မိစ္ဆာမျက်နှာဖုံး
Vol. 56 Ch. 751
“အစ်ကိုကြီး၊ လူတစ်ယောက် အစ်ကိုကြီးနဲ့ တွေ့ချင်နေတယ်... အစ်ကိုကြီးကို မုန့်လာကျွေးတာတဲ့”
ချင်မူ မျက်ခုံးနှစ်ဖက်ကြားရှိ မိုးမခသစ်ရွက်ကို ခွာလိုက်ကာ ချင်စာလုံးကမ္ဘာ၏ အလယ်၌ ဖမ်းချုပ်ခံထားရသော ကလေးကြီးကို မြင်လိုက်ရသည်။ “သူက အစ်ကိုကြီးအတွက် အသဲလေးနော်... လှလည်း လှတယ်... မြွေအမြီးတင် မဟုတ်ဘူး... ယောက်ျားအသံလည်း ရှိတယ်”
“ငါ ဘယ်တုန်းက အစာချေးများလို့လဲ”
ကလေးကြီးက ခေါင်းမော့ပြီး အတိုင်းထက်အလွန် စိတ်လှုပ်ရှားနေတော့သည်။ သို့သော် မယုံသင်္ကာ ဖြစ်နေ၏။ “မင်း ငါ့ကို လိမ်နေတာလား... ငါ့ကို လိမ်ရင် မင်းကို သေအောင် ရိုက်သတ်ပြီး စားပစ်မယ်... ငါ့ကို မလိမ်ရင်တော့ အရှင်လတ်လတ် စားပစ်မယ်”
ချင်မူ စကားပင် မပြောနေခင် လုလီ၏ ယောက်ျားအသံက မေ့လျော့ခြင်းမြစ်ဆီမှ ထွက်လာသည်။ သူမက ယောက်ျားအသံကြီးဖြင့် တခစ်ခစ် ရယ်လျက် ပြောလေသည်။ “ချင်ဖုန်းကျင့်၊ ဒီတစ်ခေါက် ငါ နင့်အတွက် လာတာမဟုတ်လို့ လွှတ်ပေးလိုက်မယ်... အချိန်တွေ ရှိပါတယ်... တစ်နေ့နေ့တော့ နင် ငါ့လက်ထဲ ရောက်လာမှာပါ”
သူမ၏ခန္ဓာကိုယ်က မိန်းမခန္ဓာ ဖြစ်ကြောင်း ထင်ရှားပါသော်လည်း အသံကြီးက ကြမ်းတမ်းနေ၏။ အလွန်ထူးဆန်းပေသည်။
လုလီ၏အမြီးက လူးလွန့်လျက် မေ့လျော့ခြင်းမြစ်အရှေ့သို့ ကူးခတ်သွားသည်။
ချင်စာလုံးကမ္ဘာထဲတွင် ကလေးကြီး အမျက်တချောင်းချောင်း ထွက်နေ၏။ “ညီဆိုးလေး၊ မင်း ငါ့ကို လိမ်ပြန်ပြီပဲ... ဝင်လာခဲ့စမ်း ငါ မင်းကို သေအောင် ရိုက်သတ်ပြမယ်... မင့်ရဲ့ ခြေတွေ၊ လက်တွေကို ဆွဲဖြဲပြီး စားပစ်မယ်”
ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွားနှင့် ချိဧကရာဇ်၏ အသိစိတ်အလျဉ်မှာ တောင်တန်းများအနောက်၌ ပုန်းနေပြီဖြစ်သည်။ နှစ်ယောက်သား ကလေးကြီး ဒေါသပုံချမည်ကို ကြောက်နေကြ၏။
ချင်မူ မိုးမခသစ်ရွက်ကို ပြန်ကပ်ကာ ပြုံးလိုက်သည်။ “ဒီတစ်ခေါက် လုလီ ဘာလို့အကင်းပါးနေတာပါလိမ့်”
သူ ဤသို့ပြောနေစဉ် မေ့လျော့ခြင်းမြစ်အောက်တွင် မည်းမည်းအရိပ်ကြီးများ ကူးခတ်နေကြသည်။ ၎င်းတို့က တံတားအောက်မှ လျင်မြန်စွာ ဖြတ်သွားနေကြ၏။
ချင်မူ ငေးကြောင်သွားသည်။ ၎င်းတို့ကား ယိုတုမကောင်းဆိုးဝါးများနှင့် ယိုတုမိစ္ဆာနတ်ဘုရား ဖြစ်ကြချေသည်။
လုလီနှင့်အတူ ယိုတုမိစ္ဆာနတ်ဘုရားများက ရှေ့မှ ဦးဆောင်လျက် မရေမတွက်နိုင်သော မကောင်းဆိုးဝါးများကို ခေါ်လာကာ မေ့လျော့ခြင်းမြစ်ကို ဖြတ်သွားနေကြသည်။
မြစ်ရေပြင်အောက်ရှိ ပြောင်ပြောင်ချောချော မည်းမည်းခန္ဓာကိုယ်ကြီးများသည် မြစ်ရေထဲတွင် ငါးများသဖွယ် ကျင်လည်သွက်လက်စွာ သွားလာနေကြ၏။ ၎င်းတို့၏ အရေအတွက်ကား ကြက်သီးထစရာ ကောင်းလေသည်။
“ကောင်းကင်နတ်ဘုံက ယိုတုကို လွှတ်ထားတဲ့ ဘုရင်ခံလေးပါး ဒီရောက်နေကြပြီ”
နွားအိုကြီးက တံတားအောက်သို့ ကြည့်ကာ ပြောသည်။ “ဒီတစ်ခေါက် ဖုန်းတုကို ဖွင့်တာက ဖုန်းတုကို မင်တုနောက်တစ်ခုဖြစ်အောင် ပြောင်းလဲနေတာပဲ... တည်ဆောက်ပြီးသွားတာနဲ့ ဖုန်းတုက မင်တုလို ကြီးမားကျယ်ဝန်းလာလိမ့်မယ်... ငါ့အထင်တော့ လုလီ၊ ရွှမ့်မင်၊ ဟန်လဲ့နဲ့ ကျွယ်ဟွမ်တင်မကဘူး... ကောင်းကင်ယင်သားတော်တောင် ငြိမ်ငြိမ်မထိုင်နိုင်လောက်ဘူး ထင်တယ်”
သူသည် မေ့လျော့ခြင်းမြစ်ဆီသို့ လက်သီးဖြင့် ထိုးချလိုက်သော်လည်း ရေနှင့်မီးများ လွင့်စင်ထွက်သွားစေရုံသာ တတ်နိုင်၏။ ရေအောက်ရှိ မိစ္ဆာနတ်ဘုရားများနှင့် မကောင်းဆိုးဝါးများအား အနည်းငယ်မျှ ထိခိုက်သွားအောင် မလုပ်နိုင်ပေ။
အဘယ်ကြောင့်ဆိုသော် မေ့လျော့ခြင်းမြစ်က ယိုတုနှင့် ဖုန်းတုကို ဆယ်သွယ်ထားသော နယ်သတ်မျဉ်း ဖြစ်၍ပင်။ ထိုမကောင်းဆိုးဝါးများသည် ရေထဲတွင် ကူးခတ်နေသယောင် ထင်ရသော်လည်း အမှန်တွင် ယိုတုထဲ၌ ကူးခတ်သွားလာနေခြင်း ဖြစ်ပေသည်။
နျိုစန်းသွောမှာ သိုင်းလမ်းစဉ်တွင် နတ်ကောင်းကင်ခန်းမအဆင့် မဟာဆရာသခင်တစ်ယောက် ဖြစ်သည့်အပြင် သူ၏လက်သီးသိုင်းကွက်များက ကြမ်းတမ်းပြင်းထန်သော်လည်း ထိုမကောင်းဆိုးဝါးများနှင့် မိစ္ဆာနတ်ဘုရားများကို တိုက်ခိုက်ရန် ကမ္ဘာများအကြား ဖြတ်မသွားနိုင်သေးပေ။
သိုင်းလမ်းစဉ် ကောင်းကင်နတ်သိုင်းများသာ သိထားသဖြင့် ယိုတုကောင်းကင်နတ်သိုင်းများက သူ့အတွက် စိမ်းနေသည်။
“ကောင်းကင်ယင်သားတော်လည်း လှုပ်ရှားမှာလား”
ချင်မူ သံသယများဖြင့် မေးလိုက်မိ၏။ “မမကြီးတိရီယွဲ့က ဒီမှာလေ... သူ ပေါ်လာရဲပါ့မလား”
ချင်မူလည်း တိရီယွဲ့နှင့် ကောင်းကင်ယင်သားတော်အကြားက အချစ်အမုန်းဆက်ဆံရေးအား ကြားဖူး၏။ ပထမလူသားဧကရာဇ်က သူတို့အကြောင်း သူ့ကို တိုးတိုးတိတ်တိတ် ပြောပြခဲ့ဖူးသည်။
ထိုစဉ်အခါတုန်းက ကောင်းကင်ယင်သားတော်သည် တိရီယွဲ့၏ နှလုံးသားကို ရရန် အပြင်းအထန် ကြိုးစားအားထုတ်ခဲ့သော်လည်း မင်္ဂလာဦးည၌ ရက်ရက်စက်စက် သတ်ပစ်ခဲ့ကာ မြေအောက်ကမ္ဘာအကျဉ်းထောင်၏ အောက်ဆုံးအထပ် အအေးခန်းထဲ၌ သူမအလောင်းကို ချုပ်နှောင်ထားခဲ့၏။
ယခု တိရီယွဲ့ ဖုန်းတုကို ဖွင့်နေသည့်အချိန်တွင် ကောင်းကင်ယင်သားတော် ပေါ်လာရဲပါ့မည်လော။
“သူ ပေါ်လာရဲရင်တော့ သူ့မျက်နှာ အရေထူလွန်းလို့ ကျွန်တော် အံ့အားသင့်မိလိမ့်မယ်”
ချင်မူ့စကား ဤနေရာအရောက်တွင် ဖုန်းတု၏ နေရာဟင်းလင်းပြင် လှုပ်ခတ်တုန်ခါလာသည်။ ကောင်းကင်သည် ပွင့်ကွဲသွားပြီး အက်ကွဲကြောင်းထဲမှ ကောင်းကင်ယင်သားတော်၏ မျက်နှာ ပေါ်လာသည်။ မျက်လုံးကြီးနှစ်လုံးသည် ပတ်ဝန်းကျင်အား အကဲခတ်နေ၏။
ချင်မူ အံ့အားသင့်သွားတော့သည်။
နွားအိုကြီးက ပြောသည်။ “မင်း သူ့မျက်နှာ အရေထူတာကို လျှော့တွက်ထားတာပဲ... ကောင်းကင်ယင်သားတော် ပေါ်လာပြီဆိုတော့ ယိုတုရဲ့ ဒီမိစ္ဆာနတ်ဘုရားတွေနဲ့ မကောင်းဆိုးဝါးတွေ ဖုန်းတုကို တိုက်ခိုက်ကြတော့မယ်...”
သူ့စကားပင် မဆုံးခင် ကောင်းကင်ထဲရှိ ကောင်းကင်ယင်သားတော်သည် ပါးစပ်ဟ၍ ထူးဆန်းနက်နဲသော ယိုတုဘာသာစကားကို စတင်ရွတ်ဖတ်၏။ ယိုတုမိစ္ဆာနတ်ဆိုးချီများ စုဝေးလာကာ သူ၏မျက်ခုံးနှစ်ဖက်ကြား၌ တတိယမျက်လုံးတစ်လုံး ဖွဲ့တည်လိုက်သည်။
ဒေါင်လိုက်မျက်လုံး ဖွင့်လိုက်သည့်အခါ အနက်ရောင်အလင်းတန်းတစ်တန်းက ကောင်းကင်ထက်မှ သက်ဆင်းလာသည်။ အလင်းတန်းသည် မေ့လျော့ခြင်းမြစ်ကို နှစ်ခြမ်းခွဲလိုက်၏။ ကွဲထွက်သွားသော မြစ်ရေထဲမှ မိစ္ဆာနတ်ဘုရားများ ခုန်ထွက်လာကာ ကျယ်လောင်စွာ ဟစ်ကြွေးကြသည်။
ကောင်းကင်ယင်သားတော်၏အကြည့်က သေခြင်းရှင်ခြင်းကြားတံတားဆီသို့ လျင်မြန်စွာ ရောက်လာသည်။
နျိုစန်းသွောက ဒေါသများဖြင့် အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်သည် ကြောက်ခမန်းလိလိ ဖောင်းကြွလာ၏။ သူက ရင်သပ်ရှုမောဖွယ် နွားခေါင်းနတ်ဘုရားတစ်ပါးအသွင် ပြောင်း၍ ကောင်းကင်ယင်သားတော်၏ အကြည့်အား လက်သီးတစ်ချက်ဖြင့် ဖြိုခွဲပစ်လိုက်သည်။
ချင်မူ မေ့လျော့ခြင်းမြစ်ဆီသို့ ကြည့်လိုက်သည့်အခါ မရေမတွက်နိုင်သော မကောင်းဆိုးဝါးများက ပုရွက်ဆိတ်များသဖွယ် ပြုံထွက်လာနေကြောင်း မြင်ရဿည်။ ၎င်းတို့က အက်ကွဲကြောင်းထဲမှ ယိုတုအပြင် ထွက်ပြီး ဖုန်းတုထဲ ဝင်လာကြသည်။
“လယ်သမားအိုကြီးရဲ့ နွားအိုကြီးပါလား”
ကောင်းကင်ယင်သားတော်က တံတားကို သတိထားမိသွား၍ အပြုံးတစ်ခုဖြင့် ပြောသည်။ “မင့်သခင် လာရင် ပိုတောင်ကောင်းဦးမှာ... ဟီးဟီး ချင်ဖုန်းကျင့်လည်း ရောက်နေတာပါလား... မင့်ရဲ့ ရုပ်ခန္ဓာက ငါ့အပိုင်ပဲ...”
ဤအချိန်တွင် ဓားမရောင်တစ်ချက်က ကောင်းကင်ယံသို့ ပျံတက်လာသည်။ တျန်းရှုသည် ဓားမကို မြှောက်၍ ကောင်းကင်ယင်သားတော်ဆီသို့ ခုတ်လိုက်၏။ ကောင်းကင်ယင်သားတော်က နှာခေါင်းရှုံ့ကာ တျန်းရှု၏ ဓားမအား သူ့မျက်နှာပေါ် ကျလာစေလိုက်သည်။
မျက်နှာကြီး နှစ်ခြမ်းကွဲသွားသည့်အခါ ကောင်းကင်ထဲရှိ မျက်နှာကြီး ပျောက်ကွယ်သွားသည်။ ထို့နောက် မျက်နှာတစ်ခု ပေါ်လာပြီး ၎င်းကလည်း ကောင်းကင်ယင်သားတော်၏ မျက်နှာ ဖြစ်နေသည်။
တျန်းရှု ထပ်မံခုတ်ပိုင်းရန် ပြင်လိုက်စဉ် ဖုန်းတု၏အပေါ် အမှောင်ကောင်းကင်ထဲတွင် မျက်နှာများ တစတစ ပြည့်နှက်လာသည်။ ချောမောခံ့ညားသော မျက်နှာတစ်ရာခန့်က တမုဟုတ်ချင်း ဖွဲ့တည်လာကာ ဖုန်းတု၏အမှောင်ကောင်းကင်တစ်ခုလုံးအား လွှမ်းခြုံသွားတော့၏။
ကောင်းကင်ထဲရှိ မျက်နှာများက ပြိုင်တူ ပါးစပ်လိုက်ကြပြီး သူတို့ပါးစပ်များထဲမှ လက်ကြီးများ ဆန့်ထွက်လာကြသည်။ ထိုလက်တို့က အောက်သို့ လှမ်းဆွဲနေကြသည်။
တျန်းရှုက တော်ဝင်မုခ်ဝနတ်ဓားမဖြင့် ဆန့်ထွက်လာသော လက်မောင်းများကို တစ်ဖက်ပြီးတစ်ဖက် ခုတ်ဖြတ်နေသည်။ သို့သော် လက်များက တစတစ ပိုများလာ၏။
နျိုစန်းသွောလည်း တံတားပေါ်တွင် ရပ်၍ အားကောင်းပြင်းထန်သော လက်သီးချက်များဖြင့် လှမ်းဆွဲနေသော လက်များကို တားနေသည်။ သို့သော် လက်များကား များပြားလှသည့်အတွက် ခုခံရခက်လာသည်။
တစ်ချိန်တည်းမှာပင် ယိုတု၏ ဘုရင်ခံလေးပါးကလည်း မေ့လျော့ခြင်းမြစ်ကို ဖြတ်သန်း၍ မိစ္ဆာနတ်ဘုရားများနှင့် မကောင်းဆိုးဝါးများကို စုစည်းကာ မြို့ထဲရှိ ဖုန်းတုနတ်ဘုရားများအား တိုက်ခိုက်နေကြ၏။
ဖုန်းတုနတ်ဘုရားမြို့ထဲတွင် ကြွေးကြော်ဟိန်းဟောက်သံများ ဆူညံပွက်လောရိုက်သွားသည်။ ကြောက်မက်ဖွယ်ရာ စစ်ပွဲကြီး စတင်ချေပြီ။
ရုတ်တရက် ၊ ဖုန်းတုကို ဖွင့်လှစ်နေသော ယမမင်းက ပျံသန်းလာသည်။ သူ့ခြုံထည်သည် နတ်ဘုရားမြို့အား တမုဟုတ်ချင်း လွှမ်းခြုံလိုက်၏။ ယမမင်း ခြုံထည်ကို ပြန်မြှောက်လိုက်သည့်အခါ မေ့လျော့ခြင်းမြစ်အပေါ်တွင် အရိုးစုများသာ ကျန်ခဲ့တော့သည်။
မရေမတွက်နိုင်သော မကောင်းဆိုးဝါးများနှင့် မိစ္ဆာနတ်ဘုရားများမှာ သူ့ကြောင့် အရိုးဖြူဖြူများ ဖြစ်ကုန်ကြ၏။
“ခိုင်ဧကရာဇ် ကောက်ရထားတဲ့ သားက မဆိုးဘူးပဲ... ဒါပေမဲ့ မင်းရဲ့ ယိုတုကောင်းကင်နတ်သိုင်းက မပြည့်စုံသေးဘူး”
ကောင်းကင်ထဲရှိ လက်ကြီးများက ယမမင်း၏ ခြုံထည်ကို လှမ်းဆွဲသည်။ ယမမင်းမှာ လက်ကြီးများ၏ ဆွဲမြှောက်ခြင်းခံလိုက်ရသဖြင့် အံအားသင့်သွားသည်။ သူက မာန်သွင်းဟိန်းဟောက်ရင်း ဓားဖြင့် လက်များကို ခုတ်ထစ်ပစ်၏။
လုလီ၊ ကျွယ်ဟွမ်၊ ရွှမ့်မင်နှင့် ဟန်လဲ့တို့ ဘုရင်ခံလေးယောက်က အခြေအနေကို အခွင့်အကောင်းယူကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ရန် မြို့ထဲ ဝင်လာကြသည်။ ဖုန်းတုထဲရှိ နတ်ဘုရားအများစုသည် မူလဝိညာဉ်များသာ ဖြစ်သည့်အတွက် သေဆုံးသူတို့၏ ရှင်သန်ရာကမ္ဘာတွင် ရုပ်ခန္ဓာများ ပိုင်ဆိုင်နိုင်သည်ဆိုသ်ောလည်း ဘုရင်ခံလေးယောက်၏ သိုင်းကွက်များအား မခုခံနိုင်ပေ။ အတော်များများ၏ ဝိညာဉ်များ ပြိုကွဲကုန်ကြသည်။
ထိုစဉ် မုခ်ဝတစ်ခု ပျံသန်းလာပြီး ကောင်းကင်နှင့်မြေကြီး၏အလယ်သို့ ဆင်းသက်လိုက်သည်။
“မင်တုကောင်းကင်မုခ်ဝ”
လုလီနှင့် ကျန်နတ်ဘုရားများ အော်ဟစ်မိကြသည်။ မင်တုကောင်းကင်မုခ်ဝ၏ စွမ်းအားက အောက်သို့ ဖိနှိပ်လိုက်၍ သူတို့၏မူလဝိညာဉ်များ မြေကြီးထဲ နစ်ဝင်သွားကြသည်။ သူတို့မှာ အဖိခံထားရသဖြင့် မထနိုင်တော့ပေ။
တိရီယွဲ့က ပျံတက်လာပြီး မင်တုကောင်းကင်မုခ်ဝအပေါ်တွင် ခြေဗလာဖြင့် ရပ်လိုက်သည်။ သူမက ခေါင်းမော့လိုက်ကာ သူမမျက်နှာတွင် အပြုံးမဟုတ်သော အပြုံး ရှိနေ၏။ “ယောက်ျား၊ ဘာလို့ ကိုယ်အစစ်နဲ့ မလာခဲ့ဘဲ ကောင်းကင်နတ်သိုင်းနဲ့ပဲ ကိုယ်ထင်ပြနေတာလဲ... မိန်းမ ယောက်ျားရဲ့ အပြောချိုချိုလေးတွေကို ပြန်နားထောင်ချင်မိတယ် သိလား”
အပေါ်ရှိ အမှောင်ကောင်းကင်ထဲ၌ ကောင်းကင်ယင်သားတော်၏ မျက်နှာမှာ ရှုံ့မဲ့နေသည်။ ရုတ်တရက် မျက်နှာအားလုံး ပြန်စုစည်းသွားပြီး တစ်ခုတည်း ဖြစ်သွား၏။ ဤမျက်နှာသည်လည်း တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်နေသည်။
“တိရီယွဲ့ ငါ မင်းကို စိတ်ပျက်စေခဲ့မိတာတော့ မှန်တယ်... ဒါကြောင့် ငါ မင်းကို မတိုက်ခိုက်တော့ဘူး... ကြောက်တယ်လို့တော့ မထင်နဲ့”
သူ့အသံက ဝေးသထက် ဝေး၍ သွားသည်။ “ငါ့အစီအစဉ် အောင်မြင်သွားပြီ... ငါ မေ့လျော့ခြင်းမြစ်ကို နှစ်ခြမ်းပိုင်းခဲ့တဲ့ အကြောင်းရင်းက မင်းကို တားချင်လို့မဟုတ်ဘူး... ယိုတုရဲ့ စွမ်းအားတွေ ဝင်လာအောင် လုပ်ချင်ရုံသက်သက်ပဲ... မင်တုကောင်းကင်နတ်မင်း၊ ဖုန်းတုကို တည်ဆောက်ဖို့ ချိုကို ပိုင်းဖြတ်ခဲ့တဲ့ ပြစ်မှုအတွက် မြေအောက်ဘုံအရှင်သခင်နဲ့ မင်း စာရင်းရှင်းရလိမ့်မယ်... ငါကတော့ အောင်အောင်မြင်မြင် ပြန်ဆုတ်ခွာနိုင်ပြီ...”
တိရီယွဲ့ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး မေ့လျော့ခြင်းမြစ်ဆီသို့ ကပျာကယာ လှမ်းကြည့်လိုက်သည်။
မေ့လျော့ခြင်းမြစ်သည် အပ်ကျသံမကြားရအောင် တိတ်ဆိတ်နေ၏။
မြစ်ထဲမှ အစုလိုက်အပြုံလိုက် ထွက်လာနေသော မကောင်းဆိုးဝါးများနှင့် မိစ္ဆာနတ်ဘုရားများ တိုက်ခိုက်နေခြင်း မရှိတော့ဘဲ မလှုပ်မယှက် ရပ်နေကြသည်။ ဘုရင်ခံလေးပါးလည်း ယိုတုမိစ္ဆာနတ်ဘုရားစစ်တပ်၏ အရှေ့တွင် ရပ်ကာ စောင့်နေကြ၏။
မေ့လျော့ခြင်းမြစ်ထဲမှ စက္ကူလှေတစ်စင်း လွင့်မျောလာပြီး စက္ကူလှေ၏ မီးအိမ်အလင်းရောင် ဖုန်းတု၏အမှောင်ထုအား ထွန်းလင်းလိုက်သည်။
လှေဦးတွင် မျက်နှာသဲသဲကွဲကွဲ မမြင်ရသော အဘိုးအိုတစ်ယောက်က မီးအိမ်ကို ချလိုက်သည်။ ထို့နောက် စက္ကူလှေတစ်စင်းပြီး တစ်စင်း လွင့်မျောလာကြ၏။ မရေမတွက်နိုင်သော လှေပေါင်းများစွာ မေ့လျော့ခြင်းမြစ်ထဲမှ ပျံထွက်လာကြပြီး လှေတစ်စင်းစီတိုင်းတွင် မျက်နှာသဲသဲကွဲကွဲ မမြင်ရသော အဘိုးအိုတစ်ယောက်စီ ပါသည်။ သူတို့အားလုံးသည် မီးအိမ်ကို ကိုင်လျက် အမှောင်ထုအား ဖြတ်သန်းလာကြ၏။
လှေများက ကောင်းကင်ထက်သို့ ပျံတက်သွားပြီး မီးအိမ်မှ အလင်းရောင်များက အရပ်မျက်နှာတခွင် ဖြာကျနေသည်။ ကောင်းကင်မှာ တုန်ခါတွန့်လိမ်ကာ ကျုံ့သွားသည်။ မြေပြင်သည်လည်း တဝုန်းဝုန်း အော်မြည်လျက် အဆက်မပြတ် ကျုံ့ဝင်နေသည်။ တောင်တန်းများလည်း မြေကြီးထဲ ပြန်နစ်ကုန်ကြကာ မြေပြင်ညီ ပြန်ဖြစ်သွား၏။
တိရီယွဲ့၊ တျန်းရှုနှင့် ယမမင်းတို့ အတူတူ ကြိုးစားပမ်းစား ချဲ့ထွင်ခဲ့သော နေရာဟင်းလင်းပြင်မှာ မရဏတမန်တော်ကြောင့် တခဏလေးအတွင်း မူလအနေအထားသို့ ပြန်ရောက်သွားချေပြီ။
“သဲနယ်စပ်ကောင်းကင်နန်းဆောင်”
ယမမင်း ဟစ်ကြွေးလိုက်သည့်အခါ မြေငလျင်များ လှုပ်ခတ်လာသည်။ အမှောင်ထုထဲတွင် နတ်ဘုရားမြို့များ ပေါ်လွင်လာပြီး မဟူရာသံနက်ဖြင့် တည်ဆောက်ထားသည့်အလား ထင်ရသော မဟူရာတံတိုင်းကြီးများ မြောက်တက်လာကြ၏။ ၎င်းတို့က ဖုန်းတု၏အတွင်းထဲ၌ မားမားမတ်မတ် ရပ်နေကြချေသည်။
ဤသည်ကား ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နန်းဆောင် ၃၆ ဆောင်ထဲက တစ်ဆောင်၊ သဲနယ်စပ်နန်းဆောင် ဖြစ်၏။
“တိုက်ပွဲကျသွားခဲ့တဲ့ ခိုင်ဧကရာဇ်ရဲ့ သူရဲကောင်းအပေါင်းတို့”
ယမမင်းက ကောင်းကင်ယံအပြည့် နေရာယူထားသော စက္ကူလှေများဆီသို့ မော့ကြည့်ကာ ဓားမြှောက်လိုက်သည်။ “သေဆုံးသွားခဲ့တဲ့ ခိုင်ဧကရာဇ်ရဲ့ အရိုးစုအပေါင်းတို့... ခိုင်ဧကရာဇ်အတွက် နောက်တစ်ကြိမ် တိုက်ခိုက်ပေးဖို့ ငါ မင်းတို့ တောင်းဆိုတယ်”
ဂျလိန်း ဂျလိန်း
မဟူရာသံဖြင့် တည်ဆောက်ထားသော နတ်ဘုရားမြို့များဆီမှ ကြောက်မက်ဖွယ်ရာ အသံကြီးများ ထွက်ပေါ်လာပြီး မြို့ထဲတွင် ဧရာမအရိုးစုကြီးများ တဖြည်းဖြည်း ထလာကြသည်။ သူတို့က ပျက်စီးစုတ်ပြတ်နေသော လက်နက်များကို ဆုပ်ကိုင်လျက် တိတ်ဆိတ်စွာ ရပ်နေကြသည်။ သူတို့၏မျက်တွင်းပေါက်များအတွင်း၌ တစ္ဆေမီးတောက်များ တောက်လောင်နေကြ၏။
ထိုအရိုးစုကြီးများသည် ခိုင်ဧကရာဇ်ခေတ် ဖျက်စီးခံလိုက်ရသည့်အချိန်၌ တိုက်ပွဲကျ သေဆုံးသွားခဲ့သော နတ်ဘုရားများ ဖြစ်ကြ၏။ သူတို့၏အရိုးများအား ဖုန်းတုတွင် မြှုပ်နှံထားခြင်းဖြစ်ပြီး ယခုတွင် ယမမင်း၏ဆင့်ခေါ်သံ ကြားသည့်အခါ သေရွာမှ နိုးထလာကြတော့သည်။
ရုတ်တရက် မဟူရာသံနတ်ဘုရားမြို့တစ်မြို့၏ ဂိတ်ပေါက် ပွင့်သွားပြီး ခေါင်းသုံးလုံးဆန်းကြယ်သားရဲတစ်ကောင် တရှိန်ထိုး ပြေးထွက်လာသည်။ ၎င်း၏ခွာသံများက အမှန်တကယ် မြန်လှပြီး ကျောပေါ်တွင် အရိုးနတ်ဘုရားတစ်ပါးအား သယ်ထား၏။
ထိုအရိုးစုနတ်ဘုရားသည် စုတ်ပြဲနေသော အလံတစ်ခုကို ကိုင်ထားသဖြင့် အလံမှာ လေထဲတွင် တဖျတ်ဖျတ် လှုပ်ခတ်နေသည်။ ‘ယွဲ့’ ဆိုသော စာလုံးအား မြင်ရလေသည်။
မင်တုကောင်းကင်မုခ်ဝအပေါ်တွင် တိရီယွဲ့မှာ ‘ယွဲ့’အလံကို ငေးကြည့်ရင်း မျက်ရည်များ စီးဖြိုင်ကျလာသည်။
ဤအလံသည် သူမ၏အလံ ဖြစ်သည်။
နံပါတ်တစ်ကောင်းကင်နတ်မင်း ဖြစ်သည့်အလျောက် သူမတွင်လည်း ကိုယ်ပိုင်နတ်ဘုရားစစ်တပ် ရှိခဲ့သည်။ သို့သော် ကပ်ဘေးကြီးမဖြစ်ခင် သူမက ကောင်းကင်ယင်သားတော်ကို လက်ထပ်ရန် ထွက်သွားခဲ့၏။
ယခုတွင် အလံကို ပြန်မြင်ရသော်လည်း သူမ၏လက်အောက်ငယ်သားများမှာတော့ အရိုးစုများ ဖြစ်ကုန်ကြချေပြီ။
အရိုးစုများ ဖြစ်နေကြသည့်တိုင် သူမ၏အလံကို ကိုင်ဆောင်ထားကြသေးသည်။
ခေါင်းသုံးလုံးဆန်းကြယ်သားရဲ ရပ်လိုက်သည့်အခါ အရိုးစုနတ်ဘုရားက အလံကို မင်တုကောင်းကင်မုခ်ဝအောက်၌ စိုက်ထူ၍ မာန်အပြည့်ဖြင့် ခေါင်းမော့လိုက်သည်။
သူ့အနောက်မှ မရေမတွက်နိုင်သော အရိုးစုနတ်ဘုရား ပြေးထွက်လာကြပြီး စနစ်တကျ စီတန်း နေရာယူလိုက်ကြ၏။
မဟူရာသံနတ်ဘုရားမြို့တို့၏ ဂိတ်ပေါက်များ ပွင့်သွားကြကာ အရိုးစုနတ်ဘုရားများစွာ ပြေးထွက်လာကြသည်။ သူတို့အားလုံး အနောက်၌ စီတန်းနေရာယူလျက် စက္ကူလှေများဆီသို့ တိတ်ဆိတ်စွာ ကြည့်နေကြသည်။
စက္ကူလှေအပေါ်ရှိ အဘိုးအိုများကလည်း အင်္ကျီလက်အိုးများကို လှုပ်ခါလိုက်သည်။ သူတို့၏ အင်္ကျီလက်အိုးထဲမှ စက္ကူလူများ၊ စက္ကူမြင်းများ ထွက်လာပြီး နတ်ဘုရားများအသွင် ပြောင်းသွားကြ၏။
နှစ်ဖက်လုံး အသံမထွက်ဘဲ တိတ်ဆိတ်စွာသာ ရပ်နေကြသည်။
“မြေအောက်ဘုံအရှင်သခင်ရဲ့ ချိုကို အလကား ဖြတ်သွားလို့ မရဘူး”
စက္ကူလှေတစ်စင်းအပေါ်ရှိ မရဏတမန်တော်က မီးအိမ်မြှောက်ကာ တည်ငြိမ်အေးဆေးစွာ ဆိုသည်။ “ယိုတုရဲ့ စည်းမျဉ်းတွေကို လိုက်နာရမယ်... မင်း ဒီနေ့ ဖုန်းတုကို ပြန်ပေးမယ့် ဘယ်သူမှ အန္တရာယ်မဖြစ်ဘူး... မပေးရင်တော့ မြက်ကလေးတစ်ပင်တောင် ရှင်ကျန်ခဲ့မယ် မထင်နဲ့”
ယမမင်းက အံကြိတ်၍ ဓားကို တင်းတင်းဆုပ်လိုက်ကာ လေးနက်တည်ကြည်စွာ ပြောလိုက်၏။ “သေတဲ့အထိ တိုက်ခိုက်ဖို့ ပြင်ကြ”
တီရီယွဲ့တို့ စိုးရိမ်ပူပန်လာကြသည်။ တျန်းရှုက အရက်ပုလင်းကို မြှောက်၍ တကျိုက်ကျိုက် သောက်နေသည်။ သူက အော်ဟစ်လိုက်၏။ “အရာရှိမင်းကြီး၊ ကျုပ်က မြေအောက်ဘုံအရှင်သခင်ရဲ့ ချိုကို ဖြတ်ခဲ့တဲ့ကောင်ပါ... ခင်ဗျားမှာ ဇရှိရင် ကျုပ်ကိုပဲ ပြဿနာလာရှာချည်”
“မင်း မူးနေပြန်ပြီ”
လှေပေါ်ရှိ အဘိုးအိုက သူ့ကို တစ်ချက်ကြည့်ကာ အနိမ့်အမြင့်မရှိသော အသံဖြင့် ပြောသည်။ “စောဒကတက်မနေနဲ့... ငါ့ကို တိုက်ခိုက်ဖို့အတွက် ကမ္ဘာလောကတွေ ပျက်စီးခဲ့ရတယ်... ယိုတုစည်းမျဉ်းတွေကို ထိပါးလာလို့ကတော့ ဘယ်သတ္တဝါမှ အပြစ်မလွတ်ဘူး”
တိရီယွဲ့က သရော်တော်တော် ခနဲ့လိုက်၏။ “မင်တုကလည်း မြေအောက်ဘုံအရှင်သခင်ရဲ့ ချိုလေ... ဖြောင့်မတ်လိုက်တဲ့ ဟော့ဒီအရာရှိမင်းကြီးက မင်တုကိုရော ဘာလို့ သွားစာရင်းမရှင်းတာလဲ... ကျွန်မတို့ကိုပဲ ဘာလို့ အနိုင်လာကျင့်တာလဲ... ယိုတုစည်းမျဉ်းတွေက သောက်ရေးမပါတဲ့ အမှိုက်တွေထက် မပိုဘူး... အင်အားကြီးတဲ့ ဘယ်သူမဆို သောက်ရေးမပါတဲ့ အဲဒီသောက်စည်းမျဉ်းတွေကို စိတ်တိုင်းကျ ပြောင်းလဲနိုင်တယ်မဟုတ်လား”
မရဏတမန်တော် မျက်မှောင်ကြုတ်သွားပြီး စကားမပြောတော့ပေ။
မီးအိမ်များဆီမှ အလင်းရောင်သည် တောက်ပနေဆဲ ဖြစ်ပြီး ဖုန်းတုကား မူလအနေအထားသို့ ပြန်ရိုက်သွင်းခံရပေတော့မည်။
ယမမင်း အံကြိတ်ကာ ဓားကို တင်းတင်းဆုပ်လိုက်သည်။ သူက လေးနက်တည်ကြည်သော အသံဖြင့် အော်ဟစ်လိုက်၏။ “မသေမချင်း တိုက်ခိုက်ဖို့ ပြင်ထားကြ”
မရဏတမန်တော်က သက်ပြင်းချသည်။ “ခေါင်းမာတယ်”
ရုတ်တရက် သေခြင်းရှင်ခြင်းကြား တံတားအပေါ်တွင် ချင်မူ မျက်နှာဖုံးတစ်ခု ထွင်းပြီး တံတားအောက်ရှိ စက္ကူလှေအပေါ်သို့ ပစ်ချလိုက်သည်။ မရဏတမန်တော်က မျက်နှာဖုံးကို ငုံ့ကြည့်လိုက်လေသည်။
မျက်ရည်စီးကြောင်းနှစ်ကြောင်းဖြင့် ရင်းနှီးသော မိစ္ဆာမျက်နှာဖုံးတစ်ခု....
မရဏတမန်တော် တံတားပေါ်သို့ မော့လိုက်သည့်အချိန်တွင် ချင်မူက နူးညံ့ပျော့ပျောင်းသောအသံဖြင့် ပြောသည်။ “နားလည်ပါပြီ... ကျွန်တော် ပြန်ရောက်ပြီ”
မရဏတမန်တော် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားပြီး ကောင်းကင်အပြည့် နေရာယူထားသော စက္ကူလှေများ အချင်းချင်း ဝင်တိုက်သွားကြသည်။ မရေမတွက်နိုင်သော မရဏတမန်တော်များသည် အတူတူပေါင်းသွားကာ လူတစ်ယောက်တည်း ဖြစ်လာ၏။ သူက ခါးကိုင်း၍ မျက်နှာဖုံးအား ကောက်လိုက်သည်။
မရဏတမန်တော်မှာ မျက်နှာဖုံးကို အတန်ကြာ စိုက်ကြည့်နေပြီးနောက်မှ ခေါင်းအနောက်တွင် တပ်လိုက်၏။
“မူ”
သူက လူငယ်လေးဆီသို့ မော့ကြသည်။ “မင်း ပြန်လာပြီပေါ့လေ... နှစ်တွေ ဘယ်လောက်ကြာသွားပြီလဲ သိလား”