သမာရိုးကျမဟုတ်သည့် ဝိညာဉ်အသွင်ပြောင်းခြင်း
Vol. 76 Ch. 1051
ကမ္ဘာဦးဟွင်သွမ်းအတွင်းတစ်နေရာ
တိုက်တန်နှစ်ယောက်က မရပ်မနား တိုက်ခိုက်နေကြသည်။ ထို့နောက် အန္တိမသဟဇာတသည် ရုတ်တရက် ရပ်တန့်လိုက်၏။ သူက သူ့အမှားကို ချက်ချင်း သဘောပေါက်သွားကာ ပြင်ဆင်ဖို့ ကြိုးစားလိုက်သည်။ သို့သော် နောက်ကျလွန်းသွားခဲ့၏။ မေတ္တယျက အခွင့်အရေးကို အရယူကာ သူ့ကို ရွှေရောင်လက်ဝါးချက်ဖြင့် ရိုက်လွှတ်လိုက်ပြီး သူ့နှုတ်ခမ်းထောင့် သွေးများ စွန်းထင်းသွားစေသည်။
“ဒီလိုတိုက်ပွဲမျိုးမှာ အာရုံလွတ်သွားတာက ဘယ်လိုလဲဆိုတာကို ရှင်က အားလုံးထက် ကောင်းကောင်းသိပါတယ်” သူမက ပြောရင်း မရပ်မနား ဆက်လက်တိုက်ခိုက်လိုက်သည်။
ထိုစဉ် အန္တိမသဟဇာတက သူ့ကိုယ်သူ စိတ်ငြိမ်အောင် ထိန်းနေရ၏။ ဝိညာဉ်လမ်းစဉ် ပေါ်ထွက်လာခြင်းက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာအား တည်ရှိမှု လိုအပ်နေသည့် အစိတ်အပိုင်းကို ပြင်ဆင်ဖို့ ခွင့်ပြုပေးမည် ဖြစ်ကာ အစစ်အမှန်ကောင်းကင်တာအို၏ စွမ်းအားနှင့် ထိန်းချုပ်မှုကို တိုးမြှင့်လာစေပြီး သူ့အတွက်မူ လျော့ကျသွားစေလိမ့်မည်။
ငါ ကောင်းကင်စာအုပ်ကို အရမ်းကြီး မှီခိုနေလို့မရဘူး…
အန္တိမသဟဇာတက တွေးလိုက်မိသည်။
အခု လှုပ်ရှားရတော့မဲ့ အချိန်ပဲ…
ဒိုင်မေးရှင်းအမြင့်ရှိ အင်အားကြီး ပုဂ္ဂိုလ်အများစုက ဝိညာဉ်လမ်းစဉ် ပြန်လည်ပေါ်ထွက်လာမှုကို ခံစားမိလိုက်ကြသည်။ သူတို့က ဤအပြောင်းအလဲသည် ကမ္ဘာတစ်ဝှမ်း ဂယက်ရိုက်သွားစေမည်မှန်း သိထားလေ၏။ သို့သော် လူတချို့ကသာ ထိုအရာ အတိအကျကို သိထားကြသည်။
…………………..
မူလစည်းတံဆိပ်ကုန်းမြေ
“ခံစားမိလား” ဝူဟုန်က မေးလိုက်သည်။
“ဟုတ်တယ် ဝိညာဉ်လမ်းစဉ်အသစ်ပဲ” ယန်းအိုက်က ပြောလိုက်၏။
“ဒီတစ်ခုက သန့်စင်ဝိညာဉ်လမ်းစဉ်အစား ကိုးကွယ်ရေးနဲ့ ပတ်သက်နေသလိုပဲ”
“အဲဒါကို ဂရုမစိုက်ဘူး။ သူ့ရဲ့ လွှမ်းမိုးမှု လျော့သွားမယ် ထင်လား”
“အဲ့လိုဖြစ်နိုင်ပါတယ်။ ပြောချင်တာက အဲ့လိုအရိပ်အယောင်တွေတော့ ရှိတယ်လေ” ယန်းအိုက်က ပြောလိုက်သည်။
“ဝိညာဉ်လမ်းစဉ်က ဟွင်သွမ်းကမ္ဘာအများစုမှာ ပြန်လည်ပေါ်ထွက်လာပြီဆိုတော့ အံ့ဩဖို့တော့ မကောင်းပါဘူး။ ဒီအရာက အနာဂတ်ကို ဘယ်လိုသက်ရောက်မှုရှိမလဲ စဉ်းစားနေမိတာ”
“ဟွင်သွမ်းစကြဝဠာက ပိုပြီးတော့ ရှုပ်ထွေးလာလိမ့်မယ်” ဓားဧကရီက ပြောလိုက်သည်။ စိတ်ဝိညာဉ်၊ အဆီအနှစ်၊ ချီနှင့် တာအိုတို့က စကြဝဠာကို ပြီးပြည့်စုံစေဖို့ မျှခြေညီသည့် အရာလေးခု ဖြစ်၏။ ထိုအရာကို ရရှိသွားသည်နှင့် ရိုးရှင်းသည့်အရာများက ရှုပ်ထွေးလာမည်ဖြစ်ကာ တစ်ခါက မဖြစ်နိုင်ခဲ့သည့်အရာများက ပုံမှန်ကိစ္စဖြစ်လာလိမ့်မည်။
“ဒီတစ်ကြိမ် ဖရိုဖရဲဖြစ်မှုက အတော်လေးကို အံ့အားသင့်စရာဖြစ်လာတော့မှာပဲ” ဝူဟုန်က သက်ပြင်းချကာ ပြောလိုက်၏။
“တတိယမြောက် မူလစစ်ပွဲလား” ယန်းအိုက်က တိုက်ခိုက်လိုစိတ်ဖြင့် ပြောလိုက်သည်။
“အဲဒါကို အဲ့လိုခေါ်မယ်လို့တော့ မထင်ဘူး”
“ချီရှန်းရဲ့ ထင်ကြေးသာ မှန်မယ်ဆိုရင် အဲဒီကလေးက ဒီဖရိုဖရဲဖြစ်မှုကို အစပြုလာတဲ့သူဆိုရင် ဘာလို့အဲ့နာမည်ကို မသုံးနိုင်ရမှာလဲ။ သူ့ရဲ့ ဘိုးဘေးအနေနဲ့ အနည်းဆုံးတော့ ငါ့ကို အဲဒီဖြစ်ရပ်အပေါ် နာမည်ပေးခွင့်ပေးသင့်တယ်”
ဝူဟုန်က မျက်လုံးဝှေ့ကာ ပြောလိုက်သည်။
“ဒဏ်ရာတွေက ဘယ်လိုလဲ”
“ကောင်းပါတယ်။ သေးနုပ်တဲ့ ပုစွန်ဆိတ် ဖြစ်မနေတော့ဘူး” ယန်းအိုက်က ပြောလိုက်သည်။
“မင်းရော ဘယ်လိုလဲ။ လက်ရည်စမ်းချင်လား”
“တော်ပါပြီ။ အစ်မကို မျက်နှာမပျက်စေချင်ဘူး”
“ဒီတစ်ခေါက် မတူတော့ဘူး။ ငါက ပိုအားကောင်းတဲ့ ခန္ဓာကိုယ်ရှိပြီးတော့ ဓားရေးနယ်ပယ်အဆင့်သစ် တက်ရောက်ထားပြီးပြီ။ မင်းက ငါ့ပြိုင်ဘက်ဖြစ်မှာ မဟုတ်ဘူး”
“ကျွန်မက ဘာလို့ တိုးတက်မလာဘူးလို့ ထင်နေရတာလဲ” ဝူဟုန်က ပြန်လည်ချေပလိုက်သည်။ သူမ အမည်မသိ ကိုယ်ပွားမှ လက်ခံရရှိထားသည့် အကြောင်းအရာများက တစ်နည်းမဟုတ်တစ်နည်း အထောက်အကူ ဖြစ်ခဲ့သည်။
ယန်းအိုက်က သူမကို ကြည့်လိုက်၏။ အနည်းဆုံး တိုးတက်မှုကပင် သူမ၏ လက်ရှိအဆင့်အတွက် ခက်ခဲနေပြီဖြစ်သော်လည်း ယခုမူ သိသိသာသာ တိုးမြင့်သွားခဲ့သည်။
“တကယ်လို့ ကြောက်နေရင်လည်း ပြောလိုက်လေ”
ဝူဟုန်က သူမကို လျစ်လျူရှုကာ ပျောက်ကွယ်သွားလေသည်။
“ဘယ်လိုပဲဖြစ်ဖြစ် မင်းက ငါ့ရဲ့ ချွေးမလေးဆိုတဲ့ အချက်က မပြောင်းဘူး”
………………………………………………………………….
ချူးအံ့ဖွယ်တိုင်းပြည်
ဖေးလန်က မိုးမြေကြားရှိ အပြောင်းအလဲများကို ခံစားမိပြီး သူ့စိတ်ထဲ အတွေးများစွာ ထွက်ပေါ်လာသည်။ တခြားသော လမ်းစဉ်များက တော်လှန်ရေး၏ နောက်ခံတပ်သားများနှင့် အလယ်အလတ်တန်းစားအရာရှိများဖြစ်သည့်အတွက် လမ်းစဉ်အသစ်ပေါ်ထွက်လာခြင်းက သူတို့၏ တပ်ဖွဲ့ကြားတွင် အပြောင်းအလဲများစွာ ဖြစ်လာနိုင်သည်ဟု ဆိုလိုနေသည်။
သူက လောင်မာကို ဆက်သွယ်ဖို့ အချိန်မရခင် တိုင်းပြည်၏ တရားဝင်အစည်းအဝေးကို တက်ရောက်ရမည်မှန်း သိလိုက်၏။ သူက တုံ့ဆိုင်းခြင်းမရှိဘဲ အရာရှိဝတ်စုံကို လဲလှယ်ကာ နန်းတော်သို့ ထွက်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် ဖေးလန်က သူ့စိတ်ထဲ အကြောက်တရားတစ်ခု လွှမ်းမိုးသွားသည်ကို ခံစားမိလိုက်၏။ မရဏအငွေ့အသက်က ပြင်းထန်လွန်း၍ သူ့ခန္ဓာကိုယ်ပင် တုန်တုန်ယင်ယင် ဖြစ်လာမိသည်။
ဘာတွေဖြစ်နေတာလဲ…
သူက အဖြေကို အလျင်အမြန် ရှာဖွေလိုက်ပြီး အမူအရာ ပျက်ယွင်းသွားလေသည်။
သေခြင်းတရားနိမိတ်ဆိုး…
သူ့အလိုလိုသိစိတ်က ထိုသေခြင်းတရားသည် အလျင်အမြန် ချဉ်းကပ်လာနေကြောင်း သတိပေးနေ၏။
ဘာဖြစ်သွားတာလဲ။ ငါ့ဇစ်မြစ် ပေါက်ကြားသွားတာလား…
အဲ့လိုတော့ မဖြစ်နိုင်ဘူး…
ဖေးလန်က တစ်စုံတစ်ယောက်သည် သူ့ကို ကာကွယ်နေမှန်း သိထားပြီး မတုံးအပေ။ မဟုတ်ပါက သူသည် ထိုသူများဆီမှ ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။
စိတ်ငြိမ်ငြိမ်ထား…
သူက ရေရွတ်ရင်း စိတ်ငြိမ်အောင် ထိန်းလိုက်သည်။
အခြေအနေက ဘယ်လိုပဲဖြစ်ဖြစ် အဆုံးစွန်မဲ့စံပြဖြစ်လာတာနဲ့ ဒီကပ်ဘေးမှာ အသက်ရှင်နိုင်ချေက မြင့်မားလာလိမ့်မယ်…
ဖေးလန်က ယနေ့အစည်းအဝေးကို တက်ရောက်နေရင်း သူ့အမူအရာက မူမမှန်မှုတို့ ရှိမနေပေ။ ဤအကြံပေးအမတ်က သေခြင်းတရားနိမိတ်ဆိုးကို လက်ခံထားရမှန်း မည်သူမှ ပြောနိုင်မည် မဟုတ်ပေ။ ဖေးလန်က အိမ်သို့ ပြန်လာပြီးသည့်နောက်တွင် လောင်မာကို ဆက်သွယ်ပြီး ဝိညာဉ်လမ်းစဉ် အသစ်အကြောင်း ဆွေးနွေးလိုက်သည်။
“လူကြီးမင်း ကျုပ်တို့ဆီမှာ သတင်းကောင်းနဲ့ သတင်းဆိုး ရှိတယ်”
“ဘာဖြစ်နေတာလဲ”
“လူအိုကြီးထျန်းကျိကို ရှာတွေ့ပြီ” လောင်မာက ပြောလိုက်သည်။
“အဲဒါက သတင်းကောင်းလေ။ ဒါနဲ့ သတင်းဆိုးက ဘာလဲ”
“သူ့ကို လူကိုယ်တိုင် တွေ့ခဲ့တာ မဟုတ်ဘဲနဲ့ သူက ခင်ဗျားအတွက် မှတ်စုတစ်ခု ချန်ထားပေးခဲ့တာပါ” လောင်မာက မှတ်စုကို ပြလိုက်သည်။
ဆေးလုံးက ကံကြမ္မာကောင်းလည်းဖြစ်သလို ကပ်ဆိုးလည်းဟုတ်တယ်…
ဖေးလန်က မျက်မှောင်ကြုတ်လိုက်မိသည်။ ဂမ္ဘီရတွက်ချက်သူများက အမြဲလိုလို တိုက်ရိုက်ပြောလေ့မရှိဘဲ ပဟေဠိများဖြင့်သာ ပြောလေ့ရှိ၏။ ထိုအချက်ကို သူက သဘောမကျပေ။ သို့သော်လည်း ယခု ထိုစကားများက နားလည်ဖို့ လွယ်ကူလေ၏။ ဆေးလုံးကိုယ်တိုင်က ပြဿနာ မရှိသော်လည်း အဆင့်တက်လှမ်းသည့် ဖြစ်စဉ်ကမူ ရိုးရှင်းမည် မဟုတ်ပေ။
“လူကြီးမင်း ဘယ်လိုထင်လဲ” လောင်မာက မေးလိုက်သည်။
“ငါလည်း မသိဘူး။ ငါ ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ”
“အခြေအနေက တည်ငြိမ်လာပြီဆိုတော့ အလျင်လိုဖို့ လိုမယ်မထင်ဘူး” လောင်မာက ပြောလိုက်သည်။
“အဆင့်တက်လှမ်းတာကို ချောမွေ့ဖို့ အချိန်ယူသင့်တယ်လို့ ထင်တယ်”
ဖေးလန်က ဘာမှမပြောပေ။ ပုံမှန်ဆိုရင် ဤနည်းဗျူဟာက အကောင်းဆုံး ဖြစ်သင့်သော်လည်း သေခြင်းတရားနိမိတ်ဆိုး ဖုံးလွှမ်းနေသည့်အခါတွင် မဟုတ်ပေ။ သူက သက်ပြင်းချကာ ပြောလိုက်၏။
“ကိစ္စတွေက ပြောင်းလဲသွားပြီ။ ဘေးကင်းတဲ့ ချဉ်းကပ်မှုမျိုးကို စောင့်ဆိုင်းနေဖို့ အချိန်မရှိဘူး”
“အဲဒါဆိုရင် ဘယ်လိုလုပ်မှာလဲ”
“အဲဒီအကြောင်း မစိုးရိမ်နဲ့။ ငါ အဆင့်တက်လှမ်းဖို့ သီးသန့်ကျင့်ကြံရေး ဝင်လိုက်မယ်။ မင်းနဲ့ ဆက်သွယ်ဖို့ ကိုယ်ပွားတစ်ခုကို ချန်ထားခဲ့မယ်”
“လူကြီးမင်း ဘယ်လောက်သေချာလဲ”
“တခြားအချိန်ဆိုရင်တော့ ငါ ၈၀ရာခိုင်နှုန်းလို့ ပြောမိလောက်တယ်။ ဒါပေမဲ့ အခုတော့ မသိဘူး”
လောင်မာက ခေတ္တမျှ တိတ်ဆိတ်သွားလေသည်။
“သေချာသတိထားပါ”
ဖေးလန်က ခေါင်းညိတ်လိုက်၏။ သူတို့က လမ်းစဉ်အသစ်ကို မည်သို့ အသုံးပြုဖို့နှင့် စွမ်းအားကို တိုးမြှင့်ဖို့ ဆွေးနွေးလိုက်ကြသည်။ စကားဝိုင်းအဆုံးသတ်သွားသည့်အခါ ဖေးလန်က စတင်လှုပ်ရှားလိုက်၏။ သူက အခြေအနေအသီးသီးအတွက် လွတ်လမ်းကို ပြင်ဆင်ထားပြီး သူ့ပင်မခန္ဓာကိုယ်ကို အစားထိုးဖို့ လိုအပ်သည့် ကိုယ်ပွားပ့င် ပါဝင်သည်။
ထိုအရာပြီးဆုံးသွားသည်နှင့် သူက ကမ္ဘာ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့၏။
…………………………………………………………………….
အသင်္ချေအင်ပါယာကမ္ဘာ
ဝမ်ဝေ့က လျန့်ရှစ်ရှန်းကို နားမလည်စွာ ကြည့်လိုက်သည်။ ဝိညာဉ်လမ်းစဉ်ကို ကမ္ဘာထံ ပြန်လည်ခေါ်ဆောင်လာသည့် အပြုအမူက ဖြစ်ရပ်ကြီး ဖြစ်၏။ သို့သော်လည်း ကုသိုလ်အပြင် ထင်ထင်ရှားရှား ဖြစ်ရပ်မျိုး ဖြစ်မလာခဲ့ပေ။ သူက အားကောင်းသည့် ကြမ္မာတစ်ခုက ထိုသူကို ကာကွယ်ပေးနေကြောင်း သတိထားမိခဲ့၏။ လျန့်ရှစ်ချန်းသည် အိမ်သို့ ပြန်ရောက်လာသည်နှင့် သူ့မျိုးနွယ်သည်လည်း ကာကွယ်ပေးခံရလိမ့်မည်။ သို့သော်လည်း ကိစ္စတစ်ခုလုံးက လွှမ်းမိုးမှု နည်းပါးကြောင်း ခံစားမိ၏။
အဓိက အကြောင်းအရင်းက ဘာလဲ…
ဝမ်ဝေ့က တွေးရင်း ဖြစ်နိုင်ချေများစွာကို ကောက်ချက်ချလိုက်သည်။
ဝိညာဉ်လမ်းစဉ်ပေါ်ထွက်လာတာက ငါ ထင်ထားသလောက် အရေးမကြီးတာမျိုးလား။ ဒါမှမဟုတ် အစစ်အမှန်ကောင်းကင်တာအိုက လျန့်ရှစ်ချန်းအတွက် ကာကွယ်ဖို့အနေနဲ့ ဒီဖြစ်ရပ်ရဲ့ သက်ရောက်မှုကို လျှော့ချပစ်လိုက်တာလား…
ဝမ်ဝေ့က နောက်တစ်ခုကို ပိုမိုအရေးသာနေမိသည်။ ကောင်းကင်တာအိုက အကြွင်းမဲ့စတင်ခြင်းဧကရာဇ်နှင့် ဖြစ်ပျက်ခဲ့သည့်အရာကြောင့် ဗုဒ္ဓဘာသာအပေါ် အကြွေးတင်နေသကဲ့သို့ နတ်မျိုးနွယ်သည်လည်း ထိုကပ်ဘေးအတွင်း ဒုက္ခတွေ့ခဲ့ရသည်။ ထို့ကြောင့် အစစ်အမှန်ကောင်းကင်တာအိုအနေဖြင့် လျန့်ရှစ်ရှန်း၏ ဆုလာဘ်နှင့် အကျိုးအမြတ် အားလုံးကို မျိုးနွယ်၏ ချီကံကောင်းမှုနှင့် ကြမ္မာအဖြစ် ပြောင်းလဲပစ်လိုက်ခြင်းက ဖြစ်နိုင်လေ၏။
လျန့်ရှစ်ရှန်း၏ တောင်းဆိုမှုအောက်တွင် ဝမ်ဝေ့က သူတို့မျိုးနွယ်၏ ဒိုင်မေးရှင်းမှ သူ့နောက်လိုက်များကို ကူးသန်းပြောင်းရွေ့ပေးခဲ့သည်။ သို့သော်လည်း ဝမ်ဝေ့က ကမ္ဘာကို စတင်စစ်ဆေးကြည့်လိုက်၏။ လူများစွာက ထိုလမ်းစဉ်အသစ် ပေါ်ထွက်လာမှုနှင့်ပတ်သက်ပြီး စိတ်ဝင်စားနေကြသည်။
နတ်ဘုရားရာထူးအများစုက ယုံကြည်မှုစွမ်းအားဖြင့် ထောက်ပံ့ပေးထားသည့်အတွက် လူများစွာက ထိုလမ်းစဉ်အတွက် အရင်းအမြစ်တချို့ကို ရရှိပြီးသား ဖြစ်၏။ မဟာတာအိုအရင်းအမြစ်အတွက် ချွေတာထားကြသည့် လူများစွာက ယခုအခါ ဈေးပေါသည့် ထိုလမ်းစဉ်ကို ရွေးချယ်သွားကြသည်။ သူတို့က အနိမ့်ဆုံး ထာဝရအရှင် မဟုတ်သရွေ့ ကျေနပ်နေပြီ ဖြစ်၏။
ဝမ်ဝေ့က စောင့်ဆိုင်းနေစဉ် ယန်းလီလင်းက သူ့ကို လာရောက်တွေ့ဆုံခဲ့လေသည်။
“လီလင်း ဘာကိစ္စရှိလို့လဲ”
“ကျွန်မ အတွေးတစ်ခုရှိလို့ အစ်ကိုကြီးဆီ လာပြီးတော့ ပြောပြတာ”
“ပြောလေ”
“ကျွန်မက နဝမအဆုံးစွန်အုတ်မြစ်ကို တည်ထောင်ဖို့ တည်ရှိမှုကို နားလည်ဖို့ ကြိုးစားနေတယ်ဆိုတာ သိတယ်မလား”
“အင်းလေ။ တိုးတက်နှုန်းက ဘယ်လိုလဲ”
“ကျွန်မ အရမ်းနီးကပ်နေပြီ။ နည်းနည်းလောက် တွန်းအားရှိမယ်ဆိုရင် အောင်မြင်သွားလိမ့်မယ်လို့ ခံစားမိနေတယ်” ယန်းလီလင်းက ပြန်ဖြေလိုက်သည်။
“ဒါက သတင်းကောင်းပဲ။ ဒါနဲ့ ဘာအကူအညီ လိုလို့လဲ” ဝမ်ဝေ့က မေးလိုက်သည်။
“ငါတို့တွေ လင်းဖန်ရဲ့ ချဉ်းကပ်မှုမျိုးနဲ့ ကြိုးစားကြည့်လို့ရတယ်”
အကယ်၍ သူသာ သူမ၏ တည်ရှိမှုကို ဖျောက်ဖျက်ပစ်ခဲ့ပြီး တည်ရှိမှု ပြန်လည်တည်ဆောက်ခြင်းမှ အသက်ပြန်သွင်းလိုက်လျှင် သူမသည် နောက်ဆုံးအတားအဆီးကို ချိုးဖောက်နိုင်ချေရှိသည်။
“အင်း။ အဲဒါက အကြံကောင်းပဲ” ယန်းလီလင်းက ပြောလိုက်သည်။
“ဒါပေမဲ့ အဲ့လိုမဟုတ်သေးဘူး။ ကျွန်မက ကျွင်းအာလိုမျိုး သမာရိုးကျမဟုတ်တဲ့ နဝမအဆုံးစွန်အုတ်မြစ်ကို ရနိုင်မလားဆိုတာကို သိချင်လို့။ ဒါပေမဲ့ ခန္ဓာကိုယ်အစား ဝိညာဉ်ပေါ့”
(လီကျွင်း - ကျွင်းအာ )
“အင်း။ ပုံမှန်ဆိုရင်တော့ အဲဒါက မဖြစ်နိုင်ဘူး”
ခန္ဓာကိုယ်က တောင့်ခံနိုင်သည့် စွမ်းအားက ပွင့်ချပ်၇လွှာအဆင့်သာ ကန့်သတ်ချက်ရှိနေသည့် အကြောင်းအရင်း ရှိပေသည်။
“နတ်ဘုရားဘုရင်လမ်းစဉ်ကနေ လှုံ့ဆော်မှု ရလာတာလား”
“ဟုတ်ပါတယ်” ယန်းလီလင်းက ခေါင်းညိတ်လိုက်သည်။
“ကြည့်ရအောင်။ မင်းအနေနဲ့ ဝိညာဉ်ဆီက ကြီးထွားရေးဂုဏ်သတ္တိကို ဝိညာဉ်စက်ကွင်း ဖွဲ့စည်းနိုင်မယ်ဆိုရင်တော့ ဆင့်ကဲပြောင်းလဲနိုင်ချေ ရှိတယ်။ အဲဒီနောက် မင်းက ယုံကြည်မှုအစား သန့်စင်ဝိညာဉ်စွမ်းအားကို သုံးပြီးတော့ ဝိညာဉ်မီးတောက်ကို ဖွဲ့စည်းလို့ ရတယ်။ ဝိညာဉ်မီးတောက်က မင်းရဲ့ ဝိညာဉ်ကို ကန့်သတ်ချက်ထက် လွန်အောင် လေ့ကျင့်ပေးမှာဆိုတော့ တာအိုဘိုးဘေးနဲ့ ယှဉ်နိုင်လောက်တယ်”
“အဲ့လိုဖြစ်နိုင်လား” ယန်းလီလင်းက အကြည့်များ တောက်ပလျက် မေးလိုက်သည်။ ဆေးဝါးပညာရှင်တစ်ယောက်အနေနှင့် သူမ၏ ဝိညာဉ်က သူမထံ အရမ်းကို အရေးပါလှသည်။ ထို့ကြောင့် နဝမအဆုံးစွန်အုတ်မြစ်ထက် ထိုနည်းလမ်းက သူမနှင့် ပိုသင့်တော်လေသည်။
“ငါတို့တွေ စမ်းကြည့်ကြတာပေါ့”