သံတမန်
Vol. 76 Ch. 1061
ကောင်းကင်ခုံရုံး
ဝမ်ဝေ့က ရှုရှစ်ဆီမှ သတင်းစကားကို စောင့်ဆိုင်းနေရင်း သိုင်းပညာအုပ်စိုးသူကမ္ဘာ၏ ကျင့်ကြံရေးစနစ်ကို ပြန်လည်ဖတ်ဖို့ ဆုံးဖြတ်လိုက်သည်။ ကမ္ဘာတစ်ခု၏ ကျင့်ကြံရေးစနစ်က ကိစ္စများစွာကို ထင်ဟပ်ပြသနေလေ့ ရှိသည်။ သူက ထိုကမ္ဘာကို ဖြေရှင်းဖို့ရာအတွက် နည်းလမ်းကောင်းကောင်း ရှာတွေ့ဖို့ လှုံ့ဆော်မှုရမလား သိချင်နေမိသည်။
ပထမအဆင့်က ခန္ဓာကိုယ်လေ့ကျင့်ရေးအဆင့် ဖြစ်၏။ ထိုကမ္ဘာရှိ သိုင်းပညာရှင်အများစုက သူတို့၏ ခန္ဓာကိုယ်ကို လေ့ကျင့်ပြီး သွေးချီကို တိုးမြှင့်ပေးခြင်းဖြင့် ကျင့်ကြံရေးလမ်းစဉ်ကို စတင်ကြသည်။ ထိုဖြစ်စဉ်က ဘာမှထူးခြားမနေပေ။ အနည်းဆုံးတော့ ဝမ်ဝေ့၏ စံနှုန်းအရ ဖြစ်သည်။
ဒုတိယအဆင့်ကမူ အတွင်းအားအဆင့် ဖြစ်၏။ ထိုအရာက သွေးချီကို မိုးမြေကြားမှ ဝိညာဉ်ချီ၊ ခန္ဓာကိုယ်မှချီသွေးကြောများဖြင့် ပေါင်းစည်းပြီးသည့်နောက် ဆင့်ကဲပြောင်းလဲသွားသည့် ချီပုံစံတစ်မျိုး ဖြစ်သည်။ ဒုတိယအဆင့်တွင် အဆင့်သုံးဆင့် ပြန်ခွဲထား၏။ ချီသန့်စင်ခြင်းအဆင့်၊ ချီသွေးကြော အားဖြည့်ရေးနှင့် ဆုံမှတ်ဖွင့်လှစ်ခြင်းတို့ ဖြစ်သည်။
အတွင်းအားက အတော်လေး အားနည်းသည့် ချီ ဖြစ်သော်လည်း ချီသွေးကြောများကို သန့်စင်ခြင်းနှင့် အားဖြည့်ခြင်း၊ ဆုံမှတ်တို့ကို ဖွင့်လှစ်ခြင်းတို့ဖြင့် တိုးမြင့်နိုင်သည်။
တတိယအဆင့်ကမူ အမြုတေအဆင့် ဖြစ်ပြီး မူလနည်းစနစ်နှင့် တူညီကာ ချီကို အမြုတေအဖြစ် ဖွဲ့စည်းပြီး သန့်စင်မှုနှင့် အလားအလာကို တိုးမြှင့်ကြသည်။ ချီယွမ်က ထိုကျင့်ကြံရေးနည်းစနစ်မှ လှုံ့ဆော်မှု ရရှိခဲ့ခြင်း ဖြစ်နိုင်သည်။ သိုင်းပညာအုပ်စိုးသူကမ္ဘာက အသင်္ချေအင်ပါယာကမ္ဘာနှင့် အနီးဆုံးကမ္ဘာ့အသိုက်အဝန်းတစ် ခုဖြစ်နေ၍ သူက ထိုနေရာကို သွားခဲ့လောက်သည်။
လေးဆင့်မြောက်ကမူ ရှင်သန်ခြင်းအဆင့် ဖြင့်၏။ သိုင်းပညာရှင်အများစုက သူတို့အမြုတေရှိ စွမ်းအားများကို အသက်ဓာတ်စွမ်းအားအဖြစ် ပြောင်းလဲကြသည်။ သိုင်းပညာရှင်များ၏ ရုပ်ပိုင်းဆိုင်ရာ အနေအထားက သိသိသာသာ တိုးမြင့်သွားပြီး ပြန်လည်ကောင်းမွန်နိုင်စွမ်းလည်း တိုးမြင့်လာလိမ့်မည်။
ငါးဆင့်မြောက်ကမူ သေဆုံးခြင်းအဆင့် ဖြစ်၏။ ရှင်သန်ခြင်း၏ အဆုံးစွန်က သေဆုံးခြင်းဖြစ်သည့်အတွက် ကျင့်ကြံရေးအဆင့်များ၏ အခြေခံသဘောတရားသာ ဖြစ်သည်။ သိုင်းပညာရှင်တစ်ယောက်က အသက်ဓာတ်စွမ်းအားကို မတိုးမြင့်နိုင်တော့သည့်အခါ ဆန့်ကျင်ဘက် မရဏစွမ်းအားကို သုံး၍ သူတို့၏ ခန္ဓာကိုယ်ကို လေ့ကျင့်ကာ စွမ်းအားကို တိုးမြှင့်ကြသည်။
ထိုအဆင့်က အသက်ဓာတ်စွမ်းအား မြောက်မြားနေသည့် ခန္ဓာကိုယ်ကို မျှခြေညီဖို့ရာအတွက် လိုအပ်ပေသည်။ ထိုအပြင် ဤကမ္ဘာရှိ လူများက မရဏစွမ်းအားကြောင့် မရဏနှင့် သက်ဆိုင်သည့် စွမ်းအားတချို့ ရှိတတ်ကြသည်။
၆ဆင့်မြောက်ကမူ နိဗာနအဆင့် သို့မဟုတ် သေခြင်းရှင်ခြင်းအဆင့် ဖြစ်၏။ သိုင်းပညာရှင်များက သေခြင်းရှင်ခြင်းစွမ်းအားကို ဆက်တိုက်လည်ပတ်ခြင်းဖြင့် ခန္ဓာကိုယ်ကန့်သတ်ချက်ကို ချိုးဖောက်နိုင်ကြသည်။ ထိုအဆင့်က အင်မတန် အန္တရာယ်များပြီး အတော်လေး ဂရုစိုက်ဖို့ လိုအပ်၏။ ထိုအရာက လူတစ်ယောက်၏ အခြေခံအုတ်မြစ်နှင့် ပါရမီကို ကောင်းကင်ရွေးချယ်ခံတစ်ယောက် ဖြတ်ကျော်နိုင်သည့် နိဗာန အရေအတွက်ဖြင့် သတ်မှတ်ပေးနိုင်သည်။
၇ဆင့်မြောက်ကမူ သိုင်းပညာဆန္ဒအဆင့် ဖြစ်၏။ သိုင်းပညာရှင်များက သူတို့၏ ကိုယ်ပိုင်ကျမ်း သို့မဟုတ် ယခင်တစ်ခုကို သူတို့၏ဝိညာဉ်၊ စိတ်ဝိညာဉ်ကို မြင့်မားသည့် အဆင့်တစ်ခုရောက်အောင် လေကျင့်ရမည့်။ သိုင်းပညာရှင်များက သူတို့၏ အသိစိတ်ပင်လယ်အတွင်း သင်္ကေတတစ်ခုကို ပုံဖော်နိုင်ကြလိမ့်မည်။
တချို့ပါရမီထူးကဲသူများက ကောင်းကင်သိုင်းကျမ်းကို ချီးမြှင့်ခံရသည်။ ကောင်းကင်တာအိုသည် ထိုအရာကို ထူးကဲပြီး ပိုမိုကောင်းမွန်အောင် ကောင်းချီးပေးထားပြီး ဖန်တီးထားသည့် သိုင်းကျမ်းတစ်ခု ဖြစ်၏။ သိုင်းဆန္ဒ၊ သင်္ကေတက တစ်စုံတစ်ယောက်တွင် ကောင်းကင်သိုင်းကျမ်းရှိနေသည့်အခါ ရွှေရောင် ပြောင်းလဲသွားလိမ့်မည်။
ဝမ်ဝေ့က ထိုအဆင့်ကို မှတ်သားထားလိုက်ပြီး အဆုံးမဲ့လေဟာနယ်ထဲ ထိုစနစ်က ထူးကဲကာ အကောင်းဆုံးနည်းစနစ်ဖြင့် ယှဉ်နိုင်ကြောင်း မှတ်သားထားလိုက်သည်။ ထိုအဆင့် တစ်ခုတည်းဖြင့် ကျင့်ကြံသူများက သူတို့၏ ဝိညာဉ်ကို ဖွဲ့စည်းကာ တာအိုနှလုံးသားကို လေ့ကျင့်ပေးနိုင်ကြသည်။ လုံလောက်သည့် အဆင့် မရှိဘဲ သိုင်းဆန္ဒကို ဖွဲ့စည်းဖို့ရာ မဖြစ်နိုင်ပေ။ ထို့အပြင် စိတ်စွမ်းအားပင် ပါဝင်လာသေး၏။ ထိုစနစ်ရှိ သိုင်းပညာရှင်များက ဤကျင့်ကြံဆင့်ကြောင့် သူတို့၏ စိတ်စွမ်းအားကို ပုံဖော်ဖို့ ပိုမိုလွယ်ကူလေ့ရှိသည်။
၈ဆင့်မြောက်ကမူ စည်းမျဥ်းနားလည်ခြင်းအဆင့်ကို စကားလှလှလေး သုံးထားသည့် ဉာဏ်အလင်းပွင့်အဆင့် ဖြစ်သည်။ သူတို့၏ သိုင်းဆန္ဒဖြင့် သိုင်းပညာရှင်များက မိုးမြေကြားမှ စည်းမျဉ်းများကို ရယူပြီး နားလည်ကာ ကိုင်စွဲနိုင်သည်။ ကောင်းကင်သိုင်းကျမ်းက စည်းမျဉ်းစွမ်းအားနဲ့ ပေါင်းစပ်သွားသည့်အခါ ပိုမိုအားကောင်းလာလိမ့်မည်။
ကိုးဆင့်မြောက်ကမူ ရွှေခန္ဓာအဆင့် ဖြစ်၏။ ထိုအဆင့်က သိုင်းပညာအုပ်စိုးသူကမ္ဘာ၏ သမိုင်းကြောင်းတစ်လျှောက် အပြောင်းအလဲ ဖြစ်ခဲ့သည်။ ယခင်က သိုင်းပညာရှင်များသည် မိုးမြေ၏ စည်းမျဉ်းများကို အသုံးပြုပြီး သူတို့၏ ခန္ဓာကိုယ်ကို ဆေးကြောကာ မြင့်မားသည့် အနေအထားတစ်ခုသို့ ရောက်အောင် လုပ်ကြသည်။ သို့သော်လည်း ထိုအဆင့်က ခွန်အားအစစ်အမှန်တာအို နယ်ပယ်အဆင့်ကို လျောက်လှမ်းဖို့ရာ အတားအဆီးဖြစ်နေကြောင်း သိပြီးသည့်နောက်တွင် ပြောင်းလဲသွားလေ၏။
ရွှေခန္ဓာအဆင့်က ကျင့်ကြံသူတစ်ယောက်က သူတို့၏ စိတ်ဝိညာဉ်၊ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များကို မိုးမြေ၏ စည်းမျဉ်းများဖြင့် ပေါင်းစည်းကာ သိုင်းပညာကို လက်တွေ့အဖြစ် ပြောင်းလဲသည့် လုံ့ဆော်မှု ပါဝင်နေသည်။ တခြားနည်းဖြင့်ပြောရလျှင် ဓမ္မခန္ဓာကိုယ်၏ နောက်ထပ်ပုံစံတစ်မျိုး ဖြစ်၏။
ရွှေခန္ဓာအဆင့်တွင် ငါးဆင့်ပြန်ခွဲထားပြီး ကြေးဝါ၊ ကြေးနီ၊ သံမဏိ၊ ငွေနှင့် ရွှေတို့ ဖြစ်သည်။ သံမဏိက ကောင်းကင်အလိုဆန္ဒကို ခံယူနိုင်ဖို့အတွက် အနည်းဆုံး လိုအပ်ချက် ဖြစ်၏။ ထိုစနစ်ရှိ သိုင်းပညာရှင်များက ရွှေခန္ဓာကိုယ်ကို ပေါင်းစည်းပြီး ဧကရာဇ်တစ်ပိုင်းအဆင့် ဖြစ်လာနိုင်ကြသည်။
"ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကို လှည့်ပတ်ပြီးတော့ ခန္ဓာကိုယ်ကို လေ့ကျင့်နေတာလား။ ဒါက အကူအညီဖြစ်မယ့်ပုံပဲ" ဝမ်ဝေ့က ရေရွတ်လိုက်သည်။
...............................................
သိုင်းပညာအုပ်စိုးသူကမ္ဘာ
ရှုရှစ်က ခုံရုံးမှ ထွက်သွားပြီးသည့်နောက်တွင် ကျောင်းတော်ဆီ သွားရောက်ခဲ့ပြီးသည့်နောက် သူမ၏ ဦးတည်ရာသို့ ထွက်လာခဲ့သည်။ ခြေလှမ်းအနည်းငယ်ဖြင့် သူမက ကမ္ဘာ့အသိုင်းအဝန်းကြားမှ ကွာဟမှုကို ချိုးဖောက်ကာ သူမ၏ ဦးတည်ချက်သို့ ရောက်ရှိလာသည်။
ရှုရှစ်က အကောင်းဆုံးချဥ်းကပ်မှုကို စဉ်းစားနေရင်း သူမ၏ မြင့်တက်မှုနှင့် သမိုင်းကြောင်းအများစုကို မျှဝေထားသည့် ကမ္ဘာကို ကြည့်နေသည်။ လေးစားသမှုအနေဖြင့် သူမက တိုက်ရိုက်လုပ်ဖို့ မဆုံးဖြတ်ခဲ့ဘဲ သူမ၏ အရှိန်အဝါကို ထုတ်လွှတ်ကာ စောင့်ဆိုင်းနေခဲ့သည်။
သိပ်မကြာခင် လူသုံးဦးက ပေါ်ထွက်လာ၏။ အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ အလယ်တွင်ရှိသည့် အမျိုးသားက ပိန်ပါးပါးဖြင့် ခြေတံလက်တံရှည်ကာ လည်ပင်းအထက် အမာရွတ်တစ်ခုရှိနေပြီး အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ သူ့ညာဘက်တွင် လူလတ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး အနက်ရောင်သိုင်းဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ လက်မောင်းကြွက်သား အပြိုင်းပြိုင်းထနေသည့်အတွက် သံမဏိလက်အိတ် ဝတ်ဆင်ထားသည်မှာ အင်မတန် သင့်တော်လှ၏။
ဘယ်ဘက်တွင် ရှိသည့်သူက ကောက်ကျစ်သည့် မျက်နှာမျိုးရှိသည့် လူငယ်တစ်ဦးဖြစ်ကာ ခါးအထက်တွင် ဓားမော့တစ်ချောင်းကို ချိတ်ဆွဲထားသည်။ သူက အဆိပ်ကို အမှတ်ရသွားစေသည့် အစိမ်းပုတ်ရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။
ထာဝရဧကရာဇ်တစ်ယောက်နဲ့ ထာဝရဦးသျှောင် နှစ်ယောက်...
ရှုရှစ်က တွေးလိုက်မိပြီး ဝမ်ဝေ့က သူမအား ဘာမှမသိဘဲ မသွားစေလိုသည့်အတွက် ထိုသတင်းအချက်အလက်ကို ပြောပြထားပြီးသား ဖြစ်သလို သူမတွင်လည်း သတင်းကွန်ယက် ရှိထားသည်။
ထို့ကြောင့် သူမသည် ထိုလူများက လတ်တလောလေးမှ ပေါ်ထွက်လာကြောင်း သိလိုက်၏။ ကြည့်ရသည်မှာ မျှခြေညီစက်ယန္တရားကြောင့် ဖြစ်သည်။
သူမက အလယ်တွင်ရှိသည့်သူကို ကြည့်ကာ ပြောလိုက်သည်။
"ပုဆိန်နှစ်လက် ချင်းဟိန် မတွေ့တာကြာပြီ။"
"မင်းကိုး" ထိုပိန်ပိန်ပါးပါးလူက သူ့လည်ပင်းရှိ အမာရွတ်ကို ထိကာ ပြောလိုက်သည်။ သူအနေဖြင့် သူမကို မှတ်မိဖို့ အချိန်တစ်ခု ယူခဲ့ရသည်။ ပြောရလျှင် သူမက မျက်နှာအကာမရှိဘဲ ထွက်ပေါ်လာခြင်း မရှိပေ။ သို့သော် သူက သူ့ခန္ဓာကိုယ်ကို ဒဏ်ရာပေးနိုင်ခဲ့ပြီး အရှက်ခွဲခဲ့သည့် ထိုအမျိုးသမီး၏ အသံကို ဘယ်သောအခါမှ မမေ့နိုင်ခဲ့ပေ။
ချင်းဟိန်၏ မျက်ဝန်းများက နီရဲလာကာ အံကြိတ်လျက် ပြောလိုက်သည်။
"ဘာလို့ရောက်လာတာလဲ"
"ဘာလို့ ရန်လိုနေတာလဲ။ ရှင်ရဲ့ ရှုံးနိမ့်မှုအကြောင်း အခုထိ ခါးသီးနေတုန်းပဲလား"
"ငါက ရှုံးနိမ့်မှုတစ်ခုနဲ့ ကမ္ဘာကြီးကို ပြောင်းလဲပစ်လောက်အောင် စိတ်ကြီးဝင်မနေဘူး" ချင်းဟိန်က ပြောလိုက်သည်။
"ဒါပေမဲ့ မင်းက ငါတို့ကမ္ဘာကို ရောက်လာပြီးတော့ ကောင်းကင်အလိုဆန္ဒကို ယူပြီး တုံ့ဆိုင်းခြင်းမရှိဘဲနဲ့ ကမ္ဘာသားတစ်ယောက် အဆင့်အတန်းကို စွန့်ပစ်ခဲ့တယ်။ မင်းကို ကြိုဆိုဦးမယ်လို့ ထင်နေတာလား"
"အင်း။ အဲဒါက မျှတပါတယ်။" ရှုရှစ်က သက်ပြင်းချလိုက်သည်။ သူမက ဝမ်ဝေ့ကို ဤသို့ဖြစ်လာနိုင်ကြောင်း ပြောပြထားခဲ့ဖူးသည်။ ကံဆိုးစွာဖြင့် သူမနှင့် အောင်းရှန်က သိုင်းပညာအုပ်စိုးသူကမ္ဘာနှင့် ဆက်နွှယ်မှုရှိနေကာ နဂါးက ထိုနေရာမှ ဆိုးဆိုးရွားရွား မှတ်ဉာဏ်များသာ ရှိသည့်အတွက် သံတမန်ဖြစ်ဖို့ အပေးအယူကို ငြင်းဆန်ခဲ့သည်။
"ဘာလို့ ဒီရောက်လာတာလဲ"ချင်းဟိန်က သူ့ကိုယ်သူ ထိန်းချုပ်ဖို့ မနည်းကြိုးစားနေရသည်။
"အသင်္ချေအင်ပါယာကမ္ဘာရဲ့ ကောင်းကင်ခုံရုံးကိုယ်စား ရောက်လာတာ။ ငါတို့တွေ ဆွေးနွေးဖို့ လို … ”
ရှုရှစ်က စကားပင် မဆုံးလိုက်ဘဲ ချင်းဟိန်က သူ့တာအိုသက်သေပြပစ္စည်း ဖြစ်သည့် ပုဆိန်နှစ်လက်ကို ဆင့်ခေါ်လိုက်သည်။ သူ့ရွှေခန္ဓာက သူ ဖန်တီးထားသည့် ပုဆိန်သိုင်းကျမ်းအပေါ် မူတည်နေသည်။ ထို့ကြောင့် သူက ပုဆိန်ကို တာအိုသက်သေပြပစ္စည်းအဖြစ် အသုံးပြုလိုက်ခြင်း ဖြစ်၏။
သူက တုံ့ဆိုင်းနေခြင်း မရှိဘဲ သူမရှေ့ ပေါ်ထွက်လာကာ စွမ်းအားအပြည့်ဖြင့် ခုတ်ချလိုက်သည်။ သူ့တိုက်ကွက်၏ စွမ်းအားက ဖရိုဖရဲကာလံဒေသံစွမ်းအားများ ပြည့်နှက်နေသည့် အဆုံးမဲ့လေဟာနယ်ကို အက်ကွဲသွားစေသည်။
သို့သော်လည်း ရှုရှစ်က တည်တည်ငြိမ်ငြိမ်ဖြင့် ရှောင်လိုက်သည်။
“ဘာလို့ ဘာမှမပြောဘဲ တိုက်ရတာလဲ”
“မယုံချင်ပေမဲ့ ကောလဟာလတွေက အမှန်ဖြစ်နေတဲ့ပုံပဲ။ မင်းက ငါတို့ကို ကျူးကျော်ဖို့ ရည်ရွယ်ချက်နဲ့ ပြန်ရောက်လာတာပဲ” ချင်းဟိန်က မျက်လုံးများ နီရဲလျက် ပြောလိုက်သည်။
“ဘယ်ကောလဟာလတွေ ပြောနေတာလဲ”
“နင့်ရဲ့ ပထမဦးဆုံးအလိုလိုသိစိတ်က ငြင်းဆန်ဖို့ မဟုတ်ဘဲနဲ့ အရင်းအမြစ်ကို ရှာဖွေဖို့ ဖြစ်နေတာပဲ” လျှပ်စီးလက်သီးဟု နာမည်ကျော်သည့် အမျိုးသမီး ထာဝရဦးသျှောင်က ပြောလိုက်သည်။
“နယ်ခြားတစ်ယောက်နဲ့ ဒီစကားတွေကို ပြောနေဖို့ မလိုဘူး။ သူမကို အပိုင်းပိုင်းအစစ ဖြတ်ပစ်လိုက်ရအောင်” မြွေဓားမော့ ထာဝရဦးသျှောင်က သူ့ဓားမော့ကို ရပ်ကာ ရှုရှစ်အား အန္တရာယ်များစွာကြည့်ပြီး ပြောလိုက်သည်။
“ကျွန်မက ပဋိပက္ခဖြစ်တာကို ရှောင်ရှားချင်ရုံပဲ”
“မျက်လုံးထဲ စိုက်ကြည့်ပြီးတော့ ကျူးကျော်ဖို့ ရောက်လာတာ မဟုတ်ဘူးလို့ ပြောရဲလား” ချင်းဟိန်က ပြောလိုက်သည်။
ရှုရှစ်က ရပ်လိုက်ပြီး “အဲဒါက ကျွန်မ ပြောမဲ့ သတင်းစကားကို ရှင်တို့တွေ ဘယ်လိုတုံ့ပြန်လဲဆိုတဲ့အပေါ်မှာ မူတည်တယ်”
“ငါ သိတယ်။” ချင်းဟိန်က အော်ပြောကာ ထပ်မံ တိုက်ခိုက်လိုက်သည်။
ရှုရှစ်က တည်တည်ငြိမ်ငြိမ် ရှောင်ရှားပြီး ရှင်းပြလိုက်သည်။
“အရင်ဆုံး စကားတွေကို နားထောင်ဦး”
“မလိုဘူး။ ကျူးကျော်သူအားလုံးက အတူတူပဲ” ချင်းဟိန်က ပြောလိုက်သည်။ နှမြောစရာကောင်းလှစွာဖြင့် သူနှင့် ရှုရှစ်တို့က အမြန်နှုန်း ကွာဟချက်ကြီးနေဟန်ပေါ်သည်။
“အတူတူတိုက်ကြ” သူက အမိန့်ပေးလိုက်စဉ် အားလုံးက ဝင်ရောက်တိုက်ခိုက်လာသည်။