← Chapters

စစ်ပွဲပြင်ဆင်မှုများ

Vol. 76 Ch. 1063

စစ်ပွဲပြင်ဆင်မှုများ

Vol. 76 Ch. 1063

ချင်းဟိန်က လျှပ်စီးလက်သီးနှင့် မြွေဓားမော့တို့ဖြင့် ပလ္လင်အခန်းအတွင်း ထိုင်နေသည်။ သူက အရှက်ခွဲခံရသလို ခံစားနေရသော်လည်း ပိုအရေးကြီးသည်က ကမ္ဘာ၏ အနာဂတ်အကြောင်း စိုးရိမ်နေမိသည်။ သူတို့ လတ်တလောလေးမှ ဖယ်ရှားထားရသည့် ကံကြမ္မာနှင့် ထပ်မံ ကြုံတွေ့ရမည်ကို စိုးရိမ်ပူပင်နေမိသည်။

“ကျွန်မတို့ ဘာဆက်လုပ်သင့်လဲ” လျှပ်စီးလက်သီးက မေးလိုက်သည်။

ချင်းဟိန်က ငြီးတွားလိုက်၏ “ ငါတို့တွေ အားလုံးကို ဆင့်ခေါ်ပြီး စစ်ပွဲအတွက် ပြင်ဆင်ထားရမယ်”

“ အမှန်အတိုင်း နည်းနည်းပဲ ပြောပြမှာလား” မြွေဓားမော့က မေးလိုက်သည်။

“ ပြောရရင် သူမက ငါတို့အားလုံးကို အလွယ်လေး အနိုင်ပိုင်းနိုင်တာဆိုတော့ အားနည်းလွန်းတာ သိပ်တော့ မကောင်းဘူး ”

အခန်းက တိတ်ဆိတ်သွားလေ၏။ တိတ်ဆိတ်မှုက စကားများစွာ ပြောပြသလို ဖြစ်သွားသည်။ သို့သော်လည်း စက္ကန့်ပိုင်းကြာမြင့်ပြီးနောက် ချင်းဟိန်က ခေါင်းယမ်းကာ ပြောလိုက်သည်။

“ ဒါက ကောင်းပေမဲ့ ငါတို့လူတွေ ရန်သူကို လျော့တွက်တာမျိုး မဖြစ်စေချင်ဘူး။ ပြောရရင် ငါတို့တွေ ကိစ္စတွေကို ပိုဆိုးအောင် လုပ်ပြီး သူတို့တွေ ရောက်လာမဲ့ ကပ်ဘေးကို ကျော်လွှားဖို့ စည်းလုံးနေအောင် အကြောက်တရားကို ရိုက်သွင်းပေးရမယ် ”

“ဒါပေမဲ့ အကြောက်ကြီးလွန်းတာက ပြောင်းပြန်သက်ရောက်မှု ရှိလာနိုင်တယ်” လျှပ်စီးလက်သီးက ပြောလိုက်သည်။

“ဟုတ်တယ်” ချင်းဟိန်က ပြောလိုက်သည်။ အကယ်၍ လူများက ကြောက်လွန်းနေပါက အားလုံးရိုင်းပင်းမည့်အစား သူတို့၏ တိုက်ခိုက်လိုစိတ် ပျက်ပြားသွားနိုင်သည်။ ထို့အပြင် လူတချို့က မျှော်လင့်ချက်ကုန်ခမ်းစွာဖြင့် လုပ်မိလုပ်ရာ တုံးအအ အရာများ လုပ်လာနိုင်သည်။

“ဒီလိုဆိုရင် အမှန်အတိုင်းပြောကြတာပေါ့”

နှစ်ယောက်က ကမ္ဘာရှိ ဧကရာဇ်၊ တာအိုနှင့် အင်မော်တယ်(ထာဝရ)မျိုးနွယ်များအား ဆင့်ခေါ်လိုက်သည်။ ကမ္ဘာက အဖြစ်အပျက်ကို တွေးတောရင်း အံ့ဩတုန်လှုပ်နေကြ၏။

လက်ဝါးတောင်ထိပ်ဂိုဏ်းက တစ်ခုခု လုပ်တော့မှာလား …

သူတို့၏ လေးယောက်မြောက် ဧကရာဇ်ဖြစ်သည့် ပုဆိန်နယ်ရှင်ဧကရာဇ်ကို ထာဝရဧကရာဇ်အဖြစ် ပြုစုပျိုးထောင်ပေးထားသော်လည်း ကမ္ဘာ၏ အာဏာဆိုင်ရာ အနေအထားကို ပြောင်းလဲပစ်ဖို့ အခွင့်အာဏာ ရှိလာလေပြီ။

ဖိတ်ကြားချက်က သံမဏိလက်သီးအဖွဲ့နှင့် စန္ဒာဓားမော့မျှော်နန်းတို့မှ ဖြစ်၏။ ထိုအင်အားစုနှစ်ခုက လတ်တလောလေးမှ ထာဝရဦးသျှောင်နှစ်ယောက်ကို မွေးထုတ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် လူတချို့သည် အင်အားစုသုံးခုက ကိစ္စကြီးတစ်ခုခု လုပ်တော့မည်ဟု ခန့်မှန်းနေကြသည်။ သိုင်းပညာရှင်တိုင်းက ဝူလင်( သိုင်းလောက ) ပြောင်းလဲတော့မည်ဟု ခံစားနေကြရ၏၊

အင်အားစုအသီးသီးမှ ကိုယ်စားလှယ်များက အစည်းအဝေးကို လာတက်ကြသည်။ သို့သော်လည်း မည်သူကမှ အမှန်တရားကို ရင်ဆိုင်ဖို့ အဆင့်သင့်မဖြစ်ကြပေ။ အားလုံး ရောက်လာသည်နှင့် ချင်းဟိန်က ဗုံးကြဲချလိုက်သလို အားလုံးကို ဖွင့်ဟပြောလိုက်သည်။ သူက ရှုရှစ်၏ ပေါ်ထွက်လာမှုနှင့် ရောက်ရှိလာမည့် ကျူးကျော်မှုအကြောင်း အမှန်အတိုင်း ပြောခဲ့သည်။

“အဲဆိုတော့ ကောလဟာလတွေက အမှန်ကိုး” တစ်ယောက်က ရေရွတ်လိုက်သည်။

“ အဲလိုဖြစ်မှာ စိုးရတယ်” ချင်းဟိန်က ပြောလိုက်၏။

“အဲဆို ကျူပ်တို့ ဘာလုပ်သင့်လဲ ”

မည်သူကမှ အဖြေမရှိကြပေ။ နတ်ဘုရားသဟဇာတ ခေတ်ကာလ အဆုံးသတ်သွားသည်မှာ မျိုးဆက်နှစ်ရာမျှသာ ရှိသေးပြီး ပြန်လည်ရှင်သန်လာသည့် သိုင်းပညာခေတ်ကာလက အစပြုကာစ ရှိသေးသည်။ မျိုးဆက်နှစ်ရာက သေမျိုးများအတွက် ကြာရှည်လွန်းသော်လည်း ဤကမ္ဘာရှိ ရှင်ကျန်နေသည့် အင်အားစုများအတွက် သူတို့အင်အားကို တိုးမြင့်ဖို့ မဆိုနှင့် … ပြန်လည်အားဖြည့်ဖို့ပင် မလုံလောက်သေးပေ။

လက်ရှိ ထာဝရတန်းစား အင်အားကြီးပုဂ္ဂိုလ်သုံးယောက်အပြင် အင်အားစုနှစ်ခုတည်းသာ အပြည့်အဝ ပြန်လည်အားဖြည့်ပြီးပြီဟု သတ်မှတ်နိုင်သည်။ နဂါးမြင့်တက်ရေးဂိုဏ်းက ဧကရာဇ်နှစ်ယောက် ရှိထားသည့် ဂိုဏ်းအသစ်တစ်ခု ဖြစ်ပြီး သူတို့တည်ထောင်သူ နဂါးဖိနှိပ်ရေးဧကရာဇ်ကြောင့် ဤသို့လွှမ်းမိုးသည့် နာမည်မျိုးကို ထိန်းသိမ်းဖို့ ခွင့်ပြုထားခြင်း ဖြစ်၏။

သူက နတ်ဘုရားသဟဇာတကမ္ဘာ၏ အုပ်စိုးမှုကို အဆုံးသတ်ပစ်ခဲ့သည့် အထွတ်အထိပ် သိုင်းပညာရှင်တစ်ဦး ဖြစ်၏။ သူက အဖွဲ့ကို ဦးဆောင်ကာ သူတို့နှင့် ရင်ဆိုင်ဆန့်ကျင်ခဲ့ပြီး သိုင်းပညာအုပ်စိုးသူကမ္ဘာ၌ သူတို့ရှိထားသမျှ လွှမ်းမိုးမှုတိုင်းကို ရှင်းထုတ်ပစ်ခဲ့သည်။ သူက သူတို့၏ မွေးရပ်မြေအထိ အောင်အောင်မြင်မြင် သွားရောက်တိုက်ခိုက်နိုင်ခဲ့၏။

သူ့အတွက် နှမြောဖို့ကောင်းသည်ကား နတ်ဘုရားသဟဇာတကမ္ဘာတွင် ကုန်သွယ်ရေးဗဟိုချက်၏ အထက်ပိုင်းနှင့် နက်နက်နဲနဲ အဆက်အသွယ်ရှိနေသည့် မျိုးနွယ်များစွာ ပါဝင်နေသည်။ ထိုအာဏာဖြင့် သူတို့က ထာဝရတန်းစား အင်အားကြီးပုဂ္ဂိုလ်များကို စုစည်းပြီး သူ့ကို အဖွဲ့ဖွဲ့တိုက်ခဲ့သည်။ နဂါးဖိနှိပ်ရေးဧကရာဇ်က အားကောင်းသည့် ထာဝရဧကရာဇ် မဟုတ်လျှင် ဒဏ်ရာအပြင်းအထန် ရမည့်အစား သေဆုံးသွားလိမ့်မည်။

သိုင်းပညာအုပ်စိုးသူကမ္ဘာက ကံကောင်းစွာဖြင့် သူ့လိုလူမျိုး ရှိခဲ့သည်။ ထိုဖြစ်ရပ်အပြီးတွင် သူက ကျူးကျော်သူများကို ရင်ဆိုင်ဖို့ လှုပ်ရှားမှုများကို မရပ်တန့်ခဲ့ပေ။ သူက ပြန်လည်ကောင်းမွန်နိုင်စွမ်းနှင့် နတ်ဘုရားသဟဇာတကမ္ဘာတွင် ပြောက်ကျားတိုက်ခိုက်မှုအတွက် ဆင်နွဲဖို့ သူတို့ အလွယ်တကူ လူစုစည်းလို့ မရသည့် အချက်ကို အသုံးပြုခဲ့သည်။ နှစ်များစွာ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ပြီး လူများစွာကို သတ်ပြီးသည့်နောက်တွင် သူက သူတို့အား ဤကမ္ဘာထံ စစ်မှန်သည့် လွတ်လပ်မှုပေးဖို့ရာ သဘောတူစာချုပ်ကို အတင်းကြပ် ဖိအားပေး ချုပ်ဆိုစေနိုင်ခဲ့သည်။

ဒုတိယအင်အားစုက နတ်ဘုရားနတ်ဆိုးဂိုဏ်း ဖြစ်၏။ သူတို့က ဤခေတ်သစ်ကာလအတွင်း ဂိုဏ်းသစ်တစ်ခု ဖြစ်ကြသော်လည်း မျိုးဆက်နှစ်ရာအတွင်း သူတို့က မဟာဧကရာဇ် ခုနှစ်ယောက်ကို ပြုစုပျိုးထောင်ပေးနိုင်ခဲ့ပြီး ငါးယောက်က အတုအယောင် ထာဝရဧကရာဇ်များ ဖြစ်ကြသည်။ လူများစွာက ဤခေတ်ကာလ၏ ခေတ်တစ်ခုစိတ်ဝိညာဉ်သည် သူတို့အပိုင် ဖြစ်ကြောင်း ယုံကြည်ထားကြသည်။ သူတို့က ထာဝရဧကရာဇ်ကို မွေးထုတ်နိုင်ဖို့ အချိန်တစ်ခုမျှသာ ကြာမြင့်လိမ့်မည်။ မဟုတ်သေးဘူး … ရှုရှစ်သာ ယခုမျိုးဆက်၏ ကောင်းကင်အလိုဆန္ဒတိုက်ပွဲအတွင်း သူတို့ကောင်းကင်ရွေးချယ်ခံကို မသတ်ခဲ့ပါက အောင်မြင်သွားလောက်သည်။

“ငါတို့ တိုက်ရမယ်” မျက်လုံးနီ နတ်ဆိုးက ပြောလိုက်သည်။ သူက နတ်ဘုရားနတ်ဆိုး ဂိုဏ်း၏ ကိုယ်စားလှယ် ဖြစ်၏။

“ကျုပ်တို့ဂိုဏ်းက ဒီတိုက်ပွဲအတွက် ရှေ့ပြေးတပ် ဖြစ်ဖို့ လိုလားပါတယ်။ ဒါက ကျုပ်တို့ဂိုဏ်းခေါင်းဆောင်အတွက် လက်စားချေပေးဖို့ အခွင့်အရေးပဲ။ ဒါပေမဲ့ အပြန်အလှန်အနေနဲ့ ကျုပ်တို့ဘက်က တစ်ခု လိုချင်တယ်”

ချင်းဟိန်အပါအဝင် အားလုံးက မျက်မှောင်ကြုတ်လိုက်ကြသည်။ သို့သော်လည်း သိပ်မကြာခင် သူတို့က ထိုလူများသည် တစ်စုံတစ်ခု တောင်းဆိုသည်က ပုံမှန်ဖြစ်ကြောင်း သဘောပေါက်သွားကြသည်။ သူတို့ကို နတ်ဆိုးဂိုဏ်းဟု အကြောင်းအရင်းမရှိဘဲ ခေါ်မည် မဟုတ်ပေ။

“ဘာတောင်းဆိုချင်တာလဲ” ချင်းဟိန်က မေးလိုက်သည်။

“ ကျုပ်တို့ဂိုဏ်းခေါင်းဆောင်ကို ပြန်အသက်သွင်းပေးပြီး တာအိုသက်သေပြဖို့ ကူညီပေးစေချင်တယ်”

နောက်မှ တီးတိုးရေရွတ်သံများစွာ ထွက်ပေါ်လာပြီး ချင်းဟိန်ကလည်း မျက်မှောင်ကြုတ်လိုက်သည်။

“ သူ့ကို ပြန်အသက်သွင်းချင်တာကိုတော့ နားလည်ပါတယ်။ သူ တာအိုသက်သေပြနိုင်အောင် ငါက ဘယ်လိုကူညီပေးနိုင်မှာလဲ”

သူတို့ကမ္ဘာက ကံကောင်းလှသည်။ ရှုရှစ်က ကောင်းကင်အလိုဆန္ဒကို ယူသွားပြီးနောက် တစ်စုံတစ်ယောက်က အများစုမှာ အဆင့် ၁၀ ဖြစ်သည့် လေဟာနယ်သားရဲာ ရာချီ ပါဝင်နေသော ရှားရှားပါးပါး လေဟာနယ်သားရဲသင်္ချိုင်းကို ရှာတွေ့ခဲ့၍ နောက်ထပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။ သူတို့၏ အဆီအနှစ်က ကမ္ဘာနှင့် ပေါင်းစည်းသွားပြီး ကမ္ဘာအရင်းအမြစ်ကို တိုးမြင့်သွားစေသည့်အတွက် ဒုတိယမြောက် ကောင်းကင်အလိုဆန္ဒ ရောက်ရှိလာခြင်း ဖြစ်သည်။

“ အဲဒါ သိသာတယ် မဟုတ်ဘူးလား။ အပြင်လူတွေက နည်းလမ်းပြထားတယ်လေ” မျက်လုံးနီ နတ်ဆိုးက ပြောလိုက်သည်။

“ ကောင်းကင်ခုံရုံးကို ပြောချင်တာလား”

“အမှန်ပဲ”

“ ငါက ခုံရုံးကို တည်ထောင်ပြီး လူတွေကို အုပ်ချုပ်ဖို့ အတွေးမရှိဘူး” ချင်းဟိန်က ပြောလိုက်သည်။

“ ခင်ဗျားမှာ ရွေးစရာ မရှိဘူး” မျက်လုံးနီ နတ်ဆိုးက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“ကျုပ်တို့က ကျူးကျော်မှုနဲ့ ရင်ဆိုင်ရတော့မှာ။ ခုံရုံးကပဲ ကမ္ဘာတစ်ခုလုံးကို စုစည်းစေဖို့ အကောင်းဆုံးနည်းလမ်းပဲ။ ပြီးတော့ ကျုပ်တို့ရဲ့ စွမ်းအားကို တိုးမြင့်ပြီး ဒီစစ်ပွဲမှာ အသက်ရှင်ဖို့ အခွင့်အရေးပဲ ”

အခန်းက တိတ်ဆိတ်သွားလေသည်။ သူတို့က ဝန်မခံလိုသော်လည်း သူက အမှန်အတိုင်းပြောနေမှန်း သိထားကြ၏။ ကမ္ဘာကြီးက နယ်ခြားခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ရသည့်အခါ အတော်လေး စည်းလုံးသွားတတ်သည်။ သို့သော်လည်း ထိုအရာက သူတို့သည် ယခင်မျိုးဆက်နှစ်ရာအတွင်း အချင်းချင်း တိုက်ခိုက်ကာ ယှဉ်ပြိုင်နေရပြီး အမုန်းတရားနှင့် ရန်ငြိုးများစွာဆီ ဦးတည်နေသည့်အချက်ကို ပြောင်းလဲပစ်နိုင်မည် မဟုတ်ပေ။ ခုံရုံးက သင့်တော်သည့် အာဏာပိုင်းဆိုင်ရာ ဖွဲ့စည်းပုံကို တည်ဆောက်ဖို့ အပြီးပြည့်စုံဆုံး ပုံစံ ဖြစ်၏။

“ ခင်ဗျားတစ်ယောက်တည်းကသာ အင်အားစုအသီးသီးရဲ့ ဆန့်ကျင်မှု မခံရဘဲ ဒီနေရာမှာ ထိုင်နိုင်တာ” မျက်လုံးနီ နတ်ဆိုးက ဆက်ပြောလိုက်သည်။

“အဲဆိုတော့ ကျုပ်တို့ ခင်ဗျားဆီက လိုချင်တာက ကျုပ်တို့ဂိုဏ်းခေါင်းဆောင်အတွက် လုံလောက်တဲ့ ကုသိုလ်စုဆောင်းပေးဖို့ပဲ”

“ကုသိုလ်က ဘယ်လိုအကူအညီဖြစ်မှာလဲ” တစ်ယောက်က မေးလိုက်သည်။

“အဲဒါ ခင်ဗျားကိစ္စ မဟုတ်ဘူး”

ချင်းဟိန်က စဉ်းစားလိုက်သည်။ သူက မေးခွန်းမေးသည့်လူလောက် မသိနားမလည်ခြင်း မဟုတ်ပေ။ ကုသိုလ်က ကမ္ဘာရှိ တန်ခိုးကြီးအရာထဲမှ တစ်ခု ဖြစ်၏။ သို့သော် ကောင်းကင်အလိုဆန္ဒကို ရယူဖို့ မည်မျှလိုအပ်မည်နည်း။ သူ့အလိုလိုသိစိတ်က သူသည် ဤလျို့ဝှက်ဆန်းကြယ်မှု၏ အစိတ်အပိုင်းတစ်ခု လစ်ဟာနေကြောင်း သတိပေးနေသည်။

“ ငါ ငြင်းဆန်ရင်ရော ” ချင်းဟိန်က မေးလိုက်သည်။

“အဲလိုဆိုရင် ကျုပ်တို့က ကိုယ့်ဘာသာ ဘာလို့ နတ်ဆိုးဂိုဏ်းလို့ သတ်မှတ်ထားလဲဆိုတာ သိရပါ့လိမ့်မယ်”

ချင်းဟိန်က သတ်ဖြတ်ငွေ့ကို ထုတ်လွှင့်လိုက်၍ အခန်းတစ်ခုလုံး စက္ကန့်ပိုင်းကြာ အနီရောင်ပြောင်းသွားစေသည်။ သို့သော်လည်း မျက်လုံးနီ နတ်ဆိုးက တည်ငြိမ်နေလျက် ရှိနေပြီး နှုတ်ခမ်းအထက် လှောင်ပြုံးတစ်ပွင့် ရှိနေသည်။ ချင်းဟိန်က အားလုံးကို အာရုံမစိုက်ခင် သက်ပြင်းတစ်ချက် ချလိုက်၏။

“မင်းတို့တွေရော ဘယ်လိုထင်လဲ” သူက မေးလိုက်သည်။

“ သူတို့အတွက် ကုသိုလ်စုဆောင်းပေးမယ်ဆိုရင် အဲဒါက အားလုံးရဲ့ ဝေစု ဖြစ်လာလိမ့်မယ် ”

မည်သူကမှ ဘာမှမပြောကြပေ။ ကံကောင်းစွာဖြင့် နဂါးမြင့်တက်ရေးဂိုဏ်းမှ ကိုယ်စားလှယ်ဖြစ်သူ ခန်းဟန်က ပြောလာသည်။

“ ကျုပ် သဘောတူပါတယ်။ ကျုပ်တို့ကမ္ဘာက ကပ်ဘေးနဲ့ ရင်ဆိုင်နေရတာ။ ဒုတိယ ထာဝရဧကရာဇ် ပေါ်ထွက်လာတာက ကျုပ်တို့ကို ကယ်တင်ပေးနိုင်လောက်တယ်။ အထူးသဖြင့် ဂိုဏ်းခေါင်းဆောင်ဟောင်းလိုမျိုး ပါရမီထူးကဲသူပေါ့ ”

နဂါးမြင့်တက်ရေးဂိုဏ်းက ပြောလာပြီဖြစ်၍ အားလုံးကလည်း သဘောတူလိုက်ကြသည်။ ဂိုဏ်းက တရားမျှတမှုနှင့် ဂုဏ်ကျက်သရေ ကြီးမားသည့် အင်အားစုအနေနှင့် နှစ်များစွာ အမွေအနှစ်အဖြစ် ထိန်းသိမ်းလာခဲ့သည်။ တခြားလူများက သူတို့အကျိုးကို စွန့်ပစ်ကာ ပိုမိုကောင်းမွန်သည့် အရာနှင့် လဲလှယ်ဖို့ လိုလားကြသည်။

“အဲလိုဆိုရင် ဆုံးဖြတ်ပြီးပြီ” ချင်းဟိန်က ကြေညာလိုက်သည်။

“ ကမ္ဘာ့ကာကွယ်ရေး အစီအရင်ကို အသက်သွင်းဖို့ လိုတယ်”

“ကိစ္စမရှိပါဘူး” ခန်းဟန်က ပြောလိုက်၏။

“ ခုံရုံးအတွက် အားလုံးပြင်ဆင်ထားလိုက်မယ်” ချင်းဟိန်က ဆက်ပြောလိုက်သည်။

“အားလုံးက အရင်းအမြစ်တွေ၊ တပည့်တွေ၊ တပ်ဖွဲ့တွေနဲ့ အကြီးအကဲတွေ စုဆောင်းရမယ်။ အိပ်စက်နေတဲ့ ဘိုးဘေးတွေလည်း အပါအဝင်ပဲ။ ခုံရုံးကို တည်ထောင်လိုက်တာနဲ့ ရောက်လာမဲ့ စစ်ပွဲအတွက် အားကုန်သုံးကြမယ်”

ချင်းဟိန်က သက်ပြင်းချလိုက်ပြီး “ ငါတို့ရဲ့ လွတ်လပ်ခွင့်နဲ့ ကမ္ဘာရဲ့ ကံကြမ္မာက အန္တရာယ်ကြား ရောက်နေတာကို မှတ်ထားကြ”

အင်အားစုအားလုံးက လေးလံလှသည့် ဝန်ထုပ်ဝန်ပိုးဖြင့် စစ်ပွဲအတွက် ပြင်ဆင်နေကြသည်။

..................

ခန်းဟန်က သူ့ဂိုဏ်းချုပ်ဆီ ချက်ချင်း သွားတွေ့ခဲ့ပြီး သူ့ပထမဆုံး စကားက “ ဘိုးဘေး စစ်ဆေးမှုကို အသက်သွင်းဖို့ လိုပြီ ” ဟူ၍ ဖြစ်သည်။

အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ပိန်ပါးပါး အမျိုးသားက သူ့ကို တုန်လှုပ်တကြီး ကြည့်လာသည်။ သူတို့ဂိုဏ်း၏ အကြီးမားဆုံး လျို့ဝှက်ချက်တစ်ခုက နတ်ဘုရားသဟဇာတ ကမ္ဘာသည် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးစဉ်အခါက ဘိုးဘေး၏ ခန္ဓာကိုယ်သည် ဒဏ်ရာများစွာရှိနေ၍ ကုသနေမည့်အစား နောက်တစ်ခု ပြန်လည်တည်ဆောက်တာက ပိုအကျိုးရှိကြောင်း မှတ်ယူခဲ့သည်။

ထို့ကြောင့် သူက ဂိုဏ်းမှ ထွက်သွားပြီး ဝိညာဉ်ဖြင့် တက်လှမ်းသွားခဲ့သည်။ ဘိုးဘေးစစ်ဆေးမှုက သူ့ခန္ဓာကို စုပ်ယူခြင်းဖြင့် ထာဝရဧကရာဇ် ပြုစုပျိုးထောင်ပေးနိုင်ဖို့ ဘိုးဘေးများ ချန်ထားခဲ့သည့် အရန်အစီအစဉ် ဖြစ်၏။ သို့သော်လည်း နဂါးဖိနှိပ်ရေးဧကရာဇ်က နောက်ဆုံး အနေအထား မဟုတ်သရွေ့ ထိုစစ်ဆေးမှုကို မသုံးဖို့ သတိပေးခဲ့သည်။

“ဘာဖြစ်ခဲ့တာလဲ”

ခန်းဟန်က အခြေအနေကို ရှင်းပြခဲ့ပြီးနောက် ဂိုဏ်းချုပ်က သူ့အဆိုပြုချက်ကို လက်ခံခဲ့သည်။

All Chapters