← Chapters

ကောင်းကင်မဟာမိတ်အဖွဲ့၏ မျိုးစေ့

Vol. 56 Ch. 748

ကောင်းကင်မဟာမိတ်အဖွဲ့၏ မျိုးစေ့

Vol. 56 Ch. 748

ချင်မူနှင့် နွားအိုကြီး မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားတော့သည်။ ခိုင်ဧကရာဇ်လည်း မယုံနိုင်သောအမူအရာ ဖြစ်သွားကာ သုံးယောက်သား ဆွံ့အသွားကြ၏။

ကျူချွဲအာက သူတို့သုံးယောက် ဖြစ်ပျက်သွားသောပုံစံကို မြင်လျှင် အားရကျေနပ်သွားသည်။ “ရေနံထွက်လာတော့ ကောင်းကင်နတ်ဧကရီ အကြီးအကျယ် ပေါက်ကွဲပြီး သောင်းကျန်းတော့တာပဲ... အဲဒါနဲ့ ကောင်းကင်နတ်ဧကရာဇ်လည်း လူသားခန္ဓာကို စွန့်ခွာပြီး ကောင်းကင်နတ်ဘုံဆီ ပြန်တက်လာရတာပေါ့... သူ ပြန်ရောက်လာတော့ ကောင်းကင်နတ်ဧကရီက နောက်တစ်ကြိမ် ထပ်သောင်းကျန်းတယ်... ကောင်းကင်နတ်ဘုံမှာ အတော်များများ ဒီကိစ္စ သိကြပေမယ့် ဘယ်သူမှ ဘာမှမပြောရဲဘူး... အဲဒီနောက်ပိုင်း ကောင်းကင်နတ်အရှင်ဟောင် ကြီးပြင်းလာပြီး အတော်လေး ကျော်ကြားလာခဲ့တယ်... ဒါပေမဲ့ ကောင်းကင်နတ်ဧကရီက ကောင်းကင်နတ်အရှင်ယွီကို မျက်နှာသာပေးတယ်... ဘာကြောင့်လဲ ခန့်မှန်းကြည့်”

နွားအိုကြီး ကမန်းကတန်း ပြောလိုက်၏။ “ကောင်းကင်နတ်ဧကရီက ကောင်းကင်နတ်ဧကရာဇ်ကို ကလဲ့စားချေချင်လို့ ကောင်းကင်နတ်အရှင်ယွီနဲ့ အိပ်လိုက်တာလား”

ခိုင်ဧကရာဇ်နှင့် ချင်မူ ချောင်းတဟွတ်ဟွတ် ဆိုးပြီး မျက်နှာများ နီရဲသွားတော့သည်။

“ဟယ် အဲ့ဒီလောက်ထိတော့ ဘယ်လုပ်ပါ့မလဲ... သူက ကောင်းကင်နတ်အရှင်ယွီကို ထောက်ပံ့ပေးပြီး သူ့ညီမနဲ့ ကောင်းကင်နတ်ဧကရာဇ်ရဲ့ သားကို အစွယ်ချိုးပစ်ချင်တာ”

ပြောနေရင်းတန်းလန်း ကျူချွဲအာ စဉ်းစားသွားပြီး သိချင်လာတော့သည်။ “ဒါပေမဲ့ ကောင်းကင်နတ်ဧကရီ အဲဒီလိုတွေးမိမလားပဲနော်... ကောင်းကင်နတ်အရှင်ယွီနဲ့ သူ အိပ်ရင်လည်း အိပ်မှာပေါ့... အတိအကျတော့ မပြောတတ်ဘူး... ဟုတ်သား ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်နတ်အရှင်ယွီကို ဘာလို့ သတ်ချင်တာလဲ... ကောင်းကင်နတ်ဧကရာဇ်က ကောင်းကင်နတ်ဧကရီ ဖောက်ပြန်ခဲ့မှန်း သိသွားလို့ ကောင်းကင်နတ်အရှင်ဟောင်ကို စေခိုင်းခဲ့တာများလား”

ချင်မူ မနေနိုင်တော့ဘဲ သူမ၏ ပေါက်ကရအတွေးများကို ဖြတ်ပြောလိုက်မိ၏။ “မမကြီး၊ ကောင်းကင်နတ်ဧကရီရဲ့ ညီမက မှော်စွမ်းအင်နဲ့ မန့်လန်အ‌ဆောင်ကို ဖိနှိပ်ထားခဲ့တာ... အဲဒါကြောင့် ကောင်းကင်နတ်အရှင်ယွီ ထွက်မပြေးနိုင်တဲ့အပြင် အကူအညီလည်း အော်တောင်းလို့ မရခဲ့တာပဲ”

ကျူချွဲအာ၏ မျက်ဝန်းများ လင်းလက်သွားသည်။ “ညီမနှစ်ယောက် မတည့်တာပေါ့... လင်ပြိုင်လုချင်တာလား... တစ်ယောက်နဲ့တစ်ယောက် သတိပေးဖို့ သတ်လိုက်တာလား... တော်တော်ကြည့်လို့ကောင်းတဲ့ ပြဇာတ်ပဲနော်”

ချင်မူ မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် သူ့ဘာသာသူ တွေးလိုက်မိသည်။ ‘ဒီမမကြီးရဲ့ အတွေးတွေက ငါနဲ့ နည်းနည်း မတူသလိုပဲ... ကောင်းကင်နတ်အရှင်ဟောင် ကောင်းကင်နတ်အရှင်ယွီကို ဖယ်ရှားချင်တဲ့ ရည်ရွယ်ချက်က ကောင်းကင်နတ်အရှင်ယွီရဲ့ ဂုဏ်သတင်းကျော်စောမှုက ကြီးမားလွန်းလို့ မဟုတ်လား... ကောင်းကင်နတ်အရှင်ယွီကို ဖယ်ရှားလိုက်မှ သူက နတ်ဘုရားတစ်ပိုင်းတွေနဲ့ လူသားတွေရဲ့ ခေါင်းဆောင်ဖြစ်လာမယ်..... နောင်တစ်ချိန်မှာ နတ်ဘုရားတစ်ပိုင်းတွေ၊ လူသားတွေ တိုးတက်လာရင် သူ ဧကရာဇ်ပလ္လင်ကို မျက်စောင်းထိုးလို့ရပြီ’

ကျူချွဲအာကတော့ ထိုသို့ တွေးမနေကြောင်း ထင်ရှား၏။ သူမမှာ ကောင်းကင်နတ်ဧကရာဇ်၏ မိဖုရား တစ်ယောက်နှင့်တစ်ယောက် ပြိုင်ဆိုင်တိုက်ခိုက်နေသည်ကို ကြည့်ရန် အလွန်စိတ်လှုပ်ရှားနေဆဲ ဖြစ်သည်။

ခိုင်ဧကရာဇ်၏အမူအရာ ညှိုးကျသွားသည်။ “ကောင်းကင်နတ်အရှင်ယွီက ခေတ်တစ်ခေတ်ရဲ့ ဉာဏ်ကြီးရှင်တစ်ယောက်ပဲ... သူ အခုလို လုပ်ကြံခံခဲ့ရတာ နှမြောစရာ‌ကောင်းတယ်... ကောင်းကင်နတ်ဧကရာဇ် နောက်ကွယ်က ကြိုးကိုင်နေတာ ဟုတ်မဟုတ်တော့ ငါတို့ မသိနိုင်ဘူး”

ကျူချွဲအာက မျက်နှာပြန်တည်သွားပြီး မှင်သေသေ ပြောလိုက်၏။ “ကောင်းကင်နတ်ဧကရာဇ်ရဲ့ သားတော်ကတောင် လူသားတစ်ယောက်နဲ့ မယှဉ်နိုင်ရင် ရှေးဟောင်းနတ်ဘုရားတွေရဲ့ သွေးဆက်က သာမန်လူသားတစ်ယောက်ထက် နိမ့်ကျပါတယ်လို့ ကမ္ဘာပေါ်က လူတိုင်းကို ကြေညာနေသလို မဖြစ်ဘူးလား”

ချင်မူနှင့် ခိုင်ဧကရာဇ် ရင်ထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားကာ  ကြက်သေသေသွားတော့သည်။

ကျူချွဲအာသည် ပြုံးလိုက်ရင်း ပြော၏။ “မောင်လေး၊ ဒီမှာ အရင်ဆုံး နားလိုက်ဦး... မမကြီး အပြင်ထွက်ပြီး ပွဲကြည့်လိုက်ဦးမယ်... ဟိုအပျက်မလေး အခုဆို သောင်းကျန်းနေလောက်ပြီသိလား”

ချင်မူ မျက်လုံးများပြူးကျယ်သွားသည်။ ကျူချွဲအာမှာ တစ်ကမ္ဘာလုံး ကဗြောင်းကဗြန် ဖြစ်အောင် မျှော်လင့်နေသကဲ့သို့ သုတ်သုတ်ပျာပျာ ပြန်ထွက်သွားလေသည်။

ချင်မူ ခေါင်းယမ်းပြီး ခိုင်ဧကရာဇ်ဆီသို့ ပြောလိုက်သည်။ “စော‌စောက မမကြီးချွဲအာ ပြောသွားတာ အမှန်လား... ကောင်းကင်နတ်ဧကရာဇ်က တကယ်ပဲ ကောင်းကင်နတ်အရှင်ဟောင်ကို ကြိုးကိုင်ခဲ့တာလား”

ခိုင်ဧကရာဇ်က ခေါင်းခါသည်။ “ငါလည်း ခိုင်ဧကရာဇ်ကို တစ်ခါမှ မမြင်ဖူးတော့ သူ့အကျင့်စရိုက် ဘယ်လိုရှိမှန်း မသိဘူး... အတပ်ပြောဖို့ ခက်တယ်... ဒါပေမဲ့ ဖြစ်တော့ ဖြစ်နိုင်တယ်... ‌တောင်နတ်မင်း ပြောသွားတဲ့စကား မှန်ရင် ကောင်းကင်နတ်ဧကရာဇ် မီးနဲ့ကစားနေတာပဲ... ကောင်းကင်နတ်အရှင်ဟောင်ရဲ့ ရည်မှန်းချက်က ကြီးမားလွန်းတယ်... ကောင်းကင်နတ်ဘုံကို တည်ဆောက်ပြီးလို့ နတ်ဘုရားတစ်ပိုင်းတွေနဲ့ လူသားတွေ တိုးတက်လာကြရင် သူ့နေရာ မြဲတော့မှာ မဟုတ်ဘူး”

ချင်မူ မျက်မှောင်ကြုတ်လိုက်မိ၏။

နွားအိုကြီးက တအံ့တဩ ထခုန်ကာ ကမန်းကတန်း ပြောလေသည်။ “ကောင်းကင်နတ်ဧကရာဇ်က အင်မတန် အင်အားကြီးမားတဲ့အပြင် ‌ကောင်းကင်နတ်အရှင်ဟောင်ရဲ့ အဖေအရင်းလေ... ကောင်းကင်နတ်အရှင်ဟောင်က အဲဒီလိုရည်မှန်းချက်မျိုး ထားပါ့မလား”

ခိုင်ဧကရာဇ် ပြောလိုက်၏။ “ရှေးခေတ်ကတည်းက ဧကရာဇ်တစ်ပါး အသက်ရှည်လွန်းနေရင် အိမ်ရှေ့မင်းသားဟာ နေရာမှာ ငြိမ်ငြိမ်မထိုင်နိုင်တော့ဘဲ ဧကရာဇ်ကို မြန်မြန်သေစေချင်လာတယ်... ကောင်းကင်နတ်ဧကရာဇ်က မအိုမင်းနိုင်သလို၊ သေလည်း မသေနိုင်တော့ ... ကောင်းကင်နတ်အရှင်ဟောင်အတွက် ထီးနန်းရနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက ... ကောင်းကင်နတ်ဧကရာဇ်ကို အကောက်ကြံဖို့ပဲ ရှိတယ်... ဒီ့အပြင် မျိုးနွယ်စုတွေ၊ နတ်ဘုရားတစ်ပိုင်းတွေက အင်အားကြီးထွားလာတဲ့အခါ အကျိုးအမြတ်ပိုရဖို့ တောင်းဆိုကြမှာပဲ... အဲဒီအချိန်ကျရင် ကောင်းကင်နတ်အရှင်ဟောင် မဖြစ်မနေ လှုပ်ရှားရလိမ့်မယ်”

ချင်မူ ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားပြီး ပြောလိုက်သည်။ “ကျွန်တော် တွေးနေတာ... ကောင်းကင်နတ်အရှင်ယွီက ကျွန်တော်တို့ကို သူ ပြောချင်တာ နှစ်ခုရှိတယ်လို ပြောခဲ့တယ်မဟုတ်လား.... ပထမတစ်ခုက မျိုးနွယ်စုအားလုံး နတ်ဘုရားတွေနဲ့ တန်းတူဖြစ်အောင် ကျင့်ကြံအားထုတ်နိုင်မယ့်နည်းလမ်း.... ဒုတိယတစ်ခုက ဘာများဖြစ်မလဲ”

ခိုင်ဧကရာဇ်က သူ့ကို လှမ်းကြည့်လိုက်၍ နှစ်ယောက်သား အကြည့်ချင်း ဆုံသွားကာ တစ်ယောက်၏အတွေး တစ်ယောက် သိသွားကြသည်။

ခိုင်ဧကရာဇ်ဆီမှ အသံထွက်လာသည်။ “ကောင်းကင်နတ်အရှင်ယွီ မသေခဲ့ရင်တော့ အဲဒါက ဖြစ်နိုင်လောက်တယ်... အခု ကောင်းကင်နတ်အရှင်ယွီ သေသွားပြီ... ကျန်တဲ့ကောင်းကင်နတ်အရှင်တွေက ကောင်းကင်နတ်အရှင်ဟောင်ကို ယှဉ်နိုင်မှာမဟုတ်ဘူး... ဒီတော့ ကောင်းကင်နတ်အရှင်ဟောင်က နတ်ဘုရားတစ်ပိုင်းတွေကို အုပ်ချုပ်ရရုံတင်မကတော့ဘဲ တခြားမျိုးနွယ်တွေကလည်း သူ့နောက် လိုက်ကြလိမ့်မယ်... ပထမတစ်ချက်၊ သူ့မှာ အင်အားရှိတယ်... ဒုတိယတစ်ချက် သူ့အဆင့်အတန်းက ကောင်းကင်နတ်ဧကရာဇ်ရဲ့ သားတော်.... ဘယ်သူ့မှ သူ့ မယှဉ်နိုင်ဘူး... သူက နဂါးဟန်ရဲ့ ကောင်းကင်ဘုံသုံးဘုံထဲက တစ်ဘုံကို ဦးဆောင်လိမ့်မယ်... အဲဒီကောင်းကင်ဘုံက အင်အားအကြီးမားဆုံးလည်း ဖြစ်လာလိမ့်မယ်”

ချင်မူက ပြောလိုက်သည်။ “ကျန်တဲ့ ကောင်းကင်နတ်အရှင်တွေအနေနဲ့ သူ့ကို မယှဉ်နိုင်ဘူးဆိုတော့ နဂါးဟန်ရဲ့ ကောင်းကင်ဘုံသုံးဘုံမှာ တစ်ဘုံကျန်သေးတယ်... အဲဒီတစ်ဘုံရဲ့ ခေါင်းဆောင်က ဘယ်ကလာမလဲ”

ခိုင်ဧကရာဇ် ခေါင်းယမ်းလိုက်၏။ “ဒါက ငါတို့ တွေးပူနေသင့်တဲ့ အရာ မဟုတ်ဘူး”

နွားအိုကြီးမှာ နားထောင်ရင်း ခေါင်းမူးလာသည်။ “မင်းတို့ ဘာတွေ ပြောနေကြတာတုန်း.. ကောင်းကင်နတ်အရှင်ယွီ ပြောချင်ခဲ့တဲ့ ဒုတိယတစ်ခုအကြောင်း မပြောတော့ဘူးလား... ဘယ်လိုလုပ်ပြီး နဂါးဟန်ရဲ့ ကောင်းကင်ဘုံသုံးဘုံက စကားထဲ ရောက်လာတာလဲ”

ချင်မူ ရှင်းပြလိုက်၏။ “ကောင်းကင်နတ်အရှင်ယွီ ပြောချင်ခဲ့တဲ့ ဒုတိယတစ်ခုက ... နတ်ဘုရားဖြစ်နိုင်မယ့် နည်းလမ်းကို ဖြန့်ဝေပေးပြီးရင် လူသားမျိုးနွယ်နဲ့ ကျန်တဲ့မျိုးနွယ်တွေဆီက နတ်ဘုရားအများကြီး ပေါ်ထွက်လာကြလိမ့်မယ်... သူ့အစီအစဉ်က မျိုးနွယ်တိုင်းအတွက် အကျိုးအမြတ်ရအောင် ယှဉ်ပြိုင်တိုက်ခိုက်ဖို့ပဲ... သူက နဂါးဟန်ရဲ့ ကောင်းကင်ဘုံသုံးခုထဲက တတိယမြောက် ထောက်တိုင်ကို တည်ထောင်မှာ”

နွားအိုကြီးက အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “ကောင်းကင်နတ်ဘုံငယ် တည်ဆောက်လိုက်ရင် ပြဿနာ မပြေလည်သွားဘူးလား”

“ဘယ်သူက တည်ဆောက်ပေးမလဲ”

ချင်မူမှာ စိတ်ပူနေသည်။ “ရက်ပိုင်းလောက်နေရင် ကျွန်တော်တို့ခေတ်ဆီ ပြန်ရောက်တော့မှာ ... ဘယ်သူမှ နေကျန်ခဲ့မှာ မဟုတ်သလို... နေကျန်ခဲ့လို့လည်း မရဘူး”

ခိုင်ဧကရာဇ် ခေါင်းညိတ်လိုက်၏။ “ကောင်းကင်နတ်အရှင်ကိုးပါးအနက် ကောင်းကင်နတ်အရှင်ယွီ လုပ်ကြံခံလိုက်ရတယ်... ကောင်းကင်နတ်အရှင်ချင်နဲ့ ကောင်းကင်နတ်အရှင်မူ ပျောက်သွားတယ်... ကျန်တဲ့ကောင်းကင်နတ်အရှင်တွေက ကောင်းကင်နတ်အရှင်ဟောင်ကို မယှဉ်နိုင်ဘူး... ဒါ့အပြင် ကျန်တဲ့ကောင်းကင်နတ်အရှင်တွေက သဲမှုန်တွေလို ပြန့်ကြဲနေကြတာ... တတိယထောက်တိုင်ကို ထူထောင်ဖို့ ခက်တယ်”

ချင်မူ တခဏ တိတ်ဆိတ်သွားပြီး ပြောလိုက်သည်။ “တတိယထောက်တိုင်ကို ထူထောင်ဖို့ ကျွန်တော် အကြံတစ်ခု ရထားပြီးပြီ... ဒါပေမဲ့ နဂါးဟန်ရဲ့ ကောင်းကင်ဘုံသုံးဘုံ ဖွဲ့တည်လာရင် ဘယ်အခြမ်းက နိုင်လိမ့်မလဲ”

ခိုင်ဧကရာဇ်မှာ ရင်ထဲ တုန်လှုပ်စွာဖြင့် ချင်မူ့ဆီသို့ ကြည့်လိုက်မိ၏။

ချင်မူက ဆက်ပြောနေသည်။ “အနိုင်ရသူက ပထမထောက်တိုင်၊ ရှေးဟောင်းနတ်ဘုရားတွေရဲ့ ကောင်းကင်နတ်ဘုံလား... ဒါမှမဟုတ် ဒုတိယထောက်တိုင်၊ နတ်ဘုရားတစ်ပိုင်းတွေရဲ့ ကောင်းကင်ဘုံလား .... မဟုတ်ရင် တတိယထောက်တိုင်လား... ချိမင်ခေတ်နဲ့ ချုံဧကရာဇ်ခေတ်ကို ဖျက်စီးခဲ့တဲ့ ပြင်ပကောင်းကင်နတ်ဘုံဆိုတာ... ဒီထောက်တိုင်သုံးတိုင်ထဲက ဘယ်ထောင်တိုင်ဖြစ်မလဲ”

ခိုင်ဧကရာဇ် တိတ်ဆိတ်သွားသည်။ ယခုအချိန်သည် နဂါးဟန်ခေတ်၏ အစ ဖြစ်၏၊ နဂါးဟန် ပထမနှစ် ဖြစ်သောကြောင့် ဒုတိယထောက်တိုင်နှင့် တတိယထောက်တိုင် မပေါ်လာသေးပေ။

နှစ်ပေါင်းများစွာ ကြာရှည်တည်တံ့ခဲ့သော နဂါးဟန်ခေတ်တွင် မည်သည့်ဘက်က အနိုင်ရသွားပြီး ကမ္ဘာလောကကြီးအား ထိန်းချုပ်ခြယ်လှယ်မည့် အကောင်ကြီး ဖြစ်လာမည်နည်း။

“ကိုယ့်ဒဏ်ရာသာကိုယ် အရင်ကုပါဦး”

ခိုင်ဧကရာဇ်က ပြုံးလိုက်သည်။ “သမိုင်းမှာ သူ့လမ်းကြောင်းနဲ့သူ ရှိတယ်... ငါတို့က ဒီခေတ်က လူတွေ မဟုတ်မှတော့ အများကြီး တွေးနေစရာမလိုဘူး... ငါတို့ခေတ်ဆီ ပြန်ပြီး ဘယ်အခက်အခဲကိုမဆို အကြောက်အလန့်မရှိ ရင်ဆိုင်ဖို့ပဲ လိုတယ်”

ချင်မူ အသာအယာ ခေါင်းညိတ်လိုက်သော်လည်း သူ့ဘာသာသူ တွေးလိုက်၏။ ‘ဒါပေမဲ့ ကျွန်တော်တို့က အတိတ်ပြန်ရောက်လာပြီး သမိုင်းဖြစ်လာခဲ့ပြီလေ... ဒီတတိယထောက်တိုင်ကို ရအောင် ထူထောင်သွားရမယ်”

ရက်အနည်းငယ်ကြာသော် သူ၏ဒဏ်ရာများ‌ ပျောက်ကင်းသွားပြီး ကျူချွဲအာလည်း နန်းဆောင်ဆီသို့ ပြန်ရောက်လာသည်။ သူမက နဂါးသွဲ့ရေကန်တွင် မြင်ခဲ့ရသော အဖြစ်အပျက်များအား စိတ်လှုပ်ရှားစွာ ဖောက်သည်ချနေ၏။

“သတင်းတွေ ပျံ့နေပြီ”

သူမက စိတ်လှုပ်တရှား ပြောသည်။ “ကောင်းကင်နတ်အရှင်ဟောင် အခု မျောနေတယ်... ကောင်းကင်နတ်ဧကရာဇ်လည်း အမျက်ထွက်ပြီး ဒီကိစ္စကို စုံစမ်းဖို့ အမိန့်ထုတ်ပြန်ထားပြီ... ဒါပေမဲ့ မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာ မရှိ မဟုတ်လား... မကြာလိုက်ပါဘူး... ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်နတ်အရှင်ယွီကို လုပ်ကြံခဲ့တာမလို့ ကောင်းကင်နတ်အရှင်ယွီ အသက်ပြန်ရှင်လာပြီး ကောင်းကင်နတ်အရှင်ဟောင်ကို ကလဲ့စားချေတဲ့သတင်း ထွက်လာတယ်လေ... ကောင်းကင်နတ်သိုင်းပညာရှင်တွေအားလုံး ဆူညံပွက်လောရိုက်သွားတာပဲ မောင်လေးရေ... အဲဒီသတင်းအပေါ် အခြေခံပြီး လူတွေလည်း မူမမှန်တဲ့အချက်တွေ သတိထားမိလာကြတယ်... အခုဆို အဲ့သတင်းက တောမီးလို ပျံ့နေပြီ”

ချင်မူ မျက်တောင်ပုတ်ခတ်ကာ မေးလိုက်သည်။ “ဒါဆို အဲ့သတင်းက ဘယ်က ထွက်လာတာလဲ”

ကျူချွဲအာ အနည်းငယ် ရှက်သွားပြီး ဖြေ၏။ “မမကြီးက အမှန်တရားနည်းနည်းလေးပဲ ပြောလိုက်တာပါ... ကောင်းကင်နတ်အရှင်ယွီက ကောင်းကင်နတ်အရှင်ဟောင်ကို ကလဲ့စားချေနေတာလို့ပဲ ပြောခဲ့လိုက်တာ”

ခိုင်ဧကရာဇ်နှင့် နွားအိုကြီး ပြုံးစိစိ ဖြစ်သွားကြသည်။

“ကောင်းကင်နတ်ဧကရာဇ်ရဲ့ ခေါင်းကို ချီးသုတ်တဲ့ လူတစ်ယောက်လည်း ရှိတယ် သိလား... အဲ့သတင်းက ဒီလူသတ်မှုကို ကောင်းကင်နတ်ဧကရာဇ်က နောက်ကွယ်ကနေ ကြိုးကိုင်နေတာလို့ ပြောတယ်... မမကြီး ပြောတာ မဟုတ်ဘူးနော်”

ကျူချွဲအာသည် အပြုံးပန်းများ ဝေဝေဆာဆာဖြင့် သူမ၏အသိုက်ပေါ် ခုန်တက်လိုက်၏။ သူမက မီးငှက်မီးလျှံထဲတွင် ထိုင်ပြီး ခြေထောက်လေးနှစ်ချောင်းကို ပျော်ရွှင်စွာ လှုပ်ယမ်းနေသည်။ “ဒါပေမဲ့ ဘယ်သူပြောလဲ သိတယ်”

နွားအိုကြီး စပ်စုလိုက်သည်။ “မမကြီး ... ဘယ်သူ ပြောခဲ့တာလဲ”

ချင်မူနှင့် ခိုင်ဧကရာဇ် ထူးဆန်းသော အမူအရာများဖြင့် ဤနွားကြီးဆီသို့ ကြည့်လိုက်မိကြ၏။

ခိုင်ဧကရာဇ် တွေးနေသည်။ ‘အစ်ကိုကြီးနျိုပန်းက သင်ယူတာ မြန်ချက်ပဲ’

“ကောင်းကင်နတ်ဧကရီပေါ့”

ကျူချွဲအာက တခစ်ခစ် ရယ်သည်။ “ကောင်းကင်နတ်ဧကရီကလည်း အကင်းပါတယ်လေ... ဘယ်သူ ကောင်းကင်နတ်အရှင်ယွီကို လုပ်ကြံခဲ့မှန်း သူ မသိဘဲ နေမလား... အခုဆို ညီအစ်မနှစ်ယောက် မိဖုရားဆောင်မှာ ရန်ဖြစ်နေလောက်ပြီ... ဒါပေမဲ့ ကောင်းကင်နတ်ဧကရီရဲ့ ညီမက ပြောခဲ့သေးတယ်... ကောင်းကင်နတ်အရှင်မူက ကောင်းကင်နတ်အရှင်ယွီကို သတ်ခဲ့ပြီးတော့ ကောင်းကင်နတ်အရှင်ဟောင်ကိုလည်း လုပ်ကြံဖို့ ကြိုးစားခဲ့တယ်တဲ့လေ... အဲ့အပျက်မလေးက တို့မောင်လေးအပေါ် အပြစ်ပုံချဖို့ ကြိုးစားနေတာ...

“ဒါပေမဲ့ လူတွေက ဦးနှောက်မရှိတာမှ မဟုတ်ပဲ... သူ့စကားမှာ ဟာကွက်တွေ ပါနေမှန်း မြင်ကြတယ်... ကောင်းကင်နတ်သိုင်းပညာရှင်တွေ ကောင်းကင်နတ်ဘုံကနေ ပြန်ဖို့ ပြင်နေကြပေမယ့် ကောင်းကင်နတ်ဘုံက အဝင်အထွက် တင်းကြပ်ထားပြီး နျိုပန်း၊ ကောင်းကင်နတ်အရှင်ချင်နဲ့ ကောင်းကင်နတ်အရှင်မူကို မြေလှန် ရှာနေတယ်... ဘယ်သူမှ ထွက်သွားလို့မရဘူး.. ကောင်းကင်နတ်သိုင်းပညာရှင်တွေလည်း မကျေနပ်တာနဲ့ ရန်ဖြစ်စကားများပြီး နတ်ဘုရားတစ်ပိုင်းတွေနဲ့ ထသတ်‌တော့တာပဲ... ပွဲက အတော်လေး ဆူနေတယ် သိလား”

သူမက ပြန်ထပြီး စိတ်လှုပ်ရှားစွာ ဟိုလျှောက်သည်လျှောက် လျှောက်နေသည်။ “ကောင်းကင်နတ်ဘုံတစ်ဘုံလုံးလည်း ဝရုန်းသုန်းကား ဖြစ်နေပြီ.... ရွှေအဆင့် အစောင့်တပ်သားတွေက မမကြီးရဲ့ မီးငှက်နန်းဆောင်ကိုတောင် ဝင်စစ်ဆေးမလို့ လုပ်သေးတယ်... မမကြီး မောင်းထုတ်လိုက်လို့ ပြန်သွားပြီ... သူတို့လိုကောင်တွေကများ ငါ့နန်းဆောင်ကို ဝင်ချင်တိုင်း ဝင်ရတယ် ထင်နေလား”

ဤနတ်ဘုရားမ ရန်တွေ့နေသော မြင်ကွင်းကို ချင်မူ ကောင်းကောင်းမြင်ယောင်ကြည့်နိုင်သည်။

“ဒါပေမဲ့ မောင်လေးတို့ ထွက်သွားဖို့ အချိန်ကျပြီ”

ကျူချွဲအာ ငြိမ်သက်သွားပြီး ချင်မူတို့ကို ကြည့်သည်။ “ကောင်းကင်နတ်ဧကရာဇ်က ကမ္ဘာ‌‌ပေါ်မှာရှိတဲ့ လူသားအားလုံးရဲ့ သေခြင်းရှင်ခြင်းကောင်းကင်ရတနာကို စစ်ဆေးပေးဖို့ မြေအောက်ဘုံအရှင်သခင်ဆီ တောင်းဆိုထားတယ်... နင်တို့သုံးယောက် ဘယ်လိုပဲပုန်းပုန်း လွတ်မှာမဟုတ်ဘူး... မြေအောက်ဘုံအရှင်သခင်ကလည်း ကောင်းကင်နတ်ဧကရာဇ်ကိုယ်တိုင် ဖိတ်ခေါ်ထားတာဆိုတော့ သေချာ‌ပေါက် လာပေးလိမ့်မယ်... နင်တို့ မြေအောက်ဘုံအရှင်သခင်ရဲ့ မှော်စွမ်းအင်အကြောင်း မသိလောက်ပေမယ့် သူသာ စစ်ဆေးချင်ရင် ဘယ်သူ့မှ သူ့မျက်လုံးကနေ မလွတ်ဘူး”

ချင်မူ၊ ခိုင်ဧကရာဇ်နှင့် နွားအိုကြီးတို့အားလုံး တုန်လှုပ်သွားကြ၏။

မြေအောက်ဘုံအရှင်သခင်သည် ဤကဲ့သို့ အမှန်တကယ် လုပ်နိုင်၏။

မြေအောက်ဘုံအရှင်သခင်မှာ သူတို့နှင့် မရင်းနှီးသေးသောကြောင့် သူတို့ကို တွေ့လျှင် ဖမ်းပြီး ကောင်းကင်နတ်ဧကရာဇ် လက်ထဲ ထည့်ပေးလိမ့်မည်။

ရုတ်တရက် ချင်မူက ပြောလိုက်သည်။ “မြေအောက်ဘုံအရှင်သခင် ရောက်လာရင် ကောင်းကင်နတ်ဘုံမှာ အမှောင်ဖုံးသွားလိမ့်မယ်... ဒါဆို ကျွန်တော်တို့ ပြန်လို့ရပြီ”

ခိုင်ဧကရာဇ်နှင့် နွားအိုကြီး ဇဝေဇဝါ ဖြစ်သွား၏။ ဤသည်မှာ သူတို့အတွက် အတိတ်သို့ ပထမဆုံးအကြိမ် ရောက်လာခြင်းဖြစ်သော်လည်း ချင်မူကတော့ တစ်ကြိမ် ကြုံတွေ့ပြီးချေပြီ။

“မမကြီး၊ ကောင်းကင်နတ်အရှင်လင်ကို လှမ်းခေါ်ပေးလို့ရလား”

ချင်မူ ပြောလိုက်သည်။ “ကျွန်တော့်မှာ သူ့ကို ပြောချင်တာလေးတွေ ရှိသေးလို့”

“ရတာပေါ့ လူလွှတ်ပြီး ခေါ်လိုက်မယ်”

ကျူချွဲအာက အခြွေအရံမိန်းကလေးများကို ခိုင်းစေလိုက်ပြီး အတန်ငယ်ကြာသော် အခန်းအပြင်မှ အခြွေအရံမိန်းကလေးတစ်ယောက်သည် လျှောက်တင်၏။ “နတ်ဘုရားမ၊ ကောင်းကင်နတ်အရှင်လင် ရောက်ပါပြီ”

ကောင်းကင်နတ်အရှင်လင်မှာ ခန်းမထဲ ဝင်လာရင်း ချင်မူတို့ကို မြင်သည့်အခါ မှင်သက်သွား၏။ ချင်မူ့မျက်နှာအစစ်ကို မမြင်ဖူးသဖြင့် မမှတ်မိသော်လည်း ခိုင်ဧကရာဇ်ကိုတော့ သူမ သိလေသည်။

ကောင်းကင်နတ်အရှင်လင်က ကျူချွဲအာကို နှုတ်ဆက်လိုက်သည်။ “တွေ့ရတာ ဝမ်းသာပါတယ် နတ်ဘုရားမကျူချွဲ”

ကျူချွဲအာက လက်ခါကာ အပြုံးတစ်ခုဖြင့် ပြော၏။ “ဒီမှာ‌ နေပြီး စကားပြောလိုက်ဦး... ငါ အပြင်ထွက်ပြီး အခြေအနေ ကြည့်ဦးမယ်... မြေအောက်ဘုံအရှင်သခင်က မကြာခင် ရောက်လာတော့မှာ”

ချင်မူ မျက်နှာကို ပြောင်းပြလိုက်သည့်အခါ ကောင်းကင်နတ်အရှင်လင်မှာ သူ့ကို အကြောင်သား ငေးကြည့်နေသည်။ ထို့နောက် အော်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ ရှင် ရှင်...”

ချင်မူ အလေးအနက် ပြောလိုက်သည်။ “မမကြီးလင်၊ ကျွန်တော်တို့ ပြန်တော့မယ်... မမကြီး မျှော်လင့်ချက်တွေ ပျောက်ကွယ်မသွားအောင် ဒီကောင်းကင်နတ်သိုင်း ပြချင်လို့ ခေါ်လိုက်တာပါ”

ကောင်းကင်နတ်အရှင်လင် ပျာယာခတ်သွားသည်။ “ပြန်တော့မယ် ဟုတ်လား ... ဘယ်ကိုလဲ... လူသားမျိုးနွယ်ကရော... ဘယ်သူက ခေါင်းဆောင်မှာလဲ... ကောင်းကင်နတ်အရှင်ယွီကိုရော ဘယ်လိုလုပ်ရမလဲ... သူ အခေါင်းထဲမှာ ရှိနေသေးတယ်လေ...”

ချင်မူက တောက်ပစွာ ပြုံးပြကာ နူးညံ့ပျော့ပျောင်းသောအသံဖြင့် ပြော၏။ “ကမ္ဘာကြီးက မကောင်းမှုတွေ အပြည့်ပဲ  မမကြီး... လူသားမျိုးနွယ်အနေနဲ့ စည်းလုံးနေရမယ်... ကျန်တဲ့မျိုးနွယ်တွေလည်း စည်းလုံးနေသင့်တယ်... နျိုပန်း၊ ချင်ခိုင်နဲ့ ကျွန်တော်ကတော့ ဒီမှာ ရှိတော့မှာမဟုတ်ဘူး... မမကြီးတို့ရဲ့ သမိုင်းကိုပဲ ပြန်ကြည့်နိုင်မှာ”

ကောင်းကင်နတ်အရှင်လင်မှာ ပို၍ပင် ကူကယ်ရာမဲ့သွားပြီး ဆွံ့အနေသည်။

ချင်မူမှာ သူမ၏ပုံစံကို မကြည့်ရက်သဖြင့် နူးညံ့ပျော့ပျောင်းစွာ မေးလိုက်သည်။ “မမကြီး ကောင်းကင်မဟာမိတ်အဖွဲ့ထဲ ဝင်ချင်လား”

ကောင်းကင်နတ်အရှင်လင် ရုတ်တရက် ကြောင်အမ်းသွားသည်။ “ကောင်းကင်မဟာမိတ်အဖွဲ့”

“မမကြီး ကောင်းကင်မဟာမိတ်အဖွဲ့ထဲ ဝင်လိုက်... အားကိုးလို့ရမယ့် လူမှန်တွေကိုလည်း ဝင်ခိုင်းပြီး အင်အားထူထောင်ရမယ်...”

ချင်မူ ဆက်ပြောရန် ပြင်လိုက်စဉ် ကျူချွဲအာ၏အသံက အခန်းအပြင်မှ ထွက်လာသည်။ “မြေအောက်ဘုံအရှင်သခင် လှုပ်ရှားလိုက်ပြီ... မကြာခင် အမှောင်ထု ဒီကို ရောက်လာတော့မယ်”

ချင်မူ နန်းဆောင်အပြင်သို့ ထွက်သွားသည့်အချိန် ကောင်းကင်နတ်အရှင်လင်က ကျယ်လောင်စွာ အော်လိုက်သည်။ “ဝင်မယ်”

ချင်မူက နောက်ပြန်လှည့်ကာ တောက်ပစွာ ပြုံးပြလိုက်၏။ “အဲဒါဆို မမကြီးက နဂါးဟန်ခေတ် ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်ပဲ.. မမကြီးလင်၊ အနာဂတ်မှာ ပြန်ဆုံကြစို့”

သူက ခြေလှမ်းကြဲကြဲများဖြင့် အပြင်ထွက်သွားပြီး အမှောင်ထုသည် ရေလှိုင်းလုံးကြီးပမာ လမ်းရှိ အရာအားလုံးကို ဝါးမြိုလွှမ်းခြုံလျက် ဖြာထွက်လာ၏။

ချင်မူ ကျူချွဲအာကို ဂါဝရပြုလိုက်သည်။ “မမကြီး၊ မောင်လေး ပြန်တော့မယ်... ကျွန်တော်တို့ကို ခေါ်ထားပေးတဲ့ ကျေးဇူးကို တစ်သက်မမေ့ပါဘူး”

အမှောင်ထုက အလုံးအရင်းလိုက် ရောက်ရှိလာကာ သူ၏ပုံရိပ်ကို လွှမ်းခြုံသွားတော့သည်။

All Chapters