← Chapters

ခင်ဗျားက အဆင့်မမီဘူး

Vol. 137 Ch. 1913

ခင်ဗျားက အဆင့်မမီဘူး

Vol. 137 Ch. 1913

ကျန်းရီသည် အဖွဲ့ကို ခေါ်သွား၏။ သိမ်းငှက်ဘုရင်လေးလည်း လိုက်လာသည်။ ယခုတွင် သိမ်းငှက်ဘုရင်လေးက ကျန်းရီကို ကူညီခဲ့သူ ဖြစ်နေပေပြီ။ အကယ်၍ သူ ယန်ကိုးပါးစစ်တပ်သို့ ပြန်သွားလျှင် အခြေအနေများက တစ်မျိုးတစ်မည် ဖြစ်သွားနိုင်သည်။ ထို့ကြောင့် လတ်တလောတွင် ကျန်းရီအနောက်သို့ လိုက်သွားရန်သာ သူ ဆုံးဖြတ်ထားပေသည်။

ဤတစ်ကြိမ်၌ ကျန်းရီသည် မိစ္ဆာချေဖျက်စစ်တပ်သို့ တည်နေရာမပြောင်းရွှေ့လိုက်ပေ။ မင်ရည်တောင်ပံဆန်းကြယ်နယ်မြေထဲတွင် သူ့ကို တိရှဘုံသို့ တိုက်ရိုက် တည်နေရာပြောင်းရွှေ့ပေးနိုင်သော တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခု ရှိသည်။ သူ ကောင်းကင်ကြယ်တာရာနယ်နမိတ်သို့ အမြန်ဆုံး ပြန်လိုလျှင် တိရှရဲတိုက်ထဲရှိ တည်နေရာပြောင်းရွှေ့အစီအရင်ကို သုံးရပေမည်။

ကျန်းရီသည် အားလုံးကို ဆောင်းဥတုပုလဲထဲ ထည့်လိုက်သည်။ ထို့နောက် သိမ်းငှက်စိမ်းဘုရင်က သူ့ကို တည်နေရာပြောင်းရွှေ့အစီအရင်ဆီသို့ ခေါ်သွားပေးသည်။ တည်နေရာပြောင်းရွှေ့အစီအရင်အနီးသို့ ရောက်သောအခါ သိမ်းငှက်စိမ်းဘုရင်က ပြောလိုက်လေသည်။

“ကျန်းရီ.. တိရှဘုံက မိုမျိုးနွယ်ရဲ့ လက်အောက်မှာ မဟုတ်တော့ဘူး။ တိရှအရှင်က သေသလား၊ ရှင်သလား ငါတို့မသိဘူး။ မိုလင်းချိုးက မိုမျိုးနွယ်ကို တိရှဘုံထဲမှာ ဆက်မထားတော့ဘဲ အဝေးကို ခေါ်သွားခဲ့တယ်။ ရှောင်ယောင်ဘုရင်က အခြေအနေကို အခွင့်ကောင်းယူခဲ့တယ်။ မင်း အဲ့အတွက် ရှောင်ယောင်ဘုရင်ကို အပြစ်တင်လို့မရဘူး။ မိုလင်းချိုးကသာ တိရှဘုံကို အရင်ဆုံး စွန့်ပစ်သွားတာ မဟုတ်လား”

သိမ်းငှက်စိမ်းဘုရင် စကားမဆုံးသေးခင်မှာပင် ကျန်းရီ၏ သတ်ဖြတ်အရှိန်အဝါက ထွက်လာ၏။ တိရှအရှင်က သူ့ကို များစွာကူညီပေးခဲ့သည်။ တိရှအရှင်၊ ဝိညာဉ်ဘုရင်နှင့် ဆောင်းဥတုအရှင်တို့က သူ့ကြောင့် ပျောက်ဆုံးနေရခြင်းဖြစ်သည်။ ထိုအခြေအနေတွင် ရှောင်ယောင်ဘုရင်က တိရှဘုံကို သိမ်းယူဝံ့သည်လော။ သူက အသက်မရှင်လိုတော့သည်လော။

သို့သော် သိမ်းငှက်စိမ်းဘုရင်၏ နောက်ဆုံးစကားက ကျန်းရီ၏ သတ်ဖြတ်အရှိန်အဝါကို အားနည်းသွားစေ၏။ သူ တည်နေရာပြောင်းရွှေ့အစီအရင်ထဲ လျှောက်ဝင်သွားလိုက်ပြီး တစ်ခဏမျှ တွေးတောပြီးမှ ပြောလိုက်သည်။

“အရှင် မိုလင်းချိုးဆီ သတင်းပို့ပေးလို့ရမလား။ ကျွန်တော့်ကိုယ်စား သူ့ကို ဆက်သွယ်ပြီး တိရှဘုံဆီ ပြန်လာခိုင်းပေးပါ။ တကယ်လို့ ရှောင်ယောင်ဘုရင်က စကားနဲ့ ကောင်းကောင်းပြောလို့ရမယ်ဆိုရင် ကျွန်တော် ဘယ်သူ့ကိုမှ သတ်မှာ မဟုတ်ပါဘူး”

“အဲ့လိုဆိုလည်း ကောင်းပြီလေ”

သိမ်းငှက်စိမ်းဘုရင် သက်ပြင်းသဲ့သဲ့ချလိုက်သည်။ ထို့နောက် သူ တစ်စုံတစ်ခုကို အမှတ်ရသွားကာ ဆက်ပြောလိုက်သည်။

“ဟုတ်သား.. မင်းမှာ အဆိပ်ဝိညာဉ်လို့ခေါ်တဲ့ လက်အောက်ငယ်သားတစ်ယောက် ရှိတယ်မဟုတ်လား။ သူက မင်းရဲ့ စီရင်စုနယ်ကို ကာကွယ်မယ်ဆိုပြီး နေခဲ့တယ်။ ဘာတွေဖြစ်နေလဲတော့ ငါ မသိဘူး။ မကြာသေးခင်တုန်းက တောက်မျိုးနွယ်ရဲ့ ထောက်လှမ်းရေးတွေက မင်ရည်တောင်ပံဆန်းကြယ်နယ်မြေအပြင်ဘက်မှာ စခန်းချထားခဲ့တယ်။ မင်းဘာသာ စုံစမ်းကြည့်လိုက်ပါ”

“ကောင်းပါပြီ”

ကျန်းရီ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သိမ်းငှက်စိမ်းဘုရင်က အစောင့်တစ်ယောက်ကို တည်နေရာပြောင်းရွှေ့အစီအရင် နှိုးစေလိုက်သည်။ အဖြူရောင်အလင်း လင်းလက်သွားသည်။ လေးနာရီကြာပြီးနောက် ကျန်းရီက ရဲတိုက်တစ်လုံးထဲရှိ တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုထဲတွင် ပြန်ထွက်ပေါ်လာလေသည်။

“အာ... မင်းက ဘယ်သူလဲ”

တည်နေရာပြောင်းရွှေ့အစီအရင်ကို စောင့်ကြပ်နေသော ပုဂ္ဂိုလ်မှာ ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်အဆင့်တွင်သာ ရှိသော အဘိုးအိုတစ်ယောက်ဖြစ်သည်။ သူက ကျန်းရီကို ကြည့်၍ တွေ့ဖူးသလို၊ မတွေးဖူးသလို ခံစားနေရသည်။ သူ မရေရာနိုင်ပေ။

ဝှစ်...

ကျန်းရီသည် ခန္ဓာကိုယ်ကို လှုပ်ရှား၍ ထိုအဘိုးအို၏ လည်ပင်းကို ကြက်လည်ပင်းကိုင်သလို ဆုပ်ကိုင်လိုက်၏။ ထို့နောက် အဘိုးအိုကို မမြှောက်၍ အေးစက်စက် ပြောလိုက်သည်။

“ကျွန်တော် ဘယ်သူလဲဆိုတာက အရေးမကြီးဘူး။ အရေးကြီးတာက ခင်ဗျား အသက်ရှင်ချင်ရင် ရှောင်ယောင်ဘုရင်ဆီ ချက်ချင်း သတင်းပို့လိုက်ဖို့ပဲ။ ကောင်းကင်ဘုံက တမန်တော် ဒီကို ရောက်နေတယ်လို့ သူ့ကို ပြောလိုက်။ သူ့ကို ကျွန်တော်နဲ့ ထွက်တွေ့ခိုင်းလိုက်”

“ကောင်းကင်ဘုံက တမန်တော်လား”

အဘိုးအို တုန်ယင်သွားသည်။ ကျန်းရီက မည်သို့တိုက်ခိုက်လိုက်ကြောင်းကို သူ သိပင်မသိလိုက်ချေ။ ထို့ကြောင့် ကျန်းရီ၏ တိုက်ခိုက်စွမ်းအားက အုပ်ချုပ်သူအဆင့်တွင် ရှိနေကြောင်း သံသယဖြစ်စရာ မရှိပါ။ အဘိုးအိုသည် မတုံ့ဆိုင်းဝံ့တော့ဘဲ ချက်ချင်းပင် အမိန့်ပြားတစ်ပြားကို ထုတ်၍ သတင်းပို့လိုက်လေသည်။

ကျန်းရီသည် အဘိုးအိုကို ‌ခေါ်၍ တည်နေရာပြောင်းရွှေ့အစီအရင် ရှိနေသော ဘေးခန်းထဲမှ အပြင်သို့ ထွက်သွားလိုက်၏။ အပြင် အလယ်ခန်းမသို့ ရောက်သောအခါ သူ အဘိုးအိုကို ကြမ်းပြင်ပေါ် ပစ်ချလိုက်သည်။ ထို့နောက် အိမ်ရှင်ထိုင်ခုံတွင် ဝင်ထိုင်၍ ရှောင်ယောင်ဘုရင် ရောက်လာမည်ကို စောင့်နေလိုက်လေသည်။

ရွှီး..

တစ်ခဏမျှ ကြာပြီးနောက် ကောင်းကင်စိတ်အာရုံတစ်ခု ရောက်ရှိလာ၏။ ထိုကောင်းကင်စိတ်အာရုံ ရောက်မလာခင်မှာပင် ကျန်းရီ၏ မျက်နှာက အခြားလူတစ်ယောက်၏ မျက်နှာအဖြစ် ရုတ်ခြည်း ပြောင်းလဲသွားသည်။ ထို့ကြောင့် ရှောင်ယောင်ဘုရင် သူ့ကို အာရုံမခံနိုင်လိုက်ပေ။

ဝှစ်...

မကြာခင်မှာပင် အမည်မဲ့ကျွန်းမှနေ၍ လူတစ်ယောက် ပျံထွက်လာပြီး အလယ်ခန်းမထဲ ဝင်လာ၏။ ထိုသူက ခမ်းနားထည်ဝါသော ဝတ်စုံများ ဝတ်ဆင်ထားသည့် တုတ်ခိုင်သော အသက်လတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်ပင်။ သူ ကျန်းရီကို စိုက်ကြည့်ကာ မသင်္ကာဟန်နှင့် မေးလိုက်သည်။

“မင်းက ဘယ်သူလဲ”

ရွှီး..

ကျန်းရီ၏ မျက်နှာက ထပ်မံပြောင်းလဲသွားပြီး မူလရုပ်သွင် ပြန်ဖြစ်သွား၏။ ရှောင်ယောင်ဘုရင်သည် ကျန်းရီကို သံသယမျက်ဝန်းများနှင့် ကြည့်လိုက်၏။ ထို့နောက် သူ သတ်ဖြတ်အရှိန်အဝါ ထုတ်ကာ အော်ပြောလိုက်သည်။

“မင်းက ကျန်းရီလား”

“ခင်ဗျားမှန်းတာ မှန်တယ်”

ကျန်းရီက ပြုံး၍ လက်ဝှေ့ယမ်းကာ ဆိုသည်။

“သိပ်လည်း စိတ်မလှုပ်ရှားပါနဲ့။ ကျွန်တော်သာ ခင်ဗျားကို သတ်ချင်ရင် ပုရွက်ဆိတ်တစ်ကောင်ကို သတ်ရသလို လွယ်နေမှာ။ ကျွန်တော်က မရေမတွက်နိုင်တဲ့ အုပ်ချုပ်သူအဆင့် သိုင်းသမားတွေနဲ့ ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားတွေကို သတ်ခဲ့ပြီးပြီ။ ကျွန်တော့်ကို တိုက်ခိုက်ဖို့ စဉ်းတောင်မစဉ်းစားနဲ့။ ခင်ဗျားက... အဆင့်မမီဘူး”

ကျန်းရီ၏ စကားများက လုံးဝမယဉ်ကျေးပါ။ ရှောင်ယောင်ဘုရင် မျက်နှာထား အေးစက်သွားပြီး တစ်ကိုယ်လုံး တုန်ယင်သွားသည်။ ကျန်းရီ၏ အမည်က အလွန်ကျော်ကြားသည်။ အကယ်၍ ကျန်းရီနှင့် ရှောင်ယောင်ဘုရင်သာ တိုက်ခိုက်မည်ဆိုလျှင် ရှောင်ယောင်ဘုရင် သေချာပေါက် သေရပေလိမ့်မည်။

သို့သော် ရှောင်ယောင်ဘုရင်၏ သတ်ဖြတ်အရှိန်အဝါက ပျောက်မသွားသေးချေ။ သူသည် ထိုကဲ့သို့ စိတ်ကြီးဝင်နေသူကို ယခုမှ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။ သို့သော် ကျန်းရီက အလွန်ကျော်ကြားရာ ရှောင်ယောင်ဘုရင် မတိုက်ခိုက်ဝံ့ပါ။

ရှောင်ယောင်ဘုရင် တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် အေးစက်စက် မေးလိုက်၏။

“ကျန်းရီ... မင်းက ဘာလိုချင်တာလဲ”

ကျန်းရီ လိုရင်းကို တန်းပြောလိုက်သည်။

“ခင်ဗျားမှာ ရွေးစရာနှစ်ခု ရှိတယ်။ ပထမတစ်ခုက သေရမှာ။ ဒုတိယတစ်ခုကတော့ တိရှဘုံထဲက ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာရမှာပဲ”

“ဟားဟားဟား...”

ရှောင်ယောင်ဘုရင် အလွန်ဒေါသထွက်သွား၏။ ကျန်းရီက ကျော်ကြားသော်လည်း ကျင့်ကြံခြင်းအဆင့်မှာ အုပ်ချုပ်သူအဆင့်တွင်သာ ရှိသေးသည်။ ထို့ပြင် ရှောင်ယောင်ဘုရင် ကျော်ကြားနေချိန်၌ ကျန်းရီ၏ အဘိုးပင် မမွေးသေးသည် မဟုတ်လော။ သို့သော် ကျန်းရီက သူ့ကို တိရှဘုံထဲမှ ထွက်သွားခိုင်းနေသည်လော။ ရှောင်ယောင်ဘုရင် တိရှဘုံကို သိမ်းပိုက်ထားသည်မှာ မကြာသေးပါ။ ထိုကျန်းရီက အလွန်တရားလွန်နေသည် မဟုတ်ပါလော။

“စိတ်ကြီးဝင်နေတဲ့ကောင်လေး... မင်းက ကောင်းကင်ဘုံမှာ ခွေးတစ်ကောင်လို လိုက်သတ်ခံခဲ့ရတာ။ မင်း ကံကောင်းလို့ အသက်ရှင်ပြီး ဒီကို ပြန်လာနိုင်ခဲ့တာကို အခု ငါ့ဘုံကို လုချင်နေပြီပေါ့လေ”

ရှောင်လောင်ဘုရင်က ဒေါသတကြီး အော်ပြောလိုက်၏။ သူ့သတ်ဖြတ်အရှိန်အဝါကလည်း ပို၍ပင် အားကောင်းလာသည်။ ထို့နောက် သူ့လက်ထဲတွင် ဓားရှည်တစ်ချောင်း ပေါ်လာ၏။ သူ ထိုဓားရှည်ကို သက်တံ့အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲကာ ၎င်းနှင့် ကျန်းရီ၏ ဦးခေါင်းကို ခုတ်ချလိုက်လေသည်။

“ဟွန်း...”

ကျန်းရီက လှုပ်ပင်မလှုပ်ပေ။ သူ လက်တစ်ဘက် မြှောက်၍သာ ဓားရှည်ကို ထိုးချလိုက်သည်။ တစ်ချိန်တည်းမှာပဲ သူ လျှပ်စီးအလျင်နှင့် ခြေထောက်ကန်လိုက်သည်။

ထန်း...

ဝုန်း...

ရှောင်ယောင်ဘုရင်၏ ဓားရှည်က လွင့်ထွက်သွား၏။ သူလည်း ကန်ချက်ကြောင့် လွင့်ပျံသွားသည်။ ကျန်းရီ၏ ရုပ်ခန္ဓာက တောက်နူ၏ ရုပ်ခန္ဓာနှင့်ပင် ယှဉ်နိုင်သည်။ သို့ဖြစ်ရာ သာမန် အုပ်ချုပ်သူအဆင့် သိုင်းသမားလေးတစ်ယောက်က သူနှင့် မည်သို့ ယှဉ်နိုင်မည်နည်း။ ရှောင်ယောင်ဘုရင်၏ တိုက်ခိုက်စွမ်းအားက ပြောပလောက်အောင် မကြီးပေ။ အလွန်ဆုံးမှ ကောင်းကင်ဘုရင်ယိုနှင့်သာ ယှဉ်နိုင်လောက်သည်။ ထိုအဆင့် သိုင်းသမားတစ်ယောက်က ကျန်းရီအတွက် ပုရွက်ဆိတ်တစ်ကောင်နှင့် မကွာပေ။

ဝှစ်...ဝှစ်...ဝှစ်...

အနီးရှိ ရဲတိုက်များထဲမှနေ၍ မရေမတွက်နိုင်သော သိုင်းသမားများ ပျံထွက်လာကြ၏။ သူတို့သည် ရှောင်ယောင်ဘုရင်က ရဲတိုက်တစ်လုံးကို ဝင်ဆောင့်သွားကြောင်း တွေ့လိုက်သောအခါ ထိတ်လန့်သွားကြသည်။ ရှောင်ယောင်ဘုရင်သည် အပျက်အစီးများကြားမှနေ၍ လျင်မြန်စွာ ပျံထွက်လာ၏။ ထို့နောက် သူ့လက်ထဲတွင် အမိန့်ပြားတစ်ပြား လင်းလက်လာသည်။ သူက သတင်းပို့နေသည့်ပုံပင်။

“သတင်းပို့ဖို့ ကြိုးစားနေတာလား။ ကျွန်တော် ခင်ဗျားရဲ့ တစ်မျိုးနွယ်လုံးကို သတ်ပစ်မယ်”

ကျန်းရီက အေးစက်စက်ပြော၍ ရဲတိုက်အပြင်သို့ လျှောက်ထွက်လိုက်၏။ ၎င်းနောက် သူ့လက်စွပ် လင်းလက်လာပြီး ထျန်းဖုန့်ဧကရာဇ်နှင့် သိမ်းငှက်ဘုရင်လေးတို့ အပြင်ထွက်လာကြသည်။ သူတို့နှစ်ယောက်လုံး၏ အရှိန်အဝါများက အထွတ်အထိပ်သို့ ရောက်နေကြသည်။ ထျန်းဖုန့်ဧကရာဇ်၏ အားကောင်းသော အရှိန်အဝါက တိရှမြို့တစ်မြို့လုံးကို လွှမ်းခြုံသွားပေသည်။

“သူ့ကိုဖမ်းပြီး တိရှမြို့တစ်မြို့လုံးကို ထိန်းချုပ်လိုက်ပါ”

ကျန်းရီက လက်ဝှေ့ယမ်းပြလိုက်သောအခါ ထျန်းဖုန့်ဧကရာဇ်နှင့် သိမ်းငှက်ဘုရင်လေးတို့သည် ဝံပုလွေနှစ်ကောင်အလား ပြေးထွက်သွားကြသည်။ ရှောင်ယောင်ဘုရင်သည် ထွက်ပြေးရန်ပင် အချိန်မရလိုက်ဘဲ ထျန်းဖုန့်ဧကရာဇ်၏ နတ်ဘုရားအမြုတေ ချိပ်ပိတ်မှုကို ခံလိုက်ရလေသည်။ ထို့နောက် ထျန်းဖုန့်ဧကရာဇ်က ရှောင်ယောင်ဘုရင်ကို ခွေးတစ်ကောင်လို ကိုင်ထားလိုက်သည်။

“ငါက သိမ်းငှက်ဘုရင်လေးပဲ။ လှုပ်တဲ့သူတိုင်း အသတ်ခံရမယ်”

သိမ်းငှက်ဘုရင်လေး၏ အော်သံက တိရှမြို့တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွား၏။ သူ အေးစက်စက် ဆက်ပြောသည်။

“မြို့ဂိတ်တံခါးတွေနဲ့ တည်နေရာပြောင်းရွှေ့အစီအရင်တွေကို ပိတ်လိုက်ကြ။ ဘယ်သူမှ သတင်းပို့ခွင့်မရှိဘူး။ ငါတို့ သတင်းပို့တဲ့သူကို ရှာတွေ့ရင် အဲ့လူရဲ့ တစ်မျိုးနွယ်လုံးကို သတ်ပစ်မယ်”

ရွှီ...ရွှီ...

မရေမတွက်နိုင်သော ကောင်းကင်စိတ်အာရုံများက လေထဲရှိ ကြောက်မက်ဖွယ် မိစ္ဆာအရှင်တစ်ပါးဖြစ်သော ထျန်းဖုန့်ဧကရာဇ်အပေါ် ရောက်လာကြ၏။ မည်သူမှ မလှုပ်ဝံ့ကြပေ။ ရှောင်ယောင်ဘုရင်ပင် ရုတ်ခြည်းအတွင်း အဖမ်းခံလိုက်ရသည်။ ထို့ကြောင့် လှုပ်မိသူတိုင်း အသတ်ခံရပေလိမ့်မည်။ သိမ်းငှက်ဘုရင်လေးကလည်း သတ်ဖြတ်ခြင်းကြောင့် ကျော်ကြားသူပင်။

နောက်ပိုင်းကိစ္စများမှာ အလွန်လွယ်ကူသည်။ မြို့၏ အကာအရံအလွှာကို နှိုးလိုက်ပြီး မြို့ထဲရှိ တည်နေရာပြောင်းရွှေ့အစီအရင်များကို ပိတ်ချလိုက်သည်။ သိမ်းငှက်ဘုရင်လေးက ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ မြို့ကို အာရုံခံကြည့်ပြီးနောက် လျှို့ဝှက်သတင်းပို့အစီအရင်များကို ဖျက်ဆီးပစ်လိုက်လေသည်။

ဝှစ်...

ထိုအခိုက်တွင် အဘိုးအိုတစ်ယောက်နှင့် မိန်းမပျိုလေးတစ်ယောက်တို့ ပျံသန်းလာကြ၏။ ထိုမိန်းမပျိုလေးက အဝေးမှာကတည်းက အော်ပြောလာသည်။

“ကျန်းရီ...ကျန်းရီ... ကျွန်မက တိလင်အာလေ”

“တိလင်အာလား၊ စံအိမ်အရှင်တိရောလား”

ကျန်းရီသည် တိလင်အာတို့ကို ကြည့်၍ ဝမ်းသာသွား၏။ သတင်းများ အပြင်သို့ ပေါက်ကြားမသွားစေရန် တိရှမြို့ကို မည်သို့ ထိန်းချုပ်ထားရမည်ကို သူ စိုးရိမ်နေခဲ့သည်။ ယခုတွင်မူ သူ စိတ်အေးရပေပြီ။ သူ ချက်ချင်း အော်ပြောလိုက်သည်။

“စံအိမ်အရှင်တိ.. မိစ္ဆာသတ်ဖြတ်စံအိမ်က လူတွေနဲ့ မြို့ကို ထိန်းချုပ်ထားပေးပါ”

စံအိမ်အရှင်တိသည် တစ်ခဏမျှ တွေးတောပြီးနောက် အံကြိတ်ကာ အော်ပြောလိုက်လေ၏။

“မိစ္ဆာသတ်ဖြတ်စံအိမ်ဝင်တွေ အကုန်လုံး အပြင်ထွက်ပြီး တိရှမြို့ကို ထိန်းချုပ်လိုက်ကြ။ သတင်းပို့ဖို့၊ ခုခံဖို့ ကြိုးစားတဲ့သူတိုင်းကို သတ်ပစ်လိုက်”

***

All Chapters