← Chapters

အမှားတစ်ချက်

Vol. 137 Ch. 1914

အမှားတစ်ချက်

Vol. 137 Ch. 1914

မိစ္ဆာသတ်ဖြတ်စံအိမ်တွင် တပည့်များစွာ ရှိသည်။ သို့သော် စွမ်းအားကြီး သိုင်းသမားများစွာ မရှိပါ။ သို့ငြား ထျန်းဖုန့်ဧကရာဇ်နှင့် သိမ်းငှက်ဘုရင်လေးတို့ ရှိနေလျှင် အခြား စွမ်းအားကြီး သိုင်းသမားများလည်း မလိုပေ။ ရှောင်ယောင်ဘုရင်ပင် ခွေးတစ်ကောင်ကဲ့သို့ အဖမ်းခံထားရရာ မည်သူက လှုပ်ဝံ့ဦးမည်နည်း။

မိုလင်းချိုးက မိုမျိုးနွယ်ဝင်များကိုခေါ်၍ ထွက်သွားခဲ့သည်။ သို့သော် အခြားမျိုးနွယ်များကတော့ ထွက်မသွားခဲ့ပါ။ ဥပမာအနေဖြင့် ချင်မျိုးနွယ်နှင့် ရွှမ်ယွမ်မျိုးနွယ်တို့ဖြစ်သည်။ ထိုမျိုးနွယ်များသည် တိရှဘုံတွင် အခြေကျနေကြပြီဖြစ်၍ ထွက်မသွားလိုကြပါ။ ရှောင်ယောင်ဘုရင် ရောက်လာလျှင်ပင် သူက သူတို့အပေါ် မှီခိုရဦးမည်သာ။ ထိုမျိုးနွယ်များအတွက်မူ သခင်ပြောင်းသွားရုံသာဖြစ်၍ ယခင်ကနှင့် များစွာကွာခြားမှု မရှိချေ။

ထိုမျိုးနွယ်များသည် ကျန်းရီက မည်မျှစွမ်းအားကြီးကြောင်း သိကြသည်။ ကျန်းရီသည် တိရှဘုံတွင် ရှိခဲ့စဉ်ကပင် တိရှဘုံတစ်ခုလုံးကို ကျွမ်းထိုးမှောက်ခုံ ဖြစ်စေနိုင်ခဲ့သည်။ သူ ကောင်းကင်ဘုံသို့ တက်သွားသောအခါတွင်လည်း ကောင်းကင်ဘုံကို ရှုပ်ထွေးသွားစေခဲ့သည်။ သူသည် မိုးပြာမဟာဧကရာဇ်တောင်ထွတ်တွင်ပင် သတ်ဖြတ်မှုများ လုပ်ခဲ့သည်။ ထို့ပြင် သူက အသက်ရှင်နေသေးဆဲပင်။

အားလုံးသည် ကျန်းရီ၏ ရက်စက်မှုနှင့် သွေးအေးမှုတို့ကို တွေ့ကြုံဖူးကြ၏။ ထို့ကြောင့် ယခုတွင် မည်သူမှ မဆင်မခြင် မပြုမူဝံ့ကြပေ။ မဟုတ်လျှင် သူတို့၏မျိုးနွယ်များ ရှင်းပစ်ခံရမည် မဟုတ်ပါလား။

“ကျန်းရီ...”

ရွှမ်ယွမ်လင်းယန်၏ ကောင်းကင်စိတ်အာရုံက ကျန်းရီအပေါ်သို့ ကျရောက်လာ၏။ ယခင်တွင် ထိုယောက်ျားက သူမ၏အိပ်မက်ဆိုး ဖြစ်ခဲ့ဖူးသည်။ သူမ ကျန်းရီကို အကြိမ်များစွာ သတ်ပစ်လိုခဲ့သည်။ သို့သော် သူမ အခွင့်အရေး မရခဲ့ပေ။ ယခုတွင်မူ သူမနှင့် ကျန်းရီတို့က လုံးဝ အဆင့်မတူတော့ကြောင်း သူမ သဘောပေါက်သွားသည်။ ဆိုရလျှင် သူမ၏ ရွှမ်ယွမ်မျိုးနွယ်က သူ့ဖိနပ်များကို သယ်ရန်ပင် အဆင့်မမီချေ။

‘တကယ်ပဲ... ခြေတစ်လှမ်းမှားတာနဲ့ နောက်ခြေလှမ်း‌တွေ ဆက်မှားတော့တာပဲ’

ရွှမ်ယွမ်လင်းယန် အတန်ငယ် နောင်တရနေသည်။ သူမသာ ကျန်းရီနှင့် ဆက်ဆံရေးကောင်းမွန်ခဲ့လျှင် သို့မဟုတ် ကျန်းရီနှင့် လက်ထပ်ခဲ့လျှင် ကျန်းရီက ရွှမ်ယွမ်မျိုးနွယ်၏ သားမက် ဖြစ်နေပေလိမ့်မည်။ သို့ဆိုလျှင် မည်မျှကောင်းလိမ့်မည်နည်း။ သို့သော် အနိမ့်ဘုံမှ တက်လှမ်းလာသူတစ်ယောက်က တစ်ချိန်ချိန်တွင် ဤအမြင့်သို့ ရောက်လာလိမ့်မည်ဟု မည်သူက ထင်ခဲ့ပါမည်နည်း။ ယခု ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ကပင် သူ၏ လက်အောက်ငယ်သား ဖြစ်နေပေသည်။

တိလင်အာ၏ မျက်နှာထားကလည်း အလွန်ရှုပ်ထွေးနေ၏။ သူမက ကျန်းရီကို အမြဲ သဘောကျခဲ့သည်။ သို့သော် ကျန်းရီက သူမအတွက် နှလုံးသားတံခါး ဖွင့်မပေးခဲ့ပေ။ ကျန်းရီ၏ နှလုံးသားကို ရေခဲများက ချိပ်ပိတ်ထားခဲ့သည်။ ထို့ကြောင့် သူမ ထိုယောက်ျား၏ နှလုံးသားထဲ မဝင်နိုင်ခဲ့ချေ။ ကျန်းရီက သူမနှင့် ဝေးရာ ဝေးရာသို့သာ လျှောက်သွားခဲ့သည်။ ယခုဆိုလျှင် သူက သူမ မော့ကြည့်ရုံသာ တတ်နိုင်သော အမြင့်တစ်ခုသို့ ရောက်နေပြီဖြစ်သည်။

***

နှစ်နာရီအတွင်းမှာပင် တိရှမြို့တစ်ခုလုံးက စံအိမ်အရှင်တိ၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွား၏။ ကျန်းရီက စံအိမ်အရှင်တိကို မိုလင်းချိုးအား ဆက်သွယ်နိုင်မည့် နည်းလမ်းတစ်ခု စဉ်းစားရန် ပြောတော့မည့် အချိန်တွင် ရဲတိုက်အစုထဲမှ ရဲတိုက်တစ်လုံးက လင်းလက်လာ၏။ ကျန်းရီ ကောင်းကင်စိတ်အာရုံနှင့် အာရုံခံကြည့်ပြီးနောက် ချက်ချင်း ဝမ်းသာသွားသည်။

ဝှစ်...

ထိုရဲတိုက်ထဲမှနေ၍ ခံ့ညားသော အသက်လတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက် ပျံထွက်လာ၏။ ထိုယောက်ျားက မိုလင်းချိုးပင်။ သူသည် ကျန်းရီကို မြင်သောအခါ ဝမ်းသာအားရ လှမ်းပြောလိုက်သည်။

“ကျန်းရီ... မင်း အသက်ရှင်နေသေးတာလား။ အရှင်ရော ဘယ်မှာလဲ၊ သူ ပြန်လာပြီလား”

“မလာသေးပါဘူး”

ကျန်းရီ၏ မျက်နှာပေါ်တွင် အပြစ်ရှိသည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။ သူ အသံပို့လွှတ်ကာ ပြောလိုက်သည်။

“အရှင်မို... တိရှအရှင်က အသက်ရှင်နေလောက်ဦးမှာပါ။ ဒါပေမဲ့ သူ ဘယ်မှာ ရှိနေလဲ ကျွန်တော် မသိဘူး။ မစိုးရိမ်ပါနဲ့... ကျွန်တော် သူ့ကို ကယ်ဖို့ နည်းလမ်းတစ်ခု စဉ်းစားမှာပါ။ အရှင်မို.. ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့်အတွက် မိုမျိုးနွယ်နဲ့ တိရှအရှင်တို့ပါ ဒုက္ခရောက်ရပြီ”

“အဲ့အကြောင်းတွေ ဆက်မပြောဘဲ နေကြရအောင်။ အရှင်က ဘာနောင်တမှ ရှိမှာ မဟုတ်ဘူး။ ပြီးတော့ မိုးမျိုးနွယ်ကလည်း နောင်တမရဘူး”

မိုလင်းချိုးက ခေါင်းခါကာ အသံပြန်ပို့လွှတ်လိုက်သည်။ ထို့နောက် သူ ကောင်းကင်ထဲရှိ ထျန်းဖုန့်ဧကရာဇ်ကို ကြည့်ကာ ကြောက်လန့်တကြားနှင့် ဆက်၍ အသံပို့လွှတ်လိုက်လေသည်။

“ကျန်းရီ... အဲ့အရှင်က ဘယ်သူလဲ”

“ဟင်းဟင်း.. သူက ကျွန်‌တော့်လူပါ”

ကျန်းရီ ခပ်ရေးရေးပြုံး၍ အသံပို့လွှတ်လိုက်သည်။

“အရှင်မို... အရှင် တိရှဘုံကို ပြန်ရဖို့ ကျွန်တော် ကူညီပေးထားပြီ။ အရှင် တိရှဘုံမှာပဲ စိတ်အေးအေးနဲ့ နေပါ။ ကျွန်တော် အသက်ရှင်နေသ၍ ဘယ်သူကမှ အရှင်တို့ မိုမျိုးနွယ်ကို မထိရဲစေရဘူး။ မိုးပြာမဟာဧကရာဇ်တောင် မထိရဲစေရဘူး”

“ဟင်...”

မိုလင်းချိုးသည် ထျန်းဖုန့်ဧကရာဇ်က ကျန်းရီ အကူအညီ‌တောင်းထားသော အရှင်တစ်ပါး ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့၏။ သို့သော် သူက ကျန်းရီ၏လူတစ်ယောက်၊ တစ်နည်းဆိုရသော် လက်အောက်ငယ်သားတစ်ယောက် ဖြစ်နေသည်လော။

ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ကို လက်အောက်ငယ်သား လုပ်ထားသည်လော။ မိုးပြာမဟာဧကရာဇ်ပင် ထိုသို့ မလုပ်နိုင်သည် မဟုတ်လော။ သို့ဆိုလျှင် ကျန်းရီက မိုးပြာမဟာဧကရာဇ်ထက်ပင် ပို၍ စွမ်းအားကြီးနေပြီလော။

မိုလင်းချိုးသည် ထိုသို့တွေးမိသောအခါ လည်ချောင်းထဲသို့ အလုံးတစ်လုံး ပျို့တက်လာသည်ကို ခံစားလိုက်ရ၏။ တိရှအရှင်က ကျန်းရီကို အလွန်အထင်ကြီးခဲ့ခြင်းမှာ အံ့ဩစရာ မရှိတော့ပေ။ တိရှအရှင်သည် ကျန်းရီအတွက်နှင့် မိုမျိုးနွယ်ကိုပင် စွန့်လွှတ်နိုင်ပေသည်။ တိရှအရှင်၏ အမြင်က အမှန်ပင် စူးရှလွန်းပေသည်။

“အရှင်မို... ကျွန်တော်တို့ ရှောင်ယောင်ဘုရင်ကို ဘယ်လိုလုပ်သင့်လဲ”

ဤတစ်ခေါက်တွင် ကျန်းရီ အသံမပို့လွှတ်ဘဲ မိုးလင်းချိုးအား တိုက်ရိုက်မေးလိုက်သည်။ မိုလင်းချိုးက ရှောင်ယောင်ဘုရင်ကို သတ်ရန် ပြောလျှင် ကျန်းရီ တုံ့ဆိုင်းနေမည် မဟုတ်ပါ။ ရှောင်ယောင်ဘုရင်က တိရှဘုံကို သိမ်းပိုက်ခဲ့ခြင်းမှာ ကျန်းရီ၏ အထိမခံနိုင်သော အကြေးခွံကို ထိလိုက်သကဲ့သို့ပင်။

“ငါတို့ သူ့ကို ဘယ်လို လုပ်ရမလဲ”

မိုလင်းချိုး မည်သို့ပြန်ပြောရမည်မသိ ဖြစ်သွား၏။ ရှောင်ယောင်ဘုရင်က အထက်ဘုံတွင် ကျော်ကြားသူတစ်ယောက် မဟုတ်ပါလား။ ယခုတွင် ကျန်းရီက ရှောင်ယောင်ဘုရင်၏ သေခြင်း၊ ရှင်ခြင်းကို သူ့စကားတစ်ခွန်းတည်းနှင့် ဆုံးဖြတ်တော့မည့်ပုံပင်။

“ထားလိုက်ပါတော့”

မိုလင်းချိုးသည် တွေးတောပြီးနောက် အသံပို့လွှတ်လိုက်၏။

“ငါတို့ကသာ တိရှဘုံကို အရင် စွန့်ပစ်ခဲ့တာ မဟုတ်လား။ ရှောင်ယောင်ဘုရင်က လွတ်နေတဲ့အိမ်မှာ ဝင်နေရုံပါပဲ။ ငါတို့ကြားမှာ ရန်ငြိုးတွေထားနေဖို့ မလိုပါဘူး”

“အဲ့ဒါဆိုလည်း ကောင်းပါပြီ”

ယခုတွင် ကျန်းရီ၏ စိတ်က ပြောင်းလဲနေပေပြီ။ ယခင်မှ စရိုက်အတိုင်းသာဆိုလျှင် ရှောင်ယောင်ဘုရင်က သေချာပေါက် သေရမည်ဖြစ်သည်။ သူ ထျန်းဖုန့်ဧကရာဇ်ကို ကြည့်လိုက်သောအခါ ထျန်းဖုန့်ဧကရာဇ်က ရှောင်ယောင်ဘုရင်ကို သတိလစ်သွားအောင်လုပ်၍ သူ့စိတ်ဝိညာဉ်ကို ချိပ်ပိတ်လိုက်၏။ ထို့နောက် သူ ရှောင်ယောင်ဘုရင်ကို ကျန်းရီပေးထားသော ဟွင့်သွမ့်ချီပုလဲထဲသို့ ထည့်လိုက်လေသည်။

“အရှင်မို... တိရှဘုံကို စီမံဖို့အတွက် မစိုးရိမ်ပါနဲ့။ တကယ်လို့ မကျေနပ်တဲ့သူရှိရင် အဲ့လူတွေကို သတ်သာပစ်လိုက်ပါ”

ကျန်းရီက အေးစက်စက် ပြောလိုက်၏။

“မစိုးရိမ်ပါနဲ့... ဘယ်သူမှ အရှင့်ကို ပြဿနာရှာရဲမှာ မဟုတ်ပါဘူး။ တောက်မျိုးနွယ်နဲ့ တခြားမျိုးနွယ်တွေက အရှင်တို့ကို ထိရဲရင် ကျွန်တော် သူတို့ရဲ့မျိုးနွယ်တွေကို ဖျက်ဆီးပစ်မယ်။ မိုးပြာမဟာဧကရာဇ်၊ ရူးသွပ်မဟာဧကရာဇ်နဲ့ ယန်မဟာဧကရာဇ်တို့က အဆင့်အတန်းရှိပြီး လေးစားခံရတဲ့သူတွေပါ။ သူတို့ကိုယ်တိုင်တော့ အရှင်တို့ကို ခက်ခဲအောင်လုပ်မှာ မဟုတ်ပါဘူး။ တကယ်လို့ သူတို့ ပြဿနာရှာချင်ရင် ကျွန်တော့်ကိုပဲ လာရှာပါလိမ့်မယ်”

ကျန်းရီ၏ အသံက အလွန်ကျယ်သဖြင့် မြို့တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွား၏။ သူက အပြင်လူများ ကြားအောင်ပါ တမင်အော်ပြောနေခြင်းဖြစ်ကြောင်း ထင်ရှားသည်။ သူသည် မြို့ထဲတွင် ပုန်းအောင်းနေကြသော တောက်မျိုးနွယ်မှ ထောက်လှမ်းရေးများကိုလည်း တောက်နူထံ သတင်းပြန်ပို့ရန် ပြောလိုက်ခြင်းဖြစ်သည်။ တိရှဘုံက သူ့ကာကွယ်မှုအောက်တွင် ရှိနေသည်။ အကယ်၍ တစ်စုံတစ်ယောက်က မိုမျိုးနွယ်ကို ထိရဲလျှင် သူ တောက်မျိုးနွယ်ကို မည်သည့်နည်းနှင့်မဆို ဖျက်ဆီးပစ်မည်ဖြစ်သည်။ ယင်းတို့အပြင် မိုးပြာမဟာဧကရာဇ်ကိုလည်း မိမိသိက္ခာကျစေမည့် လုပ်ရပ်မျိုး မလုပ်ရန် သတိပေးလိုက်ခြင်းပင်။ အကယ်၍ မိုးပြာမဟာဧကရာဇ်တို့က စာရင်းရှင်းလိုလျှင် သူ့ထံသာ တိုက်ရိုက်လာရပေမည်။

မိုလင်းချိုးသည် ကျန်းရီ၏ ရည်ရွယ်ချက်များကို နားလည်သဖြင့် ကျေးဇူးတင်စွာ လက်ဆုပ်ပြလိုက်၏။ ကျန်းရီတွင် အချိန်များစွာ မကျန်တော့ပါ။ ထို့ကြောင့် သူ မိုးလင်းချိုးအား တိရှဘုံကို သိမ်းပိုက်စေလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ မိုမျိုးနွယ်မှ ထိပ်တန်းမျိုးနွယ်ဝင်အချို့ကို တောင်းလိုက်၏။ ထိုမျိုးနွယ်ဝင်များကို ကောင်းကင်မိစ္ဆာဘုံသို့ ခေါ်သွားပေးမည်ဖြစ်သည်။ ထိုအကြောင်းကိုကြားသောအခါ မိုလင်းချိုး ဝမ်းသာသွားပြီး လုံးဝစိတ်အေးသွားသည်။ မိုမျိုးနွယ် မျိုးဆက်ပြတ်မသွားသ၍ သူက မည်သည်ကို စိုးရိမ်ရမည်နည်း။

တိရှအရှင်က တုံ့ဆိုင်းမှုမရှိဘဲ ကောင်းကင်ဘုံသို့ တက်သွားကတည်းက မိုလင်းချိုးသည် မိုမျိုးနွယ်မှာ ကျန်းရီနှင့် တစ်ဘက်တည်း ဖြစ်နေပြီဖြစ်ကြောင်း သိခဲ့သည်။ အကယ်၍ ကျန်းရီက ကြီးကြီးမားမား အောင်မြင်ခဲ့မည်ဆိုလျှင် မိုမျိုးနွယ်လည်း မျိုးရိုးစဉ်ဆက် ဂုဏ်တက်ပေလိမ့်မည်။ အကယ်၍ ကျန်းရီက ရှုံးနိမ့်မည်ဆိုလျှင် မိုမျိုးနွယ်သည်လည်း ကျန်းရီ၏ ရန်သူများကြောင့် ကြီးကြီးမားမား ဆုံးရှုံးရမည်ဖြစ်သလို ကံဆိုးလျှင် ရှင်းပစ်ခြင်းပါ ခံရမည်ဖြစ်သည်။

တိရှမြို့ထဲမှ အခြေအနေများ တည်ငြိမ်သွားသည်နှင့် ကျန်းရီက ချက်ချင်းထွက်ခွာရန် ဆုံးဖြတ်လိုက်၏။ တိရှဘုံတွင် ဖြစ်ခဲ့သော ကိစ္စများကို မိုးပြာမဟာဧကရာဇ် သိပြီးပြီလောကို မည်သူမှ မသိပေ။ ထို့ကြောင့် ကျန်းရီအနေဖြင့် ကိစ္စများကို လျင်မြန်စွာ အပြတ်ဖြတ်၍ ကောင်းကင်မိစ္ဆာဘုံသို့ သွားရပေမည်။

ကျန်းရီသည် မိုလင်းချိုးကို ကူညီရန်အတွက် ထျန်းဖုန့်ဧကရာဇ်ကို တိရှမြို့ထဲတွင် ထားခဲ့၏။ သူ သူ၏ပြေးလမ်းကို ဖြတ်မပစ်လိုပေ။ သူ ကောင်းကင်ကြယ်တာရာနယ်နမိတ်မှ ပြန်လာလျှင် တိရှဘုံသို့သာ ပြန်လာရမည် မဟုတ်ပါလား။

အခြေအနေ တည်ငြိမ်သွားသောအခါ ကျန်းရီနှင့် သိမ်းငှက်ဘုရင်ဘုရင်လေးတို့သည် တိလင်အာ၏ နောင်တအကြည့်အောက်တွင် တိရှပင်လယ်ဆီသို့ တည်နေရာပြောင်းရွှေ့သွားကြ၏။ သိမ်းငှက်ဘုရင်လေးသည် တိရှပင်လယ်ထဲရှိ တက်လှမ်းမှုစင်မြင့်တွင် စောင့်ကြပ်နေပြီး ကျန်းရီ ဘေးကင်းကင်းနှင့် တည်နေရာပြောင်းရွှေ့နိုင်အောင် လုပ်ပေးနေ၏။

ကျန်းရီသည် ကောင်းကင်ကြယ်တာရာနယ်နမိတ်လည်း အဆင်ပြေနေလောက်မည်ဟု ထင်နေ၏။ ပြီးခဲ့သော နှစ်များအတွင်း မည်သူမှ မတက်လှမ်းလာနိုင်ခဲ့ခြင်းမှာ ရှောင်ယောင်ဘုရင်က ကောင်းကင်ကြယ်တာရာနယ်နမိတ်မှ တက်လှမ်းမှုလမ်းကြောင်းကို ဖြတ်ထားခဲ့၍ဖြစ်မည်။ ထို့ကြောင့် ကောင်းကင်ကြယ်တာရာနယ်နမိတ်မှ လူများက လိုအပ်သော ကျင့်ကြံခြင်းအဆင့်သို့ ရောက်နေသော်လည်း တက်လှမ်းမလာနိုင်ခဲ့ခြင်းဖြစ်မည်။

“တည်နေရာပြောင်းရွှေ့အစီအရင်ကို နှိုးလိုက်”

သိမ်းငှက်ဘုရင်လေးက အေးစက်စက် ပြောလိုက်သည်။ ကျန်းရီသည် တည်နေရာပြောင်းရွှေ့အစီအရင်ထဲတွင် ရပ်နေ၏။ တက်လှမ်းမှုစင်မြင့်ပေါ်မှ တိရှစစ်တပ်က အမိန့်လက်ခံရရှိထားပြီးဖြစ်သည်။ သူတို့သည် မည်သို့မှ မပြောဝံ့ကြဘဲ လျင်မြန်စွာ ကောင်းကင်စွမ်းအား သုံး၍ တည်နေရာပြောင်းရွှေ့အစီအရင်ကို နှိုးလိုက်ကြလေသည်။

အဖြူရောင်အလင်း လင်းလက်လာသောအခါ ကျန်းရီ ပို၍ ပို၍ စိတ်လှုပ်ရှားလာ၏။ သူ အထက်ဘုံသို့ တက်လှမ်းလာခဲ့သည်မှာ နှစ်အနည်းငယ်သာ ရှိသေးသော်လည်း ကောင်းကင်ကြယ်တာရာနယ်နမိတ်အတွက်မူ နှစ်ပေါင်းရာကျော်ခဲ့ပြီဖြစ်သည်။

နှစ်ပေါင်းရာကျော်ခဲ့ပြီဖြစ်ရာ နေရာများက မပြောင်းလဲသေးလျှင်ပင် လူများက ပြောင်းလဲသွားလောက်ပြီ မဟုတ်လော။ အတိတ်မှ အကြီးအကဲများ၊ မိတ်ဆွေများနှင့် ချစ်ခင်ရသူများက ရှိမှ ရှိကြပါသေးသလော။

***

All Chapters