နှစ်တစ်သန်း ကြာလွန်သော်
Vol. 56 Ch. 749
ချင်မူ၏ အရင်တစ်ခေါက် အတွေ့အကြုံတွင် အနာဂတ်သို့ ပြန်ရန် ‘နေ့တစ်ဝက်’သာ ကြာခဲ့သည်။ ‘နေ့တစ်ဝက်’ ဆိုသည်မှာ ဆယ့်နှစ်နာရီအချိန် မဟုတ်။ တိတိကျကျ မရှိဘဲ အမှောင်ထုက အလင်းကို အစားထိုးနေရာယူလိုက်သော အချိန်အပိုင်းအခြားဟု ဆိုရလိမ့်မည်။
ကောင်းကင်နတ်ဘုံမှာ အမှောင်ထု မရှိသဖြင့် အမြဲတမ်း နေ့အလား လင်းထိန်သည်။
သူတို့ ဤနေရာသို့ ရောက်လာတုန်းက အချိန်မည်မျှကြာမြင့်စေကာမူ နေ့အချိန်သာ ဖြစ်နေ၏။ မမှောင်သရွေ့ ‘နေ့တစ်ဝက်’ပင် ရှိမည်မဟုတ်ပေ။
မြေအောက်ဘုံအရှင်သခင် လှုပ်ရှားသည့်အခါ ယိုတု၏အမှောင်ထုသည် ကောင်းကင်နတ်ဘုံကို လွှမ်းခြုံသွားပြီး အမှောင်ထုအား တခဏအတွင်း ကျရောက်လာစေ၏။ ထို့ကြောင့် သူတို့ အနာဂတ်သို့ ပြန်ရန် အခွင့်အရေးရသွားသည်။
အမှောင်ထုထဲတွင် ချင်မူက ကျူချွဲအာနှင့် ကောင်းကင်နတ်အရှင်လင်ကို လက်ပြနှုတ်ဆက်နေသည်။ ကျူချွဲအာနှင့် ကောင်းကင်နတ်အရှင်လင်၏ မျက်ဝန်းထဲတွင် သူ၊ ခိုင်ဧကရာဇ်နှင့် နွားအိုကြီးတို့သည် လေနှင့်အတူ ပြန့်ကြဲသွားသော သဲမှုန်များသဖွယ် အမှောင်ထုထဲ လွင့်မျောသွားကြ၏။
ကောင်းကင်နတ်အရှင်လင် စိတ်ထဲ တုန်လှုပ်သွားပြီး ဤမြင်ကွင်းကို ငေးကြည့်နေမိသည်။
ကျူချွဲအာလည်း သရဲတဘက် မြင်လိုက်ရသကဲ့သို့ ချင်မူ၊ ခိုင်ဧကရာဇ်နှင့် နွားအိုကြီးတို့ ရပ်နေခဲ့သော နေရာဆီ အပြေးအလွှား သွားကာ၊ ဟိုဟိုသည်သည် လိုက်ထိကြည့်နေသည်။ သို့သော် သူတို့သုံးယောက်လုံးကား အစအနပင် ရှာမရအောင် ပျောက်သွားချေပြီ။
“ထူးဆန်းတယ် ထူးဆန်းတယ်” ကျူချွဲအာ အံ့အားသင့်ရုံတင် မကတော့ပေ။
ကောင်းကင်နတ်အရှင်လင်၏ ရင်ထဲ၌ ခံစားချက်များ လှိုင်းထန်လာပြီး ချင်မူ ပြောခဲ့သော စကားတစ်ခွန်းကို သူမ ရုတ်တရက် အမှတ်ရလိုက်၏။ “နောက်တစ်ချိန်ကျရင် မမကြီးရဲ့ ကောင်းကင်နတ်သိုင်းကနေတစ်ဆင့် အတိတ်ဆီ ပြန်လာပြီး သူတို့ထင်နေတာတွေ မှားတယ်လို့ သက်သေပြပေးမယ့်သူနဲ့ တွေ့ရင် တွေ့ရလောက်မှာပေါ့”
ကောင်းကင်နတ်အရှင်လင် ငေးမောသွားပြီး သူတို့အား လိုက်ရှာနေသော ကျူချွဲအာဆီသို့ ကြည့်နေမိသည်။
‘ဒီကမ္ဘာပေါ်မှာ ဒြပ်ဝတ္ထုတွေကို မပြောင်းလဲ၊ မရွေ့လျား၊ အသွင်မပြောင်း၊ မတက်၊ မကျ စေနိုင်တဲ့ ကောင်းကင်နတ်သိုင်းတစ်ခု တကယ် ရှိတာလား... အဲဒါကို ငါက ဖန်တီးထားတာလား’
ရင်ထဲ၌ လှိုင်းထန်နေသော ခံစားချက်တို့သည် ယုံကြည်မှုဖြစ်လာပြီး သူမအတွက် ဆက်လက်လေ့လာရန် တွန်းအား ဖြစ်လာ၏။ ‘ငါ ဒါကို ဖန်တီးမယ်... နောင်တစ်ချိန်မှာ ကောင်းကင်နတ်အရှင်မူနဲ့ ကောင်းကင်နတ်အရှင်ချင်က အချိန်နောက်ပြန်ရောက်လာပြီး ငါ့ကို အားပေးလိမ့်မယ်... ငါ သေချာပေါက် လုပ်နိုင်တယ်”
သူမက ကောင်းကင်နတ်အရှင်ယွီ လုပ်ကြံခံလိုက်ရမှုကြောင့် ကျဆင်းနေသော စိတ်ဓာတ်ကို ပြန်ဆွဲတင်၍ စိတ်အားတရှိန်းရှိန်း ပြန်လည်တက်ကြွလာသည်။
ချင်မူနှင့် ခိုင်ဧကရာဇ်သည် သူမနှင့်အတူ သုတေသန ပြုစုပေးခဲ့ပြီး သူတို့၏အသိအမြင်များဖြင့် ပထမဆုံးခြေလှမ်း လှမ်းနိုင်အောင် ကူညီပေးခဲ့သည်။ သူမ လုပ်ရမည်မှာ တစ်ကမ္ဘာလုံး အံ့အားသင့်သွားမည့် ပြိုင်ဘက်ကင်း ကောင်းကင်နတ်သိုင်းတစ်ခုအား မဖန်တီးနိုင်မချင်း ရှေ့ဆက် လျှောက်လှမ်းနေရန် ဖြစ်၏။
ကောင်းကင်နတ်အရှင်လင် တောင်နတ်မင်းကျူချွဲအာကို နှုတ်ဆက်၍ နဂါးသွဲ့ရေကန်ဆီ ပြန်လာခဲ့သည်။
လမ်းတွင် ကောင်းကင်နတ်အရှင်ယွဲ့နှင့် ကောင်းကင်နတ်အရှင်ယွင်ကို တွေ့၍ နှုတ်ဆက်လိုက်၏။
ကောင်းကင်နတ်အရှင်ယွဲ့နှင့် ကောင်းကင်နတ်အရှင်ယွင်မှာ အံ့အားသင့်သွားကြသည်။ သူတို့ သိထားသည့် ကောင်းကင်နတ်အရှင်လင်သည် ထူးဆန်းသော အကျင့်စရိုက်ရှိသည့် မိန်းကလေးတစ်ယောက် မဟုတ်ပါလော။ မည်သူ့ကိုမှ နှုတ်ဆက်လေ့မရှိသလို၊ တစ်ဖက်လူမှ နှုတ်ဆက်သည့်အခါတွင်လည်း ပြန်နှုတ်ဆက်တတ်သော လူဖြစ်၏။
ယခုမူ သူတို့ကို ဦးစွာနှုတ်ဆက်နေချေသည်။ နေကား အနောက်အရပ်မှ ထွက်လာပြီဖြစ်သည်။
“ကောင်းကင်နတ်အရှင်လင်၊ မသွားပါနဲ့ဦး”
ကောင်းကင်နတ်အရှင်ယွဲ့က ရုတ်တရက် သူမကို တားလိုက်သဖြင့် ကောင်းကင်နတ်အရှင်လင် ခြေလှမ်းများကို ရပ်ကာ လှည့်လိုက်သည်။ ကောင်းကင်နတ်အရှင်ယွဲ့နှင့် ယွင်က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် သူမအနား ကပ်ကာ ခပ်တိုးတိုး ပြောကြသည်။ “နဂါးသွဲ့ရေကန်တွေ့ဆုံပွဲမှာ အများကြီး ဖြစ်ပျက်သွားပြီး ကောင်းကင်နတ်အရှင်ယွီ သေခဲ့ရတယ်... ကောင်းကင်နတ်အရှင်ဟောင်ကတော့ ကောင်းကင်နတ်အရှင်မူနဲ့ ကောင်းကင်နတ်အရှင်ချင်ကြောင့် ဒဏ်ရာအပြင်းအထန် ရထားတယ်... ကောင်းကင်နတ်ဧကရာဇ်က အခု သူတို့နှစ်ယောက်ကို ဖမ်းဆီးဖို့ အမိန့်ထုတ်ထားတယ်.... ဒါပေမဲ့ ဒီကိစ္စတွေက မရိုးရှင်းဘူး”
ကောင်းကင်နတ်အရှင်လင် တိတ်ဆိတ်စွာ နားထောင်နေ၏။
ကောင်းကင်နတ်အရှင်ယွဲ့က သတ္တိမွေး၍ သူမအသံကို အတတ်နိုင်ဆုံး တိုးလိုက်သည်။ “ကောင်းကင်နတ်အရှင်ယွီကို လုပ်ကြံခဲ့တာ ကောင်းကင်နတ်အရှင်ဟောင်မှန်း သိသာတယ်... ကောင်းကင်နတ်အရှင်မူက ကောင်းကင်နတ်အရှင်ယွီအတွက် ကလဲ့စားချေခဲ့တာပဲ... ဒီရက်ပိုင်း ပျံ့နေတဲ့ ကောလဟာလတွေက အလကားလျှောက်ပြောနေတဲ့ စကားတွေတော့ မဟုတ်ဘူး... ကောင်းကင်နတ်ဧကရာဇ်ရော၊ ကောင်းကင်နတ်ဧကရီရော နောက်ကွယ်မှာ ပါနေကြတယ်... နတ်ဘုရားတစ်ပိုင်းတွေနဲ့ ကျန်တဲ့မျိုးနွယ်တွေရဲ့ တိုက်ပွဲ စတင်နေပြီ... မျိုးနွယ်တွေရဲ့ ခေါင်းဆောင်တွေအနေနဲ့ ငါတို့ သတိထားမှ ဖြစ်မယ်”
ဘေးရှိ ကောင်းကင်နတ်အရှင်ယွင်က ပြောသည်။ “ကောင်းကင်နတ်အရှင်မူက ကောင်းကင်နတ်အရှင်ယွီရဲ့ နတ်ဘုရားဖြစ်နိုင်မယ့် နည်းလမ်းကို ဖြန့်ဝေပေးခဲ့တော့.. မျိုးနွယ်တွေ တိုးတက်လာဖို့က အချိန်ပဲ လိုတယ်... ငါတို့နှစ်ယောက်လုံး ဒီကိစ္စကို တိုင်ပင်ပြီးပြီ... အရှေ့မှာ အန္တရာယ်တွေအများကြီး စောင့်ကြိုနေတယ်လို့ ခံစားရတယ်... ဒါကြောင့် ငါတို့တွေ တကွဲတပြားဖြစ်နေလို့ မရတော့ဘူး... လူသားမျိုးနွယ်အတွက် မဟာမိတ်အဖွဲ့ တည်ထောင်ပြီး ကျန်တဲ့မျိုးနွယ်တွေရဲ့ အနာဂတ်အတွက် အတူတူ အစီအစဉ်ဆွဲဖို့ လိုတယ်”
ကောင်းကင်နတ်အရှင်လင် ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွား၏။ “ကောင်းကင်မဟာမိတ်အဖွဲ့ဆိုရင်ရော”
နှစ်ယောက်သား အံ့အားသင့်သွားကြပြီး အလျင်အမြန် ပြောလိုက်ကြသည်။ “ကောင်းကင်နတ်အရှင်လင်မှာလည်း ဒီလိုအစီအစဉ် ရှိနေတာလား... မဟာမိတ်အဖွဲ့ ထူထောင်ဖို့ တွေးထားပြီးပြီလား... ကောင်းကင်မဟာမိတ်အဖွဲ့တဲ့လား... ဒီနာမည်ကို မင်း စဉ်းစားထားတာလား”
ကောင်းကင်နတ်အရှင်လင်က ခေါင်းယမ်း၏။ “ကောင်းကင်နတ်အရှင်မူ စဉ်းစားထားတဲ့ နာမည်ပါ... ကောင်းကင်နတ်အရှင်ချင်လည်း ကောင်းကင်မဟာမိတ်အဖွဲ့မှာ ပါတယ်... ကျွန်မ ကောင်းကင်နတ်အရှင်ရုံနဲ ကောင်းကင်နတ်အရှင်ဟွေ့ကို သွားရှာပြီး ကောင်းကင်မဟာမိတ်အဖွဲ့ထဲ ထည့်မလို့ လုပ်နေတာ”
ကောင်းကင်နတ်အရှင်ယွင် ကပျာကယာ ပြောလိုက်သည်။ “ကောင်းကင်နတ်အရှင်ရုံက အဆင်ပြေပေမယ့် ကောင်းကင်နတ်အရှင်ဟွေ့က စိတ်ဆတ်တယ်... နှုတ်လည်း မလုံဘူး... ကောင်းကင်နတ်အရှင်ဟောင်နဲ့လည်း ရင်းနှီးတော့ ကောင်းကင်မဟာမိတ်အဖွဲ့ထဲ ဝင်ဖို့ မသင့်တော်ဘူးထင်တယ်”
“ကောင်းကင်နတ်အရှင်မူနဲ့ ကောင်းကင်နတ်အရှင်ချင် ဘယ်မှာလဲ” ကောင်းကင်နတ်အရှင်ယွဲ့က မေးသည်။
ကောင်းကင်နတ်အရှင်လင် ပြုံးလိုက်ပြီး အေးအေးဆေးဆေး ပြောလိုက်၏။ “သူတို့က ကျွန်မတို့ကို အနာဂတ်မှာ ကျွန်မတို့နဲ့ ပြန်ဆုံစည်းမယ့်ရက်ကို စောင့်နေကြတယ်... ကောင်းကင်နတ်အရှင်ရုံကို သွားရှာကြစို့”
သူတို့သုံးယောက်သား နဂါးသွဲ့ရေကန်နန်းဆောင်ငယ်ဆီသို့ လျှောက်သွားလိုက်ကြစဉ် ကောင်းကင်နတ်အရှင်ယွင်က တခဏစဉ်းစားကာ ပြောလိုက်၏။ “ငါတို့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ဖို့ လိုတယ်... ကောင်းကင်မဟာမိတ်အဖွဲ့ဟာ မျိုးနွယ်တွေရဲ့ ဘေးကင်းလုံခြုံမှုကို ရှေ့ရှုမယ်... ထူးချွန်ထက်မြက်တဲ့ လူတွေပဲ ဝင်ရောက်ခွင့်ရှိမယ်... နောက်ပိုင်း ပြဿနာတွေ မဖြစ်ရအောင် သူတို့ရဲ့ အကျင့်စရိုက်နဲ့ စိတ်အခြေအနေကိုလည်း စမ်းသပ်ရမယ်”
ကောင်းကင်နတ်အရှင်ယွဲ့ကလည်း ပြောသည်။ “ဟုတ်တယ် တောင်းမှာအကွပ်၊ လူမှာအဝတ်ဆိုသလို၊ စည်းကမ်းတွေ ရှိရမယ်... ကျွန်မတို့ လူဆိုးတွေကို ကောင်းပေးလို့မရဘူး... လူကောင်းတွေအပေါ်လည်း မဆိုးသွမ်းရဘူး... လူကောင်းတွေအပေါ် ပိုကောင်းပေးရမယ်... လူဆိုးတွေအပေါ် ပိုဆိုးပေးရမယ်... အဲဒါမှ ကောင်းကင်မဟာမိတ်အဖွဲ့ အဓွန့်ရှည်တည်တံ့မှာ”
ကောင်းကင်နတ်အရှင်လင်က ပြော၏။ “ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ... ကျွန်မတို့ အဲဒါကိုလည်း ထူထောင်ရမယ်... အရင်ဆုံး ကောင်းကင်နတ်အရှင်ရုံကို ရှာကြစို့.... ဒီခေတ်၊ ဒီရွှေရောင်ခေတ်မှာ ဖရိုဖရဲတော့မယ့် လက္ခဏာတွေ ပြနေပြီ... ကျွန်မတို့ အဆင်သင့်ဖြစ်နေဖို့ လိုတယ်”
....
အမှောင်ထု လွှမ်းခြုံသွားသည့်အခါ ခိုင်ဧကရာဇ် မြင်ရသည်မှာ ကောင်းကင်နတ်အရှင်လင်နှင့် တောင်နတ်မင်းကျူချွဲအာတို့ဘက်မှ မြင်ရသော မြင်ကွင်းနှင့် မတူပေ။
သူသည် မူလနေရာတွင်သာ ရပ်လျက်ရှိပြီး ပြောင်းလဲနေသည်မှာ သူ့ပတ်ဝန်းကျင်ရှိ ဒြပ်ဝတ္ထုများ ဖြစ်၏။ ကောင်းကင်နတ်အရှင်လင်နှင့် တောင်နတ်မင်းကျူချွဲအာက အနက်ရောင်သဲမှုန်များသဖွယ် လွင့်စင်ပြိုကွဲသွားသည်။ ခမ်းနားကြီးမားလှသော ကောင်းကင်နတ်ဘုံသည်လည်း သဲတို့ဖြင့် ရေးခြယ်ထားသော ပန်းချီကားတစ်ချပ်ပမာ လွင့်ပျယ်ပျောက်ကွယ်သွား၏။
ဒြပ်မှုန်များက ဆုတ်ခွာသွားခြင်းဖြစ်ပြီး အချိန် ရှေ့ပြန်သွားနေခြင်းမဟုတ်ပေ။
‘ကောင်းကင်နတ်အရှင်လင် မှန်တယ်’
နေရောင်က ဖြာကျလာသည်။ အမှောင်ထုသည် လုံးဝဥဿုံ ပျောက်ကွယ်သွားတော့၏။
သူ ရပ်နေသည်မှာ ရှေးခေတ်၏ ကောင်းကင်နတ်ဘုံ မဟုတ်တော့ဘဲ... တိတ်ဆိတ်ခြောက်ကပ်နေသော ကန္တာရတစ်ခုအပေါ်တွင် ဖြစ်ပြီး မလှမ်းမကမ်းတွင် မာန်ဟုန်မြစ်က တသွင်သွင် စီးဆင်းနေသည်။
ဤနေရာကား ချုံဧကရာဇ်ခေတ်၏ မဟာမြို့ပျက်ပင်။ ဤမဟာမြို့ပျက်ထဲတွင် အဆန်းတကြယ်ဖြစ်ရပ်များ ပြည့်နှက်နေသည့်အပြင် ကံကောင်းထောက်မ၍ ချုံဧကရာဇ်ခေတ်မှ အသက်ရှင်ကျန်ခဲ့သူများ နေထိုင်နေကြ၏။ အပြင်လောကမှ လာရောက်နေကြသူတချို့လည်း ရှိသည်။
ခိုင်ဧကရာဇ်မှာ ဤမြင်ကွင်းကို ငေးငေးငိုင်ငိုင် ကြည့်ရင်း မာန်ဟုန်မြစ်ဆီသို့ လျှောက်သွားကာ သူ့ဘာသာသူ တွေးနေသည်။ ‘ကောင်းကင်နတ်အရှင်မူ၊ ငါတို့ ပြန်တွေ့ရဦးမှာပါ... ဟုတ်တယ်မလား... ဟုတ်တယ်... ငါ အဲဒီလို နတ်ဓားတစ်လက် သွန်းလုပ်ချင်တယ်...’
အဝေးရှိ မာန်ဟုန်မြစ်၏ ကမ်းစပ်များတွင် ကောင်းကင်နတ်သိုင်းပညာရှင်များ ရှာဖွေနေကြပြီး တစ်ယောက်က ခိုင်ဧကရာဇ်ကို လှမ်းမြင်လျှင် ဝမ်းသာအားရ အော်လိုက်သည်။ “ချင်ယဲ့က ဟိုမှာကွ”
အားလုံး ကပျာကယာ ပြေးသွားကြပြီး ရှေ့ဆုံးတွင် နွားအိုကြီးတစ်ကောင် ရှိနေသည်။ နွားကြီးက အစိမ်းရောင်အကြေးခွံများ ဖုံးနေပြီး သူ့ကျောအပေါ်၌ ခပ်ငယ်ငယ် လယ်သမားလေးတစ်ယောက် ထိုင်နေ၏။ လယ်သမားလေးသည် တောင့်တင်းကြံ့ခိုင်သော်လည်း အရပ်သိပ်မရှည်။
သူ့အနောက်၌ ခေါက်ယပ်တောင်တစ်လက်ဖြင့် မိန်းကလေးတစ်ယောက် ရှိသည်။ တံငါသည်တစ်ယောက်လည်း တွေ့မြင်ရပြီး သူ၏ခြင်းထဲတွင် အနီရောင်ခွန်လေးနှစ်ကောင်က ခေါင်းပြူထွက်ကာ စပ်စုနေကြ၏။ နောက်ဆုံးတွင်တော့ သစ်ခုတ်သမားတစ်ယောက် ရှိသည်။
သူတို့က ခိုင်ဧကရာဇ်ဆီ ပြေးလာနေကြပြီး သစ်ခုတ်သမားလူငယ်မှာ အနှေးဆုံး ဖြစ်လေသည်။ သူက အမောတကော အသက်ရှူနေ၏။ “ငါ့ကို စောင့်ကြပါဦးဟ....”
“ချင်ယဲ့ မင်းကွာ ဘယ်ရောက်နေတာတုန်း.... မင်းကို ရှာဖို့ တော်တော် အပင်ပန်းခံလိုက်ရတယ်ကွ”
လယ်သမားလူငယ်က နွားအိုကြီး၏ကျောမှ ခုန်ဆင်းပြီး ခိုင်ဧကရာဇ်ကို လက်သီးဖြင့် ထိုးသည်။ ခိုင်ဧကရာဇ်မှာက လက်သီးအားကြောင့် နောက်လှန်ကျတော့မလို ဖြစ်သွားကာ နာကျင်စွာ အော်ညည်းလိုက်ရ၏။ လယ်သမားက ကမန်းကတန်း ပြောသည်။ “အပိုတွေ လုပ်မနေနဲ့... ငါတို့ အရင်တုန်းက ခဏခဏ တိုက်ခိုက်ဖူးသား... မင်းပဲ ငါ နာလွန်းလို့ အော်မငိုမချင်း ရိုက်တာလေ... မင်း ပျောက်နေတာ ရက်တွေ အများကြီးကြာပြီ... တံငါသည်က မင်းကို ဒီမှာ ခြေရာခံမိတာပဲ... နောက်ပိုင်း ဘာသဲလွန်စမှ မတွေ့တော့ဘူး”
ခိုင်ဧကရာဇ် ပြုံးကာ ပြောလိုက်၏။ “ငါ ထူးဆန်းတဲ့နေရာတစ်နေရာထဲ မတော်တဆ ဝင်သွားပြီး အဆန်းတကြယ် ဖြစ်ရပ်တွေ ကြုံတွေ့ခဲ့ရတယ်”
အားလုံး သူ့ကို ဝိုင်းအုံပြီး စပ်စုကြသည်။ “ဘယ်လိုဖြစ်ရပ်တွေတုန်း”
ခိုင်ဧကရာဇ်သည် ငေးငိုင်သွားပြီးနောက် ရုတ်တရက် ခေါင်းယမ်းလေ၏။ “မပြောတာပဲ ကောင်းပါတယ်”
လယ်သမားဘေးရှိ နွားအိုကြီးက စကားပြောသည်။ “ကျေးဇူးရှင်လေး၊ အခုထိ ပွင့်ပွင့်လင်းလင်းကို မရှိဘူး... မင်း ပြောနိုင်တာ ဘာရှိသေးလဲ”
ခိုင်ဧကရာဇ်မှာ သူ့အသံကို ကြားလျှင် အကြီးအကျယ် အံ့အားသင့်သွားသည်။ အတန်ကြာမှ စိတ်နှင့်ကိုယ် ပြန်ကပ်သွားပြီး နွားအိုကြီးကို ကြည့်ကာ ရယ်ချင်လာတော့၏။ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များအား မပြောရန်လည်း ပို၍ပင် သေချာသွားတော့သည်။
ဤသို့ဖြင့် အချိန်များ တရွေ့ရွေ့ ကုန်လွန်သွား၏။
ခိုင်ဧကရာဇ်၏နောက်သို့ လိုက်လာကြသူများ တစတစ များပြားလာပြီး တိရီယွဲ့၊ တျန်းရှု၊ သိကြားအစရှိသော သိုင်းပညာရှင်များ ကမ္ဘာပေါ်တွင် ထင်ပေါ်ကျော်ကြားလာကြကာ သူ၏နောက်လိုက်များ ဖြစ်လာကြသည်။
ယနေ့တွင် ခိုင်ဧကရာဇ်အင်ပါယာ တည်ထောင်၏။ ချုံဧကရာဇ်၏ မဟာမြို့ပျက်အပေါ်၌ ထပ်၍ တည်ဆောက်ခြင်း ဖြစ်သည်။ သူတို့အားလုံး နတ်ဘုရားနိုင်ငံတော်တစ်ခု ထူထောင်ကာ ခိုင်ဧကရာဇ်ဟု ထီးနန်းစိုက်ထူကြသည်။
နန်းတက်ပွဲအခမ်းအနားပြီးနောက် ခိုင်ဧကရာဇ်လည်း အနည်းငယ် ပင်ပန်းနေသည်။ သူက အားလုံးကို ပြန်လွှတ်လိုက်ပြီး မှတ်တမ်းအစီရင်ခံစာများ ဖတ်ရန် တော်ဝင်စာကြည့်ဆောင်ဆီသို့ ရောက်လာခဲ့၏။
ဤအခိုက်အတန့်တွင် စာကြည့်ဆောင်၏ တံခါးက ရုတ်တရက် ပွင့်သွားပြီး အစိမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးတစ်ယောက် ဝင်လာသည်။
ခိုင်ဧကရာဇ် ခေါင်းမော့၍ အမျိုးသမီးကို မြင်လိုက်သည့်အခါ သူ့တစ်ကိုယ်လုံး တုန်ရီသွား၏။
“ကောင်းကင်နတ်အရှင်ချင်”
ထိုအမျိုးသမီးက ပြုံးပြသည်။ “မတွေ့ရတာ ကြာပြီနော်... ကျွန်မ ရှင့်ကို စောင့်နေတာပါ... စောင့်ခဲ့ရတာ အင်မတန် ကြာပြီ”
ခိုင်ဧကရာဇ် ထရပ်လိုက်ပြီး မျက်ရည်များ စီးကျလာသည်။
“ကောင်းကင်နတ်အရှင်လင်”
“ကောင်းကင်နတ်အရှင်ချင်၊ ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ တည်ထောင်သူဂိုဏ်းဝင်... ကောင်းကင်မဟာမိတ်အဖွဲ့မှ ပြန်လည်ကြိုဆိုပါတယ်”
....
ချင်မူနှင့် နွားအိုကြီး မြင်ရသည်မှာလည်း ခိုင်ဧကရာဇ်နှင့် ဆင်သည်။ ချင်မူသည် အနက်ရောင်သဲမှုန်များလို ဒြပ်ဝတ္ထုများ လွင့်မျောသွားသည်ကို ဒုတိယအကြိမ် မြင်ရခြင်းဖြစ်သော်လည်း နျိုစန်းသွောအတွက်မူ ပထမဆုံးဖြစ်သဖြင့် တအံ့တဩ စုပ်သပ်နေမိ၏။
အမှောင်ထု မှေးမှိန်သွားသည့်အခါ ချင်မူ ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။ သူတို့သည် ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ အနောက်ဘက်တွင် ဖြစ်ပြီး မိုင်တစ်ရာခန့် မြင့်မားသော သဘောဝကမ်းပါးကြီးက အရှေ့၌ ရှိနေဆဲ ဖြစ်သည်။
‘အဲဒီခေတ်ရဲ့ ကောင်းကင်နတ်ဘုံက ရှေးဟောင်းနတ်ဘုရားတွေ ပျောက်ကွယ်ကုန်ကြတာ ကြာပြီ... မဟာမြို့ပျက်ပဲ ကျန်တော့တယ်... ဒီမဟာမြို့ပျက်ရဲ့ မြေကြီးအောက်ထဲမှာ အဲဒီရှေးဟောင်းနတ်ဘုရားတွေ မြှုပ်နှံခံထားရလောက်မယ်.. ဟုတ်တယ်မလား’
သူ ခြေထောက်အောက်ရှိ မြေပြင်ကို ကြည့်ရင်း အတိတ်ကို တွေးကာ ရင်ထဲ ဆို့နင့်နေမိသည်။
နဂါးဟန်ခေတ်မှ ယနေ့ခေတ်အထိ နှစ်ပေါင်းမည်မျှ ကြာခဲ့ပြီနည်း။
ဤမျှရှည်လျားသော သမိုင်းအတွင်း ထူးချွန်သော ပါရမီရှင်မည်မျှ ဤနေရာတွင် မြှုပ်နှံခံခဲ့ရသနည်း။
သူတို့သည် မှောင်မိုက်နေသော ကောင်းကင်ယံ၌ တလက်လက် တောက်ပနေသည့် ကြယ်များနှင့် တူ၏။
ဝှမ် ဝှမ်
ရွှင်ပျော်ပျော်ဓားက ချင်မူ့ကို လှည့်ပတ်ပျံဝဲရင်း ပျော်ရွှင်စွာ ခုန်ပေါက်နေသည်။ ဓားသည်လည်း သူနှင့်အတူ အနာဂတ်သို့ ပြန်ရောက်လာခဲ့ပြီး လောလောဆယ်တွင် မြူးမြူးထူးထူး အော်မြည်နေ၏။ သေရွာမှ နိုးထလာသည့်အလား ထင်ရသည်။
ရွှင်ပျော်ပျော်ဓားက ခိုင်ဧကရာဇ်နောက်သို့ လိုက်မသွားခဲ့ပေ။
ချင်မူ့ခေတ်နှင့် သက်ဆိုင်သောကြောင့် ၎င်းသည် ခိုင်ဧကရာဇ်နှင့်အတူ ထွက်သွားမည်မဟုတ်။
ချင်မူ ဓားအား ညင်ညင်သာသာ ပွတ်သပ်ပေးလိုက်သည့်အခါ ရွှင်ပျော်ပျော်ဓားသည် သူ့လက်ချောင်းများအောက်၌ အသာအယာ လူးနေ၏။ ဓားအတွင်းရှိ စွမ်းအင်ကို ချင်မူ ခံစားလိုက်ရသည်။
ခိုင်ဧကရာဇ်၏ ဓားကား အသက်ဝင်လာခဲ့ချေပြီ။
“အစ်ကိုကြီးစန်းသွော၊ သွားစို့”
ချင်မူ လက်မြှောက်လိုက်သည်နှင့် ရွှင်ပျော်ပျော်ဓားက အော်သံတစ်ချက်ပြုကာ ဓားစက်လုံးနှင့် ပေါင်းသွားသည်။
နျိုစန်းသွောမှာ ငေးငေးငိုင်ငိုင် ဖြစ်နေသေးသည်။ ချင်မူက အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “ဖုန်းတုကို သွားရအောင် အစ်ကိုကြီး.... မမကြီးတီရီယွဲ့နဲ့ ကောင်းကင်နတ်မင်းတျန်းရှု အဲဒီကို ရောက်ပြီး ဖုန်းတုကို ပြန်တည်ဆောက်နေလောက်ပြီ.... ကျွန်တော် ဖုန်းတုကနေတစ်ဆင့် ယိုတုထဲ ဝင်ပြီး ခေါင်းအနောက်မှာ မိစ္ဆာမျက်နှာဖုံးတပ်ထားတဲ့ အဲဒီမိတ်ဆွေကြီးကို သွားတွေ့မယ်”
နွားအိုကြီး သတိပြန်ဝင်လာသော်လည်း ငေးငေးငိုင်ငိုင်ဖြင့် ပြောသည်။ “အိပ်မက်လိုပဲကွာ... ပုံရိပ်ယောင်ကို မြင်တွေ့ခဲ့ရတာလား... တကယ်ပဲ အတိတ်ကို ပြန်ရောက်သွားတာလား မသိတော့ဘူး... ညီလေး၊ ငါတို့ ပြန်လာပြီးနောက်ပိုင်း နဂါးဟန်ခေတ်မှာ ဘာတွေဖြစ်မယ် ထင်လဲ... ကောင်းကင်နတ်အရှင်လင်က တတိယထောက်တိုင်၊ တတိယကောင်းကင်ဘုံကို ထူထောင်နိုင်ခဲ့မလား... နဂါးဟန်ရဲ့ ကောင်းကင်ဘုံသုံးဘုံမှာ ဘယ်ဘက်က အနိုင်ရသွားမလဲ”
“ကျွန်တော် မသိဘူး... ကျွန်တော်လည်း အဲဒီနောက်ပိုင်း ဘာဖြစ်သွားလဲ သိချင်တယ်”
ချင်မူ သူနှင့်အတူ ရှေ့ဆက်သွားပြီး ပြောလိုက်သည်။ “ဒါပေမဲ့ အချိန်နောက်ပြန်ရောက်သွားတာက ကျွန်တော်တို့ ထိန်းချုပ်လို့ရတဲ့ အရာမဟုတ်ဘူး... ဒါပေမဲ့ အမှန်တရားကို ဖော်ထုတ်နိုင်ဖို့ နီးနေပြီလို့ ခံစားရတယ်.... အစ်ကိုကြီး အဲဒီအဝါရောင်စက္ကူကို ကျွန်တော့်ဆီ ပြန်ပေးလို့ ရပြီနော်”
နွားအိုကြီး အဝါရောင်စက္ကူအား ကပျာကယာ ထုတ်ပြီး သူ့ဆီ ပေးလိုက်၏။ သူ့မျက်နှာတွင် ထူးဆန်းသောအမူအရာ ရှိနေသည်။ “ငါ ခိုင်ဧကရာဇ်ကို ချခဲ့တယ်... ကောင်းကင်နတ်ဘုံမှာ သောင်းကျန်းခဲ့တယ်... ကောင်းကင်နတ်ဧကရာဇ်ရဲ့ မိန်းမကို အပီအပြင် တီးခဲ့မိတယ်... ရှေးဟောင်းနတ်ဘုရားတွေကိုလည်း ရိုက်ခဲ့တယ်... မလွတ်မြောက်နိုင်တဲ့ ပိုက်ကွန်ကတောင် ငါ့ကို မဖမ်းနိုင်ခဲ့ဘူး... တောင်နတ်မင်းကျူချွဲအာနဲ့လည်း တွေ့ရတဲ့အပြင် လူသားမျိုးနွယ်ရဲ့ ရှေးအကျဆုံး ကောင်းကင်နတ်အရှင်တွေနဲ့လည်း ဆုံခဲ့ရသေးတယ်... ဒီအကြောင်းတွေ ပြောပြလိုက်ရင် သခင်ကြီး ယုံမှာတောင် မဟုတ်ဘူး... ဟီးဟီး သခင်ကြီးကို သေအောင် ခြောက်လို့ရပြီ... အမ်၊ ရွှေအဆင့်တပ်မှူး အမိန့်ပြားက ငါ့ဆီ ရှိနေတုန်းဟ”
နျိုစန်းသွော ခါးမှ အမိန့်ပြားကို ဖြုတ်လိုက်ပြီး အမိန့်ပြားသည် နေရောင်ထဲတွင် တောက်ပနေ၏။ သူက ၎င်းကို သေသေချာချာ ကြည့်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ငါ နျိုစန်းသွောက ရှေးဟောင်းနတ်ဘုရားတွေရဲ့ ကောင်းကင်နတ်ဘုံမှာ အရာရှိတစ်ယောက် ဖြစ်သွားမယ် မထင်ထားဘူး... ဒီအမိန့်ပြားက ရှိနေတုန်းဆိုတော့ အိပ်မက်မဟုတ်တာ သေချာတယ်... တကယ် ဖြစ်ပျက်ခဲ့တာပဲ... သခင်ကြီး ဒီအမိန့်ပြားကို မြင်သွားလို့ကတော့ သေချာပေါက် ဘောင်းဘီထဲ သေးပေါက်ချလိမ့်မယ်”
ချင်မူက နေရောင်အောက်ရှိ အမိန့်ပြားကို ကြည့်လိုက်ပြီး ရုတ်တရက် မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ တည်ထောင်သူဂိုဏ်းသခင် ဝေစွေ့ဖုန်း ပေးခဲ့သော အလွန်ရှေးကျသည့် အမိန့်ပြားကို သူ ထုတ်လိုက်၏။ အမိန့်ပြားနှစ်ပြားကို နေရောင်ထဲတွင် ယှဉ်လိုက်သည့်အခါ တစ်ခုက အလွန်သစ်ပြီး တစ်ခုက အလွန်ဟောင်းနေသည်။
အလင်းရောင်က အမိန့်ပြားအသစ်ကို ဖြတ်၍ စီးဆင်းသွားသည့်အခါ အမိန့်ပြားအဟောင်းကိုလည်း အသက်သွင်းနိုင်သွားသည်။ မရေမတွက်နိုင်သော ရှေးဟောင်းစာလုံးများနှင့် သင်္ကေတအမှတ်အသားများ တစတစ ဖွဲ့တည်လာလေ၏။