အသက်ပြန်သွင်းခြင်း
Vol. 56 Ch. 753
ယိုတုသင်္ကေတအမှတ်အသားများက ကောင်းကင်နတ်အရှင်ယွီ၏ ခေါင်းတလားကို စောင့်ရှောက်ပေးထားသည်။ ချင်မူ ဤနေရာသို့ ရောက်သည့်အခါ သူ့နှလုံးသားသည် တည်ငြိမ်သွားပြီး သူက သင်္ကေတအမှတ်အသားများ၏ ဆန်းကြယ်နက်နဲသော သဘောတရားများကို လေ့လာလိုက်၏။
မြေအောက်ဘုံအရှင်သခင်က ကောင်းကင်နတ်အရှင်ယွီ၏ ရုပ်ခန္ဓာကို ထိန်းသိမ်းပေးရန် ဤသင်္ကေတအမှတ်အသားများ ချန်ထားခဲ့ခြင်း ဖြစ်သည်။ အမှန်တွင် မြေအောက်ဘုံအရှင်သခင် သူ၏သင်္ကေတအမှတ်အသားများဖြင့် ကာကွယ်မပေးထားလျှင်တောင်မှ ကောင်းကင်နတ်အရှင်ယွီ၏ ရုပ်ခန္ဓာက အိုမင်းမည်မဟုတ်သလို၊ သေဆုံးသွားမည်လည်း မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်နတ်အရှင်ယွီသည် ရှေးဟောင်းနတ်ဘုရားအားလုံးဆီမှ ကောင်းချီးများ လက်ခံရရှိခဲ့သည့် တစ်ဦးတည်းသော လူသားဖြစ်၍ပင်။
ကောင်းကင်နတ်အရှင်ခုနစ်ဦးလည်း ရှေးဟောင်းဘုရားများဆီမှ ကောင်းချီးများ လက်ခံရရှိခဲ့သည်။
ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာကို ဖွင့်လှစ်ခဲ့သော ကောင်းကင်နတ်အရှင်ဟောင်သည် ဓာတ်ကြီးငါးပါး ကြယ်တာရာအရှင်သခင်ငါဦးနှင့် ကောင်းကင်နယ်စားမင်းဆီမှ ကောင်းချီးများ ရရှိခဲ့၏။ သူ၏ရုပ်ခန္ဓာက မအိုမင်းနိုင်သည့်အပြင် (အသက်ရှည်ခြင်း၊ ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ အေးချမ်းခြင်း၊ အင်အားကြီးမားခြင်း၊ သဘာအတိုင်းသာ သေဆုံးခြင်း) ကောင်းခြင်းအင်္ဂါငါးမျိုးက သူ့အပေါ် သက်ရောက်လေသည်။
အရပ်ခြောက်မျက်နှာကောင်းကင်ရတနာ ဖွင့်လှစ်ခဲ့သော ကောင်းကင်နတ်အရှင်လင်က အမိကမ္ဘာမြေဆီမှ ကောင်းချီးလက်ခံရရှိခဲ့ကာ အိုမင်းခြင်း< သေဆုံးခြင်း မရှိပေ။
ခုနစ်စဉ်ကြယ် ကောင်းကင်ရတနာ ဖွင့်လှစ်ခဲ့သော ကောင်းကင်နတ်အရှင်ယွဲ့က မဟာနေဧကရာဇ်၊ မဟာလဧကရာဇ်နှင့် ကောင်းကင်နယ်စားမင်းတို့ဆီမှ ကောင်းချီးများ လက်ခံရရှိခဲ့၏။ သူမ၏ရုပ်ခန္ဓာလည်း အို၊ နာ၊ သေဘေးမှ ကင်းလွတ်သည်။
ကောင်းကင်နတ်အသွင် ကောင်းကင်ရတနာကို ဖွင့်လှစ်ခဲ့သော ကောင်းကင်နတ်အရှင်ဟွေ့သည် နတ်မင်းလေးပါးဆီမှ ကောင်းချီးများ လက်ခံရရှိခဲ့၏။ အသက်အရွယ်ကြီးရင့်လာသည့်တိုင် သူ့တွင် မပျက်စီးနိုင်သော မျက်လုံးနှင့် နားတို့ ရှိလိမ့်မည်။
သေခြင်းရှင်ခြင်းကောင်းကင်ရတနာ ဖွင့်လှစ်ခဲ့သော ကောင်းကင်နတ်အရှင်ရုံက မြေအောက်ဘုံအရှင်သခင်ဆီမှ ကောင်းချီးလက်ခံရရှိခဲ့သည်။ သူလည်း မသေနိုင်သော မသေမျိုးဖြစ်ပြီး သူ၏မူလဝိညာဉ်က ထာ၀ရသန်မာအားကောင်း၏။
ကောင်းကင်တံတား ကောင်းကင်ရတနာ ဖွင့်လှစ်ခဲ့သော ကောင်းကင်နတ်အရှင်ယွင်မှာမူ ကောင်းကင်နယ်စားမင်းဆီမှ ကောင်းချီးလက်ခံရရှိခဲ့၏။ သူလည်း မအိုမင်းနိုင်သော မသေမျိုးဖြစ်ပြီး သူ၏မူလဝိညာဉ်သည် ကြည်လင်ပြတ်သားစွာ တောက်ပ၏။
ကောင်းကင်နတ်အရှင်ခြောက်ပါးသည် ကောင်းချီးများ လက်ခံရရှိခဲ့ပြီး မသေနိုင်ကြသော်လည်း တစ်ယောက်နှင့်တစ်ယောက် ရရှိခဲ့သော ကောင်းချီးများက မတူညီပေ။
ဥပမာ ကောင်းကင်နတ်အရှင်ရုံက မြေအောက်ဘုံအရှင်သခင်ဆီမှ ကောင်းချီးအဖြစ် ‘မသေမျိုး’ဘဝကို ရခဲ့ကာ ထာတရသန်မာအားကောင်းသော မူလဝိညာဉ်ကို ပိုင်ဆိုင်ခဲ့သော်လည်း ‘မသေမျိုး’က မအိုမင်းနိုင်ဟု မဆိုလိုပေ။ ထို့ကြောင့် ကောင်းကင်နတ်အရှင်ရုံသည် အိုမင်းလာ၏။ အဘယ်ကြောင့်ဆိုသော် မြေအောက်ဘုံအရှင်သခင်က အိုခြင်းတရားကို ထိန်းချုပ်သော နတ်ဘုရားမဟုတ်၍ ကောင်းကင်နတ်အရှင်ရုံအား မသေမျိုးဘဝ ပေးနိုင်သော်လည်း မအိုမင်းအောင် မလုပ်ပေးနိုင်ပေ။
အခြားတစ်ဖက်တွင် ကောင်းကင်နယ်စားမင်းသည် ကောင်းကင်နတ်အရှင်ယွင်ကို မသေမျိုးဘဝ ပေးအပ်ခဲ့ပြီး အိုဘေးမှ ကင်းလွတ်စေခဲ့၏။ သို့သော် ကောင်းကင်နယ်စားမင်း၌ မူလဝိညာဉ် ထာဝရသန်မာအားကောင်းအောင် လုပ်ပေးနိုင်သော နည်းလမ်းမရှိပေ။ ထို့ကြောင့် တောက်ပသော မူလဝိညာဉ်ကိုသာ ချီးမြှင့်ပေးကာ ကောင်းကင်ဘုံ၏မျက်လုံးကို ပိုင်ဆိုင်စေခဲ့သည်။
သို့သော် ကောင်းကင်နတ်အရှင်ယွီကတော့ ရှေးဟောင်းနတ်ဘုရားအားလုံး၏ ကောင်းချီးလက်ခံရရှိထားသူ ဖြစ်ပေသည်။
ရှေးဟောင်းနတ်ဘုရားတို့၏ ကောင်းချီးများမှာ သဘာဝ၏ကောင်းချီးများ ဖြစ်သည့်အပြင် ကောင်းကင်နတ်ဧကရာဇ်နှင့် ကောင်းကင်နတ်ဧကရီတို့၏ ကောင်းချီးများလည်း ပါဝင်နေသေးသည်။
ကောင်းကင်နတ်အရှင်ယွီသည် ထာဝရသန်မာအားကောင်းသော မူလဝိညာဉ်တစ်ခုအား ပိုင်ဆိုင်ထားသင့်ပြီး မသေနိုင်သော မသေမျိုး ဖြစ်သင့်ပါသော်လည်း ... ကောင်းကင်နတ်အရှင်ယွီ၏ ရုပ်ခန္ဓာမှာ မန့်လန်အဆောင်တွင် အသတ်ခံလိုက်ရသည့်အပြင် ယိုတုကို မဝင်နိုင်သည်အထိ မူလဝိညာဉ်လည်း ဖျက်စီးခံခဲ့ရသည်။ ပြိုကွဲသွားသော အစိတ်အပိုင်းများ ယိုတုသို့ မဝင်နိုင်လျှင် ကောင်းချီများလည်း အသုံးမဝင်တော့ပေ။ ဤသည်မှာ လူအများ မတွေးမိသော ဟာကွက်ကြီးဖြစ်၏။
ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်ယင်သားတော် ကောင်းကင်နတ်အရှင်ယွီကို လုပ်ကြံလိုက်မှ ဤဟာကွက် ပေါ်လွင်လာခဲ့သည်။ ဤဖြစ်ရပ်၏ နောက်ကွယ်တွင် ပို၍ရှုပ်ထွေးသော ကိစ္စများ ရှိလိမ့်မည်။ ကောင်းကင်နတ်ဧကရာဇ်နှင့် ကောင်းကင်နတ်ဧကရာဇ်၏ ညီမ ပါဝင်ပတ်သက်နေသည်လား ဆိုသည်ကိုမူ မည်သူမှ မသိနိုင်ပေ။
ချင်မူ ဤဖြစ်ရပ်၏ နောက်ကွယ်ရှိ အကြောင်းရင်းကို တွေးရင်း တုန်လှုပ်မိသည်။ ထိုစဉ်တုန်းက နဂါးသွဲ့ရေကန်တွေ့ဆုံပွဲသည် အေးချမ်းသာယာပုံပေါ်ခဲ့၏။ ကောင်းကင်နတ်အရှင်ဟောင် ကောင်းကင်နတ်အရှင်ယွီကို လုပ်ကြံသတ်ဖြတ်ခဲ့ပြီးနောက်တွင်ပင် အားလုံးက ဝမ်းနည်းကြေကွဲရုံသာ ကြေကွဲခဲ့ကြပြီး ကြီးကြီးမားမား လှုပ်ရှားခဲ့ခြင်းမရှိပေ။ အရာအားလုံး တည်ငြိမ်အေးချမ်းခဲ့သည်။
သို့သော် တည်ငြိမ်နေသော မျက်နှာပြင်အောက်တွင် ထိုမျှကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုစိတ် ရှိနေမည်ဟု မည်သူထင်ထားမည်နည်း။
ယခု ချင်မူ မြေအောက်ဘုံအရှင်သခင်၏ ကောင်းချီးကို သဘောပေါက်မှ ကြောက်လန့်မိသွား၏။
‘ကောင်းကင်နတ်အရှင်ဟောင်က အဲဒီလိုကောင်းကင်နတ်ဧကရာဇ်တစ်ယောက်ကို တကယ် အုနိင်ယူနိုင်ပါ့မလား... နဂါးဟန်ရဲ့ ကောင်းကင်ဘုံသုံးဘုံမှာ ဘယ်သူက အနိုင်ရသွားမလဲ’
ချင်မူ သူ့ဘေးရှိ ကောင်းကင်နတ်အရှင်ရုံဆီသို့ ကြည့်လိုက်သည်။ ကောင်းကင်နတ်အရှင်ရုံမှာ ဤအကြောင်း ပြောလေ့မရှိသဖြင့် ပြောချင်ပါ့မည်လား မသိပေ။
‘ကောင်းကင်နတ်အရှင်ယွီကို အသက်သွင်းပြီးရင် အသေးစိတ် မေးကြည့်ရမယ်’
ချင်မူ လက်မြှောက်လိုက်သည့်အခါ ဗုဒ္ဓစွမ်းအင်သတ္ထုအနီဖြင့် သွန်းလုပ်ထားသော ခေါင်းတလားသည် တမုဟုတ်ချင်း ပွင့်သွား၏။ အဖုံးက အဝေးသို့ ပျံထွက်သွားပြီး မြေပြင်ပေါ်သို့ ညင်ညင်သာသာ ကျသွားကာ မည်သည့်အသံမှ ထွက်မလာပေ။
ဤနေရာသည် တျန်းချိကျွင်း၏ စံအိမ်ဖြစ်သည်။ မရဏတမန်တော်၏ အမေ၏ဝိညာဉ် ရှိနေသဖြင့် ချင်မူ သူမအား မနှောင့်ယှက်ချင်ပေ။
သူ၏မှော်စွမ်းအင်အောက်တွင် ကောင်းကင်နတ်အရှင်ယွီက လေပေါ် မြောက်တက်လာသည်။ နှစ်တစ်သန်းကြာပြီးသည့်တိုင် သူသည် အတိတ်တုန်းက ပုံစံအတိုင်းသာ ရှိသေး၏။ သူ့ကိုယ်ပေါ်တွင် အချိန်၏ခြေရာလက်ရာတို့ ကင်းမဲ့နေသည်။
သူသည် နဂါးသွဲ့ရေကန်တွင် ချင်မူ ဆုံခဲ့ရစဉ်ကအတိုင်း နူးညံ့သိမ်မွေ့သော အသွင်ဖြင့် အေးဆေးတည်ငြိမ်စွာ ရှိနေ၏။
နှစ်တစ်သန်း ကြာခဲ့ပြီဖြစ်သော်လည်း ချင်မူ့အတွက်တော့ လွန်ခဲ့သော လပိုင်းလေးက အဖြစ်အပျက် ဖြစ်သည်။ ကောင်းကင်နတ်အရှင်ယွီအတွက်လည်း ထိုနည်းတူပင်။
“ကျွန်တော် ယိုတုမှာ သူ့ရဲ့ ဝိညာဉ်ကို ဆင့်ခေါ်ပြီး ကြေမွနေတဲ့ အပိုင်းအစတွေကို ပြန်လမ်းညွှန်ပေးနိုင်ပေမယ့် ကောင်းကင်နယ်စားမင်းရဲ့ စွမ်းအားကို ယိုတုထဲကနေ ငှားလို့မရဘူး... ဒီတော့ သက်ရှိကမ္ဘာကို ပြန်ဖို့ လိုသေးတယ်... သက်ရှိကမ္ဘာမှာပဲ မြေအောက်ဘုံအရှင်သခင်နဲ့ ကောင်းကင်နယ်စားမင်းရဲ့ စွမ်းအားတွေကို ငှားပြီး သူ့ရဲ့ ယန်ဝိညာဉ်သုံးခုနဲ့ ယင်ဝိညာဉ်ခုနစ်ကို ဆင့်ခေါ်နိုင်လိမ့်မယ်” ချင်မူ အလေးအနက် ပြောလိုက်သည်။
မရဏတမန်တော်မှာ အနည်းငယ် စိုးရိမ်လာသည်။ “မင်း တကယ် လုပ်နိုင်ရဲ့လား... သူ့ဝိညာဉ်ပြိုကွဲနေတာ နှစ်တစ်သန်းကြာပြီ....”
ချင်မူ နွေးထွေးစွာ ပြုံးလိုက်သည်။ “ကောင်းကင်ယင်နတ်ဘုရားမလည်း နှစ်ပေါင်းလေးငါးရာလောက် အနည်းဆုံး သေနေခဲ့တာပဲလေ... ဒါပေမဲ့ ကျွန်တော် အသက်ပြန်သွင်းနိုင်ခဲ့သေးတယ် မဟုတ်လား... ကောင်းကင်ယင်နတ်ဘုရားမက ရှေးဟောင်းနတ်ဘုရားမတစ်ပါးဆိုတော့ သူ့ဝိညာဉ်ကို ပြန်တည်ဆောက်ဖို့ အင်မတန် ခက်ခဲခဲ့တယ်.... ပင်ပန်းလွန်းလို့ ကျွန်တော် သွေးတောင် အန်ခဲ့ရသေးတယ်... ဒါပေမဲ့ ကောင်းကင်နတ်အရှင်ယွီက သေသွားတဲ့အချိန်မှာ အလွန်ဆုံးမှ သာမန်နတ်ဘုရားတစ်ပါးပဲ ဖြစ်လောက်သေးတယ်... သူ့ဝိညာဉ်ကို ဆင့်ခေါ်ဖို့က အများကြီး လွယ်ပါတယ်”
သူက မျက်ခုံးနှစ်ဖက်ကြားရှိ မိုးမခသစ်ရွက်ကို ခွာလိုက်ပြီး သူ၏နတ်ဘုရားကောင်းကင်ရတနာများနှင့် မိစ္ဆာကောင်းကင်ရတနာများ တစ်သားတည်း ပေါင်းသွား၏။ နတ်ဘုရားလမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ် ပေါင်းစည်းသွားသည့်အခါ သူ၏မှော်စွမ်းအင်သည် တမုဟုတ်ချင်း ထိုးတက်လာတော့သည်။
ချင်မူ အဆင့်မြှင့်ထားသည့် ဝိညာဉ်လမ်းညွှန်ကို ထုတ်လွှတ်လိုက်သည်နှင့် ကိုက်ငါးဆယ်မြင့်မားသော မူလဝိညာဉ်တစ်ခု သူ့အနောက်၌ ဖွဲ့တည်လာသည်။ သူ၏မူလဝိညာဉ်အရွယ်အစားက ကြောက်မက်ဖွယ်ကောင်းပြီး ချင်မူ့အသွင်မှာ နတ်ဘုရားနှင့် မိစ္ဆာပေါင်းစပ်ထားသော ရှေးဟောင်းနတ်ဘုရားအသေးလေးတစ်ပါးနှင့် တူနေသည်။
သူ၏မူလဝိညာဉ်ဆီမှ ထူးဆန်းသော ယိုတုဘာသာစကား ထွက်လာပြီး ထိုမိစ္ဆာဘာသာစကားသည် နတ်ဘုရားဘာသာစကားနှင့်ပင် ရောစပ်နေ၏။ အလွန်ရှုပ်ထွေးလွန်းသဖြင့် မရဏတမန်တော်ပင် အပြည့်အစုံ နားမလည်ပေ။
ကောင်းကင်နတ်အရှင်ရုံ တဖြစ်လဲ မရဏတမန်တော်သည် ယိုတုမိစ္ဆာဘာသာစကားနှင့် ယိုတုကောင်းကင်နတ်သိုင်းများတွင် အလွန်နှံ့စပ်ကျွမ်းကျင်၏။ သို့ရာတွင် နတ်ဘုရားဘာသာစကားကိုတော့ သူ မသိပေ။
ရှေးဟောင်းကောင်းကင်နတ်ဘုံ၏ နတ်ဘုရားဘာသာစကားသည် ရွှမ်တုနှင့် ကောင်းကင်နယ်စားမင်း၏ လမ်းစဉ်ဆီမှ ဆင်းသက်လာခြင်းဖြစ်၏။ သူက ယိုတုမိစ္ဆာဘာသာစကားကိုသာ အရေးထား လေ့လာခဲ့သောကြောင့် ရွှမ်တုကောင်းကင်နတ်သိုင်းများနှင့် ပတ်သက်လျှင် ချင်မူ့လောက် မသိပေ။
“ဝိညာဉ်လမ်းညွှန်လား”
မရဏတမန်တော်မှာ တခဏ နားထောင်ပြီးနောက် သဘောပေါက်သွားသည်။ သူက အော်လိုက်၏။ “မင်း .. ဒါ ဝိညာဉ်လမ်းညွှန်ဆိုပေမယ့် မင်း ပြောင်းလဲပစ်လိုက်တာလား”
ချင်မူ၏မူလဝိညာဉ်သည် ဝိညာဉ်လမ်းညွှန်ကို ထုတ်လွှတ်လျက် ကောင်းကင်နတ်အရှင်ယွီကို လှည့်ပတ်၍ လမ်းလျှောက်နေသည်။ သူ၏ကိုယ်ဟန်အနေအထားများက ထူးဆန်းပြီး လေပေါ်တွင် လမ်းလျှောက်နေသော်လည်း မြေပြင်ညီပေါ်၌ လျှောက်နေသယောင် ထင်ရ၏။
သူ့လက်များက လျှပ်စီးလို လှုပ်ရှားနေပြီး မုဒြာသိုင်းကွက်များ ထုတ်ဖော်နေသည်။ မုဒြာသိုင်းကွက်များက သင်္ကေတအမှတ်အသားမျိုးစုံအဖြစ် ပြောင်းလဲကာ ကောင်းကင်နတ်အရှင်ယွီ၏ ရုပ်ခန္ဓာအပေါ် ခတ်နှိပ်နေကြသည်။ ကောင်းကင်ယင်နတ်ဘုရားမ၏ ဝိညာဉ်ကို စုစည်းရန် ကြိုးစားခဲ့စဉ်က အန္တရာယ်များခဲ့သော်လည်း ဤတစ်ကြိမ်တွင် လုပ်ငန်းစဉ်နှင့် ရင်းနှီးနေပြီဖြစ်၍ ချင်မူ့အတွက် ရိုးရှင်းနေသည်။ သူက နောက်ပြန်လှည့်ကြည့်ကာ ပြုံးပြလိုက်၏။ “ဟုတ်တယ်... ဒါ ဝိညာဉ်လမ်းညွှန်လေ... ကျွန်တော် ခင်ဗျားကို သင်ပေးခဲ့ဖူးတယ်နော်”
မရဏတမန်တော်က သူ့ကို မျက်စောင်းထိုးသည်။ “မင်း ငါ့ကို မသင်ပေးခဲ့ရင်တောင် ငါ့ဘာသာငါ လေ့လာနိုင်တယ်”
ချင်မူ တဟားဟား အော်ရယ်လိုက်မိသည်။
သူ၏မုဒြာသိုင်းကွက်များနှင့် ဝိညာဉ်လမ်းညွှန်သည် ကောင်းကင်နှင့်မြေကြီး၏ ဥပဒေတစ်ခုကို ထိတွေ့နေသည့်အလား လှိုင်းဂယက်များ တဖြည်းဖြည်း ဖြန့်ကျက်လာ၏။ ယိုတုဆီမှ တုန်ခါနေမှုက ကမ္ဘာလောကတိုင်းဆီသို့ ဖြည်းဖြည်းချင်း ပျံ့နှံ့သွားသည်။
သူ၏မူလဝိညာဉ်မှ ထုတ်ဖော်နေသော နတ်ဘုရားသံနှင့် မိစ္ဆာသံကို သာမန်လူများ မကြားနိုင်သလို၊ ကောင်းကင်နတ်သိုင်းပညာရှင်များပင် မကြားနိုင်ပေ။ သို့တိုင်အောင် ရှေးဟောင်းဖြစ်တည်မှုတချို့၏ နားထဲတွင်မူ မဟာတာအို၏ တိုးညည်းသံကဲ့သို့၊ ဝိညာဉ်ဆီမှ တုန်ခါနေမှုကဲ့သို့ ကြားရ၏။
ရှေးဟောင်းဖြစ်တည်မှုများ အံ့အားသင့်ကုန်ကြသည်။ ဥပဒေကို ထိန်းချုပ်ခြယ်လှယ်သော ရှေးဟောင်းနတ်ဘုရားတစ်ပါးက နက်နဲသိမ်မွေ့သည့် သူ၏စွမ်းအားကို ထုတ်လွှတ်နေသယောင် ထင်ရ၏။
ကမ္ဘာလောကများတစ်လျှောက် ပြန့်ကြဲနေသော ဝိညာဉ်အမှုန်များမှာ သူ၏လမ်းညွှန်မှုကြောင့် တဖြည်းဖြည်း ယိုတုဆီသို့ ပျံသန်းလာကြသည်။
အမှုန်များသည် မှုန့်မှုန့်ညက်ညက် ကြေသည်အထိ သေးမှုန်လှသည့်အပြင် ထပ်မံမပြိုကွဲနိုင်တော့သော အခြေအနေအထိ ပြိုကွဲနေကြခြင်းဖြစ်၏။ ပကတိမျက်စိဖြင့် မမြင်ရသော်လည်း အမှန်တကယ် တည်ရှိကြနေသည်။
နှစ်ပေါင်းတစ်သန်းကြာပြီ ဖြစ်သောကြောင့် အချိန်စီးကြောင်းက ကောင်းကင်နတ်အရှင်ယွီ၏ ဝိညာဉ်အမှုန်များကို ကမ္ဘာလောကများဆီသို့ လွင့်စင်သွားစေခဲ့သည်။ ချင်မူမှာ ဤသို့ဖြစ်မည် မထင်ထားခဲ့သဖြင့် မောပန်းလာ၏။ သူ့မူလဝိညာဉ် သုံးစွဲနေသော မှော်စွမ်းအင်မှာ များသထက် များလာပြီး အသံကလည်း ကျယ်သထက် ကျယ်လာသည်။
“အဲဒီတုန်းက ဘာလို့ သူ့ဝိညာဉ်ကို မစုစည်းခဲ့တာလဲ”
မရဏတမန်တော် ဇဝေဇဝါ ဖြစ်နေသည်။ “အဲဒီတုန်းက သူ့ဝိညာဉ်က ကောင်းကင်နတ်ဘုံမှာ ပြန့်ကြဲနေတာဆိုတော့ ပြန်စုစည်းဖို့ လွယ်တယ်... မင်း ဒီလောက် အားထုတ်စရာမလိုဘူး”
“အဲဒီတုန်းက ကျွန်တော် မြေအောက်ဘုံအရှင်သခင်နဲ့ ကောင်းကင်နယ်စားမင်းနဲ့ မသိသေးဘူးလေ... သူတို့စွမ်းအားကို ငှားလိုက်ရင် အသတ်ခံရမှာပေါ့”
ချင်မူ့နဖူးမှ ချွေးများကျလာသည်။ ချွေးစက်များက အငွေ့ပျံသွားပြီး သူက တည်ကြည်လေးနက်စွာ ပြော၏။ “အခု ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်နဲ့ ကျွန်တော် ရင်းနှီးနေပြီဆိုတော့ သူတို့စွမ်းအား ငှားလည်း ဘာမှပြောမှာမဟုတ်ဘူး... အဲဒီတုန်းကတော့ အခုလို မလုပ်နိုင်ဘူး”
မရဏတမန်တော်မှာ ထူးဆန်းသောအမူအရာ ရှိနေပြီး သူ့ပါးစပ်မှာ ကြက်ဥနှစ်လုံး ထိုးထည့်၍ ရလောက်သည်အထိ အဟောင်းသား ဖြစ်နေသည်။ သူ့မျက်လုံးများမှာလည်း ကြေးခေါင်းလောင်းကြီးနှစ်ခုသဖွယ် ပြူးကျယ်နေ၏။ သူက သူ့ဘာသာသူ တွေးနေသည်။ ‘ကောင်းကင်နတ်အရှင်မူ ရင်းနှီးတယ်ဆိုတာကို နားလည်မှုများ လွဲနေသလား... ကောင်းကင်နယ်စားမင်းအကြောင်းတော့ မသိပေမယ့် သူနဲ့ မြေအောာက်ဘုံအရှင်သခင်ရဲ့ ဆက်ဆံရေးက ရင်းနှီးဖို့နဲ့ အဝေးကြီးလေ... မြေအောက်ဘုံအရှင်သခင်က သူ ယိုတုမှာ ပြဿနာလာရှာမှာပဲ စိုးနေတာ...’
ချင်မူ ပို၍ပို၍ မောပန်းလာသည်။ သင်္ကေတအမှတ်အသားများ ထုတ်လွှတ်နေသော သူ့ခြေလက်များလည်း လေးပင်လာ၏။ မုဒြာသိုင်းကွက် တစ်ကွက်ပြီးတစ်ကွက် ကောင်းကင်နတ်အရှင်ယွီအပေါ် ခတ်နှိပ်ခံနေရပြီး သူ့အတွက်မူ မြင့်းမိုရ်တောင်ကို သယ်မ,နေရသည်နှင့်တူသည်။ သူ့အသံလည်း အနည်းငယ် အက်ကွဲလာ၏။
“ပြီးတော့ အဲဒီအချိန်တုန်းက ကောင်းကင်နတ်ဘုံက အန္တရာယ်များလွန်တယ်... သူ့ကို သတ်ချင်နေတာ ကောင်းကင်နတ်အရှင်ဟောင်တင် မဟုတ်ဘူး... သူ့ကို သတ်ချင်တဲ့ တကယ့်လူက အင်မတန် အင်အားကြီးမားလွန်းလို့ ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်က သူ့ကို ရန်မစရဲခဲ့ဘူး... ကျွန်တော် သူ့ကို အသက်ပြန်သွင်းပေးလည်း ပြန်အသတ်ခံရမှာပဲ... ကျွန်တော်တောင် သေရင်သေရမှာ... ဒါကြောင့် သူ့မူလဝိညာဉ်ကိုပဲ အသက်သွင်းပြီး ကောင်းကင်နတ်အရှင်လင်ကနေတစ်ဆင့် ခင်ဗျားဆီ ပေးခဲ့တာပဲ... ဒီနေ့မှ သူ့ကို အသက်ပြန်သွင်းရဲတာ”
သူ့ခန္ဓာကိုယ်သည် ပြင်းပြင်းထန်ထန် တုန်ရီသွား၏။ သူ၏မူလဝိညာဉ်နှင့် ရုပ်ခန္ဓာက ပြိုင်တူရပ်လိုက်သည်။ တစ်ယောက်က မြေပြင်ပေါ်တွင် ရပ်နေပြီး တစ်ယောက်က မျက်ခုံးနှစ်ဖက်ကြား၌ ရပ်နေသည်။ နှစ်ယောက်လုံး၏ ဦးခေါင်းနောက်တွင် လည်နေသော အလင်းစက်ကွင်းများ ရှိကြသည်။ စက်ကွင်းများအပေါ်ရှိ သင်္ကေတအမှတ်အသားမျိုးစုံက ကောင်းကင်နတ်အရှင်ယွီ၏ ခန္ဓာကိုယ်အပေါ် ဖြာကျလာ၏။
မရေမတွက်နိုင်သော ဝိညာဉ်အမှုန်များ ပျံသန်းလာပြီး ကောင်းကင်နတ်အရှင်ယွီ၏ ခန္ဓာကိုယ်ထဲသို့ ဝင်လာကြသည်။ ၎င်းတို့က သူ၏ကလီစာများ၊ မျက်ခုံးနှစ်ဖက်ကြား၊ လည်မျို၊ နှလုံးသား၊ တျန်ထျန်းတို့ထဲ ထိုးဖောက်ဝင်လာကြ၏။
ချင်မူနှင့် မူလဝိညာဉ် မလှုပ်မယှက် ရပ်နေစဉ် သူတို့ခေါင်းအနောက်ရှိ အလင်းစက်ကွင်းများက တဝေါဝေါ လည်နေသည်။
မရဏတမန်တော်မှာ အံ့အားသင့်နေပြီး ဤအချိန်က အရေးကြီးသောအခိုက်အတန့်ဖြစ်ကြောင်း သိလိုက်၏။ သူ ချက်ချင်း သတိအနေအထားဖြစ်သွားကာ ယိုတုထဲရှိ စက္ကူလှေလေးများက စံအိမ်ဆီသို့ ပျံသန်းလာကြသည်။ အရေအတွက်က များလွန်းသဖြင့် စံအိမ်၏အပြင်၌ ပြွတ်သိပ်နေလေသည်။
အချိန်မည်မျှ ကြာပြီမှန်း မသိသော်လည်း ချင်မူက မောဟိုက်ပင်ပန်းသွားသော အမူအရာ ဖြစ်သွားပြီး လည်နေသော အလင်းစက်ကွင်းများ ရပ်တန့်ကာ မှေးမှိန်သွားကြ၏။
သူ၏မူလဝိညာဉ်လည်း တစတစ သေးငယ်သွားရင်း ရုပ်ခန္ဓာနှင့် ပြန်ပေါင်းစည်းသွားသည်။
ထိုအခါမှ မရဏတမန်တော် သက်ပြင်းချနိုင်ပြီး သတင်းမေးရန် အလျင်အမြန် သွားလိုက်သည်။ ချင်မူက သူ့အမေးကို မစောင့်ဘဲ မျက်မှောင်ကြုတ်၍ ပြောသည်။ “ကောင်းကင်နတ်အရှင်ယွီရဲ့ ဝိညာဉ်မှာ... မပြိုကွဲသွားတဲ့ တစ်စိတ်တစ်ပိုင်း ရှိတယ်... လူတစ်ယောက်က အဲဒါကို ဖိနှိပ်ထားတော့ ကျွန်တော် ပြန်ဆင့်ခေါ်လို့မရဘူး”
မရဏတမန်တော် မှင်သက်သွားပြီး ကမန်းကတန်း မေးလိုက်၏။ “ဘယ်လောက်များများ ဖိနှိပ်ခံထားရတာလဲ”
“ဆယ်ရာခိုင်နှုန်းတောင် မရှိပါဘူး”
ချင်မူ ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းမှုတ်ထုတ်ကာ ခဏနားလိုက်သည်။ “လိုနေတဲ့ အစိတ်အပိုင်း အရေးပါမပါ ကျွန်တော် မသိဘူး... ဘယ်သူ ယူထားတာလဲလည်း မသိဘူး”
မရဏတမန်တော် စိုးရိမ်ပူပန်လာတော့သည်။ “ဒါဆို ဘာလုပ်ကြမလဲ”
“ရိုးရိုးလေးပဲ မြေအောက်ဘုံအရှင်သခင်ဆီ မေးလိုက်ရုံပေါ့”
ချင်မူ အလေးအနက် ပြောလိုက်၏။ “ကျွန်တော် သူ့ကို သက်ရှိကမ္ဘာဆီ အခုချက်ချင်း ခေါ်သွားပြီး ယင်ဝိညာဉ်နဲ့ ယန်ဝိညာဉ်တွေ ပြန်တည်ဆောက်ရမယ်... သူ့ယင်ဝိညာဉ်နဲ့ ယန်ဝိညာဉ်တွေ တည်ဆောက်ပြီးသွားရင် မြေအောက်ဘုံအရှင်သခင်လည်း ယင်ဝိညာဉ်နဲ့ ယန်ဝိညာဉ်တွေကနေတစ်ဆင့် အဲဒီအစိတ်အပိုင်းတွေ ဘယ်ရောက်နေလဲ ခံစားရလိမ့်မယ်... ဒါဆို ကျွန်တော်တို့ ကျန်တဲ့ဝိညာဉ်အစိတ်အပိုင်း ရှိနေတဲ့နေရာ သိနိုင်ပြီ”
နှစ်ယောက်သား ကောင်းကင်နတ်အရှင်ယွီ၏ ခန္ဓာကိုယ်ကို လှေလေးအပေါ်သို့ တင်လိုက်သည်။ မရဏတမန်တော်၏အမေမှာ ချက်ပြုတ်ရင်း အလုပ်များနေရာမှ ကပျာကယာ ပြောလေသည်။ “ချက်ပြီးတော့မယ်... သားတို့ မစားတော့ဘူးလား”
မရဏတမန်တော်က ပြောလိုက်၏။ “အမေ ၊ ကျွန်တော်တို့ အရေးကြီးလုပ်စရာ ရှိလို့”
အမျိုးသမီးက ပြုံးလိုက်သည်။ “ဒါဆိုလည်း လမ်းမှာ ဘေးအန္တရာယ်ရှင်းပါစေ... အမေ ဟင်းနွှေးထားမယ်... ဒီလူငယ်လေး... အမေ့သား ရုံအာက ငယ်သေးပြီး အရိပ်သုံးပါး နားလည်တာမဟုတ်ဘူး.... လူတွေနဲ့ ဘယ်လိုဆက်ဆံရမှန်းလည်း မသိဘူး... သူ့ကို ဂရုစိုက်ပေးပါဦးနော်”
ချင်မူ ရယ်ချင်စိတ်ကို မြိုသိပ်၍ ကပျာကယာ ပြောလိုက်သည်။ “ဒေါ်လေး မပူပါနဲ့ ကျွန်တော် ဂရုစိုက်ပေးပါ့မယ်”
သူက မျက်နှာကြီးမည်းမှောင်နေသော မရဏတမန်တော်ဆီသို့ ကြည့်လိုက်သည်။
လှေလေး အဝေးရောက်သည့်အခါမှ ချင်မူ အကျယ်ကြီး ထရယ်သည်။ မရဏတမန်တော်၏ မျက်နှာက ပြန်လည်ဝေဝါးသွားပြီး သူက မှင်သေသေ ပြော၏။ “ဘာတွေ ရယ်နေတာလဲ... အဲဒီတုန်းကတော့ ငါ မင်းကို မနိုင်ပေမယ့် အခုနိုင်တာ သေချာတယ်”
ချင်မူ တမုဟုတ်ချင်း မျက်နှာပိုးသတ်လိုက်ရသည်။ “ခင်ဗျားက အခုဆို ကောင်းကင်နတ်အရှင်ယွီကိုတောင် နိုင်နေပါပြီ.. သူ အသက်ပြန်ရှင်လာရင် ကျွန်တော်တို့ကို မှတ်မိပါ့ဦးမလား မသိဘူး”
မရဏတမန်တော် ငေးငေးငိုင်ငိုင် ဖြစ်သွားသည်။ တခဏကြာသော် သူက ပြောသည်။ “သူက ငါ့ရဲ့အစ်ကိုကြီး အမြဲဖြစ်နေမှာပါ”
ချင်မူ မျက်တောင်ပုတ်ခတ်လိုက်သည်။ “ကျွန်တော်ကရော”
“ဟမ့်”
မရဏတမန်တော်က တစ်ဖက်သို့ ခေါင်းလှည့်လိုက်၍ သူ့ခေါင်းနောက်ရှိ မျက်နှာဖုံးပေါ်လာသည်။ မိစ္ဆာမျက်နှာဖုံးက ချင်မူ့ကို လျှာထုတ်ပြ၏။
ချင်မူ တအံ့တဩ ထခုန်ပြီး မိစ္ဆာမျက်နှာဖုံးကို ဂရုတစိုက် ကြည့်လိုက်သည်။ မိစ္ဆာမျက်နှာဖုံးသည် စောစောက သူထွင်းထားခဲ့သော မျက်နှာဖုံးမဟုတ်တော့ပေ။ ကောင်းကင်နတ်အရှင်ယုံ ထိုစဉ်တုန်းက ၀တ်ခဲ့သည့် မျက်နှာဖုံးဖြစ်လိမ့်မည်။ မရဏတမန်တော် ဘယ်အချိန်ကထုတ်၍ နောက်စေ့တွင် တပ်လိုက်မှန်း သူ မသိပေ။
‘သူ့ရုပ်က ပြောင်းနေတော့ ကောင်းကင်နတ်အရှင်ယွီ မမှတ်မိမှာစိုးလို့ ဝတ်လိုက်တာဖြစ်မယ်’
လှေလေးသည် သက်ရှိကမ္ဘာသို့ ၀င်လိုက်ပြီး မန်ဟုန်မြစ်၏ကမ်းစပ်သို့ ရောက်လာ၏။
ဤအချိန်သည် မဟာမြို့ပျက်တွင် ညအချိန်ဖြစ်ပြီး ယခင်တုန်းကလောက် ဆာလောင်နေသောသရဲများ၊ အနက်ရောင်အမှုန်များ မသိပ်သည်းတော့ပေ။ ချင်မူက မာန်ဟုန်မြစ်၏အပေါ်၌ မျောလွင့်နေသော စက္ကူလှေလေးအပေါ်တွင် ရပ်ပြီး ဝိညာဉ်လမ်းညွှန်ကို ထုတ်လွှတ်သည်။ ကောင်းကင်အလိုတော်မုခ်ဝက သူ့အနောက်၌ ဖွဲ့တည်လာပြီး အထက်အောက် ပြောင်းပြန်လည်သွားကာ မြေအောက်ဘုံအရှင်သခင်နှင့် ကောင်းကင်နယ်စားမင်း၏ စွမ်းအားကို ငှားလိုက်၏။ စွမ်းအားက လေတွင် မျောလွင့်နေသော ကောင်းကင်နတ်အရှင်ယွီ၏ ကိုယ်အပေါ် ဖြာကျသွားသည်။
မရဏတမန်တော်မှာ သူ ဝိညာဉ်လမ်းညွှန် ထုတ်လွှတ်နေသည်ကို စိုးရိမ်ပူပန်စွာ ကြည့်ရင်း လက်သီးတင်းတင်းဆုပ်ထား၏။
အတန်ကြာသော် ချင်မူက မှော်စွမ်းအင်ကို ဖယ်ရှားလိုက်၍ ကောင်းကင်နတ်အရှင်ယွီသည် မြစ်ရေပြင်ပေါ် ညင်ညင်သာသာ ကျသွားလေသည်။
“လန်ယွီထျန်း၊ မတွေ့ရတာ ကြာပြီ” ချင်မူ မြစ်ရေပြင်ထက်တွင် ရပ်နေသော လူငယ်အား ပြုံးပြလိုက်သည်။
လူငယ်လေးက ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ကာ ငေးကြောင်နေသည်။ မရဏတမန်တော် စိတ်လှုပ်ရှားလာသည့်အချိန် ရုတ်တရက် ဗွမ်းခနဲ ကြားလိုက်ရ၏။ ကောင်းကင်နတ်အရှင်ယွီမှာ မြစ်ရေထဲ နစ်သွားပြီး လက်နှစ်ဖက်လုံးဆန့်ကာ ယက်ကန်ယက်ကန် ဖြစ်နေတော့သည်။ ရေများကိုလည်း တဖူးဖူး ထွေးထုတ်နေသည်။
တဝုန်းဝုန်း စီးဆင်းနေသော ရေစီးကြောင်းက ရေမကူးတတ်သော လူငယ်လေးကို တိုက်ချသွား၏။
ချင်မူနှင့် မရဏတမန်တော် မှင်သက်သွားပြီး ရုတ်တရက် သတိဝင်သွားကြသည်။ “သူ့ကို ကယ်... သူ့ကို ကယ်”
တခဏကြာသော် နှစ်ယောက်သား ကြွက်စုတ်လို ရွှဲစိုနေသော ကောင်းကင်နတ်အရှင်ယွီကို ကမ်းစပ်သို့ သယ်လာကာ ချပေးလိုက်ကြသည်။
ကောင်းကင်နတ်အရှင်ယွီမှာ အဆုတ်ထဲမှ ရေများကို အန်ထုတ်နေရပြီး ဟောဟဲလှိုက်နေလေသည်။
ချင်မူနှင့် မရဏတမန်တော် တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်စွာ ကြည့်လိုက်မိကြ၏။ “သူ့သိုင်းအခြေခံ မရှိတော့ရင်လည်း ကျင့်ကြံလို့ရဦးမှာပါ”