မိစ္ဆာကြယ် ပြန်လာခြင်း
Vol. 137 Ch. 1910
မင်ရည်တောင်ပံမျိုးနွယ်ဝင်အချို့က ယန်ကိုးပါးမြို့အနီးတွင် ပုန်းအောင်းနေကြသည်။ သိမ်းငှက်ဘုရင်လေးသည် အပြင်ထွက်သွားပြီး သူတို့ထဲမှ အချို့နှင့် ဆက်သွယ်၍ ကမ္ဘာဦးကောင်းကင်ဘုံ၏ အခြေအနေကို စုံစမ်းခဲ့ခြင်းဖြစ်သည်။
ကမ္ဘာဦးကောင်းကင်ဘုံထဲမှ မျိုးနွယ်ကြီးများသည် အကြီးအကဲအချို့ကိုသာ ချန်ထားခဲ့ကြသည်။ ကျန်သော စွမ်းအားကြီး သိုင်းသမားများသည် ကောင်းကင်ကြယ်စုဘုံသို့ ထွက်သွားကြပြီဖြစ်သည်။ ကောင်းကင်ကြယ်စုဘုံမှ အခြေအနေက တင်းမာနေသည်။ သူတို့က ကောင်းကင်စကြဝဠာဘုံကို အပြည့်အဝ သိမ်းပိုက်ရန် ပြင်ဆင်နေကြသည်။ ထို့ကြောင့် ကျန်းရီသည် ကမ္ဘာဦးကောင်းကင်ဘုံထဲတွင် အလွန်လုံခြုံနေပေသည်။
သို့သော် ကျန်းရီသည် လူတစ်စုကို ယန်ကိုးပါးမြို့ထဲသို့ ခေါ်သွားရလောက်အောင် မရူးမိုက်ပါ။ အကယ်၍ မိုးပြာမဟာဧကရာဇ်၊ ရူးသွပ်မဟာဧကရာဇ်နှင့် ယန်မဟာဧကရာဇ်တို့က တည်နေရာ ပြန်ပြောင်းရွှေ့လာမည်ဆိုလျှင် မည်သို့လုပ်မည်နည်း။ ကျန်းရီသည် ဟယ်နုန်ယင်းမှလွဲ၍ အားလုံးကို လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ထည့်လိုက်ပြီး ဝိညာဉ်တံလျှပ်အတတ်ကို သုံး၍ အရပ်မြင့်ကာ တုတ်ခိုင်သော ကိုယ်ရံတော်တစ်ယောက်အဖြစ် ပုံစံပြောင်းလိုက်၏။ ထို့နောက် သူ ဟယ်နုန်ယင်းနောက်မှလိုက်၍ ကောင်းကင်ကိုးပါးမြို့၏ တည်နေရာပြောင်းရွှေ့အစီအရင်ဆီသို့ သွားလိုက်လေသည်။
ဟယ်နုန်ယင်း၏မျက်နှာကို ပဝါတစ်ထည်နှင့် ကာထားသည်။ ထို့ကြောင့် အခြားသူများက သူမ၏မျက်နှာကို မမြင်နိုင်ပေ။ သို့သော် သူမ၏ ကိုယ်လုံးကိုယ်ပေါက်က လှပပြီး သူမ၏အရှိန်အဝါက ထူးခြားရာ သာမန်လူများသည် သူမကို ကောင်းကင်စိတ်အာရုံနှင့် အာရုံခံရန် မဆိုထားနှင့် အထင်ပင်မသေးဝံ့ကြပေ။ သူမသည် တည်နေရာပြောင်းရွှေ့အစီအရင်ဆီသို့ လျှောက်သွားပြီးနောက် အမိန့်ပြားတစ်ခုကို ထုတ်ပြလိုက်၏။ ထိုအခါ တည်နေရာပြောင်းရွှေ့အစီအရင်ကို စောင့်ကြပ်နေသော တပ်မှူးက ချက်ချင်း လက်ဆုပ်ကာ ဦးညွှတ်လိုက်သည်။
“နှုတ်ဆက်ပါတယ် သခင်မလေးဟယ်”
ဟယ်နုန်ယင်း၏ လက်ထဲရှိ အမိန့်ပြားက ဟယ်မျိုးနွယ်၏ မျိုးဆက်ခွဲတစ်ခုမှ သခင်မလေးတစ်ယောက်၏ အမိန့်ပြားဖြစ်သည်။ မည်သူက ဟယ်မျိုးနွယ်မှ သခင်မလေးတစ်ယောက်ကို အပြစ်ပြုဝံ့မည်နည်း။
သို့ဖြင့် ကျန်းရီနှင့် ဟယ်နုန်ယင်းတို့ ယန်ကိုးပါးမြို့ဆီသို့ အလွယ်တကူ တည်နေရာပြောင်းရွှေ့နိုင်လိုက်သည်။ ယန်ကိုးပါးမြို့ထဲမှ အစစ်အဆေးများက ပိုတင်းကြပ်နေ၏။ ဟယ်နုန်ယင်းသည် ကျန်းရီကို ခေါ်၍ အထက်ဘုံ(မြေဘုံ)နှင့် ချိတ်ဆက်ထားသည့် တည်နေရာပြောင်းရွှေ့အစီအရင်ဆီသို့ သွားလိုက်သည်။ ထိုအစီအရင်မှ အစောင့်တပ်မှူးက အမိန့်ပြားကို စစ်ဆေးလိုသည်ဟု ဆို၏။ ဟယ်နုန်ယင်းက အမိန့်ပြားကို ပစ်ပေးလိုက်ရာ တပ်မှူးက ၎င်းကို ဂရုတစိုက် စစ်ဆေးလိုက်သည်။ ထို့နောက် သူ ကျန်းရီကို ကြည့်ကာ မေးလိုက်လေသည်။
“သူ့ရဲ့ အမိန့်ပြားကရော ဘယ်မှာလဲ။ ကျေးဇူးပြုပြီး ကျုပ်ကို ပြပါ”
“ဟွန်း...”
ကျန်းရီက မတုံ့ပြန်နိုင်သေးခင်မှာပင် ဟယ်နုန်ယင်းက နှာမှုတ်၍ ပြန်ပြောလိုက်၏။
“ရှင့်လို တပ်မှူးလေးတစ်ယောက်က အဲ့လောက်စိတ်ကြီးဝင်နေတာလား။ ဘာလို့ ရှင်တို့ရဲ့ သခင်မလေးမူဖုန့်ရွှေကို ခေါ်လာပြီး ကျွန်မဘယ်သူဆိုတာ မစစ်ဆေးခိုင်းရတာလဲ။ ရှင်က ဘယ်တပ်ကလဲ။ ရှင့်ရဲ့ စစ်သေနာပတိရဲ့ နာမည်က ဘယ်သူဘဲ။ သူ့ကို ထွက်လာခိုင်းလိုက်ပါ”
“သခင်မလေး... ကျေးဇူးပြုပြီး စိတ်လျှော့ပါ။ ဒါက ထုံးစံအတိုင်း စစ်ဆေးရတာပါ”
ဟယ်နုန်ယင်း၏ကိုယ်ထဲတွင် တော်ဝင်သွေးများ ပြည့်နေ၏။ သူမသည် နှစ်ပေါင်းများစွာ အဆင့်အတန်းမြင့်မြင့် နေခဲ့သူဖြစ်ရာ သူမ၏အငွေ့အသက်နှင့်ပင် ထိုတပ်မှူးလေးမှာ အလွန်ကြောက်ရွံ့၍ ဇောချွေးများ ပြန်လာလေသည်။ ထို့နောက် သူ ခပ်သွက်သွက် လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“တည်နေရာပြောင်းရွှေ့အစီအရင်ကို နှိုးလိုက်”
“သခင်မလေးဟယ်က အံ့ဩစရာပဲ”
ကျန်းရီသည် ဟယ်နုန်ယင်းထံ အသံပို့လွှတ်၍ ချီးကျူးလိုက်၏။ ဟယ်နုန်ယင်း လှည့်ကြည့်လိုက်သော မျက်နှာထားက ကျန်းရီကို ရင်ခုန်မြန်သွားစေသည်။ ထိုစဉ် တည်နေရာပြောင်းရွှေ့အစီအရင် နိုးလာသဖြင့် ကျန်းရီ၏ မျက်လုံးအရှေ့တွင် အဖြူရောင်အလင်း လင်းလက်သွားသည်။ နာရီနှစ်ဆယ်ကျော်ကြာပြီးနောက် သူ ခြေထောက်အောက်တွင် အောက်ခံအမာကို ခံစားလိုက်ရပေသည်။
ကျန်းရီ မျက်လုံးဖွင့်၍ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်၏။ ချက်ချင်းပင် သူ သက်ပြင်းချလိုက်သည်။ သူတို့က ကောင်းကင်ဝိညာဉ်ကျွန်းကို ရောက်လာခြင်းပင်။ ယခင်တွင် သူသည် အဆိပ်ဝိညာဉ်နှင့် ချီချင်ချန်တို့ကို ခေါ်၍ ဤနေရာသို့ လာခဲ့ဖူးသည်။ ထိုစဉ်က သူတို့ အုပ်ချုပ်သူအဆင့် သိုင်းသမားများ၏ ဝန်းရံမှုကို ခံခဲ့ကြရသည်။ နောက်ဆုံးတွင် ချီချင်ချန်နှင့် အဆိပ်ဝိညာဉ်တို့ လွတ်မြောက်သွားခဲ့သည်။ ကျန်းရီကမူ တောက်လန်ကြောင့် နတ်ဘုရားရှောင်တိမ်းအဆောင်ကို သုံး၍ မိုးပြာဒေသထဲ တည်နေရာပြောင်းရွှေ့သွားခဲ့ရလေသည်။
ကောင်းကင်ဝိညာဉ်ကျွန်းမှာ ယခင်ကအတိုင်းပင် ရှိနေသေးသည်။ ထိုမှ တည်နေရာပြောင်းရွှေ့အစီအရင်ကို အုပ်ချုပ်သူအဆင့် သိုင်းသမားဆယ်ယောက်က စောင့်ကြပ်နေကြသည်။ ထိုအခိုက်တွင် ကျန်းရီ လုံးဝ စိတ်လှုပ်ရှားမနေပါ။ ထိုအစား သူသည် နေရာဟောင်းသို့ ပြန်လာရသည့်အတွက် စိတ်သက်တောင့်သက်သာ ခံစားနေရပေသည်။
“သွားကြစို့...”
ဟယ်နုန်ယင်းသည် ကျန်းရီက မိန်းမောနေသည်ကို တွေ့၍ သူ့ထံ အသံပို့လွှတ်လိုက်၏။ ထို့ကြောင့် ကျန်းရီ ဟယ်နုန်ယင်းအနောက်မှ ခပ်သွက်သွက်လိုက်ကာ တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုဆီ သွားလိုက်သည်။ တည်နေရာပြောင်းရွှေ့အစီအရင်ဆီ ရောက်သောအခါ ဟယ်နုန်ယင်း လေသံတိုးတိုးနှင့် ပြောလိုက်လေသည်။
“တည်နေရာပြောင်းရွှေ့အစီအရင်ကို နှိုးလိုက်။ ကျွန်မတို့ မြေဘုံကို သွားမယ်”
“တောင်းပန်ပါတယ်...”
အုပ်ချုပ်သူအဆင့် အဘိုးအိုတစ်ယောက်က မျက်လုံးဖွင့်၍ ဟယ်နုန်ယင်းကို ကြည့်လိုက်၏။ ထို့နောက် သူ ထရပ်ကာ လက်ဆုပ်၍ ပြောလိုက်လေသည်။
“သခင်မလေး... ကျုပ်တို့ ဒီကနေပြီး ကောင်းကင်ဘုံဆီပဲ တည်နေရာပြောင်းရွှေ့ပေးလို့ရမယ်လို့ အရှင်တောက်နူက အမိန့်ပေးထားပါတယ်။ အခုလောလောဆယ် ကျုပ်တို့ မြေဘုံဆီ တည်နေရာပြောင်းရွှေ့ မပေးနိုင်ပါဘူး”
“တောက်နူကလား”
ကျန်းရီ၏ မျက်ဝန်းများ အေးစက်သွား၏။ သူ့ရင်ထဲတွင် ဖိနှိပ်ထားရသော ဒေါသများလည်း အမောက်ထောင်လာသည်။ ထို့ကြောင့် သူ့ သတ်ဖြတ်အရှိန်အဝါက ထိုးထွက်သွားလေသည်။ အချိန်အတော်ကြာခဲ့ပြီဖြစ်သော်လည်း တောက်နူက သူ့ကို အနှောင့်အယှက်ပေးနေဆဲလော။ ကျန်းရီက ပြုသမျှနုမည့်သူတစ်ယောက်ဟု သူတို့က ထင်သလော။
ဝှစ်...
ကျန်းရီသည် မည်သည့် စည်းမျဉ်းဆန်းကြယ်စွမ်းရည်မှ မထုတ်ဘဲ မိုးမြေစွမ်းအား သုံး၍သာ ထိုအဘိုးအို၏ ပါးကို လျှပ်စီးအလျင်ဖြင့် ရိုက်ချလိုက်သည်။
ဖြန်း...
ကျန်းရီက မည်မျှသန်မာပါသနည်း။ သူ၏ရုပ်ခန္ဓာက တောက်နူ၏ရုပ်ခန္ဓာနှင့်ပင် ယှဉ်နိုင်သည်။ အကယ်၍ သူသာ အားကုန်သုံးလိုက်မည်ဆိုလျှင် ထို မထင်မရှား အုပ်ချုပ်သူအဆင့် သိုင်းသမားကို လက်ဝါးချက်တစ်ချက်တည်းနှင့် သတ်ပစ်နိုင်ပေသည်။ ကျန်းရီက ညှာခဲ့သော်လည်း ထိုအဘိုးအို၏ သွားများက အစိတ်စိတ်အမွှာမွှာ ကြွေကျသွားသည်။ သူ့မျက်နှာကလည်း ပုံပျက်သွားက သူ ဂုံနီအိတ်တစ်အိတ်လို လွင့်ပျံထွက်သွားလေသည်။
ဝှစ်...ဝှစ်...ဝှစ်...
အခြား အုပ်ချုပ်သူအဆင့် သိုင်းသမား ကိုးယောက် တုန်လှုပ်သွားပြီး အားလုံး ပျံတက်၍ ကျန်းရီကို တိုက်ခိုက်ရန် ဟန်ပြင်လိုက်ကြ၏။ ကျန်းရီသည် တုတ်ခိုင်သူတစ်ယောက်အဖြစ် ပြောင်းလဲ၍ လူကိုးယောက်ကို သားရဲတစ်ကောင်အလား ကြည့်ကာ အေးစက်စက်ပြုံး၍ ပြောလိုက်သည်။
“ခင်ဗျားတို့ တိုက်ရဲလား။ ကျွန်တော် တစ်ယောက်တည်းနဲ့ ခင်ဗျားတို့ မျိုးနွယ်လေးခုစလုံးကို ဖျက်ဆီးပစ်နိုင်တယ်။ ခင်ဗျားတို့က အရှင်တောက်နူရဲ့ အမိန့်တွေကိုတော့ နာခံတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ဟယ်မျိုးနွယ်က သခင်မလေးရဲ့ အမိန့်ကိုတော့ မနာခံဘူးပေါ့”
ဟယ်နုန်ယင်း၏ အမိန့်ပြားက လင်းလက်လာသောအခါ အုပ်ချုပ်သူအဆင့် သိုင်းသမား ကိုးယောက်၏ သတ်ဖြတ်အရှိန်အဝါများ ရုတ်ခြည်း အားနည်းသွား၏။ သူတို့သည် တောက်မျိုးနွယ်ကိုရော ဟယ်မျိုးနွယ်ကိုပါ အပြစ်မပြုနိုင်ကြပေ။ ကြည့်ရသည်မှာ ထိုသခင်မလေးနောက်မှ လူက ဟယ်မျိုးနွယ်မှ အကြီးအကဲတစ်ယောက်ဖြစ်ပုံပင်။ သူ့တိုက်ခိုက်စွမ်းအားက သူတို့အားလုံးထက် ကြီးပေသည်။
သို့သော် တောက်နူက အမိန့်ပေးထားပြီဖြစ်ရာ ထို အုပ်ချုပ်သူအဆင့် သိုင်းသမားများက မည်သို့ မလိုက်နာဘဲ နေဝံ့မည်နည်း။ အဘိုးအိုတစ်ယောက်က အံကြိတ်၍ ပြောလိုက်သည်။
“သခင်မလေးဟယ်... ကျုပ်တို့မှာလည်း တခြားရွေးချယ်စရာ မရှိပါဘူး။ ကျုပ်တို့ သခင်မလေးတို့ကို မြေဘုံဆီ သွားခွင့်ပေးလိုက်မယ်ဆိုရင် အရှင်တောက်နူကို အပြစ်ပြုလိုက်သလို ဖြစ်သွားပါလိမ့်မယ်”
“ရှင်တို့က ဘာလို့ သူ့ကို အပြစ်မပြုရဲရတာလဲ”
ဟယ်နုန်ယင်းက အေးစက်စက် ပြော၍ လက်ထဲမှ အမိန့်ပြားကို ပစ်ပေးလိုက်သည်။
“တကယ်လို့ မျိုးနွယ်ခေါင်းဆောင်နူက ရှင်တို့ကို ပြဿနာရှာရင် သူ့ကို အဲ့အမိန့်ပြားပေးလိုက်။ အားလုံးအတွက် ကျွန်မ တာဝန်ခံမယ်”
“အဲ့လိုဆိုလည်း ကောင်းပါပြီ”
ထို အုပ်ချုပ်သူအဆင့် သိုင်းသမားက အမိန့်ပြားကို ဖမ်းလိုက်ပြီး ၎င်းက အမှန်ပင် ဟယ်မျိုးနွယ်မှဖြစ်ကြောင်း အတည်ပြုလိုက်သည်။ ထို့နောက် သူ ရွေးချယ်စရာ မရှိတော့ဘဲ တည်နေရာပြောင်းရွှေ့အစီအရင်ကို နှိုးလိုက်ရသည်။ မကြာခင်မှာပင် အဖြူရောင်အလင်း လင်းလက်လာပြီး ကျန်းရီနှင့် ဟယ်နုန်ယင်းတို့ တည်နေရာပြောင်းရွှေ့အစီအရင်ထဲမှနေ၍ ပျောက်ကွယ်သွားကြသည်။
ထိုတည်နေရာပြောင်းရွှေ့အစီအရင်က ကျန်းရီတို့ကို မိစ္ဆာချေဖျက်စစ်တပ်ဆီသို့ တည်နေရာပြောင်းရွှေ့ပေးသည်။ အဘယ်ကြောင့်ဆိုသော် မိစ္ဆာချေဖျက်စစ်တပ်မှနေ၍ မည်သည့်ဘုံသို့မဆို သွားရန် လွယ်ကူ၍ပင်။ တည်နေရာပြောင်းရွှေ့နေရင်း ကျန်းရီ ရင်ခုန်စိတ်လှုပ်ရှားနေသည်။ သူ စုလောရွှယ်၊ ရီချန်နှင့် အခြားသူများကို တွေ့ရပေတော့မည်။ သူ့ အိပ်မက်များအား လွှမ်မိုးထားသူများကို သူ တွေ့ရတော့မည်။ ထို့ကြောင့် သူ မည်မျှစိတ်လှုပ်ရှားနေကြောင်း တွေးကြည့်နိုင်ပေသည်။
ရွှီး...
နောက်ဆုံးတွင် ကျန်းရီ အောက်ခံအမာကို နင်းမိလိုက်၏။ ကျန်းရီသည် ချက်ချင်းပင် ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။ ထိုစဉ် ဟယ်နုန်ယင်းက အသံပို့လွှတ်လာသည်။
“ကျန်းရီ... ရှင် သုံးရက်အတွင်း အပြီးလုပ်တာ ပိုကောင်းလိမ့်မယ်။ တကယ်လို့ တစ်ယောက်ယောက်က ကျွန်မရဲ့ အမိန့်ပြားကို စစ်ဆေးမယ်ဆိုရင် ကျွန်မတို့အကြောင်း ပေါ်သွားလိမ့်မယ်။ တကယ်လို့ မိုးပြာမဟာဧကရာဇ် ရောက်လာရင် ကျွန်မတို့ ပြဿနာတက်လိမ့်မယ်။ ကျွန်မ ရှင့်ကို ဒီနေရာမှာ သုံးရက်စောင့်နေမယ်။ ရှင် ပြီးတာနဲ့ ကျွန်မကို ပြန်လာရှာပါ”
ဝှစ်...
မိစ္ဆာချေဖျက်စစ်တပ်မှနေ၍ လူတစ်ယောက် ပျံထွက်လာ၏။ ထိုလူက ဟယ်နုန်ယင်းထံ ပြန်လာပြီး အဝေးမှနေ၍ပင် ပြုံးကာ ပြောလိုက်သည်။
“သခင်မလေးဟယ်... သခင်မလေးဟယ် ရောက်လာတာက ကျုပ်တို့ မိစ္ဆာချေဖျက်စစ်တပ်ကို ဂုဏ်တက်စေပါတယ်”
ထိုလူမှာ ကျန်းရီ၏ မိတ်ဆွေဟောင်းကြီး ကောင်းကင်ဘုရင်လုံပင်။ သို့သော် ကောင်းကင်ဘုရင်ဝူကိုမူ မတွေ့ရချေ။ ကောင်းကင်ဘုရင်လုံက ဟယ်နုန်ယင်းကို မှတ်မိကြောင်း ထင်ရှားသည်။ သို့မဟုတ် ဟယ်နုန်ယင်းက တမင် မှတ်မိခံလိုက်ခြင်းဖြစ်မည်။
ထင်ထားသလိုပင်...
ဟယ်နုန်ယင်းက ခပ်ရေးရေးပြုံးကာ ပြန်ပြောလိုက်သည်။
“နှုတ်ခွန်းဆက်ပါတယ် ကောင်းကင်ဘုရင်လုံ။ ကျေးဇူးပြုပြီး စစ်တပ်ကို ထိန်းချုပ်ထားလိုက်ပါ။ သုံးရက်အတွင်း ဘယ်သူမှ စစ်တပ်ထဲက ထွက်ခွင့်မရှိသလို သတင်းပို့ခွင့်လည်း မရှိဘူး”
“ကောင်းပါပြီ”
ကောင်းကင်ဘုရင်လုံက ခေါင်းညိတ်၍ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“လုံရီ... စစ်စခန်းတစ်ခုလုံးကို ပိတ်ချလိုက်။ ဘယ်သူမှ အပြင်ထွက်ခွင့်မရှိသလို၊ သတင်းပို့ခွင့်လည်း မရှိဘူး”
ဝှစ်...ဝှစ်...
ငါးမိနစ်အတွင်းမှာပင် တည်နေရာပြောင်းရွှေ့အစီအရင်များကို ပိတ်ချပြီးသွား၏။ တပ်သားအားလုံးလည်း အသင့်အနေအထားနှင့် စောင့်ကြပ်နေကြ၏။ ထို့ပြင် မိစ္ဆာချေဖျက်တောင်ကြား၏ စွမ်းအားအကြီးဆုံး အကာအရံကိုလည်း နှိုးလိုက်ကြသည်။
“ကောင်းပြီ...”
ဟယ်နုန်ယင်းသည် ကောင်းကင်ဘုရင်လုံက စစ်စခန်းကို ပိတ်ချပြီးသည်အထိ စောင့်ပြီးမှ ကျန်းရီကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“ကောင်းကင်ဘုရင်လုံက ကျွန်မရဲ့ မိသားစုဝင်တစ်ယောက်ပဲ။ ရှင် မစိုးရိမ်ပဲ လုပ်စရာရှိတာကို လုပ်ပါ”
“ကျေးဇူးအများကြီးတင်ပါတယ် သခင်မလေးဟယ်”
ကျန်းရီ လက်ဆုပ်ကာ ပြောလိုက်ပြီးနောက် ကောင်းကင်ဘုရင်လုံကို လှမ်းကြည့်လိုက်၏။
“ကောင်းကင်ဘုရင်လုံ.. မတွေ့ရတာ ကြာပြီ။ ကျွန်တော်ဘာလို့ ကောင်းကင်ဘုရင်ဝူကို မတွေ့ရတာလဲ”
“မတွေ့တာကြာပြီတဲ့လား”
ကောင်းကင်ဘုရင်လုံ အတန်ငယ် အံ့အားသင့်သွား၏။ သူ ကျန်းရီ၏ ပြုံးနေသော မျက်ဝန်းများနှင့် မရင်းနှီးသောမျက်နှာကို ကြည့်လိုက်၏။ ထို့နောက် စိတ်ဝိညာဉ်အရှိန်အဝါကို အာရုံခံကြည့်သည်။ ပြီးလျှင် ကောင်းကင်ဘုရင်လုံ နားမလည်နိုင်စွာနှင့် မျက်တောင်ပုတ်ခတ်၍ မေးလိုက်လေသည်။
“အဲ့ဒါက... ကျုပ် မင်းကို ရင်းနှီးတယ်လို့ ခံစားရသလို ဘာလို့ မရင်းနှီးဘူးလို့လည်း ခံစားနေရတာလဲ”
“ဟားဟားဟား...”
ကျန်းရီ၏ ခန္ဓာကိုယ်က အဖြူရောင်အလင်း လင်းလက်လာ၏။ သူ့ပုံစံတစ်ခုလုံး ပြောင်းလဲသွားသည်။ သူသည် တုတ်ခိုင်သူတစ်ယောက်အဖြစ်မှနေ၍ ကျစ်လစ်ခံ့ညားသော သခင်လေးတစ်ယောက် ဖြစ်သွားပေသည်။
“မင်း... မင်းက ကျန်းရီလား”
ကောင်းကင်ဘုရင်လုံ တစ်ကိုယ်လုံး တုန်ယင်သွား၏။ သူ့မျက်ဝန်းများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်သွားသည်။ မိစ္ဆာချေဖျက်စစ်တပ်ထဲမှ စွမ်းအားကြီး သိုင်းသမားများစွာသည် ကောင်းကင်စိတ်အာရုံများသုံး၍ ကျန်းရီကို စူးစမ်းနေကြသည်။ ထိုအခိုက်တွင် စစ်စခန်းတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားသည်။
ထိုမိစ္ဆာကြယ်ကျန်းရီက အမှန်တကယ် ပြန်လာပြီလော။ ထို့ပြင် သူက ပေါ်ပေါ်ထင်ထင် ပြန်လာဝံ့သည်လော။
***