← Chapters

ကောင်းကင်ကြယ်တာရာနယ်နမိတ်သို့ ပြန်မည်

Vol. 137 Ch. 1912

ကောင်းကင်ကြယ်တာရာနယ်နမိတ်သို့ ပြန်မည်

Vol. 137 Ch. 1912

နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း ရီချန်တို့၏ ရုပ်ရည်သွင်ပြင်က များစွာ ပြောင်းလဲမသွားခဲ့ပါ။

ကောင်းကင်ဘုံတွင် လူများမှာ မသေမျိုးများ မဟုတ်ကြပါ။ ဝိညာဉ်အပိုင်းအစများသာ ရှင်သန်နိုင်ကြသည်။ လွန်စွာစွမ်းအားကြီးသော လူများ သို့မဟုတ် မိစ္ဆာများသာ ဝိညာဉ်အပိုင်းအစတစ်ခု ထားခဲ့ပြီး နှစ်ပေါင်းများစွာ ရှင်သန်နိုင်ပေသည်။ ဥပမာအားဖြင့် မဟာနတ်ဘုရားမျိုးနွယ်၏ အရှေ့ဧကရာဇ်နှင့် ချီဟုန်ကို ကြည့်ပါ။ ချီဟုန်၏ ဝိညာဉ်အပိုင်းအစက နှစ်ပေါင်းများစွာ ရှင်သန်နိုင်ခဲ့ခြင်းမှာ မီးအရင်းအမြစ်ကြောင့် ဖြစ်သည်။ မဟုတ်လျှင် သူ၏ ဝိညာဉ်အပိုင်းအစ ပျောက်ကွယ်သွားသည်မှာ ကြာလောက်ပေပြီ။

သို့သော် အနိမ့်ဘုံမှ လူများနှင့် ယှဉ်လျှင် အထက်ဘုံမှ လူများက မသေမျိုးများကဲ့သို့ပင်။ အထက်ဘုံအချိန် တစ်နှစ်က အနိမ့်ဘုံအချိန် နှစ်တစ်ရာနှင့် ညီမျှသည်။ အထက်ဘုံမှ စွမ်းအားကြီး သိုင်းသမားများက အလွယ်တကူ နှစ်ပေါင်းရာနှင့်ချီ၍ နေနိုင်ကြသည်။ အနိမ့်ဘုံအတွက်မူ ထိုအချိန်မှာ နှစ်ထောင်နှင့်ချီ၍ ဖြစ်သည်။ ထို့ပြင် အုပ်ချုပ်သူအဆင့်သို့ ရောက်သွားမည်ဆိုလျှင် မိမိ၏သက်တမ်းက ပိုရှည်သွားမည်ဖြစ်သည်။

ထိုမျှရှည်သောသက်တမ်းကြောင့် လူများသည် အလွယ်တကူ အိုမင်းမသွားကြပါ။ ဥပမအားဖြင့် မြေဘုံတွင် ကျန်းရီက လူငယ်တစ်ယောက်သာ ဖြစ်သေးသည်။ သူ့ရုပ်သွင်က လုံးဝမပြောင်းလဲသေးပေ။ ကွာခြားမှုဟူ၍ သူ့အရှိန်အဝါက ပို၍ ပို၍ ထူးခြားလာခြင်းသာ။ သူသည် ဓားအိမ်ထဲတွင် ထည့်ထားသော ရတနာဓားတစ်ချောင်း ကဲ့သို့ပင်။

အောက်ဘက်မှ ပျံတက်လာကြသော လူစုမှာ အတော်လေး သန်မာကြသည်။ သူတို့ထဲမှ အင်အားအနည်းဆုံးသူမှာ နတ်ဘုရားဧကရာဇ်အဆင့်တွင် ဖြစ်သည်။ ထို့ကြောင့် သူတို့၏ ရုပ်သွင်များက များစွာ ပြောင်းလဲမသွားကြပါ။ ကျန်းရှောင်နူက စက္ကူလွတ်တစ်ရွက်ကဲ့သို့ပင် ရှိနေသေးသည်။ သူမ၏ခံစားချက်များကို သူမ၏မျက်နှာပေါ်တွင် မြင်ရသည်။ သူမသည် ကြာပန်းဖြူလေးကဲ့သို့ သန့်စင်ပေသည်။

ရီချန်မှာ ပို၍ မိန်းမဆန်လာသည်။ သူမသည် သူမ၏ ငယ်ရွယ်မှုကို လုံးဝဆုံးရှုံးသွားပြီဖြစ်ပြီး ဣန္ဒြေရှိရှိနှင့် ဝံ့ထည်လှပနေသည်။ ယဉ်ရို့ပင်းမှာမူ များစွာ ပြောင်းလဲမသွားပါ။ သူမသည် ခြေဗလာနှင့်သာ ရှိနေသေးပြီး မွေးရနံ့ခပ်ရေးရေးတစ်ခုကို ထုတ်လွှတ်နေသည်။ သူမသည် တိတ်တဆိတ် ပွင့်လန်းနေသော လီလီပန်းလေးတစ်ပွင့်ကဲ့သို့ပင်။

စုလောရွှယ်မှာ အေးစက်နေဆဲဖြစ်၏။ သို့သော် ယင်းမှာ အပေါ်ယံသာ။ သူမ၏ မျက်ဝန်းများကမူ ရေခဲကိုပင် အရည်ဖျော်နိုင်လောက်အောင် ပူပြင်းနေပေသည်။ ကျန်းရီနှင့် စုလောရွှယ်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ထပ်မံ၍ တုန်ယင်သွားကြ၏။ စုလောရွှယ်၏ အကြည့်များမှနေ၍ သူမ၏စိတ်ဝိညာဉ်ထဲမှ အဆောင်အဆိပ်က အပြည့်အဝပျောက်ကွယ်သွားပြီဖြစ်ကြောင်း သိနိုင်သည်။ သူမက မှတ်ဉာဏ်များ ပြန်ရသွားပြီဖြစ်၍ သူမ၏မျက်ဝန်းများထဲတွင် မေ့၍မရနိုင်သော အချစ်များ ရှိနေပေသည်။

မိုယောင်မှာလည်း ယခင်ကကဲ့သို့ပင် တက်ကြွလန်းဆန်းနေသည်။ သူမ၏ ဝတ်စုံနှင့် သူမလက်ထဲမှ ကြာပွတ်က ကျန်းရီကို ဆောင်းဒေသထဲမှ အချိန်များကို ပြန်အမှတ်ရသွားစေသည်။

ရှောင်ဖေးက လှပသော မိန်းမပျိုလေးတစ်ယောက် ဖြစ်နေပေပြီ။ သူမ၏ မျက်လုံးဝိုင်းကြီးများထဲတွင် မျက်ရည်များက တလက်လက် တောက်ပနေသည်။ သူမသည် မှားယွင်းစွပ်စွဲခံနေရချိန်တွင် ဖခင်ကို တွေ့လိုက်ရသော ကလေးငယ်တစ်ယောက်ကဲ့သို့ပင်။

ကျန်ဝူရွှမ်းမှာ အလွန်ခံ့ညားနေသည်။ ချမ်ဝမ်ကွမ်းမှာလည်း ဘောလုံတစ်လုံးကဲ့သို့ ဝတုတ်နေဆဲပင်။ ကျန်းရိလျှိုမှာမူ လန်းဆန်းနေသည်။ သို့သော် သူတို့သည် ကျန်းရီကို ရှုပ်ထွေးသော မျက်ဝန်းများနှင့် ကြည့်နေကြ၏။

ဟွမ်ဖူထောင်ထျန်းမှာ ဓားတစ်ချောင်းကဲ့သို့ဖြစ်ပြီး သူ့အရှိန်အဝါက သိမ်းငှက်ဘုရင်လေး၏ အရှိန်အဝါနှင့်ပင် ဆင်တူသည်။ စစ်ထူရီရှောင်ကတော့ ပြုံးနေပေသည်။

ရင်းနှီးသော မျက်နှာများစွာ ရှိနေ၏။ ထိုအခိုက်တွင် ကျန်းရီ၏ နှလုံးသားတစ်ခုလုံး အရည်ပျော်ကျသွားသည်။ ပြီးခဲ့သော နှစ်များအတွင်း ခက်ခဲရုန်းကန်ခဲ့ရမှုများ အားလုံးက တန်သည်ဟုလည်း ခံစားလိုက်ရသည်။ ဒုက္ခအားလုံး၊ အပြစ်အားလုံးမှာလည်း တန်ပေသည်။ သူက သူချစ်ခင်ရသူများ၊ ညီနောင်များနှင့် မိတ်ဆွေများအတွက် ကြိုးစားခဲ့ခြင်း မဟုတ်ပါလား။

“အစ်ကိုကြီး...”

မြေခွေးလေး ရှောင်ဖေးမှာ ဟန်မဆောင်နိုင်ဆုံးပင်။ သူမသည် ငိုယိုကာ အပြေးလေးပျံသန်းလာသည်။ ထို့နောက် ကျန်းရှောင်နူ၊ နောက် မိုယောင်အာ။ ထိုနေရာတွင် လူများစွာ ရှိနေ၍ ယဉ်ရို့ပင်း၊ စုလောရွှယ်နှင့် ရီချန်တို့ကမူ ဣန္ဒြေထိန်းနေကြသည်။ သို့သော် ကျန်းရီက သူမတို့သုံးယောက်ကို လက်ဝှေ့ယမ်းပြလိုက်သောအခါ သူမတို့ မည်သည်ကိုမှ အရေးမစိုက်နိုင်ကြတော့ပေ။ သူမတို့သည် ထက်ရှသော ဓားများအလား ပျံသန်းသွားကြပြီး ကျန်းရီကို ဝိုင်းရံလိုက်ကြလေသည်။

“ဟားဟားဟား...”

ကျန်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်းတို့က ဟက်ဟက်ပက်ပက် ရယ်လိုက်ကြ၏။ သူတို့၏ မျက်ဝန်းများထဲတွင်လည်း မျက်ရည်စများ သီခိုနေကြသည်။ စစ်ထူရီရှောင်နှင့် ဟွမ်ဖူထောင်ထျန်းတို့မှာလည်း ကျန်းရီ ပြန်ရောက်လာသဖြင့် အလွန်ဝမ်းမြောက်နေကြသည်။ ယင်းက သူတို့အတွက် အကောင်းဆုံးသတင်းပင်။ ထိုသတင်းက လူသားမျိုးနွယ်၏ အောင်ပွဲများထက် အဆများစွာ ပိုကောင်းပေသည်။

“ကဲပါ.. ငိုမနေကြပါနဲ့တော့။ ငါ ပြန်လာပြီပဲ.. ငါ မင်းတို့အကုန်လုံးကို ခေါ်သွားမှာပါ။ နောက်ကျရင် မင်းတို့ ကြောက်ရွံ့ပြီး နေစရာ မလိုတော့ဘူး။ ဘယ်သူကမှ မင်းတို့ကို ထိခိုက်အောင် မလုပ်နိုင်တော့ဘူး။ ငါတို့ ဘယ်တော့မှ ထပ်မခွဲကြတော့ဘူး”

ကျန်းရီသည် အမျိုးသမီးတစ်စု၏ ပွေ့ဖက်မှုကို ခံထားရ၏။ သူမတို့အားလုံးက ဖြေမဆည်နိုင်အောင် ငိုကြွေးနေကြသည်။ သူ သူမတို့ကို တစ်ခဏမျှ နှစ်သိမ့်လိုက်ပြီးနောက် လူချင်းခွာလိုက်ကြသည်။ ထို့နောက် ခပ်လှမ်းလှမ်းတွင် ရပ်နေကြသော သိမ်းငှက်စိမ်းဘုရင်နှင့် သိမ်းငှက်ဧကရီတို့ကို သူ လှမ်းကြည့်လိုက်ပြီး လက်ဆုပ်၍ ပြောလိုက်လေသည်။

“ကျန်းရီ သိမ်းငှက်စိမ်းဘုရင်နဲ့ သိမ်းငှက်ဧကရီတို့ကို အရိုအသေပေးပါတယ်။ ကျွန်တော့်ရဲ့ ဇနီးတွေနဲ့ ညီနောင်တွေကို စောင့်ရှောက်ပေးခဲ့တဲ့အတွက် အရှင်တို့ နှစ်ယောက်ကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျန်းရီ အမြဲ ကျေးဇူးတင်နေမှာပါ”

သိမ်းငှက်စိမ်းဘုရင်သည် မျက်နှာသေနှင့် ကျန်းရီကို လျစ်လျူရှုလိုက်၏။ သူ့ဘေးမှ သိမ်းငှက်ဧကရီကတော့ ပြုံးကာ ပြောလိုက်သည်။

“ကျန်းရီ... ကျေးဇူးတင်နေစရာ မလိုပါဘူး။ ရှောင်ယွီက မင်းအပေါ်မှာ ဆုံးဖြတ်ချက်ချပြီးပါပြီ။ ငါတို့က မင်းကို ကိုယ့်သားတစ်ယောက်လို သဘောထားပြီးပါပြီ”

“ဟင်း...”

သိမ်းငှက်စိမ်းဘုရင်၏ ပုံစံက အလွန်စိတ်ကြီးဝင်နေပုံ ပေါ်နေ၍ ခပ်ဝေးဝေးတွင် ရပ်နေသော ထျန်းဖုန့်ဧကရာဇ်တစ်ယောက် အတန်ငယ် မကျေမနပ်ဖြစ်နေသည်။ သူ သိမ်းငှက်စိမ်းဘုရင်ကို လှမ်းကြည့်လိုက်ပြီး သူ၏ ဧကရာဇ်အဆင့် အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ ထိုအခါ မော်နေခဲ့သော သိမ်းငှက်စိမ်းဘုရင်၏ ဦးခေါင်းက ရုတ်ခြည်း ပုသွားသည်။ သိမ်းငှက်ဘုရင်လေးက သူ့ထံသို့ အသံပို့လွှတ်လိုက်သောအခါ သူ ကျန်းရီကို ကြည့်၍ အေးစက်စက် ပြောလိုက်သည်။

“ကောင်လေး... မင်း ငါ့ကို ကျေးဇူးတင်စရာ မလိုဘူး။ မင်း ကျေးဇူးတင်ချင်ရင် ရှောင်ယွီကိုတင်”

ကျန်းရီသည် သိမ်းငှက်စိမ်းဘုရင်၏ ပုံစံကို အရေးမထားပါ။ သူ ထျန်းဖုန့်ဧကရာဇ်၏ဘေးတွင် ရပ်နေသော ရီဖျောင်ဖျောင်ကို ညွှန်ပြကာ သူ့ဘေးမှလူများကို ပြောလိုက်သည်။

“လာကြ.. ငါ မင်းတို့ကို မိတ်ဆက်ပေးမယ်။ သူက ငါ့အမေ ရီဖျောင်ဖျောင်ပဲ”

“အမေလား”

ရီချန်နှင့် အခြားသူများ လန့်သွားကြပြီး မျက်ရည်များကို သွက်လက်စွာ သုတ်၍ ရီဖျောင်ဖျောင်အား ရိုရိုသေသေ ဦးညွှတ်လိုက်ကြသည်။ ကျန်းရီသည် ရီဖျောင်ဖျောင်ကို တစ်ယောက်ချင်းနှင့် မိတ်ဆက်ပေးသည်။ ရီဖျောင်ဖျောင်သည် ကျန်းရီထံတွင် မိန်းမအနည်းငယ်ရှိကြောင်း သိထားသော်လည်း သူမတို့နှင့် တစ်ခါမျှ ဆုံခွင့်မရခဲ့ပါ။ ထိုအခိုက်တွင် သူမသည် အလွန်ဝမ်းသာလွန်းသဖြင့် အားလုံးကို မလွှတ်တမ်း ပွေ့ဖက်ထားလိုက်လေသည်။

ကျန်းရီသည် သူမတို့အားလုံးကို မိတ်ဆက်ပေးပြီးနောက် ချမ်ဝမ်ကွမ်း၊ ကျန်ဝူရွှမ်းနှင့် အခြားသူများကို ကြည့်လိုက်၏။ ထို့နောက် သူ ပျံသန်းသွားပြီး လက်ဆန့်တန်း၍ ရင်ဘတ်ကိုဖွင့်ကာ ရယ်မောပြောဆိုလိုက်သည်။

“လာခဲ့ ဖက်တီး... ခေါင်းဆောင်ကို ဖက်ပါဦး”

“ဟားဟားဟား... ခေါင်းဆောင်”

ချမ်ဝမ်ကွမ်းသည် လျင်မြန်စွာ ပျံသန်းသွားပြီး ကျန်းရီကို ဝက်ဝံဖက် ဖက်လိုက်၏။ ထို့ကြောင့် ကျန်းရီတစ်ယောက် နောက်သို့ပင် ယိုင်ထွက်သွားသည်။ ကျန်ဝူရွှမ်း၊ စစ်ထူရီရှောင်နှင့် ဟွမ်ဖူထောင်ထျန်းတို့ကလည်း ပျံသန်းလာပြီး ကျန်းရီကို ဖက်လိုက်ကြသည်။ ကျန်းရီသည် ယွင်ဖေး၊ စစ်ထူရီနျန်နှင့် ကျန်းရိလျှိုတို့ကိုလည်း နှုတ်ဆက်လိုက်သည်။ ကျန်းရိလျှိုက သူ၏ အဖေတူ အမေကွဲ ညီအစ်ကို မဟုတ်ပါလား။

“အာ.. အစ်မကြီးဆည်းလည်း၊ ထန်ရွှယ်နဲ့ ထန်ယန်တို့က တက်လှမ်းမလာနိုင်ကြဘူးလား”

ကျန်းရီသည် လှည့်ပတ်ကြည့်လိုက်ပြီးနောက် အစ်မကြီးဆည်းလည်းနှင့် အမွှာနှစ်ယောက်ကို မမြင်၍ စိတ်ဝင်တစား မေးလိုက်၏။ ချမ်ဝမ်ကွမ်းက ခေါင်းခါ၍ ပြောလိုက်သည်။

“ဟင့်အင်း.. သူတို့ တက်မလာနိုင်ခဲ့ဘူး။ အစ်မကြီးဆည်းလည်းက ကောင်းကင်ကြယ်တာရာနယ်နမိတ်ထဲက မထွက်ချင်လို့ အရင်းအမြစ်တွေကို သုံးပြီး မကျင့်ကြံခဲ့တာ။ ပြီးတော့ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း ကောင်းကင်ကြယ်တာရာနယ်နမိတ်ကနေပြီး ဘယ်သူမှ တက်လှမ်းမလာနိုင်ခဲ့ဘူး။ အဲ့မှာ ဘာဖြစ်နေလဲတော့ ကျုပ် မသိဘူး”

“ဟင်...”

ကျန်းရီ ရင်တုန်သွား၏။ သူ အထက်ဘုံသို့ ရောက်သည်မှာ နှစ်အနည်းငယ်သာ ရှိသေးသော်လည်း အနိမ့်ဘုံတွင်မူ နှစ်ရာနှင့်ချီနေလောက်ပေပြီ။ အစ်မကြီးဆည်းလည်း၊ ထန်ရွှယ်နှင့် ထန်ယန်တို့က အရိုးစုများပင် ဖြစ်နေပြီလော။ ကျန်းယွင်ဟိုင်တစ်ယောက် အသက်မှ ရှိပါသေးသလော။

ထိုအကြောင်းကို တွေးမိသောအခါ ကျန်းရီ စိတ်မတည်ငြိမ်နိုင် ဖြစ်သွား၏။ သူ လှည့်ပတ်ကြည့်ကာ ချက်ချင်း ပြောလိုက်သည်။

“အခုလောလောဆယ် အလွမ်းမသယ်သေးဘဲ နေကြတာပေါ့။ နောက်ကျ ငါတို့မှာ အချိန်တွေ ရှိပါတယ်။ အရင်ဆုံး ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို ပြန်ကြမယ်”

“ကောင်းကင်ကြယ်တာရာနယ်နမိတ်လား”

ချမ်ဝမ်ကွမ်းတို့၏ မျက်လုံးများ အရောင်လက်သွားကြ၏။ သူတို့ကလေးများ၏ မျိုးနွယ်များက ကောင်းကင်ကြယ်တာရာနယ်နမိတ်တွင် ရှိသည်။ နှစ်ရာကျော် ကြာခဲ့ပြီဖြစ်ရာ ကောင်းကင်ကြယ်တာရာနယ်နမိတ်တွင် မည်သည့်အရာများ ဖြစ်ပျက်နေကြောင်း မည်သူ သိပါမည်နည်း။

ကျန်းရီက အဖွဲ့၏ ကျောရိုးပင်။ ထို့ကြောင့် သူ့ဆုံးဖြတ်ချက်ကို ကန့်ကွက်မည့်သူ၊ မေးခွန်းထုတ်မည့်သူ မရှိပါ။ သူက သူတို့ကို ခေါ်သွားလိုလျှင် သူတို့ ငြင်းနေကြမည် မဟုတ်ပေ။

ကျန်းရီ အဖွဲ့ကို ကြည့်လိုက်သည်။ မည်သူကမှ မငြင်းကြောင်း တွေ့သောအခါ သူ သိမ်းငှက်စိမ်းဘုရင်ကို ကြည့်၍ ပြောလိုက်လေသည်။

“သိမ်းငှက်စိမ်းဘုရင်... ကျွန်တော်နဲ့ မိုးပြာမဟာဧကရာဇ်ကြားက ရန်ငြိုးကို မဖြေရှင်းရသေးဘူး။ အဲ့တော့ ကျွန်တော့်ကြောင့် မင်ရည်တောင်ပံမျိုးနွယ်က အန္တရာယ်နဲ့ ကြုံရနိုင်တယ်။ ကျွန်တော် လုံးဝလုံခြုံတဲ့နေရာတစ်ခုကို သိထားပါတယ်။ ပြီးတော့ အဲ့က အရင်းအမြစ်တွေက ဒီကထက် ပိုများတယ်။ အရှင့်ရဲ့ မျိုးနွယ်တစ်ခုလုံးကို အဲ့ကို ရွှေ့လိုက်မယ်ဆိုရင် ဘယ်လိုပါလဲ”

“အဲ့ဒါက...”

သိမ်းငှက်စိမ်းဘုရင် ချီတုံချတုံ ဖြစ်သွား၏။ ထိုကိစ္စက ကိစ္စကြီးတစ်ခုဖြစ်သဖြင့် သိမ်းငှက်ဧကရီက မည်သို့မှ ဝင်မပြောဝံ့ပေ။ အတော်ကြာမှ သိမ်းငှက်စိမ်းဘုရင် သက်ပြင်းချကာ ခေါင်းခါလိုက်သည်။

“ဟင့်အင်း... ငါက အသက်ကြီးပြီ၊ ထွက်မသွားချင်ဘူး။ ပြီးတော့ ငါက ကောင်းကင်ဘုံကို တက်ပြီး တမလွန်ဘုံမျိုးနွယ်ဝင်တွေကို သတ်ဖို့ ကြံနေတာ။ မင်း ရှောင်ယွီနဲ့ သူ့အစ်ကိုရယ်၊ ငါတို့မျိုးနွယ်က ထိပ်သီးတချို့ရယ်ကိုသာ ခေါ်ပြီး သွားလိုက်ပါ။ မျိုးနွယ်တစ်ခုလုံး ရှင်းပစ်ခံရမယ်ဆိုရင်တောင် ရှင်ကျန်သူနည်းနည်း ကျန်ခဲ့တာပေါ့”

“ကောင်းပါပြီ”

ကျန်းရီထံတွင် အချိန်သုံးရက်သာရှိသည်။ ထို့ကြောင့် သူ အချိန်ထပ်ဖြုန်းမနေလိုတော့ပေ။ တစ်ခဏမျှ တွေးတောပြီးနောက် သူ ပြောလိုက်သည်။

“အဲ့လိုဆိုရင် အရှင် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားလိုက်ပါ။ ကျွန်တော် အရင်ဆုံး ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို သွားလိုက်ပါဦးမယ်။ ကျွန်တော်ပြန်လာရင် သူတို့ကို ကျွန်တော်နဲ့အတူ ခေါ်သွားပါမယ်။ သိမ်းငှက်စိမ်းဘုရင် မစိုးရိမ်ပါနဲ့။ တစ်နေ့ကျ ကျွန်တော် ကျန်းရီ အောင်မြင်ခဲ့ရင် အရှင့်ရဲ့ မင်ရည်တောင်ပံမျိုးနွယ်က ထာဝရအေးချမ်းပြီး ဂုဏ်ရှိရမှာပါ”

***

All Chapters