မိသားစုတွေ့ဆုံပွဲ
Vol. 76 Ch. 1056
ဝမ်ဝေ့က အချိန်အကြာကြီး စောင့်စရာ မလိုလိုက်ပေ။ လအနည်းငယ်ကြာမြင့်ပြီးသည့်နောက် သူ့အမေက တိတ်တဆိတ် လာရောက်တွေ့ဆုံခဲ့၏။ သူမက အဆင်သင့်ဖြစ်နေပြီး ရောက်ရှိလာမည့် ဖြစ်ရပ်အတွက် စိတ်ဖိစီးနေသည်။ ဝမ်ဝေ့က သူမကို တည်ရှိမှုအကြောင်း ဟောပြောပို့ချရင်း စိတ်အေးစေခဲ့သည်။ ဤချဉ်းကပ်မှုက ယုယန်အား ပိုမိုယုံကြည်မှုရှိလာစေသည်။
ထို့နောက် နောက်ဆုံးတွင် နေ့ရက်အချိန်အခါသို့ ကျရောက်လာခဲ့သည်။
ယုယန်က ယုမျိုးနွယ်အတွင်း ပြင်ဆင်နေရင်း ဝမ်ဝေ့၊ ဝမ်ထျန်းနှင့် ဝမ်ချန်တို့က ခုံရုံး၏ ပိတ်ကားချပ်မှ အရာအားလုံးကို စောင့်ကြည့်နေခဲ့သည်။
“သူမ အဆင်ပြေမယ်လို့ ထင်လား” ဝမ်ထျန်းက ရှေ့နောက်လျှောက်ရင်း ပြောဆိုနေသည့်အတွက် သူ့အဖေက မျက်စိနောက်လာကာ ခေါင်းပိတ်ရိုက်လိုက်တော့သည်။ လူအိုကြီး၏ ပြောစကားအရ သူ့လှုပ်ရှားမှုများက ပိုမိုစိတ်လှုပ်ရှားဖို့ ကောင်းနေစေသည်။ ထို့ကြောင့် သူက ရပ်တန့်ရမည် ဖြစ်၏။
ဝမ်ဝေ့က မရယ်အောင် ထိန်းထားရပြီး ခက်ခက်ခဲခဲ ပြောလိုက်သည်။
“အမေ အဆင်ပြေပါတယ်။ အမေက ဘယ်သူ့ကို မွေးဖွားပေးခဲ့တာမလို့လဲ”
“မင်းက မင်းကိုယ်မင်း ချီးကျူးတာလား။ သူမကို ချီးကျူးနေတာလား” ဝမ်ထျန်းက မျက်လုံးဝှေ့ကာ ပြောလိုက်သည်။
“အမေ့ကိုပေါ့” ဝမ်ဝေ့က လိမ်ညာနေခြင်း မဟုတ်ပေ။ ကံအလေးချိန် အမြောက်အများနှင့် ကြမ္မာအမြောက်အများဖြင့် သူက မွေးဖွားလာခဲ့သည်။ သူမက သူ့ကို မွေးဖွားပေးနိုင်သည့် အချက်ကပင် လျှို့ဝှက်ဆန်းကြယ်မှု တစ်ခုဖြစ်ကာ တာအိုအခွင့်အလမ်းဂိုဏ်း၏ ကံကောင်းမှုနှင့် ကြမ္မာတို့ဆီမှ ထောက်ပံ့မှုကြောင့်လည်း ပါဝင်ပေသည်။ သို့သော် သူမ၏ အသက်ရှင်သန်မှုက သူမ၏ ပါရမီ၊ စွမ်းဆောင်ရည်နှင့် အလားအလာကို ပြသနေ၏။
ဝမ်ထျန်းက သက်ပြင်းချလိုက်သည်။ အခန်းအတွင်းရှိ လေထုက သူ့ကို တည်ငြိမ်သွားစေ၏။ သူက သူ့ဇနီးဖြစ်သူ၏ စွမ်းရည်များကို သိထားလေသည်။ အထူးသဖြင့် သူမက သူမကိုယ်သူမနှင့် ရည်မှန်းချက်ကို ရှာတွေ့ပြီးသည့်နောက်တွင် ဖြစ်၏။ ထို့ကြောင့် သူက စိတ်လှုပ်ရှားဖို့ မလိုကြောင်း ဆုံးဖြတ်ပြီး သူမကို ယုံကြည်ဖို့သာ လိုအပ်သည်။
အခမ်းအနားအချိန် ကျရောက်လာသည့်အခါ ယုယန်က စတင်လိုက်သည်။ သူမက မိုးမြေကို ရိုကျိုးစွာ ဆင့်ခေါ်ပြီး သေမျိုးများနှင့် ကျင့်ကြံသူများကြား မျှခြေကို ယူဆောင်ပေးသည့် အောင်မြင်မှုကို အကျဉ်းချုံးကာ တင်ပြခဲ့သည်။ သူမက ကမ္ဘာကြီးသည် သူမ၏ အပြုအမူကြောင့် မည်မျှပင် ငြိမ်းချမ်းလာကြောင်း ပြသခဲ့၏။
ကောင်းကင်တာအို၏ မျက်လုံးက ပေါ်ထွက်လာကာ သူမ၏ အပြုအမူများကို အကဲဖြတ်ခဲ့သည်။ ထို့နောက် သူမက လိုအပ်နေသည့် ကုသိုလ်ကို ပေးကာ ထိုအရာက သူမထံ ကောင်းကင်အလိုဆန္ဒကို ချပေးလာသည်။
“ဟမ်” ဝမ်ဝေ့က ရေရွတ်လိုက်၏။
“ဘာဖြစ်လို့လဲ။ တစ်ခုခုမှားလို့လား” ဝမ်ထျန်းက မေးလိုက်သော်လည်း သူ့သားက ပြန်မဖြေပေ။
ထိုအစား သူ့သားခန္ဓာကိုယ်မှ အားကောင်းကာ လျှို့ဝှက်ဆန်းကြယ် အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။
“ဘာမှမဟုတ်ဘူးလား” ဝမ်ဝေ့က ပြောလိုက်သည်။
“မဟုတ်သေးဘူး။ ဘာမှမဟုတ်ရင် ဒီလိုထူးဆန်းတဲ့ ခံစားချက်မျိုးရမှာ မဟုတ်ဘူး”
သူက တုံ့ဆိုင်းမနေဘဲ ကောင်းကင်ဘုံအဆင့် စွမ်းအားကို ရောက်နိုင်သည့် ပုံရိပ်ယောင် ဆေးလုံးကို သောက်သုံးလိုက်သည်။
“မင်းကို တွေ့ပြီ ကြွက်စုတ်” ဝမ်ဝေ့က နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ သူ့လက်ဝါးထဲ အားကောင်းသည့် ဝိညာဉ်နှစ်ခုက သလင်းကျောက်အဖြစ် ဖွဲ့စည်းသွားသည်။
“ကျူးကျော်သူတွေလား” ဝမ်ချန်က မေးလိုက်သည်။
“ဟုတ်တယ်”
“သူတို့က ဘယ်သူတွေလဲဆိုတာ သိလား”
“ဟယ်ရှစ်ယီ” ဝမ်ဝေ့က ထိုသူများကို သူ့အာရုံခံမှုအောက်မှ ကာကွယ်ပေးထားသည့် ထူးဆန်းသော စွမ်းအားကို သတိထားမိခဲ့၏။
“သူက ပြီးပြည့်စုံတဲ့အချိန်မှာ ရိုက်ချဖို့ စောင့်နေတာ…”
သူက သတ်ဖြတ်ငွေ့ဖြင့် နှာခေါင်းရှုံ့ကာ ပြောလိုက်စဉ် အခန်းက အေးခဲလုမတတ်ဖြစ်သွားသည်။
“မင်း ဘာဆက်လုပ်မှာလဲ”
ဝမ်ဝေ့က သူ လိုချင်သည့် သတင်းအချက်အလက်ကို ရယူပြီးသည့်နောက်တွင် ထိုဝိညာဉ်များကို ချေမွပစ်လိုက်သည်။
“သိုင်းပညာအုပ်စိုးသူကမ္ဘာကို ချဲ့ထွင်ပြီးတဲ့နောက်မှာ သူနဲ့ ကုန်သွယ်ရေးဗဟိုချက်ကို တိုက်ဖို့ ပြင်ဆင်ပြီးသွားပြီ။ အစီအစဉ်က မပြောင်းဘူး”
သူက ဒေါသထွက်နေသော်လည်း စိတ်ခံစားချက်အရ တုံ့ပြန်ရမည် မဟုတ်ကြောင်း သိထားသည်။ ထို့ကြောင့် သူက စိတ်မြန်မြန် ထိန်းလိုက်နိုင်၏။ သို့သော်လည်း ယခင်က စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းသည် သူ့ဒေါသအောက် အသက်ရှင်သန်ဖို့ အခွင့်အရေးအနည်းငယ် ရှိခဲ့သည်ဆိုလျှင် ယခုထိုအခွင့်အရေး ပျောက်ဆုံးသွားခဲ့လေပြီ။
ဝမ်ဝေ့က သူ့အမေကိုသာ အာရုံစိုက်ထားလိုက်၏။ သူမက ကောင်းကင်အလိုဆန္ဒကို စုပ်ယူနေသည့်အတွက် သူမသည် အစစ်အမှန်ကောင်းကင်တာအို၏ ကာကွယ်မှုအောက် ကျရောက်သွားပြီဖြစ်ကြောင်း သိ၍ စိတ်သက်သာရာရသွားမိသည်။ ယခု သူ့အနေဖြင့် နောက်ဆုံးရလဒ်ကိုသာ စောင့်ဆိုင်းဖို့လိုအပ်၏။
သူက သူ့အမေဝန်းကျင်တွင် ပထမဆုံးဖြစ်ပေါ်လာသည့် ပထမပန်းပွင့်ကို ကြည့်ကာ အသက်အောင့်လိုက်မိသည်။ ထိုအရာက သူမသည် မဟာတာအိုအရင်းအမြစ် ၂၀ ရာခိုင်နှုန်းလိုအပ်ချက်နှင့် ပြည့်မှီကြောင်း ပြသနေခြင်း ဖြစ်၏။ သိပ်မကြာခင် သူမက တာအိုဆန္ဒကို ဖွဲ့စည်းကာ ဒုတိယမြောက် ပန်းပွင့် ထွက်ပေါ်လာခဲ့သည်။
“ဇနီးလေး လုပ်ထား။ ငါတို့တွေ လမ်းတစ်ဝက် ကျော်လာပြီ” ဝမ်ထျန်းက စိတ်လှုပ်ရှားမှုဖြင့် ကြည့်ကာ ရေရွတ်လိုက်၏။ သူက နောက်ဆုံးတစ်ခုသည် အရေးအကြီးဆုံးနှင့် အခက်ခဲဆုံးဖြစ်ကြောင်း သိထားလေ၏။ ထို့နောက် ထာဝရကြာရှည်သည်ဟု ခံစားရပြီးသည့်နောက်တွင် လေးယောက်သားက တတိယပန်းပွင့် ပေါ်ထွက်လာသည်ကို ကြည့်နေလိုက်သည်။ ထို့နောက် ကမ္ဘာတစ်ခုလုံး ကြီးကျယ်သည့် အမြင်ရုပ်လွှာများ ပေါ်ထွက်လာ၏။
ဝမ်ဝေ့က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူ့မျက်လုံးက အမှန်တရားကို မြင်လိုက်ရ၏။ အကယ်၍ သူက အစစ်အမှန်ကောင်းကင်တာအိုအတွက် တုံးအအ ကစားပွဲကို မထားရှိခဲ့ပါက ထာဝရဧကရာဇ် ဖြစ်လာဖို့ သူ့အမေ၏ အခွင့်အရေးက သိသိသာသာ လျော့ကျသွားလိမ့်မည်။
ဘဝဆိုတာက ကစားပွဲတစ်ခုပဲ။ ထိပ်ဆုံးကို ရောက်ချင်ရင် စည်းမျဉ်းတွေကို သိပြီးတော့ ကစားဖို့လိုတယ်…
ဝမ်ဝေ့က တွေးလိုက်မိသည်။ ကျင့်ကြံရေးလောကတွင် သူ သဘောမကျသည့် အရာများစွာ ရှိ၏။ နမူနာအားဖြင့် ဧကရာဇ်လမ်းစဉ်အတွက် ကူအဆိပ်ပိုးကောင် ပြုစုပျိုးထောင်သည့် နည်းလမ်းမျိုး ဖြစ်ပေသည်။ သို့သော်လည်း ကစားပွဲကို ကစားရမည့် သဘောထားအရ စည်းမျဉ်း ချမှတ်သူ ဖြစ်မလာခင် စည်းမျဉ်းများကို လိုက်နာရမည်သာ ဖြစ်သည်။ မဟုတ်ပါက သူသည် အားနည်းနေစဉ် ထူးကဲဖို့ ကြိုးစားပြီး စည်းမျဉ်းကို ချိုးဖောက်ခဲ့ပါက သူ့ကို စောင့်ဆိုင်းနေသည့် ကံကြမ္မာက သေခြင်းတရားထက် ဆိုးရွားသည့်အရာသာ ဖြစ်လိမ့်မည်။
“သူမကို သွားကြည့်ရအောင်” ဝမ်ထျန်းက စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ထားခြင်း မရှိပေ။
“မဟုတ်သေးဘူး။ အခုထိ မပြီးသေးဘူး” ဝမ်ဝေ့က ပြောလိုက်စဉ် သူ့ပြောစကားကလည်း မှန်ကန်နေခဲ့သည်။
“ကျွန်မ ယုယုန်နဲ့ ယွင်ကျောက်ကျွင်းတို့ရဲ့ သမီးယုယန်က ယနေ့ တာအိုကို သက်သေပြပြီးတော့ အဆုံးမဲ့အမှောင်ထုဧကရီဂုဏ်ပုဒ်ကို ကိုင်ဆောင်မယ်။ ကြမ္မာက ဒီကောင်းချီးခံခေတ်ကာလရဲ့ ပထမဦးဆုံး ကုသိုလ်ဝိဇ္ဇာပညာရှိပဲ”
သူမက ထိုစကားများ အဆုံးသတ်သွားသည့်အခါ တစ်စုံတစ်ခု ဖြစ်ပျက်လာခဲ့သည်။ သူမ၏ အမြင်ရုပ်လွှာက အလွှာနိမ့်တစ်လျှောက် ပျံ့နှံ့သွားပြီး သူမ၏ အသံက ဒိုင်မေးရှင်းအနိမ့်အများစုထံ ပဲ့တင်ထွက်သွားသည်။
ယုယန်၏ ရွှေရောင်ခန္ဓာကိုယ်က မိုးမြေအထက် ပေါ်ထွက်လာပြီး ဒိုင်မေးရှင်းတစ်ခုလုံးရှိ လူများစွာက ထိုပုံရိပ်ကို မြင်တွေ့လိုက်ရသည်။ ကျင့်ကြံသူအားလုံးက ကုသိုလ်ဝိဇ္ဇာ မွေးဖွားလာကြောင်း သိလိုက်ရ၏။ ဤသည်က သူမ၏ ကုသိုလ်ရွှေခန္ဓာ ဖြစ်ပေသည်။
ခန္ဓာကိုယ်က သန့်စင်ကာ မြင့်မြတ်ပြီး အံ့ဩဖို့ကောင်းသည့် အဆင့်အတန်းတို့ ထုတ်လွှတ်နေသည်။ ဝိဇ္ဇာများ၏ အသံနှင့် ပညာရှင်များ၏ ရွတ်ဖတ်သံများ ပဲ့တင်ထွက်လာလေ၏။ သူတို့၏ ကျင့်ကြံဆင့်က မည်သို့ပင်ဖြစ်စေကာမူ အကုသိုလ်ပမာဏ အမြောက်အများ ရှိသည့်သူတိုင်းက ထိုရွှေရောင်ပုံရိပ်ကို တိုက်ရိုက်မကြည့်နိုင်ကြပေ။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ရွှေရောင်ပုံရိပ်က ယုယန်၏ ခန္ဓာကိုယ်ဖြင့် ပေါင်းစည်းသွားပြီး ဂုဏ်သတ္တိများစွာ ပေးစွမ်းလာခဲ့သည်။
“ဒါက အကောင်းဆုံး အဆင့်တစ် ရွှေခန္ဓာပဲ။ ကုသိုလ်အနည်းငယ်နဲ့ဆိုရင် သူမက ဒုတိယအဆင့်ကို ဖွဲ့စည်းနိုင်လိမ့်မယ်” ဝမ်ဝေ့က ချီးကျူးကာ ပြောလိုက်သည်။
“ဒါက ငါ့ဇနီးလေးပဲ” ဝမ်ထျန်းက ပြောလိုက်သည်။
“ဒါက ကျွန်တော်ရဲ့ အမေပဲ” ဝမ်ဝေ့ကလည်း ပြန်လည်ပြောလိုက်သည်။
“ဒါက ငါ့ချွေးမပဲ” ဝမ်ချန်က ဝင်ပြောလိုက်၍ နှစ်ဦးသားက ဆွံ့အမိသွားသည်။
“အချိန်ဖြုန်းနေမဲ့အစား သွားပြီး တွေ့ရအောင်”
အစစ်အမှန်ကောင်းကင်တာအိုကို လိမ်လည်လှည့်ဖြားခြင်းက ကျန်ရှိနေသေးသည့်အတွက် သူမကို ဂိုဏ်းဆီ မခေါ်ဘဲ ဝမ်ဝေ့နှင့်အဖွဲ့က သူမအား သွားရောက်တွေ့ဆုံခဲ့သည်။ သူတို့က ယုယန်၏ မျိုးနွယ်မှ အစ်မဖြစ်သူနှင့် ဝမ်ဝေ့၏ ဝမ်းကွဲအပါအဝင် ပွဲအခမ်းအနားတစ်ခု ကျင်းပခဲ့၏။
နောက်ဆုံးတော့ သူတို့လေးယောက်သာ ကျန်ရှိတော့သည်။
“အမေ့ကို ထပ်ပြီးတော့ ဂုဏ်ပြုပါတယ်” ဝမ်ဝေ့က သူမကို ဖက်ကာ ပြောလိုက်သည်။
“သား ကျေးဇူးပါ”
“ဟား ဟား ငါ့ဇနီးက ထာဝရဧကရာဇ် ဖြစ်လာပြီ။ ဘယ်သူတွေက ဒီလိုအရာမျိုးကို ပြောနိုင်မှာတုန်း”
“လျှောက်ပြောမနေနဲ့တော့။ ရှင် မရှက်ဘူးလား” ယုယန်က ပြောလိုက်သည်။
“ဘာလို့လဲ။ ဒီထက်ပိုပြီးတော့ ဂုဏ်မယူနိုင်တော့ဘူး” ဝမ်ထျန်းက သေရည် သောက်သုံးကာ ပြောလိုက်သည်။ သူက သူ့သားကို ကြည့်ကာ ပြောလိုက်၏။
“အားကျနေပြီမလား”
“အဓိပ္ပာယ် မရှိတာတွေ မပြောနဲ့”
“ဇနီးလေး ဒီကောင်လေးက အဲ့လောက် ကျိုးပဲ့မလွယ်ဘူး။ ပြီးတော့ သူမက သူ့ကို အခွင့်အရေးပေးမယ်လို့ ကတိပေးထားတယ် မဟုတ်ဘူးလား” ဝမ်ထျန်းက ရယ်မောကာ ဆက်လက်သောက်သုံးလိုက်သည်။
“လူအိုကြီး ဒီနေ့ကို မှတ်ထားမယ်” ဝမ်ဝေ့က အံကြိတ်ကာ ပြောလိုက်သည်။ ထိုအစား သူက အဖေ၏ ရယ်သံကိုသာ လက်ခံရရှိလိုက်၏။
ယုယန်က ထိုသူများသည် သူမထက်ပင် ပျော်ရွှင်နေသည့်အတွက် ဆွံ့အနေမိသည်။ မိသားစုက ညစာစားပွဲတစ်ခု ကျင်းပရင်း သေရည် သောက်သုံးခဲ့ကြသည်။
ဝမ်ဝေ့က ချက်ပြုတ်ခဲ့၏။
“ဝိဇ္ဇာတစ်ယောက်ဖြစ်လာတာ ဘယ်လိုခံစားရလဲ” ဝမ်ဝေ့က အစားအစာများကို တည်ခင်းပြီးနောက် မေးလိုက်သည်။
“ကောင်းပါတယ်။ အရာအားလုံးက အလုပ်ဖြစ်နေတယ်ဆိုတဲ့ ခံစားချက်မျိုးပဲ”
“အဲဒါက အမေ့အပေါ် သက်ရောက်မှု မရှိဘူးလား” ဝမ်ဝေ့က ဤသို့သော သဘောထားမျိုးသည် ရေရှည် အန္တရာယ်များလာနိုင်ကြောင်း သိ၍ မေးလိုက်သည်။
“မဟုတ်ပါဘူး။ အဲဒါက ဒီအတိုင်းအတွေးသက်သက်ပါပဲ။ ပြီးတော့ ပေါင်းစည်းမှုက အမေ့ရဲ့ စိတ်စွမ်းအား၊ တာအိုနှလုံးသားနဲ့ စိတ်အနေအထားကို မြှင့်တင်ပေးတယ်လေ”
“အဲ့လိုဆို ကောင်းတာပေါ့”
“တိုက်ပွဲထဲမှာရော သုံးနိုင်လား” ဝမ်ထျန်းက မေးလိုက်သည်။
“အင်း။ ခုခံရေးနည်းစနစ်တချို့ကို ဆင့်ခေါ်နိုင်တယ်။ အဲဒါက အတော်လေးကို အားကောင်းတယ်လေ” ယုယန်က ပြောလိုက်သည်။
“ဒါပေမဲ့ တိုက်ခိုက်ရေးစွမ်းရည် မရှိဘူး။ အားကောင်းဖို့ ရွှေရောင်ခန္ဓာကိုယ်တော့ လောင်ကျွမ်းပစ်နိုင်တယ်။ ဒါပေမဲ့ အဲ့လိုလုပ်တာက သိပ်တော့ အဆင်မပြေဘူး”
“ရွှေခန္ဓာကို ကုသရမဲ့အချိန်က အိပ်မက်ဆိုးလား” ဝမ်ထျန်းက မေးလိုက်သည်။
“ဟုတ်တယ်။ အနိမ့်စားဧကရာဇ်တွေထက်တောင် ပိုပြီးတော့ ဆိုးရွားသေးတယ်” ယုယန်က ခေါင်းအသာယမ်းလိုက်သည်။ သူမအနေဖြင့် ရွှေခန္ဓာကို ကုသဖို့ လိုအပ်သည့်အချိန်ပမာဏက လျှို့ဝှက်နည်းစနစ်ကို အသုံးပြုလျှင်ပင် အမြောက်အများ ဖြစ်နေဆဲ ဖြစ်၏။
“တခြားအဟန့်အတား ရှိသေးလား” ဝမ်ထျန်းက အနည်းငယ် မေးမြန်းလိုက်သည်။
“အကုသိုလ်များလို့ မရဘူး။ မဟုတ်ရင် ဒါကို ဆုံးရှုံးသွားလိမ့်မယ်။ အဲဒါကလွဲရင် တခြားကန့်သတ်ချက်တော့ မရှိဘူး”
“အဲဒါဆို ကောင်းတာပေါ့။ ဝေ့အာ မင်းအမေက အဆင့်နိမ့်ရွှေခန္ဓာနဲ့ နီးကပ်နေပြီလို့ ပြောတယ်မလား။ သူမကို ကုသိုလ်ပေးချင်လား” ဝမ်ထျန်းက မေးလိုက်သည်။
“ကျွန်တော်လည်း အဲ့ကိစ္စကို ထုတ်ပြောမလို့ပဲ။ အမေရော ဘယ်လိုထင်လဲ” ဝမ်ဝေ့က ခေါင်းညိတ်ကာ ပြောလိုက်သည်။
“မလိုဘူး။ အမေ့ဆီမှာ အစီအစဉ် ရှိတယ်” ယုယန်က ပြန်ဖြေလိုက်သည်။
“ပြောပါဦး”
“ဝေ့အာ ပြီးတဲ့နောက်မှာ ကောင်းကင်ခုံရုံးထဲမှာ ကျွန်မတို့အလှည့် ကျရောက်လာအောင် ဘယ်လိုလုပ်ရမလဲလို့ တွေးနေတာ။ အခု အကြံတစ်ခု ရှိလာတယ်” ယုယန်က သူမ၏ အစီအစဉ်ကို ရှင်းပြလိုက်သည်။
“ကိုယ်လည်း ဓားသမားတွေအတွက် အဲ့လိုမျိုး တွေးမိတာ” ဝမ်ထျန်းက အကြည့်များ တောက်ပလျက် ပြောလိုက်သည်။ သူက သူ့သားကို ကြည့်ကာ ပြောလိုက်၏။
“မင်းရော ဘယ်လိုထင်လဲ”
“အစီအစဉ်တစ်ခုလုံးကတော့ မူပိုင်ခွင့်နဲ့ ထိုက်တန်ပါတယ်။” ဝမ်ဝေ့က ပြောလိုက်သည်။
“ဒါပေမဲ့ အမေ ယုမျိုးနွယ်က ဒီမူပိုင်ခွင့်ကို ကိုင်ထားနိုင်ဖို့ လိုအပ်တဲ့ဟာတွေကို လုပ်ထားသင့်တယ်”
“အမေ လုပ်ထားလိုက်မယ်”