← Chapters

ပြန်လည်တွေ့ဆုံကြပြီ

Vol. 137 Ch. 1911

ပြန်လည်တွေ့ဆုံကြပြီ

Vol. 137 Ch. 1911

ကျန်းရီ အထက်ဘုံ(မြေဘုံ)မှ ထွက်လာခဲ့သည်မှာ နှစ်အနည်းငယ် ရှိခဲ့ပြီဖြစ်သည်။

အချိန်သိပ်မကြာသေးသော်လည်း ကျန်းရီ၏အမည်က မြေဘုံတစ်ခွင်လုံးတွင် ကျော်ကြားနေပေပြီ။ ရံဖန်ရံခါဆိုသလို ကျန်းရီ၏ အမည်က မြေဘုံတစ်ခွင်လုံး၌ ရေပန်းစားခဲ့သည်။ ထို့ပြင် တစ်ကြိမ်ထက် တစ်ကြိမ် ပို၍ ကျော်ကြားလာပေသည်။

ကျန်းရီ မြေဘုံသို့ တက်လာခဲ့သည်မှာ မကြာသေးပါ။ သို့သော် သူက တက်သစ်စကြယ်တစ်ပွင့်အလား ထွန်းတောက်လာခဲ့သည်။ အချိန်တိုအတွင်း အမည်တစ်လုံး ရလာခဲ့သည်။ ထို့နောက် သူ သူတော်စင်ဝိညာဉ်ဘုံကို သွားခဲ့သလို ကောင်းကင်ဘုရင်ယိုကိုလည်း သတ်ခဲ့သည်။ မြေဘုံတစ်ခုလုံး တုန်လှုပ်သွားခဲ့ရသည်။

ထို့နောက်တွင် ကျန်းရီသည် မိစ္ဆာသတ်ဖြတ်နန်းတော်သို့ သွား၍ ရတနာရှာဖွေခဲ့၏။ ထိုအခါမှစ၍ သူ ပြန်မလာခဲ့တော့ပေ။ သူ ကောင်းကင်ဘုံရှိ မျိုးနွယ်ကြီးများမှ သခင်လေးများနှင့် သခင်မလေးများကို မိစ္ဆာသတ်ဖြတ်နန်းတော်ထဲတွင် သတ်ဖြတ်ခဲ့သည်။ ယင်းနောက် ကောင်းကင်ဘုံသို့ သွားခဲ့သည်။ ထိုအခါ မြေဘုံမှ လူအားလုံးသည် ထို ပါရမီရှင်ကျန်းရီတစ်ယောက် ကျရှုံးတော့မည်ဟု တွေးခဲ့ကြသည်။ သို့သော် ကျန်းရီက အားလုံး၏ အတွေးကို ထပ်ခါ ထပ်ခါ ဖျက်ဆီးပစ်ခဲ့ပေသည်။

သိမ်းငှက်စိမ်းဘုရင်က သူ ကျန်းရီလောက် မတော်ပါဟု ဝန်ခံလိုက်‌တော့မှ အားလုံးသည် ထိုမိစ္ဆာလူငယ်က သူတို့ တစ်သက်အတွင်း မရောက်နိုင်သည့် အမြင့်သို့ ရောက်နေပြီဖြစ်ကြောင်း နားလည်သွားကြလေသည်။

မြေဘုံတွင် အကြိမ်ကြိမ် ပြဿနာရှာခဲ့သော လူငယ်က နောက်ဆုံးတွင် ပြန်လာပေပြီ။ သူက စွမ်းအားထုတ်မပြသော်လည်း၊ သူ့ခန္ဓာကိုယ်က တုတ်ခိုင်မနေသော်လည်း လူတိုင်း သူက ရှိန်စရာကောင်းသည်ဟု ခံစားနေကြရသည်။ သူတို့အရှေ့တွင် မိုးပြာမဟာဧကရာဇ် ရပ်နေသကဲ့သို့ပင်။ ထို့ကြောင့် သူတို့ ဦးညွှတ်အရိုအသေပေးလိုစိတ် ပေါက်လာကြသည်။ ကောင်းကင်ဘုရင်လုံပင် ကျန်းရီကို တည့်တည့်မကြည့်ရဲပေ။

ရွှီး...ရွှီး...

ကျန်းရီသည် ကောင်းကင်ဘုရင်လုံက မှင်တက်စွာ ရပ်နေပြီး မည်သို့မှ ပြန်မပြောသော်လည်း အပြစ်မတင်ပါ။ သူ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ကို ထုတ်၍သာ ရီဖျောင်ဖျောင်၊ ယွင်ပင်းနှင့် သိမ်းငှက်ဘုရင်လေးတို့ကို အပြင်ထုတ်လိုက်သည်။ ယွင်ပင်းထံမှ သတင်းပေါက်ကြားသွားမည်စိုး၍ ကျန်းရီ သူမကို ကမ္ဘာဦးကောင်းကင်ဘုံတွင် မထားခဲ့ခြင်းဖြစ်သည်။ သူ ဖုန့်နီ၊ ကော့ချန်ဘုရင်နှင့် ထျန်းဖုန့်ဧကရာဇ်တို့ကိုလည်း အပြင်ထုတ်လိုက်သည်။

“ဖုန့်နီ၊ ကော့ချန်ဘုရင်နဲ့ သခင်မလေးယွင်ပင်းတို့က သခင်မလေးဟယ်ကို အဖော်ပြုပြီး ဒီမှာ ရက်နည်းနည်းလောက် အနားယူနေလိုက်ကြပါ။ ကျွန်‌တော့်မှာ လုပ်စရာတွေ ရှိသေးတယ်။ အစ်ကိုသိမ်းငှက်ဘုရင်လေး... အစ်ကို ကျွန်တော်တို့ကို ဒီကနေပြီး မင်ရည်တောင်ပံဆန်းကြယ်နယ်မြေဆီ တိုက်ရိုက်တည်နေရာပြောင်းရွှေ့ပေးနိုင်လား”

ကျန်းရီက ဖုန့်နီ၊ ကော့ချန်ဘုရင်နှင့် ယွင်ပင်းတို့ကို ညွှန်ကြားပြီးနောက် သိမ်းငှက်ဘုရင်လေးကို မျှော်လင့်တကြီး ကြည့်လိုက်၏။ သိမ်းငှက်ဘုရင်လေးက ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။

“ဒါပေါ့...”

“အဲ့ဒါဆိုလည်း သွားကြမယ်”

ကျန်းရီသည် မင်ရည်တောင်ပံဆန်းကြယ်နယ်မြေထဲရှိ အားလုံးကို တွေ့ဆုံရန် မစောင့်နိုင်တော့ပေ။ ထိုအခိုက်တွင် ကောင်းကင်ဘုရင်လုံက အသိပြန်ကပ်နေပြီဖြစ်သည်။ သူ ခပ်သွက်သွက် လက်ဆုပ်ကာ ပြောလိုက်သည်။

“ကျန်းရီ..အဲ.. သခင်လေးကျန်း..အဲ.. အရှင်ကျန်း.. အရင်ဆုံး ကျုပ်ရဲ့နေရာမှာ ခဏလောက် အနားယူလိုက်ပါဦးလား”

ကောင်းကင်ဘုရင်လုံသည် ကျန်းရီကို တစ်ကြိမ်တည်း သုံးမျိုးပြောင်းခေါ်လိုက်၏။ သူ ထျန်းဖုန့်ဧကရာဇ်၊ ဖုန့်နီနှင့် ကော့ချန်ဘုရင်တို့ကို ကြောက်ရွံ့နေသည်။ ဖုန့်နီနှင့်‌ ကော့ချန်ဘုရင်တို့က ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများ ဖြစ်ကြပြီး ထျန်းဖုန့်ဧကရာဇ်က ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားဖြစ်သည်။ သို့သော် ထိုမိစ္ဆာသုံးယောက်က ကျန်းရီအနောက်တွင် ရပ်နေကြသည်လော။ သူနှင့် ပခုံချင်းယှဉ်၍ပင် မရပ်ဝံ့ကြသည်လော။ ကျန်းရီက မည်မျှစွမ်းအားကြီးပါသနည်း။

ကျန်းရီသည် ကောင်းကင်ဘုရင်လုံအပေါ် အမြင်ကြည်ပါသည်။ ထို့ကြောင့် သူ ခပ်ရေးရေးပြုံးကာ ပြောလိုက်သည်။

“ကောင်းကင်ဘုရင်လုံ... ခင်ဗျား အဲ့လောက် ယဉ်ကျေးနေစရာ မလိုပါဘူး။ ကျွန်တော်က မီးဖီးနစ်စစ်တပ်ရဲ့ ကြီးကြပ်စစ်သူကြီး ဖြစ်နေတုန်းပါပဲ။ ကျွန်တော်က ခင်ဗျားရဲ့ လက်အောက်ငယ်သားပါ”

“မခံယူဝံ့ပါဘူး.. မခံယူဝံ့ပါဘူး”

ကောင်းကင်ဘုရင်လုံ ထိတ်လန့်သွား၏။ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ပင် ကျန်းရီအနောက်တွင် ရပ်နေသည်ဖြစ်ရာ သူက သူ့ကိုယ်သူ မည်သို့ ကျန်းရီ၏ အထက်လူကြီးဟု ပြောဝံ့ပါမည်နည်း။ သို့ဆိုလျှင် သူ ထျန်းဖုန့်ဧကရာဇ်၏ သင်ခန်းစာပေးမှုကို ခံရနိုင်ပေသည်။

“ဟုတ်သား...”

မီးဖီးနစ်စစ်တပ်အကြောင်းကို ပြောသောအခါ ကျန်းရီ၏ စိတ်ထဲတွင် မိန်းမလှလေးတစ်ယောက်၏ မျက်နှာ ထွက်ပေါ်လာသည်။

“စစ်သူကြီးချီချင်ချန်ရော မြေဘုံထဲမှာပဲလား။ သူ အဆင်ပြေရဲ့လား”

“သူ ထွက်သွားပြီ...”

ကောင်းကင်ဘုရင်လုံက ခေါင်းခါ၍ ပြန်ပြောလိုက်သည်။

“ချီချင်ချန်၊ ခေါင်းဆောင်ဝူ၊ မြစ်ဖြူဘုရင်နဲ့ တခြား စွမ်းအားကြီး သိုင်းသမားတွေ အများကြီးက စစ်တပ်ထဲဝင်ဖို့ ကောင်းကင်ဘုံကို တက်သွားကြပါတယ်။ အဲ.. သူတို့သွားတာ ရက်နည်းနည်းပဲ ရှိသေးတယ်။ သခင်လေးကျန်းက နည်းနည်း နောက်ကျသွားတာပါ”

“ဪ...”

ကျန်းရီ၏ မျက်ဝန်းများထဲတွင် စိတ်ပျက်သည့်အရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။ သူ မေးလိုက်သည်။

“သူ ဘယ်စစ်တပ်ထဲ ဝင်မယ်ဆိုတာ ခင်ဗျားသိလား”

“ကျုပ် အခုထိ မသိရသေးပါဘူး”

ကောင်းကင်ဘုရင်ဝေက ခေါင်းခါလိုက်သည်။

“အခု အထက်ဘုံက လူတွေက တက်ပဲ တက်သွားလို့ရပါတယ်၊ ပြန်ဆင်းလာလို့ မရပါဘူး။ အဲ့ဒါကြောင့် ကျုပ်တို့ ကောင်းကင်ဘုံက အကြောင်းတွေကို ဘာမှ မသိရသေးပါဘူး”

“အဲ့ဒါဆိုလည်း ကောင်းပါပြီ”

ကျန်းရီသည် မေးခွန်းများ ထပ်မမေးလိုတော့ပေ။ သူ ကောင်းကင်ဘုံသို့ ပြန်တက်၍ အခြေအနေကို စုံစမ်းနိုင်သည် မဟုတ်ပါလား။ ထို့ကြောင့် သိမ်းငှက်ဘုရင်လေးကို ကြည့်၍သာ ပြောလိုက်လေသည်။

“အရင်ဆုံး မင်ရည်တောင်ပံဆန်းကြယ်နယ်မြေဆီ သွားကြတာပေါ့။ ထျန်းဖုန့်ဧကရာဇ်က ကျွန်တော်နဲ့အတူ လိုက်ခဲ့ပါ။ ကောင်းကင်ဘုရင်လုံ... ခင်ဗျား ကျွန်တော့်ရဲ့မိတ်ဆွေတွေကို စောင့်ရှောက်ထားပေးပါ”

ဟယ်နုန်ယင်းသည် အားလုံးကို ကောင်းကင်ဘုရင်လုံအနောက်သို့ လိုက်သွားရန် လက်ဟန်ပြလိုက်၏။ သူမတို့ ကောင်းကင်ဘုရင်လုံနှင့်အတူ ရဲတိုက်တစ်လုံးထဲ ဝင်သွားလိုက်ကြသည်။ ကျန်းရီလည်း သိမ်းငှက်ဘုရင်လေးနောက်မှလိုက်၍ အခြားရဲတိုက်တစ်လုံးထဲ ဝင်သွားလိုက်ကြသည်။ သူတို့ ရဲတိုက်ထဲ မရောက်ခင်တွင် ကောင်းကင်ဘုရင်လုံက အသံလှမ်းပို့လွှတ်လိုက်သည်။

“သခင်လေးကျန်း.. သခင်လေး မင်ရည်တောင်ပံဆန်းကြယ်နယ်မြေထဲမှာ သတိထားပါ။ အဲ့ဆန်းကြယ်နယ်မြေ အပြင်ဘက်မှာ ‌တောက်မျိုးနွယ်က ထောက်လှမ်းရေးတွေ ရှိနေသေးတယ်။ အဲ... သခင်လေး ‌ကောင်းမယ်ထင်သလိုသာ လုပ်ပါ”

‘တောက်မျိုးနွယ်က ထောက်လှမ်းရေးတွေလား’

ကျန်းရီ၏ မျက်ဝန်းများ တင်းမာသွား၏။ သူ မည်သို့မှ ပြန်မပြောဘဲ သိမ်းငှက်ဘုရင်လေး၊ ရီဖျောင်ဖျောင်၊ ထျန်းဖုန့်ဧကရာဇ်တို့နှင့်အတူ ရဲတိုက်ထဲ ဝင်သွားလိုက်သည်။ မကြာခင်မှာပင် ရဲတိုက်ထဲမှနေ၍ ကောင်းကင်ထက်သို့ အလင်းတန်းတစ်တန်း ထိုးတက်သွားပြီး သူတို့လေးယောက် တည်နေရာပြောင်းရွှေ့သွားကြလေသည်။

ဤတစ်ကြိမ် တည်နေရာပြောင်း‌ရွှေ့ရမှုက မကြာခဲ့ပါ။ လေးနာရီအတွင်းမှာပင် ကျန်းရီတို့ ဆန်းကြယ်နယ်မြေငယ်လေးတစ်ခုထဲတွင် ပြန်ပေါ်လာကြသည်။ ကျန်းရီ ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို အာရုံခံကြည့်ပြီးနောက် အတန်ငယ် အံ့ဩသွား၏။ ဤဆန်းကြယ်နယ်မြေက အလွန်သေး၏။ ထို့ပြင် ဝိညာဉ်စွမ်းအင်လည်း မရှိချေ။ သို့ဖြစ်ရာ ဤနယ်မြေက သေချာပေါက် မင်ရည်တောင်ပံဆန်းကြယ်နယ်မြေ မဟုတ်နိုင်ပေ။

‘တကယ်ကို ထောက်လှမ်းရေးတွေ ရှိနေတာပဲ’

ကျန်းရီသည် ဆန်းကြယ်နယ်မြေငယ်လေးထဲတွင် ပုန်းအောင်းနေကြသော ထောက်လှမ်းရေးအချို့ကို လျင်မြန်စွာ ရှာတွေ့သွား၏။ သူ သိမ်းငှက်ဘုရင်လေးကို ကြည့်လိုက်ပြီး မျက်နှာရိပ်မျက်နှာကဲနှင့် သူတို့က မင်ရည်တောင်ပံဆန်းကြယ်နယ်မြေထဲတွင် မဟုတ်ကြောင်း အတည်ပြုလိုက်သည်။ ထို့နောက် သူ အော်ပြောလိုက်လေသည်။

“ထျန်းဖုန့်ဧကရာဇ် သူတို့ကို အကုန်လုံးကို သတ်ပစ်လိုက်”

ဝှစ်...

ထျန်းဖုန့်ဧကရာဇ်က လေညင်းတစ်ချက်အလား ပျံထွက်သွား၏။ သူ လှစ်ခနဲ လှစ်ခနဲ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည်။ ထို‌ထောက်လှမ်းရေးများမှာ မည်သို့မှ မတုံ့ပြန်နိုင်သေးခင်တွင် အစိတ်စိတ်အမွှာမွှာ စုတ်ဖြဲခံလိုက်ကြရလေသည်။

“သွားကြစို့... ငါတို့ရဲ့အိမ်က သိပ်မဝေးတော့ဘူး”

သိမ်းငှက်ဘုရင်လေးသည် ထျန်းဖုန့်ဧကရာဇ် ပြန်ရောက်လာသည်အထိ စောင့်ပြီးနောက် ကျန်းရီကို ပြောလိုက်၏။ ထို့နောက် သူတို့ ဆန်းကြယ်နယ်မြေလေးထဲမှ ပျံထွက်လိုက်ကြသည်။ အပြင်ရောက်သောအခါ သိမ်းငှက်ဘုရင်လေး ထပ်မံမျက်မှောင်ကြုတ်သွားသည်။ အပြင်ဘက် အာကာသဟင်းလင်းပြင်ထဲတွင် ထောက်လှမ်းရေးများစွာ ပုန်းအောင်းနေကြပေသည်။

“သွားကြစို့...”

ကျန်းရီသည် ထိုထောက်လှမ်းရေးများကို လျစ်လျူရှုလိုက်၏။ သူ ဝိညာဉ်တံလျှပ်အတတ်ကိုပင် မသုံးဘဲ အရှေ့သို့သာ ပျံသန်းသွားလိုက်သည်။ ထျန်းဖုန့်ဧကရာဇ်သည် ကျန်းရီ အမိန့်ပေးစရာပင် မလိုဘဲ လှည့်ပတ်ပျံသန်း၍ ပုန်းအောင်းနေကြသော ထောက်လှမ်းရေးအားလုံးကို သတ်ပစ်လိုက်သည်။

“အစ်ကိုသိမ်းငှက်ဘုရင်လေး... မင်ရည်တောင်ပံဆန်းကြယ်နယ်မြေနားမှာရှိတဲ့ အစ်ကိုတို့ မျိုးနွယ်က ထောက်လှမ်းရေးတွေကို လှမ်းဆက်သွယ်ပြီး သူတို့ကို ပြန်ဆုတ်ခိုင်းလိုက်ပါ”

ကျန်းရီသည် တစ်ခဏမျှ တွေးတောပြီးနောက် သိမ်းငှက်ဘုရင်လေးကို ညွှန်ကြားလိုက်၏။ ထို့နောက် သူ အမိန့်ပေးလိုက်သည်။

“ထျန်းဖုန့်ဧကရာဇ်... ကီလိုမီတာငါးရာ ပတ်လည်အတွင်းက ထောက်လှမ်းရေးတွေ အကုန်လုံးကို ရှင်းပစ်လိုက်ပါ”

ထျန်းဖုန့်ဧကရာဇ် ပျံထွက်သွားသည်။ သိမ်းငှက်ဘုရင်လေးလည်း လျင်မြန်စွာ သတင်းပို့၍ သိမ်းငှက်စိမ်းဘုရင်ကို မင်ရည်တောင်ပံမျိုးနွယ်မှ ထောက်လှမ်းရေးအားလုံးကို ပြန်ခေါ်ထားရန် ပြောလိုက်သည်။ မဟုတ်လျှင် သူတို့မျိုးနွယ်မှ ထောက်လှမ်းရေးများက ထျန်းဖုန့်ဧကရာဇ် သတ်သည်ကို ခံရပေလိမ့်မည်။

ကျန်းရီနှင့် သိမ်းငှက်ဘုရင်လေးတို့ အေးချမ်းစွာ ပျံသန်းနေကြသည်။ ကီလိုမီတာငါးထောင် ပျံသန်းပြီးနောက် သူတို့အရှေ့ရှိ အာကာသဟင်းလင်းပြင်ထဲတွင် မီးခိုးရောင်မြူခိုးများ ထွက်ပေါ်လာသည်။ သိမ်းငှက်ဘုရင်လေးက ရှင်းပြ၏။

“ဒီမြူခိုးတွေက အစီအရင်တစ်မျိုးပါ။ သာမန် သိုင်းသမားတွေဆိုရင် အဲ့မြူခိုးထဲကို ဝင်လိုက်တာနဲ့ လမ်းပျောက်သွားပြီး အပြင်ကို အလိုလို ပြန်ရောက်သွားလိမ့်မယ်။ ပြီးတော့ အထဲမှာ အာကာသဝဲကတော့တွေလည်း ရှိတယ်။ သတိမထားဘူးဆိုရင် ဝဲကတော့တွေထဲ စုပ်ယူခံရလိမ့်မယ်”

“ဪ... မထူးဆန်းတော့ပါဘူး”

မင်ရည်တောင်ပံဆန်းကြယ်နယ်မြေမှာ မြေဘုံထဲရှိ အလျှို့ဝှက်ဆုံး ဆန်းကြယ်နယ်မြေဖြစ်သည်။ သာမန်လူများအနေဖြင့် ထိုဆန်းကြယ်နယ်မြေထဲ ဝင်နိုင်မည် မဟုတ်သလို ဝင်ဝံ့မည်လည်းမဟုတ်ပေ။ ကျန်းရီ သိမ်းငှက်ဘုရင်လေးနောက်မှ လိုက်သွားသည်။ သိမ်းငှက်ဘုရင်လေးက သူ့နယ်မြေကို အလွန်ရင်းနှီးသည်။ သူ လမ်းကြောင်းလည်း အကြိမ်ကြိမ် ပြောင်းနေသည်။ မြူခိုးထဲတွင် မိနစ်အနည်းငယ် ပျံသန်းပြီးနောက် ကျန်းရီ၏မျက်လုံးအရှေ့၌ ဧရာမဆန်းကြယ်နယ်မြေကြီးတစ်ခု ပေါ်လာလေသည်။

ဟူး...ဟူး...

ကျန်းရီ အသက်ရှူမြန်လာ၏။ သူ မျက်နှာသေနှင့် ဆက်ရှိနေသော်လည်း သူ့ခန္ဓာကိုယ်က အတန်ငယ် တုန်ယင်နေသည်။ နှစ်အနည်းငယ် ကြာခဲ့ပေပြီ။ အနိမ့်ဘုံတွင်ဆိုလျှင်မူ နှစ်ရာကျော်ပေလိမ့်မည်။ သူချစ်သော အမျိုးသမီးများက မည်သို့ ဖြစ်နေကြပြီနည်း။

ဝှစ်...

သိမ်းငှက်ဘုရင်လေးက ကျန်းရီကို ဦးဆောင်၍ ဆန်းကြယ်နယ်မြေထဲ ပျံဝင်သွား၏။ ဆန်းကြယ်နယ်မြေထဲ ရောက်သည်နှင့် ကျန်းရီ ကွဲပြားမှုကို ရုတ်ခြည်း ခံစားလိုက်ရသည်။ အထဲရှိ မိုးမြေစွမ်းအင်က အမှန်ပင် အပြင်ကထက် များစွာပို၍ သိပ်သည်းနေသည်။

ကျန်းရီ မိုးမြေစွမ်းအင်ကို အာရုံခံနေရန် မချိန်မရပါ။ သူ ကောင်းကင်စိတ်အာရုံကို အောက်ဘက်သို့ ပို့လွှတ်၍ သူ အိပ်မက်မက်ခဲ့ရသော လူအချို့ကို ရှာဖွေလိုက်သည်။

ဝှစ်...ဝှစ်...ဝှစ်...

တစ်ချိန်တည်းမှာပင် အောက်ဘက်မှနေ၍ လူများစွာ ပျံတက်လာကြ၏။ ကျန်းရီ၏ မျက်ဝန်းများက မျက်ဝန်းအချို့နှင့် ဆုံသွားသည်။ သူ တုန်ယင်သွားပြီး နှာမွှန်လာကာ မျက်ရည်ကျမလိုပင် ဖြစ်သွားလေသည်။

နှစ်ပေါင်းများစွာကြာပြီးနောက် သူတို့ ပြန်တွေ့ဆုံကြပေပြီ။

***

All Chapters