← Chapters

အာရှပျစားပိုး

Vol. 9 Ch. 12

အာရှပျစားပိုး

Vol. 9 Ch. 12

မက်ဒါနာက စားပွဲထိုးက ဟင်းပွဲတွေ စားပွဲပေါ်ကျနေတာကိုကြည့်ရင်း အကုန်လုံးပြီးသွားတော့မှ နောက်ကနေထပြီး ခေါင်းကိုနောက်ကနေ ဆုပ်ဆွဲကာ စားပွဲနဲ့မျက်နှာကို ရိုက်ချလိုက်တယ်။

ဖြောင်း...

“မမလေး...” မက်ဒါနာရဲ့ရုတ်တရက်ဆန်တဲ့ အပြုအမူကြောင့် မက်ဒါနာမျက်လုံးပြူးသွားတယ်။ စားပွဲထိုးကောင်လေးကတော့ အသံတစ်ချက်မှထွက်မလာဘဲ ကြမ်းခင်းပေါ်ကို ကွေးကွေးလေးလဲကျသွားတယ်။ စားပွဲက မှန်အုပ်ထားတာမဟုတ်ဘဲ သစ်သားမလို့သာ တော်တော့တယ်။

“ဘာမှမပူနဲ့၊ ငါ့လက်စငါသိတယ်။ နောက်နာရီဝက်လောက်ကြာရင် သူ့ဘာသာနိုးလာလိမ့်မယ်။” မက်ဒါနာက အေမီကို ပြန်ဖြေလိုက်ရင်းနဲ့ နာကျင်နေတဲ့လက်ကို တဖျောက်ဖျောက်ချိုးလိုက်တယ်။ အေမီကတော့ လက်ကလေးကို ပါးစပ်နားအုပ်ထားရင်းကနေ စိုးရိမ်တဲ့အကြည့်နဲ့ ပြောပါတယ်။

“သူအဆင်ပြေမှန်းမသိပေမဲ့ မမလေးဒီလိုမျိုး ထလုပ်လိမ့်မယ်လို့ တကယ်မျှော်လင့်မထားလို့ပါ။”

အေမီက သူ့သခင်မလေးနားမှာ တာဝန်ထမ်းဆောင်နေတာ အတော်ကြာခဲ့ပြီဆိုပေမဲ့ အခုအချိန်ထိ သူ့သခင်မလေးရဲ့အပြုအမူတွေကို ရာနှုန်းပြည့်မခန့်မှန်းနိုင်သေးဘူးရယ်။

“ဒီနေရာက ပိုးကောင်တွေစိုးမိုးထားတဲ့နေရာ ဖြစ်နိုင်တယ်လို့ နင်ပြောတယ်မဟုတ်လား။ ဒီအတိုင်းထားလို့ ဘယ်ဖြစ်ပါ့မလဲ။ ပိုးကောင်နှိမ်နင်းရေးလေးဘာလေးလုပ်မှ အဆင်ပြေမှာပေါ့။”

မက်ဒါနာက ပြောပြောဆိုဆိုနဲ့ စားပွဲပေါ်မှာချထားတဲ့ ပေါင်မုန့်ဝါဝါအဝိုင်းလေးတစ်ခုကို လက်နဲ့ကိုင်ပြီးစားဖို့လုပ်တာနဲ့ အေမီကလည်း ဖမ်းတားလိုက်ပါလေရော။

“မမလေး၊ ပြောရင်းဆိုရင်းနဲ့မေ့သွားတာလား။ ဒီနေရာက ရန်သူ့နယ်မြေလေ။ မနက်စာထဲ အဆိပ်ခတ်ထားရင် ဘယ်လိုလုပ်မလဲ။”

“အေး၊ ဟုတ်သားပဲ။” မက်ဒါနာလည်း ခုမှသတိပြန်ဝင်လာတဲ့အတွက် အေမီ့လက်ထဲကို ပေါင်မုန့်လုံးထည့်ပေးလိုက်တယ်။ အေမီက အပြန်ပြန်အလှန်လှန်စစ်ဆေးပြီးခါမှ

“ချေ့စ်နဲ့လုပ်ထားတဲ့ ကန်စွန်းဥပေါင်မုန့်ပါရှင့်။ အဆိပ်ခတ်ထားတာမျိုးမရှိတဲ့အတွက် စားလို့ရပါတယ်။”

ဒီတော့မှ မက်ဒါနာလည်း ပေါင်မုန့်ကိုပြန်ယူပြီး ပါးစပ်ထဲထည့်လိုက်တယ်။ နောက်မှ အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်လိုက်ပြီး “ကောင်းသားပဲ၊ ပြန်လာမှတခြားမုန့်တွေ မြည်းကြည့်တော့မယ်။” လို့ပြောလိုက်ပါတယ်။

အေမီကတော့ ဆိပ်ကမ်းပြာသိုလှောင်ခန်းကနေဝှက်ယူလာတဲ့ ကော်ဇောကပ်တိတ်ခွေကို အိမ်စေဂါဝန်ထဲကထုတ်ပြီး မက်ဒါနာသတိမေ့အောင်လုပ်ထားတဲ့ ဝန်ထမ်းရဲ့ပါးစပ်နဲ့လက်တွေချည်တွေကို တုပ်နှောင်ထားလိုက်တတယ်။ ဒီလိုမှ သတိရလာလာချင်း တခြားသူတွေကို လိုက်သတိမပေးမှာ။

“ဒါဆိုရင် ကျွန်မတို့ဘာဆက်လုပ်ကြမလဲရှင့်။” အေမီကမေးတော့ မက်ဒါနာက အခန်းထဲကနေ ထွက်ဖို့လုပ်ရင်းကနေ လက်ဖျောက်တီးလိုက်တယ်။ ငွေရောင်အလင်းတစ်ချက်က သူ့မျက်ဝန်းထဲမှာပေါ်လာပြီး ပြန်ပျောက်သွားခဲ့ပါပြီ။

“ဒီနေရာက ဟိုတယ်တစ်ခုဆိုတော့ ဟိုတယ်ရုံးခန်းမှာသွားပြီး အဓိကတာဝန်ရှိသူကို ရှာကြတာပေါ့။”

“နားလည်ပါပြီရှင့်။” အေမီက သူ့သခင်မလေးစကားကို နားထောင်ရင်းကနေ ဦးညွှတ်လိုက်ပြီး သဘောတကျပြုံးတယ်။

“သွားကြစို့။”

မက်ဒါနာနဲ့အေမီတို့က အခန်းထဲကနေ တိတ်တဆိတ်ထွက်လာတယ်။ အေမီက ပင်မလျှောက်လမ်းကိုစဝင်ကတည်းက သတိထားမိနေတဲ့ CCTVကို ကြည့်လိုက်တယ်။ သတိပေးမီးသေနေပြီး အောက်ကိုငိုက်ကျနေတဲ့အတွက် အလုပ်မလုပ်တော့မှန်း သူသိတယ်။ သခင်မလေးက အပြင်မထွက်ခင်ကတည်းက ဟိုတယ်လုံခြုံရေးစနစ်ကို ကြိုဟက်လိုက်ပြီးသား။

သူတို့နှစ်ယောက်က သန့်ရှင်းရေးလုပ်နေတဲ့ ဟိုတယ်ဝန်ထမ်းတွေကို ခက်ခက်ခဲခဲရှောင်ပြီးတော့ အရေးပေါ်လှေကားကနေတစ်ဆင့် ဟိုတယ်အပေါ်ဆုံးလွှာကိုပြေးတက်ကြတယ်။ နှစ်ယောက်လုံးက အလေ့အကျင့်ရှိပြီးတဲ့သူတွေဖြစ်လို့ သုံးမိနစ်မပြည့်ခင်မှာပဲ ရုံးခန်းတွေထားတဲ့အထပ်ကို ရောက်လာတယ်။

မက်ဒါနာက တံခါးကိုတွန်းဖွင့်လိုက်ပြီး အေမီကတော့ သခင်မလေးကို ကာကွယ်ပေးဖို့အတွက် ရှေ့ကနေတက်သွားလိုက်တယ်။ ရုံးဝန်ထမ်းတွေကတော့ ရုတ်တရက် လူနှစ်ယောက်ဝင်လာတဲ့အတွက် ထိတ်လန့်နေကြပုံပေါ်ပြီး လမ်းပေါ်မှာ ဖိုင်တွေကိုင်ပြီးသွားနေတဲ့ စာရေးမလေးဆိုရင် ဖိုင်တွေအကုန်လွတ်ကျကုန်တယ်။

“ဘ... ဘယ်သူတွေလဲ။” သူတို့ထဲက တစ်ယောက်က ထအော်တယ်။ အေမီကတော့ မျက်လုံးကိုဟော်လိုဂရမ်လိုသုံးပြီး မဟာမိတ်အဖွဲ့တံဆိပ်ကိုပြလိုက်တယ်။

“ငါတို့က မစ်ရှင်အဖွဲ့ပဲ။ နင်တို့မန်နေဂျာဘယ်မှာလဲ။” အေမီက ပြောနေရင်းကနေ ရုံးခန်းထဲက လူတွေအကုန်လုံးကို စစ်ဆေးလိုက်ပြီး မက်ဒါနာကို ဦးညွှတ်ပြတယ်။

“မမလေး၊ သူတို့အကုန်လုံး လူတွေပါ။” မက်ဒါနာကလည်း ဒီစကားကိုကြားတော့ တော်တော်လေးအံ့ဩသွားတယ်။ ပုံမှန်ပိုးကောင်တွေသာဆိုရင် ဒီဟိုတယ်တစ်ခုလုံးက ပိုးကောင်တွေနဲ့ပြည့်နှက်နေလောက်ပါပြီ။

“သူရုံးခန်းထဲမှာ ရှိလောက်တယ်မဟုတ်လား။” မက်ဒါနာက သွေးပျက်နေတဲ့ သာမန်အလုပ်သမားတွေကို ဂရုမစိုက်တော့ဘဲ မန်နေဂျာအတွက်သီးသန့်ရုံးခန်းအဖြစ် ကန့်ထားတဲ့ အနူမီလျံရုံးခန်းရှေ့ကိုသွား တံခါးဖွင့်လိုက်တယ်။

“ဟမ်... နင်တို့ဒီထက်ပိုပြီး စောရောက်လာမယ်ထင်နေတာ။”

မက်ဒါနာတွေ့လိုက်ရတဲ့ မြင်ကွင်းက ပြတင်းပေါက်မှာ ဟီးလေးခိုနေတဲ့ ရုံးဝတ်စုံနဲ့အမျိုးသမီးတစ်ယောက်ကိုပါ။ သူ့ခန္ဓာကိုယ်က အဲဒီလိုဆိုပေမဲ့ အရေပြားတွေကို အနက်ရောင်အခွံမာနဲ့ဖုံးအုပ်ထားပြီး ကျောကုန်းမှာ လိမ္မော်ရောင်နည်းနည်းသန်းတဲ့အတောင်ဖုံးတစ်ခုရှိနေတယ်။ အတောင်ဖုံးအောက်က အတောင်ကတော့ မြန်မြန်ဆန်ဆန်လှုပ်ရှားနေပြီ။

ဗျစ်....

“သေစမ်း...”

ပိုးကောင်အမျိုးသမီးက မက်ဒါနာဝင်လာလာချင်းမှာပဲ ချွဲပစ်ပစ်အစိမ်းရောင်အရည်တွေကို ပါးစပ်ကနေပြီးပန်းထုတ်လိုက်တဲ့အတွက် မက်ဒါနာရှောင်လိုက်ရတယ်။ မက်ဒါနာကိုထိမှန်မသွားပေမဲ့ အရည်တွေက နံရံတစ်ခုကိုထိမှန်သွားပြီး အုတ်တွေကိုချက်ချင်းပျော်ကျသွားစေတယ်။ ပြီးတော့ အနံဆိုးကြီးတစ်ခုကိုလည်း ချန်ထားခဲ့ပြီး ဝန်ထမ်းတွေအကုန်လုံး စက္ကန့်ပိုင်းအတွင်းမှာပဲ မူးလဲကုန်ပါတယ်။ ပိုးကောင်ကတော့ ပစ်ပြီးပျံပြေးသွားပြီ။

“ဘာကြီးလဲ၊ သောက်ရမ်းရွံဖို့ကောင်းတယ်။” မက်ဒါနာက အသက်အောင့်ထားရင်းနဲ့ ပြောလိုက်တယ်။ အေမီကတော့ ငွေရောင်ပိုက်ဆံအိတ်ကိုထုတ်ပြီး ချက်ချင်းဝတ်စုံဝတ်လိုက်တယ်။

“Suit Up!”

“မမလေး၊ ဒီအခန်းထဲက အမြန်ဆုံးထွက်ပြီး ဝတ်စုံဝတ်တာကောင်းပါလိမ့်မယ်။ ဒီအဆိပ်ငွေ့တွေထဲမှာ ကြာကြာနေရင် သူတို့သေကုန်လိမ့်မယ်။”

ငွေရောင်စစ်နတ်သမီးအသွင်ပြောင်းသွားပြီဖြစ်တဲ့ အေမီက ပွင့်နေတဲ့ ပြတင်းပေါက်ကနေ ပျံသန်းပြီးမလိုက်ခင်အခုလိုပြောလိုက်တယ်။ မက်ဒါနာကလည်း ခေါင်းညိတ်လိုက်ပြီး ရုံးခန်းအပြင်ကိုပြန်ထွက်ကာ စိတ်အာရုံကိုစုစည်းပြီး လက်ကိုကောင်းကင်ပေါ်မြှောက်လိုက်တယ်။

“စေဘာစတိန်း၊ ငါ့ဆီဝတ်စုံယူလာခဲ့။”

....

ဆိပ်ကမ်းပြာအပေါ်ထပ်မှာ လီဆာက မက်ဒါနာတို့အခန်းနဲ့မျက်နှာချင်းဆိုင် လျှောက်လမ်းဘေးက ပြတင်းပေါက်တွေကို မှန်ဆေးတဲ့အဝတ်တုတ်တံနဲ့ သေချာတိုက်ပြီးဆေးကျောနေပါတယ်။ ဆပ်ပြာရည်ထဲကို တုတ်တံကိုနှစ်လိုက် ဆေးလိုက်နဲ့ အလုပ်လုပ်နေရင်း သီချင်းတောင်ညည်းနေလိုက်သေးတယ်။

ဝုတ်... ဝုတ်... ဝုတ်...

“ဘာသံပါလိမ့်...” လီဆာက ရုတ်တရက် ခွေးဟောင်တဲ့အသံ ကြားရတဲ့အတွက် မက်ဒါနာတို့အိပ်ခန်းဘက်ကို လှည့်ကြည့်လိုက်တော့ ငွေရောင်အလင်းတန်းတစ်ချက်နဲ့အတူ အနက်ရောင်သေတ္တာတစ်လုံးရဲ့လက်ကိုင်က ဖျောက်ခနဲပွင့်သွားတယ်။

အာဝူး....

“ဟဲ့ဟဲ့၊ ငါ့ကိုတိုက်မိဦးမယ်။” စေဘာစတိန်းကတော့ လီဆာအော်ဟစ်နေတာကို ဂရုမစိုက်ဘဲ ပါးစပ်ထဲမှာ ငွေရောင်သေတ္တာကြီးကိုကိုက်လို့ အပေါ်ထပ်ကနေပြီး အောက်ထပ်ကို ပြေးဆင်းသွားပါပြီ။ အောက်ထပ်က အဲလင့်သန့်ရှင်းရေးလုပ်ထားတဲ့ စားပွဲခုံတချို့ကိုလည်း ဝင်တိုက်သွားသေးတယ်။

...

“ဟုတ်ပြီ၊ စလိုက်ရအောင်။” မက်ဒါနာက ငွေရောင်စစ်သည်အဖြစ်ကို ပြောင်းပြီးတဲ့နောက်မှာတော့ ရုံးခန်းထဲက သတိမေ့နေတဲ့သူတွေအကုန်လုံးကို ဆွဲထုတ်လိုက်တယ်။ အဲဒီနောက် အက်စစ်တွေပုံနေတဲ့ နံရံအောက်ခြေကိုကြည့်လိုက်တယ်။ အက်စစ်က အတော်အားနည်းသွားပြီဆိုပေမဲ့ သုံးလက်မခွဲလောက်ထူတဲ့နံရံတစ်ခုကို တိုက်စားသွားတာပါ။

“သာမန်လူတစ်ယောက်ဆိုရင် တစ်ခါတည်းအရည်ပျော်သွားမှာပဲ။ ပြီးတော့ သိပ်ပြင်းတဲ့ အဆိပ်ငွေ့ကိုချန်ထားခဲ့သေးတယ်။”

နောက်တော့ သူက ဝရန်တာတစ်ခုကိုထွက်လိုက်ပြီး နောက်မှာပါလာတဲ့ စေဘာစတိန်းကို ကြည့်လိုက်ပါပြီ။ “မင်းနဲ့ပေါင်းပြီးပျံရင် ငါ့ကိုနှေးစေလိမ့်မယ်။ အိမ်ပြန်တော့။”

ဝု... ဝု...

စေဘာစတိန်းကတော့ အိမ်ကိုပြန်ဖို့ ငြင်းဆန်နေတုန်းပဲ။အဲဒီအစား မက်ဒါနာကိုစိတ်မချသလိုမျိုး အနားမှာပတ်ပြီး အမြီးကိုနှံပြနေတယ်။

“ဖြစ်ချင်ရာဖြစ်... ငါမင်းကိုမခေါ်ဘူး။” မက်ဒါနာက နှလုံးသားမဲ့စွာနဲ့ပြောလိုက်ပြီး အတောင်ပံကိုဖွင့်ကာ မိုင်နှုန်းအပြည့်နဲ့ ပျံသန်းသွားတယ်။ စေဘာစတိန်းကတော့နောက်ကနေ တအီအီနဲ့ပြေးလိုက်လာတုန်းပဲ။ မက်ဒါနာက အသံမြန်နှုန်းကိုကျော်လွန်ပြီး သူ့ကိုအဝေးမှာချန်ထားရစ်ပေမဲ့ပေါ့။

...

မက်ဒါနာက အေမီကိုလှမ်းမီလာပြီ။ တစ်ခဏလေးဆိုပေမဲ့ အေမီနဲ့ပိုးကောင်က ကမ်းခြေနဲ့မီတာနှစ်ရာလောက်ဝေးတဲ့ နေရာတစ်ခုအကွာက ရေပြင်မှာတိုက်ခိုက်နေတာပါ။ မြို့ကိုလှမ်းမြင်နေရပေမဲ့ မြို့သားအများစုအတွက် အန္တရာယ်မရှိတော့ဘူး။

“အေမီ၊ နင်သူ့ကို ဒီနေရာမျှားခေါ်လာတာလား။”

နောက်ကနေ တဖြည်းဖြည်းလိုက်မီလာပြီး တိုက်ပွဲထဲဝင်ဖို့လုပ်နေတဲ့ မက်ဒါနာက လှမ်းမေးတယ်။ အေမီကတော့ တစ်ဖက်ကပစ်လိုက်တဲ့ အက်စစ်တွေကိုရှောင်ရင်း ငွေရောင်ငှက်မွှေးတောင်တွေနဲ့ပြန်ပစ်တယ်။ သူတို့တိုက်ပွဲက အဝေးပစ်အဝေးပစ်ချင်းတိုက်ခိုက်နေတာဖြစ်ပြီး ပင်လယ်ရေပြင်ထက်မှာ မုန်တိုင်းအသေးစားလေးတစ်ခုကိုတောင် ဖြစ်တည်လာစေပါတယ်။

“မမလေး၊ သူ့အက်စစ်တွေကိုသတိထား။ တစ်ချက်ပစ်ပြီးတိုင်း နောက်တစ်ချက်က တိုက်စားအားပိုကောင်းလာတယ်။”

အေမီက လှမ်းအော်ပြီး သတိပေးလိုက်ရင်းနဲ့ ပိုးကောင်အကြောင်းရှင်းပြထားတဲ့ဒေတာတွေကို ငွေရောင်စစ်သည်ဝတ်စုံဆီလွှဲပေးလိုက်တယ်။

[ပျစားပိုးအမျိုးအစား မျိုးကွဲခေါင်းဆောင်

Sub Species:Asian Lady Beetle

အဆင့် - S

စွမ်းရည်မျာ: အက်စစ်ဖြင့်ပစ်ခြင်း၊ ခေါင်းဖြင့်တိုက်ခြင်း။]

“မမလေး၊ သတိထား။” ငွေရောင်စစ်သည်က ဝတ်စုံစနစ်မှာပေါ်နေတဲ့ အချက်အလက်တွေကိုဖတ်နေတုန်း ပျစားပိုးက သူ့ရဲ့ထူထဲတဲ့ခေါင်းကိုအားကိုးပြီး တိုက်ရိုက်ပြေးဝင်လာတဲ့အတွက် မက်ဒါနာက ဒဏ္ဍာရီလာဓားကိုမြှောက်ကာ ကန့်လန့်ဖြတ်ကာလိုက်တယ်။

ထန်း....

“နင့်ခေါင်းမာတာကို အားကိုးနေရုံနဲ့ ငါ့ကိုအသာစီးရမယ်မထင်နဲ့။” ဝတ်စုံထဲမှာရှိနေတဲ့ မက်ဒါနာက ကြုံးဝါးလိုက်ပြီး ဓားထဲကိုပိုအားစိုက်လိုက်တယ်။ ဓားလက်ကိုင်က ငွေရောင်ကျောက်က အသက်ဝင်လာပြီး ငွေရောင်လျှပ်စီးတစ်ချက်လက်လာကာ ပိုးကောင်ကိုအဝေးကြီးလွင့်သွားစေတယ်။

ဘုန်း....

“မမလေး၊ အဲဒီကျားဖြူအစွမ်းက ဘယ်လိုလုပ်ပြီးတော့အသက်သွင်းစရာမလိုဘဲ အသက်ဝင်လာတာလဲ။”

ဘေးကနေ ကြည့်နေတဲ့ အေမီက မက်ဒါနာကို အံ့ဩတကြီးနဲ့မေးလိုက်တယ်။ မက်ဒါနာက အေမီကိုချက်ချင်းပြန်မဖြေဘဲ အတော်လှမ်းလှမ်းက သောင်ယံပေါ်မှာတင်နေတဲ့ ပျစားပိုးကိုပဲ စိုက်ကြည့်နေပါတယ်။

“ဘာပဲဖြစ်ဖြစ် အခုလိုအသက်ဝင်သွားတော့လဲ ပိုပြီးအသုံးဝင်တာပေါ့။” မက်ဒါနာက အေမီကိုမကြည့်ဘဲ ပြောလိုက်ပြီးနောက် အတောင်ပံကိုအားကုန်ဖြန့်ကာ အားကုန်ပြေးဝင်သွားတယ်။ တစ်ပြိုင်နက်တည်းဆိုသလိုပဲ သူ့တစ်ကိုယ်လုံးကို ငွေရောင်လျှပ်စီးတွေက ဖုံးလွှမ်းသွားပြီး ကျားဖြူအရိပ်ကြီးက ကောင်းကင်ပေါ်မှာ ပေါ်လာပါတော့တယ်။ မကြာခင်မှာပဲ မက်ဒါနာရဲ့ငွေရောင်စစ်သည်က ကျားဖြူစစ်သည်အဖြစ်ကိုပြောင်းသွားပြီး လက်တွေက ကျားဖြူရဲ့ကြီးမားတဲ့လက်တွေအဖြစ်ကို ပြောင်းသွားခဲ့ပါပြီ။

[Booster Form: Baihu Master.] ကျားဖြူပုံစံပြောင်းပြီးတဲ့နောက်မှ ဝတ်စုံစနစ်ရဲ့အချက်ပေးစာသားကို မက်ဒါနာမြင်ရတယ်။

“သေပေတော့...”

စက္ကန့်မခြားဘဲ သောင်ပြင်ယံကိုရောက်လာပြီး အပေါ်ကနေ ဓားနဲ့မိုးခုတ်လိုက်တာကြောင့် ထွက်ပြေးဖို့လုပ်နေတဲ့ ပျစားပိုးခေါင်းဆောင်ငယ်လည်း မျက်လုံးပြူးသွားခဲ့ပါပြီ။ အဲဒီလောက်ခွန်အားကြီးတဲ့ တည်ရှိမှုမျိုးကို သူမမြင်ဖူးသေးဘူး။ သူ့ရဲ့မိခင်လို့ပြောရယ့် ပျစားပိုးဗိုလ်ချုပ်တောင်မှ အဲဒီလိုစွမ်းအားမျိုးကို မပိုင်ဆိုင်ထားဘူး။

ရွှမ်း....

ဓားတစ်ချက်နဲ့အတူ ပျစားပိုးရဲ့တောင်ပံနဲ့တောင်ပဖုံးတစ်ဖက် လေပေါ်ကိုမြှောက်တက်သွားတယ်။ ငွေရောင်စစ်သည်ကတော့ ဓားကိုလက်နှစ်ဖက်နဲ့ကိုင်ထားပြီး ဓားကိုလက်ပြန်ပြန်လွှဲချလိုက်တယ်။

ရွှမ်း....

နောက်ထပ်ကျန်နေသေးတဲ့ တောင်ပံတစ်ဖက် ပြတ်ထွက်သွားပြီ။ အဲဒီတဒင်္ဂအချိန်အတွင်းမှာပဲ ပျစားပိုးရဲ့အသိစိတ်ကို ကြောက်ရွံမှုက ဝါးမျိုသွားခဲ့ပါပြီ။ အဆိပ်တွေနဲ့ ကျားဖြူစစ်သည်ကို ပစ်ချင်ပေမဲ့ ကျားဖြူက ဓားပြားကြီးနဲ့ သူ့မေးကိုရိုက်ချလိုက်တဲ့အတွက် အခွင့်မသာတော့ပါဘူး။

ခွက်... ပျစားပိုးမေးကျွတ်သွားတယ်။ လည်ချောင်းက အဆိပ်တွေက သူ့ပါးစပ်ထဲကိုသူ ပြန်လောင်းချမိပြီးသားဖြစ်သွားပြီး အရေပြားတွေလောင်ကုန်တယ်။

“မမလေး....” အေမီက ရောက်လာပြီးတာနဲ့ မက်ဒါနာလုပ်ထားတဲ့ လုပ်ရပ်တွေကို တုန်လှုပ်စွာနဲ့ကြည့်လိုက်ပါတယ်။ ကျားဖြူရဲ့တိုက်ကွက်တွေက သိပ်ကိုတိကျပြီးပြတ်သားလွန်းတယ်။ လုံးဝလူမဆန်ဘဲ ကြောက်စရာကောင်းလွန်းတယ်။

“နင်မပူပါနဲ့၊ သူမသေသေးပါဘူး။ စကားမပြောနိုင်ရင်လည်း ကိစ္စမရှိဘူးမဟုတ်လား။ သူ့ကိုသဲပြင်ပေါ်မှာ လက်နဲ့ရေးခိုင်းရုံပဲ။ ကဲ၊ နင့်ကို ဘယ်သူခိုင်းတာလဲ။”

ကျားဖြူစစ်သည်က ပြောပြောဆိုဆိုနဲ့ ပိုးကောင်ကိုနဖူးကနေပြီး လက်နဲ့ဆုပ်ကိုင်ကာ သဲသောင်ပြင်ပေါ်မှာထိုင်ခိုင်းလိုက်တယ်။ အနားမှာရှိနေတဲ့ သဲသောင်ယံပေါ်မှာ အနားယူနေတဲ့လူတချို့က ကျားဖြူကို ‘မိစ္ဆာကြီး’လို့ လက်ညိုးထိုးပြီး ထွက်ပြေးသွားပေမဲ့ မက်ဒါနာကတော့ ဂရုစိုက်တဲ့ပုံမပေါ်ဘူး။

ပျစားပိုးကတော့ မက်ဒါနာကို ဒေါသတကြီးမော့ကြည့်ပြီးတဲ့နောက် သူ့လက်နှစ်ဖက်ကိုမြှောက်ကာ ရင်ဘတ်ကိုထိုးစိုက်လိုက်တယ်။ နောက်ဖြစ်လာတဲ့ကိစ္စကိုတော့ ရှင်းပြစရာမလိုတော့ဘူး။ ပျစားပိုးရဲ့အသက်မဲ့တဲ့ခန္ဓာကိုယ်က သဲသောင်ပြင်ပေါ်မှာလျဲကျနေပါတယ်။

“စိတ်ပျက်စရာပဲ၊ ဒီအင်းစက်ပိုးကောင်တွေက လူသားတွေနဲ့ပေါင်းစပ်ပြီးနောက် ဘာလို့နှလုံးရှိနေသေးတာလဲမသိဘူး။ တကယ့်အင်းစက်တွေလို နှလုံးမရှိမှ သူတို့ကိုယ်သူတို့ ဖျက်ဆီးလို့မရမှာ။”

မက်ဒါနာက စိတ်ပျက်လက်ပျက်နဲ့ ဝတ်စုံကိုပြန်ချွတ်လိုက်တယ်။ အေမိလည်း ဝတ်စုံကိုချွတ်လိုက်ပေမဲ့ သူ့စိတ်ထဲမှာ ဘဝင်မကျတဲ့မေးခွန်းတွေရှိနေတုန်းပဲ။

“မမလေး၊ ခုနက ပုံပြောင်းတုန်းက ဝတ်စုံစနစ်ကနေပြောင်းတာလား။”

အေမီမေးတော့မှ မက်ဒါနာလည်း သေချာပြန်စဥ်းစားကြည့်တယ်။ “အင်း၊ ငါသေချာတော့မမှတ်မိပေမဲ့ အဲဒီလိုပဲ ပြောင်းရတာမဟုတ်လား။ ဘာဖြစ်လို့လဲ။”

အေမီကတော့ ခေါင်းကိုစောင်းလိုက်ပြီး ဆင်ခြေပေးလိုက်တယ်။ “ဘာမှတော့မဟုတ်ပါဘူး၊ ကျွန်မစိတ်ထင် သခင်မလေးကျားဖြူထုတ်သုံးတဲ့မြန်နှုန်းက နည်းနည်းပိုမြန်နေသလားလို့ပါ။”

...

“ဂျက်စပါ၊ ငါ့ကိုသတိပေးတဲ့အတွက် ကျေးဇူးပဲ။ နင်ပြောတဲ့အတိုင်း သူတို့သတိထားမိတာပဲ။ နောက်ဆိုရင် နင်ပြောတဲ့စကားတွေကို ငါအလေးအနက်ထားမယ်၊ ဟုတ်ပြီလား။”

တက္ကစီတစ်စီးပေါ်မှာ ဂျက်စပါနဲ့အိုလီတို့နှစ်ယောက် ရှိနေပြီး အိုလီက ကားမောင်းနေတဲ့ ဂျက်စပါရဲ့ခေါင်းကို လှမ်းပွတ်ပေးလိုက်တယ်။

“အိုလီ၊ ကျေးဇူးပဲ။” ဂျက်စပါက သူ့ကို အသိအမှတ်ပြုတဲ့အတွက် အိုလီကို ကျေးဇူးတင်လိုက်တယ်။ နောက်တော့ သူက လမ်းကိုပဲ ပြန်ဂရုစိုက်ပါတယ်။ အိုလီက ကားနောက်ခုံကို မှီထိုင်နေရင်းနဲ့ ကားနောက်ခန်းကို အကြည့်ရောက်သွားတယ်။

ကားနောက်ခန်းမှာတော့ တစ်ကိုယ်လုံးတုန်ယင်နေအောင် ကြောက်လန့်နေတဲ့ လူတစ်ယောက်ရှိနေပြီး တစ်ကိုယ်လုံးနွယ်ကြိုးတွေနဲ့အချည်ခံထားရပြီး ပါးစပ်ထဲ အိုလီရဲ့လက်ကိုင်ပုဝါထည့်ခံထားရကာ တိတ်နဲ့အပေါ်ကပိတ်ပေးခံထားရတယ်။

“ဟုတ်သားပဲ၊ ငါတို့နဲ့အတူ တက္ကစီဆရာပါလာတာမေ့နေတာပဲ။ ဂျက်စပါ၊ နင့်အတွက် မျိုးနွယ်ခွဲခေါင်းဆောင်လိုသေးလား။”

အိုလီက မေးလိုက်တော့ ဂျက်စပါက ခေါင်းခါပြတယ်။ အိုလီကလည်း သက်ပြင်းချလိုက်ပြီး “အင်း၊ ငါကလည်းမိန်းကလေးတွေမှ ငါ့တပည့်အဖြစ်ခေါ်ချင်တာ။ ငါ့မန်နေဂျာမလေးကို အစားထိုးချင်ပေမဲ့ အခုတော့အခွင့်မကြုံသေးပုံပဲ။”

အိုလီက စကားဆုံးတာနဲ့ သူ့ပါးစပ်ကို ဟရုံလေးဟလိုက်တယ်။ အက်စစ်အရည်တချို့က သူ့ပါးစပ်ကနေ ပန်းထွက်လာပြီး တက္ကစီဆရာပေါ်ကိုသွားစင်တယ်။ ဂျက်စပါကတော့ အနံဆိုးတွေထွက်သွားအောင် ဒရိုက်ဘာတံခါးမှန်ဖွင့်လိုက်ပြီး စက္ကန့်အနည်းငယ်ကြာတော့ တက္ကစီဆရာရဲ့အဝတ်အစားအပါအဝင် အရာအားလုံး အငွေ့ပြန်ပျောက်ကွယ်သွားတယ်။ အမှုန်လေးတစ်စတောင်မကျန်ခဲ့ဘူး။

“ကဲ၊ အခုကနေစပြီးတော့ အဲဒီအုပ်စုကို ပိုပြီးသတိရှိရှိနဲ့ စောင့်ကြည့်ကြတာပေါ့။”

....

မက်ဒါနာတို့ပြန်ရောက်တော့ သန့်ရှင်းရေးအဆင့်စစ်ဆေးဖို့အတွက် ဒိုင်တွေရောက်နေကြပြီ။ လီဆာကလည်း ကောင်းကောင်းလုပ်ထားနိုင်တယ်ဆိုတဲ့ပုံစံနဲ့ ပြုံးရွှင်နေတာပဲ။ နာရီကို ငုံကြည့်တော့ ဆယ့်တစ်နာရီထိုးဖို့ နည်းနည်းလိုသေးပေမဲ့ အတိမှရောက်လာရင် ပြင်ဆင်စရာရှိတာ ပြင်ဆင်လို့မရဘဲဖြစ်မှာမလို့ နားလည်ပေးလို့တော့ရပါတယ်။ မက်ဒါနာကတော့ ဗိုက်ကလေးကို နှိပ်မြဲနှိပ်ဆဲပါပဲ။

“အေမီရေ၊ ဗိုက်က ဆာလာပြန်ပြီဟ။” တစ်မနက်လုံး ပေါင်မုန့်လေးတစ်တုံးပဲစားရသေးတဲ့အဖြစ်ကို မက်ဒါနာတွေးမိတော့ ကိုယ့်ကိုယ်ကိုယ်သနားမိသွားပါလေရော။

ဒိုင်အဖွဲ့တွေကတော့ စားသောက်ဆိုင်နဲ့အိမ်သာခန်းတွေကို ဝင်စစ်နေကြပြီ။ အားလုံးက သန့်ရှင်းနေတာမလို့ သူတို့တွေခေါင်းတညိတ်ညိတ်နဲ့ပါ။

“အေမီရေ၊ ယာမာဒါတို့တစ်အုပ်လည်း မတွေ့ပါလား။” မက်ဒါနာက ဒိုင်အဖွဲ့တွေကိုကြည့်နေရင်းကနေ တစ်ခုခုသတိထားမိတဲ့အတွက် မေးလိုက်တော့ အေမီက မသိသာဘူးလားဆိုတဲ့ပုံစံနဲ့ မက်ဒါနာကို ပြန်ပြုံးပြပါလေရော။ မကြာခင်မှာပဲ ယာမာဒါတစ်ယောက် ဆိပ်ကမ်းပြာဆီကို အပြေးအလွှားရောက်လာပါလေရော။

“လူ... လူကြီးမင်းတို့... ကျွန်တော်တို့ဟိုတယ်မှာ ကိစ္စအကြီးကြီးဖြစ်သွားတယ်ဗျ။ ပိုးကောင်တွေ... ပိုးကောင်တွေ...”

ဒိုင်တွေကတော့ မျက်လုံးပြူးပြီး ယာမာဒါကိုကြည့်ကာမေးပါတယ်။ “ဘာဖြစ်တာလဲ မင်းတို့ဟိုတယ်က ဂျပိုးနှိမ်နင်းရေးမလုပ်တာကြာလို့ အိပ်ရာတွေမှာ ဂျပိုးတွေနဲ့ပြည့်နေတာလား။”

“မဟုတ်ဘူးဗျ၊ ဂြိုဟ်သားပိုးကောင်တွေ ဝင်မွှေသွားလို့ ရုံးဝန်ထမ်းတစ်ဒါဇင်လောက်သတိလစ်သွားပြီး စားပွဲထိုးတစ်ယောက် ဒဏ်ရာရသွားလို့ဗျ။ အဲဒါပြိုင်ပွဲကို ရက်အကန့်အသတ်မရှိရွေ့လို့ရမလားလာမေးတာ။”

“....” လီဆာက ပြိုင်ပွဲအရပ်ခံလိုက်ရတဲ့အတွက် မကျေမနပ်ဖြစ်နေတဲ့ပုံစံနဲ့ မက်ဒါနာကို ခါးထောက်ပြီးကြည့်လိုက်တယ်။ မက်ဒါနာကတော့ ပခုံးတွန့်ပြလို့ပေါ့။ စားပွဲထိုးသတိလစ်သွားတာ သူ့ကြောင့်မှန်း နည်းနည်းလေးမှ ဝန်ခံဖို့စိတ်ကူးရှိပုံမပေါ်ဘူး။

All Chapters