← Chapters

ထိပ်ဆုံးဆယ်နေရာသို့ တက်လှမ်းခြင်း

Vol. 006 Ch. 568

ထိပ်ဆုံးဆယ်နေရာသို့ တက်လှမ်းခြင်း

Vol. 006 Ch. 568

ယန်ချူ၏မျက်လုံများက ဓားသွားများဖြင့် ပြည့်နှက်နေဟန် ရသည်။ သူ၏ မျက်လုံးထဲတွင် ဓားအလင်းများသာ ရှိ၏။

ရလဒ်က အတူတူသာ ဖြစ်မည်တဲ့လား…။

မှန်သည်… ရလဒ်က အတူတူသာ ဖြစ်မည်။ ရီဖူရှင်းက သူ့အား အနိုင်ယူနိုင်မည် မဟုတ်။

ဓားအသိ စီးဆင်းမှုက နှေးကွေးသွားဟန်ရကာ လူသတ်လိုသော အငွေ့အသက်များ ပိုမို ပြင်းထန်လာသည်။ ယန်ချူ၏နောက်မှ ဓားကိုးလက်က တချွင်ချွင် မြည်ကြကာ သူ၏ ခန္ဓာကိုယ်ကလည်း ဓားတစ်လက် ဖြစ်သွားသည်။ သူ၏လက်မှ ဓားပညာတစ်ခုကို ထုတ်ဖော်ကာ သူက အေးစက်စွာ အော်လိုက်သည်… “တိုက်စမ်း…”

ချက်ချင်းပင် ကောင်းကင်တစ်ခွင် ပြည့်နှက်နေသော ဓားစွမ်းအင်များက ရီဖူရှင်းထံသို့ စီးဆင်း လာကြသည်။ ပိုမို၍ ကြောက်စရာ ကောင်းသည်ကား ထိုဓားစွမ်းအင်များထဲတွင် အလွန် လင်းလက်သော ဓားတစ်လက် ပါဝင်နေခြင်း ဖြစ်သည်။ ထိုဓားက အလင်းတန်း တစ်ခုနှင့် အလားသဏ္ဌာန် ရကာ မူလနေရာမှ ဖျတ်ခနဲ ပျောက်ကွယ် သွားသည်။ ထိုဓားက အလင်းဓား ဖြစ်ရပေမည်။

ထိုအခိုက်တွင် ရီဖူရှင်းက သူ၏ပတ်ဝန်းကျင်အား စိတ်စွမ်းအင်ဖြင့် ဖြန့်ကြက်ထားပြီး ဖြစ်သည်။ ဓားစွမ်းအင် အမျှင်တန်းတိုင်းက သူ၏အာရုံထဲတွင် ရှိနေသည်။ ထို့နောက် သူ့ခန္ဓာကိုယ်မှ အလွန်အမင်း အေးစက်သော အငွေ့အသက်များ ထွက်ပေါ်လာကာ မြူခိုးများနှင့် ရေခဲလှိုင်းများ အဖြစ ်ဖုံးလွှမ်းသွားသည်။

ပတ်ဝန်းကျင် တစ်ခုလုံး အေးစက် သွားသည်။

ရီဖူရှင်း၏အနီးတွင် ငွေရောင် အလင်းများ ထုတ်လွှတ်သော တစ်စုံတစ်ခု ပေါ်လာသည်။ ထိုအရာကား သူ၏ သက်စောင့်ဝိညာဉ် လမင်းဖြစ်သည်။ ရှီအသိက သက်စောင့် ဝိညာဉ်ထဲတွင် ပေါင်းစပ်နေရာ ပတ်ဝန်းကျင်အား ပိုမို အေးစက်စေသည်။ လမင်းထဲတွင် သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံထဲမှ ရရှိခဲ့သော ကောင်းကင်အလင်း သုံးခုရှိနေသည်။ ထိုအထဲတွင် မီးဓာတ်၊ ရေဓာတ်နှင့် မြေဓာတ်တို့ကို အခြေခံသော နေ၊ လနှင့် ကြယ်တာရာများ ပါဝင်သည်။

စန္ဒာငွေလမင်း ကျောင်းအုပ်ထံမှ ရီဖူရှင်းက ရေခဲပုရပိုက်ကို ရရှိခဲ့သည်။

ထိုအခိုက်တွင် ကောင်းကင်တစ်ခွင်ရှိ ဓားများအားလုံးကို မြူများ ဖုံးအုပ်သွားသည်။ ဓားစွမ်းအင် အများစုက လေထဲတွင်ပင် အေးခဲသွားကြကာ အချို့က ရီဖူရှင်းထံကို စီးဆင်း လာကြသော်လည်း အလွန်အမင်း နှေးကွေး သွားကြသည်။ လစွမ်းအင်၏ ဖိနှိပ်မှုကို ခံရရာ သူတို့အားလုံး ရေခဲများ ဖြစ်သွားကြသည်။

ရုတ်တရက် ရီဖူရှင်းက လေထဲမှနေ၍ သူ့ထံ ပျံသန်းလာသော အလင်းဓားထံသို့ လျှောက်သွားသည်။ သူက လျှပ်စီး အရိပ်ခြေလှမ်းကို အသက်သွင်းလိုက်ကာ သူ၏ အတောင်ပံများက တုန်ခါသွားသည်။ တကယ့်နတ်ငှက်လိုပင် ကောင်းကင်တွင် ကွေးကောက် ပျံသန်းလျက် သူက အလင်းဓားကို လှပစွာ ရှောင်တိမ်း သွားသည်။ အလင်းဓားက သူ့ကို သတ်ရန်ထား၍ နှေးကွေးစေခြင်းပင် မရှိခဲ့။

ရွှေရောင်နတ်ငှက် သဏ္ဌာန်အလား သူက ပျံသန်းကာ ယန်ချူထံသို့ မြန်မြန်ဆန်ဆန် ချဉ်းကပ်သွားသည်။ သို့သော်လည်း ယန်ချူ၏ မျက်လုံးက အေးစက်သွားကာ များစွာသော အမှောင်ဓားများ ထွက်ပေါ်လာသည်။

“အေးခဲစမ်း…” ရီဖူရှင်းက စိတ်ဝိညာဉ် စွမ်းအားဖြင့် ချက်ချင်း ခိုင်းစေလိုက်သည်။ ရေခဲဓာတ် စွမ်းအားများက ချက်ချင်း ဖုံးကွယ်နေသော ဓားစွမ်းအင်များကို အေးခဲသွားစေသည်။ ယန်ချူ၏ တိုက်ခိုက်မှုကို ကြည့်ရှုခြင်းပင် မရှိဘဲ အတောင်ပံများကို ခတ်ကာ ရီဖူရှင်းက တစ်ဖက်လူထံသို့ ပျံသန်းသွားသည်။ သူ၏ လှုပ်ရှားဟန်က အလွန်လှသည်ဟု လူအများက တွေးထင်ကြသည်။ ရီဖူရှင်း၏ နောက်တွင် အမှောင်ဓားများက ပေါက်ကွဲသွားသော အခါတွင်မှ ရီဖူရှင်းက ထိုဓားချက်များကို ရှောင်တိမ်း သွားခဲ့ကြောင်း သူတို့ ရိပ်မိလိုက်ကြသည်။

ယန်ချူ၏ မျက်နှာက နက်မှောင်သွားသည်။ သူ၏မျိုးဆက်တွင် သူ့အလင်းအမှောင် ဓားအား လွယ်လင့်တကူ ရှောင်တိမ်း သွားခဲ့သောသူအား ဦးဆုံး ကြုံတွေ့ခဲ့ရခြင်းလည်း ဖြစ်သည်။ ထိုစဉ်မှာပင် အေးစက်မှုများက သူ့ခန္ဓာကိုယ်ထဲကို စိမ့်ဝင်လာကာ သွေးလည်ပတ်မှု နှေးကွေးသွားပြီး စိတ်တည်ငြိမ်မှု ပျက်ပြား လာသည်။

“ပိတ်ဆို့ခြင်းဓား…” ယန်ချူက ဒေါသတကြီး အော်လိုက်သည်။ ဓားကိုးလက်က အရပ် မျက်နှာကိုးခုမှ လည့်ပတ် ဝင်ရောက်လာကာ ဓားဝင်္ကပါတစ်ခု ဖြစ်သွားပြီး ရီဖူရှင်း၏ ပြေးလမ်းများ အားလုံးကို ပိတ်ဆို့သည်။

“အရူး…” တစ်ယောက်က ရုတ်တရက် ပြောသည်။ ထိုအခိုက်တွင်ပင် ပိတ်ဆို့ခြင်း ဓားအား မြူများ ဖုံးလွှမ်းသွားသည်။ လင်းလက်သော ပုံရိပ်တစ်ခုက လေထဲတွင် ပျံဝဲကာ ဓားကိုးလက် အကြားမှ လှပစွာ ရှောင်တိမ်းသွားပြီး ယန်ချူ၏ရှေ့ကို ရောက်လာသည်။

အရူးဟူသော ခေါ်သံက အမှန်ပင် ထိုက်တန်လှသည်။ ယန်ချူ၏အဝေးမှ တိုက်ခိုက်မှုများကား ရီဖူရှင်းအပေါ်တွင် မည်သည့် သက်ရောက်မှုမှ မရှိ။

ယန်ချူ၏မျက်လုံးမှ ထက်ရှသော အလင်းတစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် သူက ကောင်းကင်ထက်ကို ခုန်တက်လာသည်။ ထောင်ပေါင်း များစွာသော ဓားများ ဖြစ်ပေါ်လာကာ​ ဧရာမ ဓားတစ်လက်အသွင် ဖြစ်သွားသည်။ ဓားကား ကြီးမားလေးလံက သူ့ထံ အနီးကို ရောက်လာသော ရီဖူရှင်းဆီသို့ ဆင်းသက် သွားသည်။

ဧရာမ ဓားကြီး၏ ဖိအားကို ခံစားမိသည်တွင် ရီဖူရှင်းက လက်နှစ်ဖက်ကို မြန်ဆန်စွာ လှုပ်ရှားလိုက်သည်။ ချက်ချင်းပင် ကောင်းကင်၌ မုန်တိုင်းနှစ်ခု ဖြစ်ပေါ်လာပြီး တစ်ခုက သတ္တုဓာတ်များ ဖြစ်ကာ တစ်ခုက ကြယ်တာရာများ ဖြစ်သည်။ မုန်တိုင်းနှစ်ခုက ပေါင်းစပ်သွားပြီး ကြီးမား ရှည်လျားသော ကြယ်တာရာ နှင်တံတစ်လက် ဖြစ်သွားသည်။ နှင်တံကား ကြောက်မက်ဖွယ် ရွှေရောင်အလင်းများ ဖြာထွက်နေရာ ပိုမို၍ လေးလံသည်ဟု ထင်မှတ်ရသည်။

“အဆုံးမဲ့ မဟာနတ်ဓား…” ယန်ချူက အော်ဟစ်သည်။ ဓားလက်ကိုင်ကို ကိုင်စွဲကာ သူက ရီဖူရှင်းထံသို့ ထိုးသွင်း လိုက်သည်။ ဧရာမဓားကြီးက အောက်မှ တက်လာသော ရီဖူရှင်းထံ ကြီးစွာသော ဖိအားနှင့်အတူ ဆင်းသက် လာသည်။

ရီဖူရှင်း၏ အတောင်ပံများ လှုပ်ခတ်သွားသည်။ သူက ကြယ်တာရာနှင်တံအား လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသည်။ ကောင်းကင်တွင် အလွန် လင်းလက်သော ရောင်စဉ်တစ်ခုက နှင်တံရှည်အား ရစ်ပတ်သွား၏။

“သွား…” ရီဖူရှင်းက နှင်တံရှည်အား ဝှေ့ယမ်း လိုက်သည်တွင် အောက်ကို ကျဆင်းလာသော ဧရာမဓားနှင့် ရင်ဆိုင်မိသည်။ မဆုံးနိုင်သော ဓားအသိများ မဟာနတ်ဓားနှင့် ကြယ်တာရာ ရောင်စဉ်များ လင်းလက်နေသော နှင်တံတို့ ရင်ဆိုင်မိသည်တွင် နားကွဲမတတ် အသံကြီးတစ်ခုကို ကြားကြရသည်။ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ် ပေါက်ကွဲမှုနှင့်အတူ မဟာနတ်ဓားနှင့် နှင်တံက အလယ်ဗဟိုမှနေ၍ စတင် ကြေပျက်လာကြသည်။

သူတို့ နှစ်ယောက်လုံးက နောက်ဆုတ်ခြင်း မရှိပေ။ ထက်ရှသော အကြည့်နှင့်အတူ ယန်ချူက သူ၏ဓားကျိုးကို ဆက်လက်၍ တွန်းသလို ရီဖူရှင်းကလည်း နှင်တံအား ဆက်တွန်းသည်။

အဆက်မပြတ် ပေါက်ကွဲမှုနှင့်အတူ နှင်တံနှင့်​ဓားတို့ လေထဲ အပိုင်းအစများ အဖြစ် ကြေပျက်သွားကာ သူတို့နှစ်ဦးက အလွန် နီးကပ်သော အခြေအနေသို့ ရောက်လာသည်။

“အာ…” မရေမတွက်နိုင်သော လူများက ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့်ကြသည်။ ရီဖူရှင်းကား အမှန်ပင် ယန်ချူနှင့် ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်နေသည်။ သူက ယန်ချူ၏ထိုးစစ်ကို ထိုးစစ်နှင့် ယှဉ်တိုက်သည်။ ထို့အပြင် သူတို့နှစ်ယောက် ရင်ဆိုင် တိုက်ခိုက်မှုက အလွန်အမင်း ပြင်းထန်၏။

မဟာနတ်ဓားက ကြေပျက်သွားသလို ကြယ်တာရာ နှင်တံကလည်း ကျိုးပျက် သွားသည်။ ထို့နောက် သူတို့နှစ်ယောက်က အပျက်အစီး မုန်တိုင်းထဲ၌ မျက်နှာချင်းဆိုင် တွေ့ကြရသည်။ ယန်ချူ၏ မျက်နှာက အေးစက်နေသည်။ ရီဖူရှင်းက အားကောင်းသော်လည်း သူ့ထံတွင် ရှုံးနိမ့်လိမ့်မည်ဟု ယန်ချူက တစ်ခါမှ မတွေးထင်ခဲ့ဖူးပေ။ သူကား ဓားကျေးရွာမှ ဖြစ်ကာ ဓားကျေးရွာက ဓားပညာတွင် အကောင်းဆုံး ဖြစ်သည်။

သည်တိုက်ပွဲက ထိပ်ဆုံး ဆယ်နေရာကို ဝင်ရောက်ရန် တိုက်ပွဲလည်း ဖြစ်သည်။ သူက မည်သို့ ရှုံးနိမ့်ရမည်နည်း။

မဆုံးနိုင်သော ဓားအသိများ ယန်ချူ၏လက်ကို လှည့်ပတ်နေကြသည်။ သူ၏ လက်တစ်ခုလုံးက မုန်တိုင်းအား ထွင်းဖောက်သွားသော ဓားတစ်လက်အဖြစ် ပြောင်းလဲသွားကာ ရီဖူရှင်းထံကို ရောက်လာသည်။ တစ်ဖက်တွင် ရီဖူရှင်းထံမှ အလင်းတန်းများ ဖြာထွက်လာသည်။ နတ်ငှက်တစ်ကောင်က ယန်ချူထံသို့ တိုးဝင်လာသည့်အလား ထင်မှတ်ရကာ သူနှင့်အတူ ကြယ်တာရာ များစွာကိုလည်း သယ်ဆောင် လာသည်။ ရီဖူရှင်းက ရှေ့ကို တိုက်ရိုက် လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။ သူ၏လက်ဝါးတွင် နဂါးတစ်ကောင်၏ အော်မြည်သံ၊ လူဝံကြီး၏ ဟိန်းသံနှင့် ကြယ်တာရာများ၏ လင်းလက်မှုတို့ အားလုံး ပါဝင်နေဟန် ရသည်။

ရီဖူရှင်းက ခန္ဓာကိုယ်အား အမြဲ သန်မာအောင် လေ့ကျင့်သည်။ သူ၏ မူလဝိညာဉ် အကူအညီဖြင့်လည်း သွေးကြောများ အရိုးများကို ပြည်လည် တည်ဆောက်ခဲ့ရာ သူ၏ခန္ဓာကိုယ်က ကြောက်မက်ဖွယ် ကောင်းအောင် သန်မာသည်။

ဘန်း…

ကျယ်လောင်သော အသံနှင့်အတူ ဓားစွမ်းအင်က ကြေပျက်သွားကာ ယန်ချူ နောက်ကို လွင့်စဉ်သွားသည်။

ယန်ချူက ကွင်းပြင်ပကို ထွက်သွားတော့မည်ကဲ့သို့ ဖြစ်သွားလျှင် သူက အတင်း ဟန်ချက်ထိန်းကာ နောက်မှ လေထုကို အတင်းတွန်းထုတ်၍ ရပ်လိုက်ရသည်။ သူ၏ပါးစပ်မှ သွေးစများကိုလည်း တွေ့ရသည်။ ထိုအတူ သူ၏ လက်တစ်ဖက်ကလည်း တုန်ယင်နေကာ အရိုးများ ကျိုးအက်တော့မည့် အလား ခံစားနေရသည်။

မရေမတွက်နိုင်သော လူများက အေးခဲသွားကြသည်။ ရီဖူရှင်းက ယန်ချူအား ပထမတစ်ကြိမ် ရိုက်နှက်နိုင်သည်က တိုက်ဆိုင်မှု ဆိုပါက ယခု တစ်ကြိမ်ကရော…။

ရီဖူရှင်းက ယန်ချူကို ဒဏ်ရာ ရစေခဲ့သည်။

ရီဖူရှင်းတွင် သက်စောင့်ဝိညာဉ် အများအပြား ရှိကာ ဓာတ်စွမ်းအား မျိုးစုံကို သုံးနိုင်သည်။

သည်မြင်းနက်က ထိပ်ဆုံး ဆယ်နေရာကို တက်သွားတော့ မည်လော..။

ယန်ချူက မျက်လုံးကို မှိတ်လိုက်သည်။ ဓားစွမ်းအင်က သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်စွာ စီးဆင်းသွား၏။ ထို့နောက် ဓားစွမ်းအင်က ကောင်းကင်ထက်ကို တက်လှမ်းသွားကာ ဓားများအားလုံးက သူ့အနီးတွင် လာရောက် စုစည်းကြသည်။ ဓားကိုးလက်က တစ်လက်တည်းအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်တွင် အလင်းတန်းများ တဖျတ်ဖျတ် လက်လာသည်။ ထိုအခိုက်တွင် ယန်ချူ၏ ခန္ဓာကိုယ်ကပင် ဓားများစွာဖြင့် အစားထိုး ဖြစ်ပေါ် လာသည်ဟု ထင်ရသည်။

ထိုနေရာ တစ်ခုလုံးမှ ဓားအသိများ အားလုံးက ယန်ချူထံကို တိုးဝင်လာကြကာ သူ့ခန္ဓာကိုယ်ပေါ်၌ပင် ပုံရိပ်ယောင်ဓားများ ဖြစ်ပေါ်လာစေသည်။

အဆုံးမဲ့ မဟာနတ်ဓားများ… ပေါင်းစပ်ခြင်း…။ သည်တိုက်ကွက်ကား နတ်ဓားကိုးလက် ပညာတွင် အစွမ်းအထက်ဆုံး တိုက်ကွက်လည်း ဖြစ်သည်။ ယန်ချူက သည်တိုက်ကွက်၏ စွမ်းအား အစစ်အမှန်ကို ထုတ်လွှတ်ရန် များစွာ လိုအပ်သေးသော်လည်း သူ ဖော်ထုတ်သည့် အားအင်ကလည်း အလွန်တရာ ကြောက်မက်ဖွယ် ကောင်းနေဆဲ ဖြစ်သည်။ သူ့အနီးမှ ဓားအသိများ အားလုံး ခန်းခြောက်သွားကာ ပင်ပဓားထံသို့ ရောက်သွားသည်။ ထိုဓားချက်က မည်မျှ ကြောက်မက်ဖွယ် ကောင်းမည်ကို ခန့်မှန်း၍ ရသည်။

ထိုအခိုက်တွင် ရီဖူရှင်း၏နောက်မှ အတောင်ပံများက တဖျတ်ဖျတ် ခတ်သွားကာ ရီဖူရှင်းက ကောင်းကင်ထက်ကို တက်ရောက် သွားသည်။ လေထဲတွင်ပင် သူက ကြမ်းတမ်းသော စွမ်းအင် စီးကြောင်းများ ဖြစ်ပေါ်လာစေသည်။ မမြင်ရသော စွမ်းအားများ ရီဖူရှင်း၏ ခန္ဓာကိုယ်၌ အရူးအမူး စုစည်းလာနေသည်။ ထိုအထဲတွင် လေဓာတ်၊ သတ္တုဓာတ်နှင့် မြေဓာတ်တို့ ပါဝင်သည်။ အချိန် ကြာလာသည်နှင့်အမျှ အင်အားထုက ပိုမိုကြီးမားလာကာ ရီဖူရှင်းအနီး၌ ထိတ်လန့်ဖွယ် မုန်တိုင်းတစ်ခု ဖြစ်လာသည်။ တစ်ချိန်တည်းတွင်ပင် သူ့လက်၌ ကြယ်တာရာ နှင်တံတစ်လက် ဖြစ်လာသည်။

ဘန်း… ရီဖူရှင်းက ကောင်းကင်တွင်ပင် နှင်တံဖြင့် ရိုက်ချလိုက်သည်တွင် ကောင်းကင်က တုန်ခါသွားသည်။ လူတိုင်း၏ နှလုံးကလည်း ထိုရိုက်ချက်နှင့်အတူ တုန်ခါကြသည်။ နှင်တံက ကောင်းကင်တွင် ဆက်လက် လှည့်ပတ်သည်တွင် သူ၏ အရှိန်အဟုန်က ပိုမို အားကောင်းလာဟန် ရသည်။

ဘန်း… ရီဖူရှင်းက နောက်ထပ် ရိုက်ချက်တစ်ခုကို အားပြည့် အင်ပြည့် ထုတ်လိုက်သည်။ လူအများအပြားက ရီဖူရှင်း၏ ရိုက်ချက်တွင် ပါဝင်သော အားအင်ကို ခံစားမိကြသည်။ သူ၏နှင်တံပညာက ယန်ကျန်း သုံးခဲ့သော နည်းနှင့် ဆင်တူသည်။ သို့သော် ရီဖူရှင်း သုံးသောအခါ အားအင်က ပိုမိုတိကျပြီး လှုပ်ရှားဟန်များက ပိုမိုချောမွေ့ရာ ရိုက်ချက်က ပိုမိုအားပြင်းဟန် ရသည်။ ရီဖူရှင်းက ထိုပညာတွင် ယန်ကျန်းထက် နားလည်၏။

ရုတ်တရက် ရီဖူရှင်း၏ အောက်ခြေတွင် ယန်ချူက မျက်လုံးကို ဖွင့်လိုက်ပြီး အော်လိုက်သည်… “တိုက်စမ်း…” မရေမတွက်နိုင်သော ဓားများက ဓားတစ်လက်တည်း အဖြစ် ပြောင်းလဲသွားကာ သူကိုယ်တိုင်ကလည်း ဓားဖြစ်သွားသည်။ သူက ကောင်းကင်ကို ခွင်းလျက် အလင်းတန်းအလား ပျံသန်းလာသည်။

နတ်ငှက်အလား ပုံသဏ္ဌာန်က လေထဲတွင် လှုပ်ရှား ကခုန်နေဆဲ ဖြစ်သည်။ သူက အလွန်မြင့်မားသော နေရာတစ်ခုအထိ ရောက်လာကာ သဘာဝစွမ်းအင်များ သူ့အနီး၌ ကြမ်းတမ်းစွာ စုစည်းနေကြသည်။ ခန္ဓာကိုယ်မှ အလင်းတန်းများ ဖြာထွက်လျက်ပင် သူက အောက်ကို ပြန်လည် ကျဆင်းလာသည်။ ဧရာမနှင်တံကြီး ကျဆင်းလာသည်တွင် လေထုက အမှန်တကယ် တုန်ခါကြသည်။

ဘုန်း… ပြင်းထန်စွာ ထိရိုက်သံ တစ်ချက် ထွက်လာသည်။

ကောင်းကင်နှင်မြေပြင်က ငလျင်လှုပ်သည့်အလား တုန်ယင်သွားသည်။ လူတိုင်း၏ ရင်ဘတ်များကလည်း တုန်ခါသွားကာ သူတို့၏ရှေ့မှ မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်အောင် ကြိုးစား ကြည့်နေကြသည်။

ကွင်းထဲတွင်ကား ယန်ချူက မြေပြင်၌ လဲလျောင်းနေသည်။ သူ့ပါးစပ်မှ သွေးများ အဆက်မပြတ် အန်နေရာ ဒဏ်ရာ အပြင်းအထန် ရသွားသည်မှာ ထင်ရှားသည်။ ခေါင်မော့ကြည့်လျှင် ရီဖူရှင်းက ကောင်းကင်၌ ဝင့်ကြွားစွာ ရပ်နေသည်ကို သူမြင်သည်။

ရီဖူရှင်းက ယန်ချူအား ဒဏ်ရာ ပြင်းထန်စွာ ရစေအောင် တိုက်ခိုက် အနိုင်ယူလျက် နောက်တစ်ဆင့်ကို တက်သွားသည်။

***

All Chapters