← Chapters

ယန်ချူနှင့်တိုက်ခိုက်ခြင်း

Vol. 006 Ch. 567

ယန်ချူနှင့်တိုက်ခိုက်ခြင်း

Vol. 006 Ch. 567

ဟောင်ကျူဂီကား နွယ်ပင်များအကြား နစ်မြုပ်သွားရာ သူက မတတ်သာဘဲ သက်စောင့်ဝိညာဉ်များကို ထုတ်လွှတ်ခဲ့ရသည်။ ဟောင်ကျူဂီ၏ ခန္ဓာကိုယ်ကို အလွန် လင်းလက်သော အရောင်အဝါများ ရစ်ပတ်ထားသည်။ သူက ဟောင်ဓားကို လက်နှစ်ဖက်လုံးဖြင့် ကိုင်ကာ ဝှေ့ယမ်းသည်။ ဟောင်ဓားမှ မီးလျှံများ ထတောက်လာကာ နွယ်ပင်များကို အဆက်မပြတ် လောင်ကျွမ်း သွားစေသည်။

“သွား…” ဟောင်ကျူဂီ၏ လက်ဝါးက ဓားနှောင့်ကို ရိုက်လိုက်သည်တွင် ဓားက အလင်းတန်းအလား ပြောင်းလဲသွားကာ မရေမတွက်နိုင်သော နွယ်ပင်များကို လှည့်ပတ် ဖြတ်တောက်သည်။ ဓားဖြတ်သန်းသွားရာ နေရာတိုင်းမှ နွယ်ပင်များ လောင်ကျွမ်း ပျက်စီးရကား သူ၏ဖျက်ဆီးအားက နွယ်ပင်များ ပြန်လည် ကြီးထွားမှုကိုပင် နှေးကွေး သွားစေ၏။

ယိရှောင်ရှီကလည်း သူ့ထံကို ပျံသန်းလာသော ဟောင်ဓား၏ အန္တရာယ်ကို ခံစားမိသည်။ သူ၏ဝပြဲသော ခန္ဓာကိုယ်က အဝေးကို ခုန်လွှား သွားသည်တွင် ဓားက သူ့ဘေးမှ ဖြတ်သန်းသွားပြီး နောက်မှ သစ်မင်းပင်ကြီးကို သွားရောက် ဖြတ်တောက်သည်။ သို့သော်လည်း သစ်မင်းပင်က မြန်ဆန်စွာပင် ပြန်လည် ကြီးထွားလာသည်။ သစ်မင်းနွယ်ပင်၏ ပြန်လည် ကုစားသည့် စွမ်းရည်က အလွန်အမင်း အားကောင်းပေသည်။

ဟောင်ဓားက အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ ယိရှောင်ရှီထံသို့ ဆက်လက်၍ ပျံသန်းလာသည်။ သက်စောင့်ဝိညာဉ်က ဟောင်ကျူဂီနှင့် စိတ်ချင်း ဆက်နွှယ်ထားရာ ဓားကို ဟောင်ကျူဂီက စိတ်ဖြင့် ခိုင်းစေနိုင်သည်။ ယိရှောင်ရှီက လက်ကို မြှောက်လိုက်သည်တွင် ရွှေရောင်နွယ်ပင်များက ခိုင်မာ​သော အရံအတား အဖြစ်ဖြင့် ဟောင်ဓားကို တားဆီးကြသည်။ နွယ်ပင်များက ပျက်စီးကြသော်လည်း သူတို့က ဓား၏ အရှိန်အဟုန်ကို ပြတ်တောက် သွားစေကာ ထိုနေရာတွင်ပင် ရပ်တန့် သွားစေသည်။

သို့သော်လည်း ယိရှောင်ရှီက နောက်ထပ် အန္တရာယ်၏ အငွေ့အသက် တစ်ခုကို ခံစားရသည်။ တစ်စုံတစ်ခုက သူ့အား ချိန်ရွယ်ထားသလို ခံစားရ၏။ ထိုအတွေး ဝင်လာသည့်နှင့်အတူ နွယ်ပင်များ အကြားတွင် ဟောင်လေးတစ်စင်း ပေါ်လာသည်ကို သူမြင်သည်။ ဟောင်ကျူဂီက လေးကိုင်းကို ဆွဲလိုက်သည်နှင့် မြားကိုးစင်းက တစ်ပြိုင်နက်တည်း ပေါ်လာကာ နွယ်ပင်များကို ခွင်းလျက် သူ့ထံကို တိုးဝင် လာကြသည်။

“ကျုပ်…” ယိရှောင်ရှီက အော်ဟစ်လိုသော်လည်း သူ့တွင် အချိန်မရှိတော့။ သူ၏နွယ်ပင်များက သူ့ခန္ဓာကိုယ်ကို နောက်သို့ ဆွဲခေါ်သွားစေလျက် ခန္ဓာကိုယ်က အဝေးကို ပစ်လွင့်သွားစေသည်။ သူက ထိုအန္တရာယ်မှ မလွတ်မီတွင်ပင် နောက်ထပ် အန္တရာယ် တစ်ခုကို ခံစားရကာ အလင်းတန်းတစ်ခု သူ့ထံကို ပျံသန်း လာသည်ကို မြင်ရ၏။

“ကျုပ် အရှုံးပေးတယ်…” ယိရှောင်ရှီက ပိုမိုမြန်ဆန်စွာ ပြေးလွှား ထွက်ပြေးသည်။ မြားများက သူရှိနေခဲ့သော လေထုများကို ဖောက်ထွင်းသွားရာ အကယ်၍ သူသာ အနည်းငယ် နှေးကွေးပါက သက်သာမည်တော့ မဟုတ်ပေ။

နွယ်ပင်များအားလုံး ပျောက်ကွယ်သွားပြီး ကောင်းကင်တွင်ကား ဟောင်ကျူဂီက သက်စောင့် ဝိညာဉ်များဖြင့် တည်ငြိမ်စွာ ရပ်နေသည်။

ဘယ်လောက်တောင် အားကောင်းတဲ့ သက်စောင့်ဝိညာဉ်လဲ…။ လူအုပ်က ဟောင်ကျူဂီ၏ သက်စောင့်ဝိညာဉ် သုံးခုကို ကြည့်ကာ မှင်တက် နေကြသည်။ ဟောင်မိသားစုကား အမှန်ပင် မျိုးရိုးမြင့် မိသားစုတစ်ခု ဖြစ်ပြီး သူတို့မိသားစုဝင်တိုင်းက သက်စောင့်ဝိညာဉ် သုံးခုကို ပိုင်ဆိုင်သည်။

“ဒါက တော်တော် အနိုင်စားရာကျနေပြီ…” ယိရှောင်ရှီက စိတ်ပျက်စွာဖြင့် မြေပြင်ပေါ်ကို ဆင်းသက်သည်။ ထိုခွေးကောင်ကား အမှန်ပင် သက်စောင့်ဝိညာဉ် သုံးခုကို ပိုင်ဆိုင်သည်။ ဟောင်ကျူဂီက မည်မျှ မောက်မာသည်ကို သူမြင်လျက် အမှန်ပင် သွားရောက် ရိုက်နှက်လိုသည်။

“ယိရှောင်ရှီ… မင်းက ငါ့လက်အောက်မှာ လေ့ကျင့်ချင်လား…” ထိုအခိုက်တွင် အကြီးအကဲ အများအပြားက ယိရှောင်ရှီကို ဖိတ်ခေါ်ကြသည်။

ယိရှောင်ရှီက ခေါင်းမော့ကာ တော်ဝင်ကျဲ နန်းတော်ဘက်ကို ကြည့်ပြီး ခေါင်းကုပ်သည်… “ကျွန်တော်က အစ်မနှစ်နဲ့ ဆွေးနွေးပြီးမှ ပြန်ပြောလို့ရမလား…”

တော်ဝင်ကျဲ နန်းတော်မှ အကြီးအကဲများက ကျူးကော့မင်းယွီကို ကြည့်ပြီးမှ ပြုံးလျက် ခေါင်းညိတ်ကြသည်။ ဖက်တီးလေးက အလွန် ဉာဏ်များဟန် ရသည်။

“မင်းတို့ နှစ်ယောက် နောက်ဆုတ်ကြတော့…” လှေကားထစ်ပေါ်မှ အကြီးအကဲက ပြောသည်။ ဟောင်ကျူဂီနှင့် ယိရှောင်ရှီတို့က နောက်ကို ဆုတ်လိုက်ကြသည်။ ယိရှောင်ရှီက ကွင်းပြင်ပကို ထွက်သွားရ၏။

ခြောက်ပွဲမြောက်၌ ကျူးကော့ရှင်းနှင့် လျှပ်စီးကလန်မှ ဇီယန်တို့ တစ်ပြိုင်နက် ထွက်လာကြသည်။ သူတို့နှစ်ယောက်လုံးက လျှပ်စီးပညာကို အဓိကထား လေ့ကျင့်ကြသည်။ ပုံမှန်အားဖြင့် ထိုတိုက်ပွဲက လွန်စွာ ပြင်းထန်ပေသည်။ နောက်ဆုံးတွင် ကျူးကော့ရှင်းက အဋ္ဌမအတန်းအစား နိုဘယ်ဖြစ်သော ဇီယန်ကို အနိုင်ယူကာ သူ၏ ကြောက်မက်ဖွယ် တိုက်ခိုက်ရေး စွမ်းအားကို ပြသခဲ့သည်။

ဇီယန်ကား လျှပ်စီးကလန်၏ ပါရမီရှင်တစ်ယောက် ဖြစ်သော်လည်း သူ့ပါရမီက အမြင့်ဆုံး မဟုတ်ပေ။ သူက ဤနေရာကို တန်ခိုးအဆင့် အသာစီးကြောင့်သာ ရောက်လာခြင်း ဖြစ်သည်။ တော်ဝင်လမ်းကို ဝင်ရောက်စဉ်က သူ့တန်ခိုးအဆင့်က သတ္တမ အတန်းအစားကို ရောက်နေပြီး ဖြစ်ကာ တော်ဝင်လမ်း၌ပင် သူက အဋ္ဌမအတန်းအစားသို့ တက်ရောက်နိုင်ခဲ့သည်။ ထို့ကြောင့် ယခု တကယ့်ထိပ်သီး ပါရမီရှင် တစ်ယောက်ဖြစ်သော ကျူးကော့ရှင်းနှင့် တွေ့ဆုံသောအခါ ရှုံးနိမ့်ခဲ့ရသည်က သိပ်မထူးဆန်းပေ။

သတ္တမတိုက်ပွဲတွင် အေးခဲလမ်းမှ ဟောင်က ယန်လန်အား တိုက်ခိုက် အနိုင်ယူကာ နောက်တစ်ဆင့်ကို တက်သွားသည်။ ဟောင်ကလည်း အလွန် အားကောင်းသော တိုက်ခိုက်ရေး စွမ်းရည်ကို ပြသခဲ့၏။

အဋ္ဌမတိုက်ပွဲ၌ အင်မော်တယ် ကျေးရွာမှ ဖီးနစ်က ဆဋ္ဌမအတန်းအစား နိုဘယ်ဖြစ်သော လီရှင်းကို အနိုင်ယူကာ နောက်တစ်ဆင့်ကို တက်သည်။

ထာဝရ အဘိုး၏ ဆက်ခံသူ ဖီးနစ်ကား အင်မော်တယ် ကျေးရွာ၏ အလှဆုံး မိန်းကလေးလည်း ဖြစ်သည်။ သူမတွင် အလွန်မြင့်မားသော ပါရမီရှိကာ သူမ၏ သက်စောင့်ဝိညာဉ်က ဒဏ္ဍာရီငှက်တစ်ကောင် ဖြစ်သော ဇာမဏီငှက်ဖြစ်သည်။ သူမ၏ သက်စောင့်ဝိညာဉ်က မီးဓာတ်ကို အခြေပြုကာ အလွန် အားကောင်းသော အသက်ဓာတ်ပါသော သစ်သားဓာတ်ဖြင့် အထောက်အပံ့ ပြုထားသည်။ ထိုတိုက်ပွဲတွင် တော်ဝင်ကျဲ နန်းတော်မှ အကြီးအကဲများက သူမကို စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြကာ အများအပြားက သူမအား တပည့်အဖြစ် လက်ခံလိုနေကြသည်။

သည်တိုက်ပွဲ ပြီးနောက်တွင် ကွင်းထဲ၌ လူလေးယောက်ခန့်သာ ကျန်တော့သည်။ သူတို့ကား ရီဖူရှင်း၊ ယူချင်း၊ ချီမင်နှင့် ယန်ချူတို့ ဖြစ်ကြသည်။

ထိုအဖြစ်က လူအများအား စိတ်ဝင်စားစေသည်။ ရီဖူရှင်းနှင့် ယူချင်းက အားကောင်းသော စွမ်းရည်ကို ပြသခဲ့သည့်တိုင် အဘယ်ကြောင့် နောက်ဆုံးအထိ ရှေ့ကို ထွက်လာခြင်း မရှိကြသနည်း။ ယခု လူလေးယောက်ခန့်မျှသာ ကျန်ရစ်တော့ရာ ရီဖူရှင်းနှင့်ယူချင်းက အချင်းချင်း စိန်မခေါ်ပါက သူတို့က ယန်ချူနှင့် ချီမင်ကို တိုက်ခိုက် စိန်ခေါ်ကြရတော့မည် ဖြစ်သည်။

သို့သော်လည်း ကြည့်ရသည်မှာ သူတို့ အနိုင်ရရန် အလွန် ခက်ခဲမည် ဖြစ်သည်။

ထိုအခိုက်တွင် သူတို့ လေးယောက်က အခြေအနေကို အကဲခတ် နေကြသည်။ ယခု လူလေးယောက်မျှသာ ကျန်ရစ်တော့ရာ သူတို့က အမြန်မလိုပေ။ ယန်ချူနှင့် ချီမင်တို့က အမြန်မလိုပေ။ ရီဖူရှင်းက ယူချင်းနှင့် တိုက်ခိုက်မည် မဟုတ်သည်ကို သူတို့ သိထားကြသည်။ ထို့ကြောင့် ပြိုင်ဘက်ကို ရွေးချယ်ရန်မှာ သူတို့ ဆုံးဖြတ်ချက် ဖြစ်သည်။

“မင်းက ဘယ်သူ့ကို ရွေးချင်လဲ…” ယန်ချူက ချီမင်ကို ကြည့်ကာ မေးသည်။ စည်းမျဉ်းက သူတို့အကြား စကားပြောခြင်းကို မကန့်သတ်ထားပေ။

“ငါ သူ့ကို ရွေးတယ်…” ချီမင်က ယူချင်းကို ကြည့်သည်။ ယူချင်းက ဤမတိုင်မီ ချီခွန်ကို အနိုင်ယူထားသည်။

“ငါလည်း ဒီလိုပဲ တွေးတယ်… ဒီလိုဆိုရင်လည်း ငါအရင် သွားလိုက်မယ်…” ထို့နောက် သူက ကွင်းထဲကို ဝင်ကာ ရီဖူရှင်းကို ကြည့်သည်။ ရီဖူရှင်းက ကိုယ်တိုင် ထွက်လာသည်ကို သူ စောင့်နေသည်။

သူက ရီဖူရှင်းနှင့် တိုက်ခိုက်ရန် အခွင့်အရေးကို နောက်ဆုံးတွင် ရရှိခဲ့ပြီဖြစ်သည်။

“ထွက်လာခဲ့စမ်း…” ယန်ချူက ရီဖူရှင်းကို တရားဝင် စိန်ခေါ်သည်။

ရီဖူရှင်းက ကွင်းထဲကို ဝင်လာသည်။

“မင်းက ငါ့ကို အတော်ပဲ အင့်အားသင့်စေတယ်… ဒါပေမဲ့ မင်းက ဒီလောက်အထိပဲ ရောက်သင့်တယ်…” ယန်ချူက ရီဖူရှင်းကို ကြည့်ကာ ပြောသည်။ တော်ဝင်လမ်းတွင် သူ၏တံဆိပ်ပြားများကို လုယက်ရဲသော လူငယ်လေးက သူ့အား များစွာ အံ့အားသင့်မှုများကို ပေးခဲ့သည်။ ပိုင်ရီ၊ စီကျိနှင့် တခြား ပြိုင်ဘက်များကို အနိုင်ယူပြခဲ့သည်။ ဓားစွမ်းအင်က လေထဲတွင် ဖြစ်လာကာ သူ့လက်အား ရစ်ပတ်လာသည်။

ရီဖူရှင်းက ပိုင်ရီနှင့် စီကျိတို့ကို အနိုင်ယူခြင်းက သူတို့၏မှော်ပညာကို တားဆီးနိုင်ကာ အနီးကပ် တိုက်ခိုက် အနိုင်ယူခဲ့သောကြောင့် ဖြစ်သည်။ သို့သော်လည်း သူကား ကွဲပြား ခြားနားပေသည်။ သူ့တွင် ထိုသို့ အားနည်းချက် မရှိပေ။

သူက ထိပ်ဆုံး ဆယ်နေရာကို ရောက်ရန် ရီဖူရှင်းအား နင်းခြေပြီး တက်သွားမည် ဖြစ်သည်။ အကယ်၍ သူက အခွင့်အရေး ရခဲ့ပါကလည်း ယန်နန်အတွက် လက်စားချေဦးမည်။ သူက ထိပ်သီး ဆယ်နေရာကို ရောက်သောအခါ ရွယ်ချွဲကို စိန်ခေါ်ကာ ဓားသမားများအကြား ယှဉ်ပြိုင်တိုက်ခိုက် အဆုံးသတ်မည်။

“ဒီလောက်ပဲ ရောက်သင့်တယ်တဲ့လား…” ရီဖူရှင်းက ထူးမခြားနားစွာ ပြုံးသည်။ ဓားအသိကို ခံစားမိသည်တွင် ကြယ်တာရာ အလင်းများက ရီဖူရှင်း၏ ခန္ဓာကိုယ်ကို စတင် လှည့်ပတ်လာသည်။ ရှီအသိက ကြယ်တာရာ အလင်းထဲတွင် ပျော်ဝင်နေကာ သူ့ခန္ဓာကိုယ်အား ရစ်ပတ်လျက် ရောက်လာသော ဓားအသိကို ခုခံသည်။

ထို့နောက်တွင် ရွှေရောင်များ ဝင်းလက်ကာ သူ့နောက်တွင် နတ်ငှက်ဝိညာဉ် ပေါ်လာသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်က နတ်ငှက်ပုံရိပ်နှင့် ပေါင်းစပ်သွားဟန် ရသည်။ သူ၏ ခန္ဓာကိုယ်ကလည်း နတ်ငှက် ခန္ဓာကိုယ်အလား ဖြစ်သွားကာ သူ့မျက်လုံးများက မောက်မာသော နတ်ငှက်မျက်လုံးများ အတိုင်း စူးရှ တောက်ပနေသည်။

အတောင်ပံများကို ဖြန့်ကာ ရီဖူရှင်းက ကောင်းကင်ထဲကို ပျံသန်း တက်ရောက် လာသည်။ လေဓာတ်စွမ်းအင်များ ရစ်ပတ်ထားကာ သူ့အနီး၌ လျှပ်စီးများ တဖျတ်ဖျတ် လက်သွားသည်။ ထိုအခိုက်တွင်ပင် သူက ဓာတ်စွမ်းအင် အများအပြားကို အသုံးပြုပြီး ဖြစ်သည်။

လွတ်လပ်ခြင်း ကျင့်စဉ်ကိုသုံးလျှင် သူက လေထုထဲ၌ လှုပ်ရှား သက်ဝင်မှုများ အားလုံးကို ရှင်းလင်းစွာ မြင်ရသည်။ သူ၏ အာရုံခံစားမှုထဲသို့ ဓားအသိ ဝင်ရောက်လာသည်။ ယန်ချူက အလင်းအမှောင် ဓားကို အဓိကထားကာ ရီဖူရှင်းက သတိထားရန် လိုသည်။

မရေမတွက်နိုင်သော အကြည့်များက ရီဖူရှင်းထံ ရောက်လာသည်။ ထိုအခိုက်တွင် ချောမောသော လူငယ်လေးကား အလွန် လင်းလက် တောက်ပသည်။

လေထဲတွင် ဓားအသိ စီးဆင်းနေသည်ကို ကြည့်ကာ သူက ယန်ချူကို မေးခွန်းထုတ်သည်… “မင်းက ထိုက်တန်လို့လား…” သူ၏အသံ ထွက်ပေါ် လာသည်နှင့်အညီ ရီဖူရှင်း၏ ခြေထောက်တွင် လျှပ်စီးများ လက်သွားကာ လျှပ်စီးအရိပ် ခြေလှမ်းကို သုံးလျက် မူလနေရာမှ ပျောက်ကွယ် သွားသည်။

ကွင်းထဲတွင် လေတဟူးဟူး တိုက်ခတ်နေကာ အဆင့်နိမ့် နိုဘယ်များက ရီဖူရှင်း၏လှုပ်ရှားမှုကို မြင်နိုင်စွမ်း မရှိတော့ပေ။ သူကား မြန်ဆန်လွန်းသည်။ ယခု အမြန်နှုန်းက ရီဖူရှင်း၏ တကယ့်စွမ်းရည်လား…။

တစ်စုံတစ်ခုကို ခံစားမိရကား ယန်ချူ၏ အမူအရာက ပြောင်းလဲသွားသည်။ သူက ရှေ့မှ လေထုကို လက်ညှိုးဖြင့် ထိုးသည်တွင် မရေမတွက်နိုင်သော ဓားစွမ်းအင်များက တစ်နေရာတည်းကို သွားရောက် စုစည်းကာ ဖြတ်တောက် ကြသည်။

ထိုအခိုက်တွင် အလင်းတစ်ချက်နှင့်အတူ လက်ဝါးတံဆိပ်တစ်ခု ဆင်းသက်လာသည်ကို မြင်၏။ ရွှေရောင်လက်ဝါးက ကြီးမားသော အရှိန်အဝါကို ပေးကာ ဓားစွမ်းအင်များကို ပျက်စီးစေလျက် သူ့ထံကို ရောက်လာသည်။

ဘန်း…

ကျယ်လောင်သော အသံတစ်ခုနှင့်အတူ လက်ဝါးတံဆိပ်တော်က ဓားကွန်ချာကို အစိတ်စိတ် အပိုင်းပိုင်း ဖြစ်စေလျက် ယန်ချူအား ကွင်းဘေးကို လွင့်စဉ် သွားစေသည်။ သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားသော ဓားစွမ်းအင်များပင် လက်ဝါးချက်ကြောင့် ယိုယွင်းသွားဟန် ရသည်။

ဒါ… မထင်မှတ်သော မြင်ကွင်းက လူအုပ်အား အေးခဲသွားစေသည်။ ရီဖူရှင်းက ယန်ချူကို လက်ဝါး တစ်ချက်တည်းနဲ့ လွင့်စဉ် သွားစေသည်လား…။ သူ၏ အမြန်နှုန်းနှင့် အားအင်က အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ စီကျိကို အနိုင်ယူစဉ်က ရီဖူရှင်း၏ စွမ်းရည် အစစ်အမှန် မဟုတ်ပေဘူးလား…။

ယန်ချူကလည်း ရီဖူရှင်းကို စူးရဲစွာ ကြည့်သည်။ သူ၏ရင်ဘတ်မှ နာကျင်မှုကို ခံစားရရာ ထိုလက်ဝါး၌ အားဘယ်လောက် ပါသည်ကို သူသိသည်။

လက်ကို မြှောက်ကာ သူက ရီဖူရှင်းအား ကြည့်သည်တွင် ဓားစွမ်းအင်က ကောင်းကင် တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ သူ့နောက်တွင်ကား ဓားကိုးလက် ဖြစ်ပေါ်လာကာ ကောင်းကင် တစ်ခုလုံးမှ ဓားစွမ်းအင်များကို စုပ်ယူသည်။ ယန်ချူကား ဒေါသ ထွက်သွားလေပြီ။

“ဒေါသထွက် လာတာလား…” ရီဖူရှင်းက ယန်ချူကို တည်ငြိမ်စွာပင် ကြည့်ကာ အေးစက်စက် လေသံဖြင့် ပြောသည်…“ရလဒ်က အတူတူပဲ ဖြစ်လိမ့်မယ်…”

***

All Chapters