ခက်ခဲသော အောင်မြင်မှု၊ အသွင်ပြောင်းမှုနှင့် အပြောင်းအလဲ
Vol. 76 Ch. 1052
ဝမ်ဝေ့က ယန်းလီလင်းတစ်ယောက် ကြီးထွားရေးဝိညာဉ်စက်ကွင်းကို ဖွဲ့စည်းဖို့ ကြိုးစားနေသည့် သရုပ်ဖော်လှုံ့ဆော်မှုကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ ကိစ္စများက သူ ထင်ထားသလို မရိုးရှင်းလှပေ။ မိုးမြေ၏ စည်းမျဉ်းများက ခန္ဓာကိုယ်ကိုသာ ပွင့်ချပ် ၇လွှာ ကန့်သတ်ချက်ကို ချိုးဖောက်ဖို့ ခွင့်ပြုပေးထားသည့်အတွက် ဝိညာဉ်အပေါ် ခြွင်းချက် ဖြစ်လာဖို့ သို့မဟုတ် ချိုးဖောက်ဖို့ရာအတွက် မလွယ်ကူလှပေ။
သူက သူမကို ကူညီပေးလိုက်သည်။ သူ့အနေဖြင့် သူမအား ဝိညာဉ်၏ အနှစ်သာရကို ပြသပြီး ပင်ကိုစံပြ ဝိညာဉ်အဆင့် အပါအဝင် ဧကရာဇ်ဝိညာဉ်ရှိခြင်းက မည်သည်နှင့် တူညီသည်ကို ခံစားစေလိုက်သည်။ သို့သော်လည်း ထိုအရာအားလုံးက အကူအညီမဖြစ်ဘဲ သူမက ကျရှုံးခဲ့လေသည်။
ဝမ်ဝေ့ကို မဆိုထားနှင့် ယန်းလီလင်းကပင် အလွယ်တကူ လက်လျှော့တတ်သည့်သူ မဟုတ်ပေ။
အထူးသဖြင့် ဝမ်ဝေ့က စည်းမျဉ်းများအတွက် ကန့်သတ်ချက်ကို ကျော်လွန်ဖို့ရာ သို့မဟုတ် ခြွင်းချက်ဖြစ်ဖို့ ကြိုးစားသည့်အခါ တစ်စုံတစ်ယောက်က သူ့ကို လွှမ်းမိုးနေသလိုမျိုး ခံစားရလေ့ရှိ၏။ ထို့ကြောင့် သူက အစွန်းရောက်သွားလေ့ရှိသည်။
သူက လျန့်ရှစ်ရှန်း၏ ဝိညာဉ်စက်ကွင်းနှင့် မီးတောက်ဖွဲ့စည်းခြင်း၏ မှတ်ဉာဏ်များကို သူမ၏ စိတ်ထဲပို့ဆောင်ပေးလိုက်သည်။ သူ့အနေဖြင့် ပြန်လည်ဝင်စားခြင်း လျှို့ဝှက်ချက်ကိုပင် သူမအား ချောင်းကြည့်ခွင့်ပြုခဲ့ပြီး သေမျိုးများ၏ ဝိညာဉ်များစွာက သေခြင်းရှင်ခြင်းကို တွေ့ကြုံခံစားပြီး သူတို့၏ ဝိညာဉ်က မည်သို့ ဖြတ်ကျော်ခဲ့ရသည်ကို ကြည့်စေလိုက်သည်။
သူက ဝိညာဉ်ခွဲ တာအိုကို အသုံးပြုပြီး သူမအား ဝိညာဉ်အပေါ် သက်ရောက်မှု ရှိသည့် အတွေ့အကြုံများကို ခံစားခွင့်ပြုလိုက်သည်။ ထိုအရာထဲတွင် အဆိုးမြင် စိတ်ခံစားချက်များ၊ အကောင်းမြင် စိတ်ခံစားချက်များ၊ စိတ်ဒဏ်ရာ၊ စိတ်ဆန္ဒ၊ ရည်မှန်းချက်၊ လိုအင်ဆန္ဒ၊ ကျင့်ကြံရေး၊ စည်းမျဉ်း၊ ဆေးကြောမှု၊ ဒဏ်ရာ၊ ကုသရေးပင် အပါအဝင် ဖြစ်၏။
ဝမ်ဝေ့က ဝိညာဉ်သန်းပေါင်းများစွာကို တိုက်ရိုက်နားလည်သိရှိဖို့ ပျားအုံနှင့် တူသည့် သက်ရှိဖြစ်ရသည်မှာ မည်သို့ ခံစားရကြောင်း ပြသခဲ့သည်။ ထို့နောက် နှစ်များစွာ အားထုတ်မှုနှင့် လှုံ့ဆော်မှုအပြီး သူမက အောင်မြင်ခဲ့၏။
“ဒါက ကျွန်မ ထင်ထားတာထက် ပိုပြီးခက်ခဲနေခဲ့တာပဲ” ယန်းလီလင်းက သူမ၏ အသိစိတ်ပင်လယ်ထဲရှိ ကမ္ဘာဦးစိတ်ဝိညာဉ်အထက် ဝိညာဉ်စက်ကွင်းကို ကြည့်ကာ ပြောလိုက်သည်။ ထိုဖြစ်စဉ်ကို ရက်စက်မှုဟုပင် ဖော်ပြ၍ ရသည်။ တစ်ခုတည်းသော သတင်းကောင်းက သူမ၏ ဝိညာဉ်အပေါ် နားလည်စွမ်းက ရောက်ရှိမည်ဟု မထင်မှတ်ထားသည့် အနေအထားတစ်ခုသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။
“ဒါက နတ်ဘုရားဘုရင် ဖြစ်လာအောင် ကြိုးစားနေတာ မဟုတ်လို့လေ။ မဟုတ်ရင် ဖြစ်စဉ်က ဒီလောက်ကြီး ဖိအားများမှာ မဟုတ်ဘူး” ဝမ်ဝေ့က ထိုဖြစ်စဉ်မှ တဆင့် ဒေါသနှင့် စိတ်သက်သာရာရမှု နှစ်မျိုးလုံးကို ခံစားမိလိုက်သည်။
“ဒါက အတော်လေးကို စိုးရိမ်စရာပဲ”
“ဟုတ်တယ်။ ဝိညာဉ်အတွက် အတော်လေး ပါရမီထူးကဲတဲ့သူတွေလောက်ပဲ ဒီနည်းလမ်းကို အောင်မြင်နိုင်မှာ”
“ဒီအုတ်မြစ်က ကျွမ်းကျင်အတတ်ပညာရှင်တွေအတွက်ပဲ ဖြစ်လောက်တယ်။ သူတို့ထဲကတောင်မှပဲ အကောင်းဆုံးထဲက လူတွေလောက်ပဲ ဖြစ်လောက်တယ်” ယန်းလီလင်းက သုံးသပ်လိုက်သည်။
တခြားနည်းဖြင့်ပြောရလျှင် သူမ၊ ထုံရို့ပင်းနှင့် သေဆုံးသွားပြီးတော့ ချန်းချန်တို့ကသာ အောင်မြင်နိုင်ချေ ရှိ၏။ သူတို့နှင့် အဆင့်တူဖြစ်သည့် ဝူမင်က သူ၏ ထူးကဲသည့် ရုပ်ခန္ဓာကို မှီခိုလွန်းအားကြီးသည့်အတွက် ကျရှုံးသွားနိုင်ချေ ရှိသည်။ လော့ချန်က သူ့ပင်ကိုစွမ်းရည်ကို မှီခိုလွန်း၍ ကျရှုံးသွားနိုင်သည်။ ယန်းလီလင်းက အစွမ်းထိန်းချုပ်ရေးပညာရပ်ကို အသုံးပြုထားသော်လည်း ထိုဖြစ်စဉ်အတွက် မလုံလောက်ခဲ့ပေ။
ဒီအခြေခံအုတ်မြစ်အတွက် ပါရမီထူးကဲတဲ့သူ ၃ယောက်ပဲ ရှိတယ်ဆိုတဲ့အချက်က ဒီမျိုးဆက်မှာ ပြိုင်ဘက်ကင်းပါရမီရှင်တွေ ဘယ်လောက်ရှိလဲဆိုတာကို ပြသနေတာပဲ…
ယန်းလီလင်းက သုံးသပ်လိုက်သည်။
ဝမ်ဝေ့က ထိုစကားများကို ကြားပြီးသည့်နောက်တွင် ညည်းတွားလိုက်၏။ သူက သူ့အဖေအား ဒဿမသာလွန်အုတ်မြစ်ကို ရောက်စေဖို့ရာအတွက် လက်မလျှော့သေးပေ။ ထိုနည်းလမ်းက သူ့အား ပင်ကိုဧကရာဇ်ဝိညာဉ်ကို သန့်စင်ဖို့ ခွင့်ပြုပေးနိုင်သော်လည်း ထိုကြိုးပမ်းမှုက အသုံးမဝင်ဖြစ်သွားနိုင်သည်။
ကြည့်ရတာ အဖေက ဒဿမသာလွန်အုတ်မြစ်ကို လိုချင်တယ်ဆိုရင် ကျင့်ကြံရေးခရီးလမ်း နောက်ပိုင်းနှစ်တွေကျမှ အခြေခံအုတ်မြစ်ကို ပြန်လည်တည်ဆောက်ရမဲ့ပုံပဲ…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
“နောက်အဆင့်ကို လုပ်ရအောင်” ဝမ်ဝေ့က ပြောလိုက်စဉ် ယန်းလီလင်းက လှုံ့ဆော်မှုကို ဆက်လက်လှုံ့ဆော်လိုက်သည်။ နောက်အပိုင်းကလည်း ခက်ခဲသော်လည်း ပထမတစ်ခုလောက် မပြင်းထန်ပေ။ သူတို့က အိပ်မက်လောကမှ သန့်စင်ဝိညာဉ်စွမ်းအားကို ရှိထားလေသည်။
ယခုတွင် ယန်းလီလင်းက အောင်မြင်နိုင်ချေကို တိုးမြှင့်ဖို့ ဝိညာဉ်တာအိုအပေါ် နက်နက်နဲနဲ နားလည်လာပြီ ဖြစ်၏။
သန့်စင်ဝိညာဉ်စွမ်းအားနှင့် ဝိညာဉ်စက်ကွင်းတို့၏ ပေါင်းစည်းမှုက ယန်းလီလင်း နာမည်ပေးထားသည့် ပင်ကိုဝိညာဉ်မီးတောက်ကို ဖြစ်ပေါ်လာစေပြီး အာဟာရဖြည့်သည့် ဂုဏ်သတ္တိကို ကိုင်ဆောင်ထားပြီး ကမ္ဘာဦးစိတ်ဝိညာဉ်၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေ၏။
“ဘယ်လိုနေလဲ” ဝမ်ဝေ့က နောက်ဆုံးရလဒ်ကို မြင်ကာ မေးလိုက်သည်။
“အရမ်းကောင်းတယ်။ စက္ကန့်ပိုင်းနှင့်အမျှ ကျွန်မရဲ့ ဝိညာဉ်က အားကောင်းလာတာကို ခံစားမိတယ်” ယန်းလီလင်းက ရှင်းပြလိုက်သည်။
“မဟာတာအိုအရင်းအမြစ်ရဲ့ စွမ်းအားကို အချိန်တိုကြာ အနိုင်ယူနိုင်ဖို့ သိပ်မကြာလောက်တော့ဘူး။ ဆိုလိုတာက ကျွန်မ မကြာခင် တာအိုဆေးလုံးကို ဖန်တီးနိုင်လောက်တယ်”
“အဲဒါက သတင်းကောင်းပဲ” ဝမ်ဝေ့က ပြောပြီးသည့်နောက်တွင် မျက်မှောင်အသာကြုတ်လိုက်သည်။
“မင်းတို့အတွက် တာအိုကို သက်သေပြဖို့ ငါ့အစီအစဉ်က သိပ်ပြီး မလိုအပ်သလို ခံစားမိလာပြီ။ ဘာပဲဖြစ်ဖြစ် မင်းတို့တွေအနေနဲ့ မှန်ကန်တဲ့ မျိုးဆက်ကို စောင့်ပြီးတော့ တိုက်ပွဲကို ဝင်ရောက်ဆင်နွှဲတာ ကောင်းလိမ့်မယ်”
“မလိုပါဘူး။ ကျွန်မက အစ်ကိုကြီး ချန်ထားခဲ့တဲ့ ခေတ်ကာလကို စောင့်ရှောက်ပေးရတာနဲ့တင် ပျော်နေပါပြီ” ယန်းလီလင်းက ပြန်ဖြေလိုက်သည်။
“ပြီးတော့ ကျွင်းအာကလည်း အဲ့လိုမျိုးပဲ ခံစားမိမှာပါ”
“ဒါပေမဲ့ အဲ့လို မလိုဘူးလေ”
“ကျွန်မတို့ လုပ်ချင်တာကိုး။ ဒါပဲ အရေးကြီးတာလေ”
ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။
“ကောင်းပြီလေ”
“ကျွန်မ အတွေးတစ်ခု တွေးမိတယ်။ တကယ်လို့ မူလဆေးလုံးမီးတောက်ကို ပင်ကိုဝိညာဉ်မီးတောက်နဲ့ ပေါင်းစပ်လိုက်ရင် ဘယ်လိုဖြစ်သွားမလဲ”
“အင်း။ မင်းရဲ့ ဝိညာဉ်အလားအလာကို တိုးမြှင့်ပေးတာမျိုး ဒါမှမဟုတ်ဘူးဆိုရင် မင်းရဲ့ ဆေးလုံးသန့်စင်ရေး အလားအလာကို တိုးမြှင့်ပေးတာမျိုး ဖြစ်လာနိုင်တယ်” ဝမ်ဝေ့က သုံးသပ်လိုက်သည်။
“ဒါပေမဲ့ မင်း သိထားဖို့က အဲကိစ္စက ပေါင်းစည်းဖို့က လွယ်မှာ မဟုတ်ဘူး”
“ကျွန်မတို့ဆီမှာ အချိန် ရှိပါသေးတယ်”
“ဟုတ်တယ်။ ဒါနဲ့ ဝိညာဉ်စက်ကွင်းနဲ့ မီးတောက်ကို အခု ဖွဲ့စည်းချင်တာလား ဒါမှမဟုတ် ဆက်ပြီးတော့ သရုပ်ဖော်လှုံ့ဆော်ကြည့်ချင်သေးလား” ဝမ်ဝေ့က မေးလိုက်သည်။
“အရာအားလုံးကို တစ်ပြိုင်နက်ထဲ ပေးလိုက်တာ ကောင်းမယ်လို့ထင်တယ်”
“မင်း သဘောပဲလေ။ ဒါပေမဲ့ အပြင်ဘက်မှာ ကိစ္စတချို့ ဖြစ်လာတော့မယ်။ ဒီမှာ မင်းကို ကူညီဖို့ ပုံရိပ်ယောင်တစ်ခုကို ချန်ထားခဲ့မယ်”
“ဟုတ်ကဲ့ပါ”
ဝမ်ဝေ့က အိပ်မက်လောကမှ ထွက်ခွာလာခဲ့သည်။ အပြင်ဘက်တွင် နှစ်ငါးရာကျော်မျှသာ ကုန်ဆုံးသေး၏။ ယန်းလီလင်းက သူ့အကူအညီဖြင့် သရုပ်ဖော်လှုံ့ဆော်မှုအတွက် ရှိနေသည်မှာ အချိန်အတော်ကြာမြင့်လှပြီ ဖြစ်သည်။
သူ့အတွေးတစ်ချက်ဖြင့် ကမ္ဘာကို စစ်ဆေးကြည့်ပြီး ရေရွတ်လိုက်သည်။
“ကိစ္စတွေက နေသားတကျ ဖြစ်လာပြီ”
သူ ထွက်လာပြီးသည့်နောက် ရက်အနည်းငယ်အကြာတွင် အသင်္ချေအင်ပါယာကမ္ဘာတစ်ဝှမ်း အမြင်ရုပ်လွှာများစွာ ထွက်ပေါ်လာပြီး အားကောင်းသည့် နဂါးအော်သံတစ်ခု လိုက်ပါလာသည်။ အကြည့်အားလုံးက မြောက်ပိုင်းကုန်းမြေအပေါ် ကျရောက်လာ၏။ သိပ်မကြာခင် ကမ္ဘာကြီးက နောက်ထပ် ထာဝရဧကရာဇ်တစ်ယောက် ကမ္ဘာဦးအမှောင်ထုနဂါးဧကရာဇ် ပေါ်ထွက်လာသည်ကို သိလိုက်ကြသည်။
လူအများစုက ထိုအပြောင်းအလဲသစ်နှင့် ပတ်သက်ပြီး ဟပ်ဟပ်ပက်ပက် မရှိကြပေ။ ယခုခေတ်ကာလတွင် ဧကရာဇ်များနှင့် ထာဝရဧကရာဇ်များက သာမန် ဖြစ်လာခဲ့သည်။ လူမှုအဖွဲ့အစည်းနှင့် အိပ်မက်လောက၏ ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် သေမျိုးများသည် ကျင့်ကြံရေးလောကအကြောင်း ပိုမိုဗဟုသုတ ရှိလာခဲ့၏။ ထို့ကြောင့် သူတို့၏ တိုတောင်းလှသည့် သက်တမ်းဖြင့်ပင် သူတို့က နှစ်တစ်သောင်းအတွင်း ဖြစ်ပျက်ခဲ့သည့်အရာများကို မှတ်တမ်းတင်ထားကြသည်။
ဝမ်ဝေ့က သေမျိုးကလေးငယ်များအား ထိုရှည်ကြာလှသည့် သမိုင်းကြောင်းကို လေ့လာရသည့်အတွက် သနားနေမိ၏။ သူတို့ကံကောင်းသွားသည်က သူတို့၏ စိတ်ဝိညာဉ်သည် သာမန်လူများထက် ပိုမိုမြင့်မားနေခြင်း ဖြစ်သည်။
အောင်းရှန်၏ အောင်မြင်မှုကို အလေးအနက် အာရုံစိုက်သည့်သူများက ထိပ်တန်းမျိုးနွယ်များသာ ဖြစ်၏။ ပြောရလျှင် သူ့စွမ်းအားမြင့်တက်လာမှုက သူတို့ကို ခြိမ်းခြောက်လိုက်ခြင်းနှင့် အတူတူသာ ဖြစ်သည်။ လူများက နတ်ဆိုးမျိုးနွယ် မြင့်တက်မှု သို့မဟုတ် တည်ရှိမှုကို ငြင်းဆန်နေကြဆဲ ဖြစ်သည်။
အောင်းရှန်နှင့် နတ်ဆိုးမျိုးနွယ်က ထိုသူများအတွက် ခြိမ်းခြောက်မှုကြီး ဖြစ်လာခဲ့သည်။ ထိုသူတို့က ကောင်းကင်ဧကရာဇ်သည် နတ်ဆိုးမျိုးနွယ်ထံ ဘာမှလှုပ်ရှားခြင်း မရှိဘဲ လွတ်ပေးထားသည့်အတွက် ဝေဖန်နေကြသေး၏။
ဝမ်ဝေ့က ကမ္ဘာကြီးက မည်သို့တုံ့ပြန်မည်ကို ဂရုမစိုက်ပေ။ သူက မြောက်ပိုင်းကုန်းမြေကို ကြည့်ကာ အပြုံးတစ်ပွင့် ပေါ်ထွက်လာ၏။
“အမေကတော့ တာအိုသက်သေပြပြီးရင် သူနဲ့တိုက်ခိုက်ဖို့ ပြောနေလောက်ပြီ”
အမှောင်ထုတိုက်ပွဲတစ်ခု ကြည့်ရတာ စိတ်ဝင်စားဖို့ ကောင်းမှာပဲ…
ဝမ်ဝေ့က သူတို့ခေါင်းဆောင် အဆင့်တက်လှမ်းဖို့ အောင်ပွဲခံနေကြသည့် နတ်ဆိုးမျိုးနွယ်ကို ကြည့်လိုက်ကြသည်။ အချို့က ဤနေ့ရက်သည် သူတို့မျိုးနွယ်အတွက် သမိုင်းကြောင်း မှတ်တမ်းတင်သင့်ကြောင်း ဆွေးနွေးနေကြပြီး အများစုကလည်း သဘောတူကြသည်။ သူတို့က ပထမဦးဆုံး ထာဝရဧကရာဇ်ကို ပြုစုပျိုးထောင်နိုင်ခဲ့ပြီး အနာဂတ်မျိုးဆက်များက ထိုအရာကို မှတ်မိကာ အောင်ပွဲခံသင့်သည်။
“ဧည့်သည် ရောက်လာပြီပဲ” ဝမ်ဝေ့က ရေရွတ်ပြီးသည့်နောက်တွင် ဥယျာဉ်အတွင်း လျှောက်လှမ်းသွားကာ အဖန်ရည်စားပွဲ ပြင်ထားလိုက်သည်။ ထင်ထားသည့်အတိုင်း မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် တစ်စုံတစ်ယောက်က သူ့ကို လာရောက်တွေ့ဆုံခဲ့၏။
“လာပါ။ ထိုင်လေ”
ဟို့ဖုန်းဟွမ်က ပြင်ဆင်မှုကို မြင်သည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။
“ရှင်က ကျွန်မ ရောက်လာမှာကို သိထားပြီးပြီဆိုတော့ ကျွန်မ ဘာလို့ရောက်လာတာလဲဆိုတာ သိလောက်ပြီ။”
“အဲ့လိုတော့ ဘယ်ဟုတ်မလဲ။ မင်း ရောက်လာမယ်ဆိုတာကိုပဲ သိထားတာ။ မင်း ဘာကြောင့်ရောက်လာတယ်ဆိုတာကိုတော့ ကောက်ချက်ချလို့ရပေမဲ့ ငါ့ရဲ့ စွမ်းအားတွေကို အဲ့လိုကိစ္စတွေအားလုံးကို သိဖို့ အသုံးမပြုဘူး” ဝမ်ဝေ့က ပြောလိုက်သည်။
“အဲဒါက ယုံဖို့တော့ ခက်သားပဲ”
“စကားဝိုင်းတစ်ခုလုံးပြောတဲ့အချိန်မှာ တစ်ဖက်သူက ဘာပြောမယ်ဆိုတာကို ကြိုသိနေရတာ စိတ်ဝင်စားဖို့ မကောင်းဘူးလေ။ ပြီးတော့ အသုံးပြုတာ ကြာလာလေလေ စိတ်အပေါ် သက်ရောက်မှုရှိလာလေလေပဲ”
“အဲဒါဆိုတော့ ကံကြမ္မာက ဝန်ထုပ်တစ်ခုပေါ့” ဟို့ဖုန်းဟွမ်က ဝမ်ဝေ့၏ ပြောစကားများကို မယုံသည့်အလား မေးလိုက်သည်။
“အနည်းဆုံးတော့ လက်ရှိ ငါ့အတွက်တော့ ဟုတ်တယ်”
“တော်ပါပြီ။ အဲဒီအကြောင်း မပြောပါနဲ့တော့။” ဟို့ဖုန်းဟွမ်က ခေါင်းစဉ်လွှဲပြောဖို့ ဆုံးဖြတ်လိုက်သည်။
“ကျွန်မက ကုသိုလ် ချေးဖို့ ရောက်လာတာ။ ပြီးတော့ အတိုးနဲ့ ပြန်ပြီးတော့ ပေးပါမယ်”
“အောင်းရှန်ရဲ့ အပြောင်းအလဲက မင်းကို လွှမ်းမိုးသွားတာလား”
“ကျွန်မ ဝန်မခံချင်ပေမဲ့ အမှန်ပဲ” ဟို့ဖုန်းဟွမ်က ခေါင်းညိတ်လိုက်သည်။ နဂါးက သူမရှေ့တွင် အပြောင်းအလဲ ဖြစ်သွားသည်ကို မြင်ရသည်မှာ ဒေါသထွက်စရာကောင်း၏။
“ဒီလိုဆိုရင်တောင်မှ အလျင်လိုစရာ မလိုပါဘူး။ လုံလောက်တဲ့အချိန်နဲ့ဆိုရင် ကုသိုလ် အလုံအလောက် စုဆောင်းမိမှာပါ”
“ဒါပေမဲ့ ကျွန်မ အဲ့လောက်ကြာကြာ မစောင့်ချင်ဘူး”