ့ကြီး၏ ထိန်းချုပ်မှုတွင် ရှိကြောင်း ဖော်ထုတ်လိုက်ခြင်းပင်။ ထို့ပြင် မသေမျိုးတစ်ပိုင်း ရသေ့ကြီးက လူသားမျိုးနွယ်နှင့် တမလွန်ဘုံမျိုးနွယ်ကြားမှ တိုက်ပွဲတွင် လူသားမျိုးနွယ်ဘက်မှ ဝင်ကူရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။ ထို့ကြောင့် အားလုံး စိတ်အေးသွားကြပေသည်။
မျိုးနွယ်ခေါင်းဆောင်များစွာသည် မသေမျိုးတစ်ပိုင်း ရသေ့ကြီးကို တစ်ခါမှ မမြင်ဖူးကြပေ။ ထို့ကြောင့် ထိုရသေ့ကြီးက မည်မျှ စွမ်းအားကြီးကြောင်းကို သူတို့ မသိကြပါ။ သို့သော် မဟာဧကရာဇ်လေးပါးကပင် သူ့ကို များစွာယုံကြည်နေကြပြီး အလွန်လေးစားနေကြရာ အားလုံးလည်း ယုံကြည်နေကြလေသည်။
လူသားမျိုးနွယ်၏ စိတ်ဓာတ်က ထိုးတက်လာသည်။ သူတို့သည် အောင်မြင်မှုလမ်းကြောင်းတစ်ခုကို ဖွင့်နိုင်လိုက်ပြီဟု ခံစားနေကြရသည်။ သူတို့သာ ဆက်တိုက်ခိုက်မည်ဆိုလျှင် လူသားမျိုးနွယ်က ဆုံးရှုံးလိုက်ရသော ဘုံများကို တစ်ဘုံပြီးတစ်ဘုံ ပြန်သိမ်းပိုက်နိုင်လောက်သည်။ နောက်ဆုံးတွင် သူတို့ တမလွန်ဘုံထဲသို့ပင်ဝင်နိုင်ကာ တမလွန်ချောက်နက်ကို ဖျက်ဆီးနိုင်ပေလိမ့်မည်။ ထိုအခါကျ တမလွန်ဘုံဧကရာဇ် ပြန်ထွက်ပေါ်လာလျှင်ပင် ဘာအရေးနည်း။
မိုးပြာမဟာဧကရာဇ်သည် အခြားမဟာဧကရာဇ်သုံးပါးနှင့် အင်အားပူးပေါင်း၍ အားလုံး စစ်ထွက်ရန် အမိန့်တစ်ခု ထုတ်ပြန်လိုက်သည်။ ကမ္ဘာဦးကောင်းကင်ဘုံနှင့် ဓာတုဘုံခုနစ်ခုတို့မှ မရေမတွက်နိုင်သော သိုင်းသမားများသည် ကောင်းကင်ဝိညာဉ်ဘုံနှင့် ကောင်းကင်ကြယ်စုဘုံတို့သို့ တည်နေရာပြောင်းရွှေ့လာကြသည်။ သူတို့သည် ထိုဘုံနှစ်ခုကို ကန်အားပြု၍ ဆုံးရှုံးခဲ့ရသော ပိုင်နက်များကို ပြန်သိမ်းကာ တမလွန်ဘုံမျိုးနွယ်ကို ပြန်တိုက်ခိုက်ကြတော့မည်ဖြစ်သည်။
***
မိုးပြာမဟာဧကရာဇ်က အမိန့်မပေးရပါဘဲနှင့်ပင် အောင်ပွဲသတင်းက ကမ္ဘာဦးကောင်းကင်ဘုံတွင် ပျံ့နှံ့သွားသည်။ ကမ္ဘာဦးကောင်းကင်ဘုံတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားသည်။ ဟယ်မုန့်နှင့် ရှားယွီတို့၏ ဂုဏ်သတင်းလည်း ထိုးတက်သွားသည်။ မြို့အသီးသီး၏အပြင်တွင် သိုင်းသမားများက စစ်တပ်ထဲဝင်ရန် စာရင်းပေးသွင်းနေကြသည်။ ကလေးဟုသာ သတ်မှတ်နိုင်သေးသော အလွန်ငယ်ရွယ်သည့် ကောင်းကင်နတ်ဘုရားအဆင့် ရှိသူများကလည်း စာရင်းပေးသွင်းကြသည်။
‘တစ်ခုခုတော့ မှားနေပြီ’
ကျန်းရီသည် ကမ္ဘာဦးကောင်းကင်ဘုံထဲ လျှို့ဝှက်၍ ပြန်ဝင်ခဲ့ပြီးဖြစ်သည်။ ထိုအခိုက်တွင် သူက ယန်ကိုးပါးမြို့၏ဘေးတွင် ရှိသော ကောင်းကင်ကိုးပါးမြို့ထဲတွင် ရှိနေသည်။ ယခု ကမ္ဘာဦးကောင်းကင်ဘုံထဲတွင် စွမ်းအားကြီး သိုင်းသမားများစွာ မရှိတော့ပါ။ ထို့ပြင် ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားများကသာ သူရုပ်ဖျက်ထားသည်ကို ဖောက်မြင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် သူ ကမ္ဘာဦးကောင်းကင်ဘုံထဲတွင် လွတ်လွတ်လပ်လပ် သွားလာနိုင်နေပေသည်။
ကျန်းရီသည် အားလုံးနှင့်အတူ တည်းခိုခန်းတစ်ခန်းတွင် တည်းခိုနေသည်။ သိမ်းငှက်ဘုရင်လေးက သတင်းထောက်လှမ်း၍ ပြန်လာပြီး သတင်းများကို ပြောပြလိုက်သောအခါ တစ်စုံတစ်ခု မှားနေပြီဟု ကျန်းရီ ခံစားလိုက်ရသည်။
မင်တဲ ပြန်ကောင်းသွားသည်မှာ ကြာလောက်ပြီဖြစ်သည်။ အဘယ်ကြောင့် သူက ကောင်းကင်စကြဝဠာဘုံသို့ မသွားရသနည်း။ သူကိုယ်တိုင် မသွားလျှင်ပင် မင်တိနှင့် အခြားသူများက ရှားယွီတို့၏ အင်အားသန်းနှစ်ဆယ်သာရှိသော စစ်တပ်ကို အလွယ်တကူ ရှင်းပစ်နိုင်မည် မဟုတ်ပါလော။
“အလင်းနတ်ဘုရားအစီအရင်လား...”
ကျန်းရီသည် ဟယ်နုန်ယင်းကို ကြည့်၍ မေးလိုက်သည်။
“သခင်မလေးဟယ် အဲ့အစီအရင်အကြောင်းကို သိပါသလား။ ပြီးတော့ ရှားယွီနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်တွေရော ရှိပါသလား။ သူနဲ့ပတ်သတ်ပြီး မသင်္ကာစရာတွေ ရှိလား”
“အလင်းနတ်ဘုရားအစီအရင်လား၊ အဲ့ဒါနဲ့ပတ်သတ်ပြီး ကျွန်မ ဘာမှမသိဘူး။ မိုးပြာမဟာဧကရာဇ် ဒါမှမဟုတ် မသေမျိုးတစ်ပိုင်း ရသေ့ကြီးက အဲ့ဒါကို သူ့ကို သင်ပေးခဲ့တာ ဖြစ်နိုင်တယ်...”
ဟယ်နုန်ယင်းက မျက်မှောင်ကြုတ်ကာ ရှင်းပြသည်။
“အဲ့ရှားယွီနဲ့ ပတ်သတ်ပြီးတော့တော့ ဘာမသင်္ကာစရာမှ မရှိပါဘူး။ သူက ရေဘုံအရှင်ရဲ့ အငယ်ဆုံးသမီးတော်ပဲ။ သူက ငယ်ငယ်ကတည်းက ပါရမီထူးခဲ့တာ။ သူ့ရဲ့ အလင်းနတ်ဘုရားအစီအရင်ကလည်း အရမ်းစွမ်းအားကြီးတယ်။ အဲ့အစီအရင်ကို ကျွန်မကိုယ်တိုင် မြင်ဖူးတယ်။ အဲ့ဒါက တမလွန်ဘုံအရှိန်အဝါရဲ့ သဘာဝရန်သူပဲ။ ဘာဖြစ်လို့လဲ... ကျန်းရီ.. အဲ့ရှားယွီနဲ့ ပတ်သတ်ပြီး တစ်ခုခု မှားနေတယ်လို့ ရှင်ထင်လို့လား”
ထိုစဉ် သိမ်းငှက်ဘုရင်လေးက ဝင်ပြောလိုက်၏။
“ငါလည်း ရှားယွီကို မြင်ဖူးတယ်။ သူက တကယ်ကို ပါရမီရှင်တစ်ယောက်ပဲ။ ပြီးတော့ သူ ကျင့်ကြံတဲ့ စည်းမျဉ်းဆန်းကြယ်စွမ်းရည်တွေက တမလွန်ဘုံမျိုးနွယ်ကို ယှဉ်နိုင်တယ်။ သူနဲ့ပတ်သတ်ပြီး ဘာမှ မှားမနေလောက်ဘူး မဟုတ်လား”
“ကျွန်တော် သေချာပေါက်တော့ မပြောနိုင်ဘူး”
ကျန်းရီ ခေါင်းခါကာ ပြောလိုက်သည်။
“သူနဲ့ပတ်သတ်ပြီး တစ်ခုခု မှားနေတယ်လို့ ကျွန်တော် အလိုလို ခံစားမိနေတာ။ အခွင့်အရေးသာရရင် ကျွန်တော် သူနဲ့သွားတွေ့ချင်သေးတယ်။ အင်း... ထားလိုက်ပါတော့။ အရင်ဆုံး အထက်ဘုံကို ပြန်ပြီး ကျွန်တော့်လူတွေကို သွားခေါ်ကြတာပေါ့။ ပြီးမှ ကျန်တာတွေကို ဆက်ပြောမယ်”
***