← Chapters

မယုံကြည်မှု မျိုးစေ့

Vol. 76 Ch. 1055

မယုံကြည်မှု မျိုးစေ့

Vol. 76 Ch. 1055

ကောင်းကင်ခုံရုံး

ဝမ်ဝေ့က ရှေးဟောင်းမျိုးနွယ်ဟု စာလုံးများ ပါဝင်နေသည့် အဆောင်ကို လေ့လာကြည့်လိုက်သည်။ ရှေးဟောင်းမျိုးနွယ်က စည်းလုံးနေသည့် မျိုးနွယ်တစ်ခု မဟုတ်သည့်အတွက် သူတို့၏ ချီကံကောင်းမှု အသုံးအဆောင်က ကွဲပြားသည့် ပုံသဏ္ဌာန်အမျိုးမျိုး ရှိနေသည်။ သို့သော်လည်း အားလုံး၏ စုစည်းထားသည့် ကံကြမ္မာက သူ့လက်ထဲရှိ အဆောင်အတွင်း ရှိနေသည်။

ဟို့ဖုန်းဟွမ်အတွက် ဒီပစ္စည်းမျိုးရဖို့ ခက်ခဲမယ်လို့ ထင်နေတာ။ ကြည့်ရတာ မျိုးနွယ်အပေါ် သူ့ထိန်းချုပ်နိုင်စွမ်းကို လျှော့တွက်မိသွားတဲ့ပုံပဲ…

ဝမ်ဝေ့က လမင်းကို မော့ကြည့်ရင်း တွေးလိုက်မိသည်။ သူက သူမ၏ စမ်းသပ်ချက်ကို မြင်တွေ့ပြီး ရယ်စရာကောင်းသည်ဟု ထင်မိ၏။ အစစ်အမှန်ကောင်းကင်တာအိုက စမ်းသပ်ချက်တွင် ရက်စက်ကာ အကူးအပြောင်းလမ်းစဉ်ကို လျှောက်လှမ်းခြင်းမှ တားဆီးဖို့ ကြိုးစားခဲ့ဟန်ပေါ်သည်။ ထို့ကြောင့် ရှေးဟောင်းမျိုးနွယ်သည် ကြယ်၄လုံး ယွမ်ထီနှင့် ကြယ်၅လုံး ယွမ်ထီတချို့ကို မွေးထုတ်ပေးနိုင်ခဲ့သော်လည်း မည်သူကမှ အမှန်အကန် မကူးပြောင်းနိုင်ကြသေးပေ။

ဤသို့သော စမ်းသပ်ချက်မျိုးက သူ့အတိုင်းအတာမဲ့ စမ်းသပ်ချက်နှင့် ယှဉ်လိုက်ပါက ကလေးကစားစရာမျှသာ ရှိသော်လည်း သာမန်ကောင်းကင်ရွေးချယ်ခံများ တောင့်ခံနိုင်သည့် အရာမျိုး မဟုတ်ပေ။

ခေတ္တမျှ လေ့လာပြီးသည့်နောက်တွင် ဝမ်ဝေ့က အဆောင်ကို ထည့်သိမ်းဆည်းပြီး ရှုရှစ်ဆီ သွားရောက်တွေ့ဆုံခဲ့သည်။ သူမက ခုံရုံးထဲ နေထိုင်ပြီးသည်ဖြစ်သည့်အတွက် သူတို့က မကြာခဏ စကားပြောရင်း မိတ်ဆွေဆက်ဆံရေး ပိုမိုကောင်းမွန်လာခဲ့သည်။

………………………………………………………………………………

ပင်ကိုနတ်ဆိုးနတ်ဘုရား မျိုးနွယ်ကမ္ဘာငယ်

“ဒီကမ္ဘာကြီးက မှားနေတယ်” ကမ္ဘာဦးရှင်သန်ခြင်းက ပြောလိုက်သည်။ ထိုသူက ဆူးချွန်လေးခု ဦးချိုရှိထားပြီး အာကာသခန္ဓာကိုယ်တချို့က လည်ပတ်နေသည့် ဧရာမ အမျိုးသမီး တစ်ယောက် ဖြစ်၏။

“ကြည့်ရတာ ငါတို့မွေးဖွားလာတာက မအပ်စပ်သလိုပဲ” ကမ္ဘာဦးမရဏက သဘောတူကာ ပြောလိုက်သည်။ ထိုအရာက မျက်ဆံမရှိဘဲ မျက်လုံးနက်ကြီးများသာရှိပြီး လက် ၆ ဖက်ရှိထားသည့် လူတစ်ဦး ဖြစ်၏။

“ကမ္ဘာဦးခွန်အား ဘာလို့မပြောတာလဲ” တခြားသူများက ကြွက်သားအပြိုင်းပြိုင်း၊ အပြာရောင်အရေပြားနှင့် မျက်လုံးလေးလုံးရှိသည့် နောက်ထပ် တိုက်တန်တစ်ဦးကို ကြည့်ကာ မေးလိုက်သည်။

“မင်းတို့တွေ ဒီကမ္ဘာရဲ့ သမိုင်းကြောင်းကို စစ်ဆေးကြည့်ရင် အကြောင်းအရင်းကို နားလည်သွားလိမ့်မယ်” ကမ္ဘာဦးခွန်အားက ပြောလိုက်သည်။ တခြားသူများက အံ့ဖွယ်အသိစိတ်ကို အသုံးပြုကာ အထွတ်အထိပ်ကုန်းမြေငယ်၏ စာအုပ်များကို ဖတ်ရှုကြည့်လိုက်သည်။

“အဲဒါဆိုတော့ ငါတို့တွေက ဒီကုန်းမြေတွေကို အုပ်စိုးခဲ့တာလား” ကမ္ဘာဦးမရဏက မေးလိုက်သည်။ ၃ယောက်က အချင်းချင်း ကြည့်လိုက်၏။ သူတို့က ဘိုးဘေးများ၏ မှတ်ဉာဏ်များ မရှိသလို အမွေအနှစ်များလည်း လက်ဆင့်ကမ်းထားခြင်း မရှိပေ။ သို့သော်လည်း ယခင်သမိုင်းကြောင်းက သူတို့၏ အခြေအနေအား ပိုမိုရှုပ်ထွေးသွားစေသည်။

“ငါတို့တွေ ဘာလုပ်သင့်လဲ” ကမ္ဘာဦးရှင်သန်ခြင်းက မေးလိုက်သည်။

“ငါတို့တွေက ဘိုးဘေးတွေနဲ့ ဘာဆက်နွယ်မှုမှ မရှိဘူး။ ငါတို့တွေ အလေးထားရမှာက ဒီကမ္ဘာနဲ့ သဟဇာတ ဖြစ်လာဖို့ပဲ” ကမ္ဘာဦးခွန်အားက ပြောလိုက်သည်။

“ကိစ္စတွေကို ဒီလိုပဲ လက်ခံလိုက်တော့မှာလား” ကမ္ဘာဦးရှင်သန်ခြင်းက ပြန်လည်ပြောလိုက်၏။

“ငါတို့တွေ စည်းတံဆိပ်ကနေ လွတ်လာပြီးတဲ့နောက်မှာ အဲဒီအကြည့်ကို မခံစားမိဘူးလား” ကမ္ဘာဦးခွန်အားက မေးလိုက်စဉ် အားလုံးက ထိုစကားများကြောင့် တုန်တုန်ယင်ယင် ဖြစ်သွားလေသည်။ သူတို့က ထိုအကြောက်တရားနှင့် သတိပေးချက်ကို အမှတ်ရလိုက်ကြ၏။

“ဒါက ငါတို့ရဲ့ ကမ္ဘာ မဟုတ်ဘူး။ အဲဒီအချက်ကို မြန်မြန်ဆန်ဆန် လက်ခံလေလေ ငါတို့က အသက်ရှင်သန်နိုင်မဲ့ အခွင့်အရေးက ပိုမိုကောင်းမွန်လာလေလေပဲ” ကမ္ဘာဦးခွန်အားက သတိပေးလိုက်သည်။

သူက ခွန်အားစည်းမျဉ်း၏ ပြယုဂ်ဖြစ်ပြီး ခွန်အားကသာ အရာရာဟု ယုံကြည်ထားသည်။ လူသားမျိုးနွယ်က သူတို့ဘိုးဘေးများကို ပျက်သုဉ်းသည်အထိ အမဲလိုက်ခဲ့သည့်အတွက် ထိုသူတို့များက ဤကမ္ဘာကို အုပ်စိုးပိုင်ခွင့်ရှိသည်ဟု ယုံကြည်ထားသည်။

“ကောင်းပြီ။ ဒီလိုဆိုရင် နတ်ဆိုးမျိုးနွယ်က ဘယ်လိုထင်လဲဆိုတာကို သူတို့နဲ့ ဆွေးနွေးရအောင်” ကမ္ဘာဦးရှင်သန်ခြင်းက ခေါင်းညိတ်ကာ ပြောလိုက်၏။ သူတို့က ဘိုးဘေးနဂါး၊ ဧကရာဇ်ဇာမဏီနှင့် မူလချီလင်တို့နှင့် ဆက်သွယ်လိုက်သည်။

အောင်းရှန် ပေါ်ထွက်လာပြီး သူက ခုံရုံး၏ သံတမန်ဟု မပြောခင်အထိ အရာအားလုံးက အဆင်ပြေချောမွေ့နေခဲ့သည်။

ကမ္ဘာဦးနတ်ဘုရားများက အောင်းရှန်၏ ဇစ်မြစ်ကို သတိထားမိပြီး ပင်ကိုနတ်ဆိုးမျိုးနွယ်အပေါ် သူ့ရည်ရွယ်ချက်ကိုလည်း သံသယဖြစ်လာကြသည်။ ကံကောင်းစွာဖြင့် ထိုသူက အလျင်စလို မပြုမူဘဲ သူ့အပြုအမူများက ယခုတွေ့ဆုံမှုအတွင်း သံသယရှိစရာ မလိုကြောင်း ပြသခဲ့သည်။ သို့သော်လည်း ကမ္ဘာဦးနတ်ဘုရားများက သူတို့တွင် ဘာမှမရှိစဉ် အဆင့်တူအနေနှင့် ဟော်သဲ့ပင်ကိုနတ်ဆိုး မျိုးနွယ်ပုံစံဖြင့် တိုက်ရိုက်မဟာမိတ် ရှိနိုင်ကြောင်း သဘောပေါက်သွားကြ၏။ ထို့ကြောင့် သူတို့က ဖြစ်လာနိုင်ချေရှိသည့် အကွဲအပြဲ အရေးကို ပြင်ထားကြသည်။

အောင်းရှန် အောင်းရှန် မင်းက အရမ်းကို ခန့်မှန်းရလွယ်ကူလွန်းတယ်…

ဝမ်ဝေ့က ထိုစကားဝိုင်းကို ကြည့်နေရင်း တွေးလိုက်မိ၏။ ထိုနဂါးက သူ့နတ်ဆိုးမျိုးနွယ်အတွက် မဟာမိတ်လိုချင်ကြောင်း သိထားသည်။ ယခု ကမ္ဘာဦးနတ်ဘုရားများထဲ သံသယ မျိုးစေ့က စိုက်ပျိုးလိုက်ပြီဖြစ်ကာ ထိုအုပ်စုနှစ်ခုကြား မကြာခင် ကွဲသွားပြီး အားနည်းသွားစေလိမ့်မည်။

နတ်ဆိုးမျိုးနွယ်က ပင်ကိုနတ်ဆိုးကို ရှိရင် ငါတို့က ကမ္ဘာဦးနတ်ဘုရားကို ယူလို့ ရတာပဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။

သူက လက်ရှိနှင့် ယခင် ပင်ကိုနတ်ဆိုးနတ်ဘုရားများကြားမှ ဆက်နွယ်မှုကို ဖြတ်တောက်ထားပြီးသား ဖြစ်၏။ သို့သော် ဤအရာက မလုံလောက်သေးပေ။ သူတို့က ဂုဏ်ကျက်သရေရှိခဲ့သည့် သမိုင်းကြောင်း ရှိခဲ့သည့်အချက်ကို ပြောင်းလဲမပစ်နိုင်ပေ။ ထို့ကြောင့် ဝမ်ဝေ့က သူတို့ထဲက တစ်ယောက်က အနာဂတ်ကျလျှင် ဘိုးဘေး၏ ဂုဏ်ကျက်သရေကို ပြန်လည်ဖော်ဆောင်ဖို့ အတွေးမျိုး ရှိလာသည့်အခါမျိုးအတွက် ပြင်ဆင်ထားဖို့ လိုအပ်သည်။

ထို့ကြောင့် သူက အစောပိုင်းအခြေအနေတွင် အားနည်းအောင်လုပ်ဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။ သူက သူတို့အား ယုံကြည်မှု သို့မဟုတ် အဆက်အသွယ် ဖွဲ့စည်းဖို့ အချိန်မပေးလိုပေ။ ပထမဦးဆုံး သူတို့ အသိဝင်လာကတည်းက သူတို့၏ စိတ်ထဲ သံသယ မျိုးစေ့ကို စိုက်ပျိုးပေးလိုက်ခြင်း ဖြစ်၏။

နောက်တစ်ဆင့်က သူတို့အား ကွဲသွားစေရန်ဖြစ်ပြီး သူတို့က ကွဲပြားသည့် အကျင့်စရိုက်နှင့် သဘောတရားများဖြင့် ခြုံငုံသွားသည်အထိ ဖြစ်၏။ ဤနည်းဖြင့် နောင်အနာဂတ်တွင် သူတို့ထဲက တစ်ယောက်က အတွေးတချို့ရှိလာပါက တခြားသူများ၏ ထောက်ခံချက်မရှိဘဲ သူ တစ်ယောက်တည်း လုပ်ဆောင်ဖို့ အဆရာချီ ပိုမိုခက်ခဲလာလိမ့်မည်။

ဝမ်ဝေ့က အရာအားလုံးကို တည်တည်ငြိမ်ငြိမ်သာ ကြည့်နေပြီး လေ့လာနေလိုက်သည်။ နောက်ဆုံးတွင် ထူထန်စစ်သည်တော် လမ်းစဉ်က ပြဿနာမရှိဘဲ ပြီးပြည့်စုံစွာ ပြီးစီးသွားကြောင်း သတင်းစကား လက်ခံရရှိလိုက်၏။ ဝူမင်က ခုံရုံး၏ နတ်စစ်သူကြီးနှင့် စစ်သည်တော်များကို လေ့ကျင့်ပေးဖို့ ကောင်းကောင်းလုပ်ဆောင်ခဲ့သည်။

ထိုရာထူးက အကျိုးအမြတ်များစွာ ပါဝင်နေသည့်အတွက် ကျင့်ကြံသူများစွာက ခုံရုံးအဖွဲ့ဝင်ဖြစ်ဖို့ လိုလိုလားလား ပါဝင်လာကြသည်။ ထို့ကြောင့် ထူထန်အဖွဲ့နှင့် မိစ္ဆာအဖွဲ့တို့က နေ့စဉ် လေ့ကျင့်မှုများ လက်ခံရရှိကြသည်။

ရာသီဥတုစက်ဝန်းက လည်ပတ်နေစဉ် သုံးနှစ်တာ ကြာမြင့်သွားပြီသည့်နောက်တွင် ဟို့ဖုန်းဟွမ်က နောက်ဆုံးတွင် အောင်မြင်သွားခဲ့သည်။ ကမ္ဘာက အထွတ်အထိပ် သားရဲဧကရီ မွေးဖွားလာမှုကို အောင်ပွဲခံနေကြ၏။ နှမြောစရာကောင်းလှသည်က အောင်းရှန်ကဲ့သို့ လူများက ထာဝရဧကရာဇ် ပေါ်ထွက်လာမှုကို အသားကျနေပြီဖြစ်သည့်အတွက် များစွာ ဂရုမစိုက်ကြပေ။ သူတို့က သူမကို အင်အားကြီးပုဂ္ဂိုလ်တစ်ယောက်အနေနှင့် လေးစားသင့်သလောက် လေးစားကြသော်လည်း ထိုသို့မဟုတ်ပေ။

အစစ်အမှန်အောင်ပွဲခံသည့်သူများက ရှေးဟောင်းမျိုးနွယ်သာ ဖြစ်၏။ ဟို့ဖုန်းဟွမ်က သူတို့၏ အချိန်အတော်ကြာပြီးသည့်နောက်တွင် ပထမဦးဆုံးထာဝရဧကရာဇ် ရှိလာခဲ့သည်။ သူတို့က မောက်မာကြသော်လည်း မျိုးနွယ် ကျဆင်းလာမှုကို စိုးထိတ်နေကြကာ ဧကရာဇ်တစ်ယောက် ပေါ်ထွက်လာမှုက သူတို့ ပြန်လည်ရှင်သန်မှု၏ သက်သေသာ ဖြစ်သည်။ ထို့ကြောင့် သူတို့က အနာဂတ်ကို စောင့်မျှော်နေမိ၏။

အထွတ်အထိပ်သားရဲဧကရီ ပေါ်ထွက်လာပြီး တစ်လကျော်ကြာမြင့်သွားပြီးသည့်နောက်တွင် အနောက်ပိုင်းကျားဖြူကုန်းမြေကို လွှမ်းခြုံသွားသည့် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာကာ ဗုဒ္ဓရွတ်ဖတ်သံနှင့် ရွှေရောင်ကြာပွင့်များလည်း ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ဗုဒ္ဓတာအိုစည်းချက်များက ကုန်းမြေတစ်ခုလုံးကို ဖုံးလွှမ်းသွားလေ၏။

“သူ အောင်မြင်သွားပြီလား” ဝမ်ဝေ့က ကြာပွင့်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။

“မဟုတ်သေးဘူး။ ဒါက တခြားတစ်ခုပဲ” ထင်ထားသည့်အတိုင်း တောက်ဇင်ဗုဒ္ဓဧကရာဇ် ဖြစ်သူ ဖုန်းဟွမ်က ကျမ်းအသစ် ပေါ်ထွက်လာမှုကို ကြေညာခဲ့သည်။ သို့သော်လည်း ထိုကျမ်းက တစ်ကမ္ဘာလုံးအတွက် မဟုတ်ဘဲ သူ့ဗုဒ္ဓဘာသာအတွက်သာ ဖြစ်၏။ ပြောရလျှင် အတွေးအခေါ်အားလုံးနှင့် သဘောတရားအားလုံးကို ပြီးပြည့်စုံစွာ သရုပ်ဖော်မှုတစ်ခု ဖြစ်ပေသည်။

ဖုန်းဟွမ်က သူ့အားစိုက်ထုတ်မှုအတွက် ကုသိုလ်များစွာ လက်ခံရရှိခဲ့၏။ သူက သူ့မွေးရပ်မြေအတွက် ပြီးပြည့်စုံသည့် ကျမ်းအတွက် လုပ်သည်ထက်ပင် ပိုမိုများပြားခဲ့သည်။ ယခင်နှစ်တစ်သောင်းကျော်အတွင်း ဗုဒ္ဓဘာသာက ဤကမ္ဘာ့အသိုက်အဝန်း ထောင့်နေရာတိုင်းအထိ ပျံ့နှံ့ခဲ့ပြီဖြစ်ကာ တာအိုဘာသာနှင့် တခြားဘာသာများကို လွှမ်းမိုးနိုင်ခဲ့သည်။ လူများအား ဗုဒ္ဓဘာသာထဲ အတင်းတိုက်တွန်းကာ ဝင်စေခြင်းအား တားဆီးထားသည့် ဝမ်ဝေ့၏ အဟန့်အတားရှိနေပြီး ဖုန်းဟွမ်ကလည်း ယခင်အမှားများကို ပြန်လည်မတွေ့ကြုံလိုပေ။

တခြားကမ္ဘာ့အသိုက်အဝန်းများတွင် ဖုန်းဟွမ်နှင့် ဝမ်ဝေ့တို့ စိုက်ပျိုးထားသည့် ဗုဒ္ဓဘာသာမျိုးစေ့က များများစားစား တိုးတက်လာခြင်း မရှိသေးပေ။ သို့သော် သူတို့က သင့်တော်သည့် အခွင့်အခါကောင်းကို စောင့်ဆိုင်းနေကြ၏။

“မွေးရပ်မြေမှာရှိတဲ့ ကိစ္စတွေအားလုံးကတော့ ဖြေရှင်းလုနီးပါး ဖြစ်သွားပြီ။ အခု ရောက်ရှိလာမဲ့ ချဲ့ထွင်မဲ့အပိုင်းပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူက အဝေးတစ်နေရာကို ကြည့်ရင်း ကမ္ဘာငယ်ထောင်ချီကို အာရုံစိုက်လိုက်သည်။ သူ့အမေက နောက်ဆုံးသော ဉာဏ်အလင်းပွင့် ဗိမာန်များကို အပြီးသတ်နေပြီ ဖြစ်၏။

ဘာမှတော့ မမှားနိုင်ဘူး။ ဒါပေမဲ့ မစိုးရိမ်ဘဲ မနေနိုင်ဘူး…

ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက ထိုနေ့ရက်အတွက် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေပြီး အထွေထွေသောင်းပြောင်းအရှင်ဆီမှ သတင်းစကားကို လက်ခံရရှိကာ ဂိုဏ်းဆီ ပြန်ရောက်လာသည်။

“ဘယ်တစ်ခုကို ပြီးသွားတာလဲ” ဝမ်ဝေ့က မေးလိုက်၏။

“အင်မော်တယ်ချီ အစီအရင်ပါ” အထွေထွေသောင်းပြောင်းအရှင်က နောက်ဆုံးရလဒ်ကို ပြလိုက်၏။

“ဂိုဏ်းချုပ် ပြောထားသလိုမျိုး ထာဝရအရှင်တွေက သူတို့ရဲ့ နန်းဆောင်တွေကို အစီအရင်နဲ့ ဆက်သွယ်နိုင်တယ်။ အဲဒါက သူတို့ကို ကျင့်ကြံဖို့ ခွင့်ပြုထားတယ်။ ပြီးတော့ ဂိုဏ်းချုပ် ပြောထားတဲ့အတိုင်း အဆင့်တွေပါ ထပ်ပြီးတော့ ပေါင်းထားတယ်။”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ သူက ထိုအရာများကို ဖန်တီးဖို့ ညွှန်ကြားခဲ့သည့်အတွက် အခြေအနေက ပြောင်းလဲသွားခဲ့သည်။ ထို့ကြောင့် သူက ကွဲပြားသည့် ချဉ်းကပ်မှုမျိုး လုပ်ဖို့ လိုအပ်လာခဲ့သည်။ တာအိုအခွင့်အလမ်းဂိုဏ်းက အရမ်းအားကောင်းလွန်းသည့်အတွက် ထာဝရဦးသျှောင်များ ပေါ်ထွက်လာမှုကို မလိုအပ်ပေ။

ထို့ကြောင့် သူတို့က တစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ လုံလောက်သည့် ချီရှိနေလျှင်ပင် ဘယ်သောအခါမှ အသုံးပြုမည် မဟုတ်ဘဲ နောင်အနာဂတ် အရေးပေါ်အခြေအနေများအတွက် ချန်ထားမည်သာ ဖြစ်သည်။

“ဒီပစ္စည်းက ပြီးပြည့်စုံတဲ့ အချိန်မှာ ရောက်လာတာပဲ” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။ သူက ခုံရုံးကို တခြားကမ္ဘာ့အသိုက်အဝန်းများဆီ ချဲ့ထွင်မည် မဟုတ်သလို လူများစွာက အကျိုးမြတ်အတွက် စစ်ပွဲအတွက် ပြင်ဆင်နေကြ၍ တန်ပြန်သက်ရောက်မှု ခံစားရနိုင်မှန်း သိထား၏။ သို့သော်လည်း အစီအရင်က ထိုသူများ ချဲ့ထွင်ရေးအတွင်း ရယူထားသည့် ခုံရုံးနေရာများကို အစားထိုးဖို့အတွက် ပြီးပြည့်စုံသည့်အရာတစ်ခု ဖြစ်၏။

“ခင်ဗျား ကောင်းကောင်း လုပ်ခဲ့တယ်” ဝမ်ဝေ့က ချီးကျူးပြီးသည့်နောက်တွင် အစီအရင်နှင့်အတူ ဂိုဏ်းမှ ထွက်ခွာသွားခဲ့သည်။ သူ ပထမဦးဆုံး အသင်္ချေအင်ပါယာကမ္ဘာရှိ ပင်မအစီအရင်ကို တိတ်တဆိတ် ခင်းကျင်းပြီး အသိုက်အဝန်းရှိ ကမ္ဘာအားလုံးထံ ဆက်သွယ်နေသည့် အဖွဲ့ခွဲများကို တည်ထောင်ခဲ့သည်။

သူ့အစီအရင်တာအိုက ယခုအခါ ဆယ်ရာခိုင်နှုန်းကျော်ရှိနေပြီဖြစ်သည့်အတွက် လုပ်ဆောင်ဖို့ရာ ပိုမိုလွယ်ကူလာပြီ ဖြစ်၏။ ဤချဉ်းကပ်မှုက ဤအစီအရင်၏ ယေဘုယျစွမ်းအားကို သိသိသာသာ အားမြှင့်တင်ပေးသည်။ ဝမ်ဝေ့ ပြီးဆုံးသွားသည့်အခါ သူက ထိုသတင်းကို ချက်ချင်း မကြေညာသေးဘဲ နောက်ခုံရုံးအစည်းအဝေးအထိ စောင့်ဆိုင်းလိုက်သည်။

All Chapters