← Chapters

အရှုပ်ထုပ် ကောင်းကင်နတ်အရှင်ယွီ

Vol. 56 Ch. 754

အရှုပ်ထုပ် ကောင်းကင်နတ်အရှင်ယွီ

Vol. 56 Ch. 754

မဟာမြို့ပျက်၊ ဒုက္ခိတဘိုးဘွားကျေးရွာ

နေထွက်လာသည့်အခါ ချင်မူနှင့် မရဏတမန်တော် နှစ်ယောက်သား ကောင်းကင်နတ်အရှင်ယွီကို ဤရွာလေးသို့ ခေါ်လာကြသည်။ ချင်မူတို့၏ ဒုက္ခိတဘိုးဘွားကျေးရွာလေးတွင် ကြက်နဂါးအုပ်က ဘုရင်လုပ်နေလေသည်။

ရွာထဲ၌ ချင်မူ ကြက်မတစ်ကောင် ဖမ်း၍ ကာလသားချက် ချက်လိုက်သည်။ ထို့နောက် သားသတ်သမား၏ အိမ်ထဲ ဝင်ပြီး သူ့အိပ်ရာအောက်၌ ဖွက်ထား‌သော အရက်အိုးတစ်အိုး နှိုက်ထုတ်သည်။

တျန်းချိကျွင်း၏စံအိမ်တွင် စားခဲ့ရသည်မှာ သရဲအစာဖြစ်သောကြောင့် သူ ဗိုက်မဝခဲ့ပေ။ ကောင်းကင်နတ်အရှင်ယွီမှာလည်း ယခုမှ အသက်ပြန်ရှင်လာသည့်အတွက် ဗိုက်ထဲ ဟာနေသည်။

ထမင်းဟင်းစားပြီးနောက် ချင်မူနှင့် မရဏတမန်တော် မာန်ဟုန်မြစ်ဆီသို့ သွားကာ တသွင်သွင် စီးဆင်းနေသော မြစ်ရေများကို ကြည့်နေကြသည်။

မရဏတမန်တော်က လက်ဝါးချင်းပွတ်၍ ကောင်းကင်နတ်သိုင်းတစ်ခု ဖွဲ့တည်ကာ မြစ်ရေထဲ ပစ်ချရန် ပြင်လိုက်သော်လည်း ချင်မူ ကမန်းကတန်း တားလိုက်သည်။ သူက ခေါင်းယမ်းပြီး ပြောလိုက်၏။ “မာန်ဟုန်မြစ်ထဲမှာ နေ,နေကြတဲ့ သတ္တဝါတွေ တစ်ပုံကြီးပဲဗျ.... မာန်ဟုန်မြစ်နဂါးဘုရင်လည်း ရှိသေးတယ်.. ခင်ဗျား အခု သန်မာအားကောင်းနေတဲ့ပုံအရဆိုရင် မြစ်ထဲက သတ္တဝါအားလုံး သေသွား ဘယ်နှယ့်လုပ်မလဲ”

မရဏတမန်တော် တွေးကြည့်ပြီး သူ၏ကောင်းကင်နတ်သိုင်းကို ဖယ်ရှားလိုက်သည်။ “သူ အခုလို ဖြစ်နေတဲ့ အကြောင်းရင်းက ဝိညာဉ်တစ်စိတ်တစ်ပိုင်း လိုအပ်နေလို့လား... ဒါမှမဟုတ် တကယ်ပဲ မှတ်ဉာဏ်ပျောက်ဆုံးသွားတာလား”

ချင်မူ နောက်ပြန်လှည့်ကြည့်လိုက်သည်။ ကြက်နဂါးများသည် အုပ်စုဖွဲ့ပြီး ကောင်းကင်နတ်အရှင်ယွီအား လိုက်ဖမ်းနေကြ၏။ ကောင်းကင်နတ်အရှင်ယွီမှာ တစ်ကိုယ်လုံး သွေးသံရဲရဲ ဖြစ်သည့်တိုင်အောင် ထိုးဆိတ်ခံထားရသည်။ နောက်ဆုံးတော့ သူ မပြေးနိုင်ဘဲ မြေကြီးပေါ် ဟပ်ထိုးလဲကျသွားလေသည်။

ခပ်ငယ်ငယ် ကြက်နဂါးထီးများက လူငယ်လေး၏အပေါ်တွင် ရပ်ကာ နေမင်းကို မျက်နှာမူ၍ တွန်နေကြသည်။

မရဏတမန်တော် သက်ပြင်းချပြီး ကောင်းကင်နတ်သိုင်းနောက်တစ်ခု ဖွဲ့တည်လိုက်သည်။ ထို့နောက် ပြန်ဖယ်ရှားလိုက်ပြန်၏။ “သူ့ကြည့်ဦး... အရင်တုန်းကနဲ့ တခြားစီပဲ... အရင်တုန်းက ကောင်းကင်နတ်အရှင်ယွီက ကျန်းမာပြီး အမြဲလန်းဆန်းနေတာ... အခုတော့ ကြည့်ဦး ကြက်နဂါးအုပ်တောင် သူ့ကို အနိုင်ကျင့်ရဲနေပြီ”

ချင်မူ ထရပ်ပြီး ကြက်နဂါးများအား မောင်းထုတ်လိုက်သည်။ ကောင်းကင်နတ်အရှင်ယွီမှာ ကပျာကယာ ထပြီး သူ့ကိုယ်ပေါ်ရှိ ဖုန်များနှင့် ကြက်မွှေးများအား ခါထုတ်နေသည်။

“သူ ဘာလို့မှတ်ဉာဏ်ပျောက်ဆုံးသွားမှန်း ကျွန်တော်လည်း မသိဘူး... သူ့ဝိညာဉ်မှာ တစ်စိတ်တစ်ပိုင်း လိုအပ်နေပေမယ့် ဆယ်ရာခိုင်နှုန်းတောင် ပြည့်တာမှ မဟုတ်တာ... ယန်ဝိညာဉ်သုံးခုနဲ့ ယင်ဝိညာဉ်ခုနစ်ခုလည်း ရှိသေးတာပဲ”

ချင်မူ တစ်ယောက်တည်း ပွစိပွစိ ရေရွတ်နေသည်။ “ပျောက်ဆုံးနေတဲ့ သူ့ဝိညာဉ် ဘယ်ရောက်သွားလဲ မြေအောက်ဘုံအရှင်သခင်ဆီ ပြန်မေးတာ ပိုကောင်းလိမ့်မယ်... သူ့ဝိညာဉ်ကို ရှာတွေ့လို့ မှတ်ဉာဏ်ပျောက်ဆုံးနေရင်တော့ သူ့ခေါင်းမှာ ပြဿနာရှိနေပြီ”

မရဏတမန်တော် ခေါင်းညိတ်လိုက်၏။ ကောင်းကင်နတ်အရှင်ယွီမှာ ကြက်နဂါးများ၏ ချောင်ပိတ်ခံလိုက်ရပြန်ပြီး သူ့ခေါင်းသူ လက်ဖြင့်ကာကာ ငုတ်တုတ်ကလေး ထိုင်နေသည်။

“မှတ်ဉာဏ်မှ ပြန်မရရင် ဒီလောက်ရက်စက်တဲ့ ကမ္ဘာကြီးမှာ သူ ဘယ်လိုရှင်သန်ပါ့မလဲ” မရဏတမန်တော် ခေါင်းယမ်းလိုက်၏။

ချင်မူ ရှေ့သို့ လျှောက်သွားပြီး မီးတစ်တန်းတစ်တန်းကို မီးနဂါးတစ်ကောင်အသွင် ဖန်ဆင်းလိုက်ကာ ကြက်နဂါးများဆီ ပစ်လွှတ်လိုက်သည်။ ကြက်နဂါးများ ထွက်ပြေးကုန်သည်။

ကောင်းကင်နတ်အရှင်ယွီသည် အခြေအနေကို မြင်လျှင် မျက်လုံးများ တောက်ပသွား၏။ သူက ဝမ်းသာအားရ ပြောသည်။ “ဒီနည်းလမ်းက မဆိုးဘူး” ထိုသို့ပြောပြီးနောက် သူ လက်ဝှေ့ယမ်းလိုက်သည်။

ကြက်နဂါးများက သူ့ကို ဝိုင်းအုံရန် ပြင်နေသော်လည်း သူလုပ်နေသောအရာကို မြင်တွေ့လျှင် အလျင်အမြန် ရှောင်လိုက်ကြသည်။ မည်သို့မျှ မဖြစ်မှန်း‌ တွေ့သည့်အခါ ဒေါသထွက်သွားကြပြီး ပြေးလာကြပြန်၏။

ကောင်းကင်နတ်အရှင်ယွီ ကမန်းကတန်း လက်ဝှေ့ယမ်းလိုက်ရာ မီးတန်းတစ်တန်းက နဂါးတစ်ကောင်လို ထွက်လာသည်။

ကြက်နဂါးများ ခြေဦးတည့်ရာ ထွက်ပြေးသွားကြသော်လည်း ကံဆိုးသူတစ်ကောင်ကတော့ မီးကင်ခံလိုက်ရပြီး ကြက်ကင်နံ့ ပျံ့လွင့်လာတော့သည်။

ကောင်းကင်နတ်အရှင်ယွီမှာ သူ့လက်သူ ကြည့်ကာ မှင်သက်နေသည်။ သူက သေသွားသော ကြက်နဂါးဆီ ပြေးသွားပြီး ကြက်နဂါး၏ သေဆုံးမှုအတွက် ဝမ်းနည်းပက်လက် ငိုကြွေးနေလေသည်။ ထို့နောက် မြေမြှုပ်ပေးရန် တအီးအီး ငိုရှိုက်ရင်း တွင်းတူးနေ၏။ တခဏကြာသော် ကြက်ကင်နံ့က မွှေးနေသဖြင့် တစ်ကိုက် ခိုးကိုက် ကြည့်လိုက်သည်။ အရသာရှိမှန်း သိသည်နှင့် သူကား တူးလက်စတွင်းကို ပစ်ထားပြီး ငိုလိုက်၊ စားလိုက် လုပ်နေတော့သည်။ စားရင်းဖြင့် ကြက်ရိုးများကိုလည်း တွင်းထဲ ပစ်ထည့်နေသည်။

ချင်မူနှင့် မရဏတမန်တော်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း အံ့အားသင့်နေကြသည်။

“အဲဒါ အင်္ဂါဂြိုဟ်အရှင်သခင်ရဲ့ မီး‌ကောင်းကင်နတ်သိုင်းလား” မရဏတမန်တော်က မေးသည်။

ချင်မူ ခေါင်းညိတ်လိုက်၏။ “အင်္ဂါဂြိုဟ်အရှင်သခင်ရဲ့ မီးသင်္ကေတတွေ ဖွဲ့စည်းပုံက မရှုပ်ထွေးပေမယ့် ကျွန်တော်က အဲဒီသင်္ကေတတွေကို အဆုံးစွန်အထိ ချုံ့ထားပြီး သိုင်းကွက်ထွင်ထားတာ.... ဒီသဘောတရားကို အပြင်လူတွေ နားလည်ဖို့ ခက်တယ်”

မရဏတမန်တော် ပြောလိုက်မိသည်။ “ဒါပေမဲ့ သူက ကြည့်ပြီး တတ်သွားတယ်”

“ထုတ်လည်း ထုတ်လွှတ်နိုင်သေးတယ်”

ချင်မူ ခပ်တိုးတိုး ပြောလိုက်သည်။ “သူ့သိုင်းအခြေခံက လုံးဝပျောက်ကွယ်သွားတာမ ဟုတ်ဘူး... နည်းနည်းလေး ကျန်သေးတယ်... အရေးအကြီးဆုံးက ကြောက်စရာကောင်းလွန်းတဲ့ သူ့ရဲ့ တွေးခေါ်နိုင်စွမ်းနဲ့ အထုံပါရမီပဲ... ကျွန်တော်ထင်တာတော့...”

သူက တခဏ ရပ်လိုက်ပြီး ထူးဆန်းသောအမူအရာဖြင့် ပြောလေသည်။ “ကောင်းကင်နတ်အရှင်ယွီလည်း လောကသခင်ခန္ဓာပဲ ထင်တယ်”

မရဏတမန်တော်က တစ်ယောက်တည်း တတွတ်တွတ် ရေရွတ်နေပြီးနောက် ပြော၏။ “မှတ်ဉာဏ်ပျောက်ဆုံးသွားတာက ကိစ္စမရှိဘူး... မတုံးအသေးသရွေ့ အဆင်ပြေတယ်.... ဒါပေမဲ့ သူ ဦးနှောက်ရော ကောင်းသေးရဲ့လား... ကြက်တစ်‌ကောင်သေသွားလို့ ငိုပြီး စားလိုက်ငိုလိုက် လုပ်နေတဲ့ လူမျိုး မင်း မြင်ဖူးလို့လား”

ချင်မူ မေးစေ့မှ အမွှေးငုတ်တိုကို ဆွဲနုတ်လိုက်သည်။ “မကောင်းတဲ့ပုံပဲ... အရင်ဆုံး မြေအောက်ဘုံအရှင်သခင်ကို သွားရှာရအောင်”

မရဏတမန်တော်လည်း ခေါင်းညိတ်ပြီး ကောင်းကင်နတ်အရှင်ယွီကို လှမ်းခေါ်သည်။ ကောင်းကင်နတ်အရှင်ယွီမှာ ကြက်တစ်ခြမ်းပဲ စားရသေးသောကြောင့် ရှက်ရွံ့နေ‌သောအမူအရာဖြင့် ကျန်တစ်ခြမ်းအား သယ်လာ၏။

ချင်မူနှင့် မရဏတမန်တော် ကူကယ်ရာမဲ့သွားသည်။ သုံးယောက်သား လှေလေးအပေါ် တက်လိုက်ပြီး မရဏတမန်တော်က လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။ ဖွဲ့တည်လာသော အနက်ရောင်ဝဲဂယက်တစ်ခုအတွင်းသို့ လှေလေးက ဝင်ရောက်သွားသည်။ ထို့နောက် ဝဲဂယက် ပျောက်ကွယ်သွားတော့သည်။

“ကောင်းကင်နတ်အရှင်ယွီ ဘာလို့ ဆက်မစား‌တော့တာလဲ”

မရဏတမန်တော်က သူ့ကို ကြည့်ကာ မေးသည်။ “ကစား‌‌‌ဖော်ကစားဖက်ကို သေအောင် မီးကင်ပြီး စားမိလို့ ဝမ်းနည်းနေတာလား”

“ဗိုက်ပြည့်နေပြီ”

ကောင်းကင်နတ်အရှင်ယွီသည် ရိုးသားစွာ ပြန်ဖြေ၏။ “ကျွန်တော် ဆက်စားလို့မရတော့ဘူး... ဗိုက်ထပ်ဆာလာမှ ထပ်စားတော့မယ်”

ချင်မူ ရယ်ရမည်လား၊ ငိုရမည်လား မသိတော့ပေ။ သူ သူ့ဘာသာသူ တွေးမိသည်။ ‘အရင်တုန်းက ကောင်းကင်နတ်အရှင်ယွီက အင်မတန် ဉာဏ်ကောင်းခဲ့ပေမယ့် အခုတော့ ရူးနေပြီ... ကောင်းကင်နတ်အရှင်ရုံတော့ သူ့အစ်ကိုအရှုပ်ထုပ်ကို လျှောက်ခေါ်သွားရ‌တော့မှာပဲ ဟီးဟီး’ တစ်ဖက်လူ၏ ကံဆိုးမှုကို ချင်မူ ကြိတ်၍ဝမ်းသာနေလေသည်။

“ကောင်းကင်နတ်အရှင်ရုံ၊ အဲဒီတုန်းက နဂါးဟန်ခေတ်ရဲ့ ကောင်းကင်ဘုံသုံးဘုံမှာ ဘယ်ဘက်က နိုင်သွားလဲ” ချင်မူ သိချင်နေသော မေးခွန်းအား မေးလိုက်မိသည်။

မရဏတမန်တော်မှာ တခဏတွန့်ဆုတ်သွားပြီး ခေါင်းအနောက်ရှိ မိစ္ဆာမျက်နှာဖုံးကို ချွတ်လိုက်သည်။ သူက ခေါင်းယမ်းကာ ပြောသည်။ “ငါလည်း မသေချာဘူး... နဂါးဟန်ခေတ်ရဲ့ အဆုံးသတ်မှာ ကောင်းကင်ဘုံသုံးဘုံစလုံး တစ်သီးပုဂ္ဂလ ရပ်တည်ကြောင်း ကြေညာကြတယ်... ဘယ်သူနိုင်သွားလဲတော့ ငါ မသိဘူး... ငါက အမြဲ ယိုတုမှာပဲ ရှိနေတာ... အပြင်လောကကို ထွက်ခဲတယ်.... ကောင်းကင်ဘုံသုံးဘုံ ယှဉ်ပြိုင်ကြတုန်းက ငါလည်း ဝိညာဉ်တွေ လိုက်သိမ်းရလွန်းလို့ ခေါင်းကိုက်ခဲ့ရသေးတယ်... ဒါပေမဲ့...”

သူက ရပ်လိုက်ပြီးနောက် ပြော၏။ “ကောင်းကင်နတ်အရှင်ယွဲ့က ငါ့ဆီ တစ်ခါလာရှာပြီး ကောင်းကင်မဟာမိတ်အဖွဲ့ ရှုံးသွားတဲ့အကြောင်း ပြောဖူးတယ်... ကောင်းကင်နတ်အရှင်ယွင်လည်း သေသွားပြီမလို့ သူ တစ်နေရာမှာ သွားပုန်းတော့မယ်တဲ့လေ”

“ကောင်းကင်နတ်အရှင်ယွင်”

ချင်မူ မေးလိုက်မိသည်။ “ကောင်းကင်နတ်အရှင်ယွင် သေသွားပြီလား”

မရဏတမန်တော်က ခေါင်းညိတ်ပြသည်။

ချင်မူ ဝမ်းနည်းလာပြီး တခဏကြာသော် ခါးသီးစွာ ပြောလိုက်သည်။ “သူ ကောင်းကင်မဟာမိတ်အဖွဲ့ကို မဝင်ခဲ့ရင် သေလောက်မှာ မဟုတ်ဘူး... ကျွန်တော့်ဆီက စကားတစ်ခွန်းကြောင့် သူ ဒုက္ခရောက်ခဲ့ရတာ ကျွန်တော်...”

“မင့်အမှား မဟုတ်ပါဘူး”

မရဏတမန်တော်က ပြောသည်။ “ကောင်းကင်နတ်အရှင်ယွင်ဆိုတာ အဲဒီလိုလူစားမျိုးပဲ... သူက ကောင်းကင်နတ်အရှင်ဘွဲ့ အပ်နှင်းခံထားရပေမယ့် အင်မတန် စကားနည်းတဲ့လူ... သိပ်လည်း ကြင်နာနွေးထွေးတတ်တယ်... ကောင်းကင်နတ်အရှင်ယွဲ့ ပြောပုံအရ ကောင်းကင်မဟာမိတ်အဖွဲ့ကို တည်ထောင်ဖို့ ကောင်းကင်နတ်အရှင်လင် အကြံမပြုခင်ကတည်းက ကောင်းကင်နတ်အရှင်ယွင်က မျိုးနွယ်အားလုံးရဲ့ အနာဂတ်အတွက် ကမ္ဘာပေါ်မှာရှိတဲ့ ဖြောင့်မတ်တည်ကြည်တဲ့ လူအားလုံးကို စုစည်းဖို့ ကြံစည်နေတာတဲ့လေ.... ကောင်းကင်နတ်အရှင်ယွင်က...”

သူက တခဏ တိတ်ဆိတ်သွားပြီး ခေါင်းငိုက်စိုက်ကျသွား၏။ “တစ်ခါတုန်းက သူ ကောင်းကင်နတ်အရှင်ယွီအယောင် ဆောင်ခဲ့တယ်.... မင်းနဲ့ ကောင်းကင်နတ်အရှင်ချင်လိုလည်း ဟန်ဆောင်ပြီး မင်းတို့ရဲ့ နာမည်နဲ့ တရားမျှတမှုကို ထိန်းသိမ်းပေးထားခဲ့တယ်...သူက လူသားမျိုးနွယ်နဲ့ ကျန်တဲ့မျိုးနွယ်တွေ ခိုးကိုးရာမဲ့နေတဲ့အချိန်မှာ မျှော်လင့်ချက်လေး ကောင်ရိုးမျှင်တစ်စာဖြစ်ဖြစ် ရှိလာစေချင်ခဲ့တာလေ... လူသားမျိုးနွယ်နဲ့ ကျန်တဲ့မျိုးနွယ်တွေလည်း စိတ်ဝမ်းကွဲတော့မလို ဖြစ်နေတော့ သူ့မှာ အဲဒီလိုလုပ်ဖို့အပြင် ရွေးစရာမရှိခဲ့ဘူး”

ချင်မူ ငေးငိုင်သွားသည်။

“ဘယ်ကောင်းကင်ဘုံနိုင်သွားမှန်း မြေအောက်ဘုံအရှင်သခင်‌တော့ သိလောက်ပါတယ် ဟုတ်တယ်မလား” ချင်မူ ရင်ထဲရှိ သံသယများကို မြိုသပ်၍ မေးလိုက်သည်။

“မြေအောက်ဘုံအရှင်သခင်က အဲဒီအကြောင်း ဘယ်တော့မှ ပြောမှာ မဟုတ်ဘူး”

မရဏတမန်တော်က ခေါင်းယမ်းသည်။ “ငါ သူ့ကို တစ်ခါ‌မေးဖူးတယ်... သူ ဘာတစ်ခွန်းမှ ပြန်ဖြေဘူး... ဒါပေမဲ့ အဲဒီဖြစ်ရပ်ပြီးတော့ မြေအောက်ဘုံအရှင်သခင် စိတ်ဓာတ်ကျလာတယ်.. သူ လုပ်စရာရှိတာပဲ လုပ်ပြီး အပြင်လောကရဲ့ကိစ္စတွေမှာ ဝင်မပါတော့ဘူး... ငါလည်း ဘယ်ဘက်နိုင်သွားလဲ အမြဲသိချင်နေခဲ့တာ... ဒါပေမဲ့ ဧကရာဇ်ပလ္လင်ပေါ်က အဲဒီလူရဲ့ မျက်နှာကို ငါ မမြင်ရဘူး”

ချင်မူ အနည်းငယ် မှင်သက်သွားသည်။ “အဲဒီလူရဲ့ မျက်နှာကို မမြင်ရဘူးတဲ့လား”

မရဏတမန်တော်က ခေါင်းညိတ်လိုက်၏။ လှေလေးသည် မြေအောက်ဘုံအရှင်သခင်ဆီသို့ တရွေ့ရွေ့ ချဉ်းကပ်သွားပြီး လှေဦးရှိ ကောင်းကင်နတ်အရှင်ယွီမှာ ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်နေတော့သည်။ သူ့မှာ ဧရာမကြီးမားလှသော မြေအောက်ဘုံအရှင်သခင်ကို ကြည့်ကာ စကားတစ်ခွန်း မပြောနိုင်ပေ။

“တစ်ခါမှ မမြင်ဖူးဘူး”

မရဏတမန်တော်၏မျက်နှာသည် တည်ငြိမ်အေးဆေးနေပြီး အပြုံးအရယ်ကင်းမဲ့နေသည်။ သူက တည်ငြိမ်စွာ ဆက်ပြောသည်။ “လွန်ခဲ့တဲ့ နှစ် ၄၅၀၀၀၀ က နဂါးဟန်ခေတ် အဆုံးသတ်သွားပြီး ချိမင်ခေတ် စတင်တယ်လို့ လူတိုင်း ပြောကြတယ်... ဒါပေမဲ့ နဂါးဟန်က ဘယ်တုန်းကမှ အဆုံးမသတ်ခဲ့တာ သူတို့ မသိကြဘူး... နဂါးဟန်ခေတ်က အမြဲတည်ရှိနေတယ်”

ချင်မူ ရင်တဒိန်းဒိန်း ခုန်လာသည်။

နဂါးဟန်ခေတ်သည် အမြဲတည်ရှိနေသည်တဲ့လား။

မြေအောက်ဘုံအရှင်သခင်ပင် ထိုခေတ်အကြောင်း တစ်ခွန်းမဟခဲ့သလို၊ အမြဲတည်ရှိနေသည့်အကြောင်း မထုတ်ဖော်ချင်ခဲ့ပေ။ ဧရာမအရိပ်ကြီးတစ်ခုက နဂါးဟန်ခေတ်တစ်ခေတ်လုံးကို ဖုံးလွှမ်းထားခဲ့သည့်အပြင် ချိမင်ခေတ်၊ ချုံဧကရာဇ်ခေတ်၊ ခိုင်ဧကရာဇ်ခေတ်နှင့် လက်ရှိထာဝရငြိမ်းချမ်းရေးအင်ပါယာခေတ်အထိပင် ကူးစက်ရောက်ရှိနေခဲ့ခြင်းလော...

“အဲဒီကောင်းကင်နတ်ဘုံမှာ လူတွေ နားမလည်တဲ့အရာတွေ အများကြီးရှိတယ်”

မရဏတမန်တော်က‌ ပြောသည်။ “ရှေးဟောင်းနတ်ဘုရား ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်ဘုံကလည်း အဲဒီကောင်းကင်နတ်ဘုံမှာ ... နတ်ဘုရားတစ်ပိုင်းတွေနဲ့ ကျန်တဲ့မျိုးနွယ်တွေက နတ်ဘုရားတွေလည်း အဲဒီကောင်းကင်နတ်ဘုံမှာပဲ... ဘယ်သူ နောက်ဆုံးမှာ နိုင်သွားလဲတော့ ငါ တကယ် မသိဘူး... မြေအောက်ဘုံအရှင်သခင်နဲ့ သွားတွေ့ကြစို့”

စက္ကူလှေလေးသည် မြေအောက်ဘုံအရှင်သခင်၏ တတိယမျက်လုံးအတွင်း လွင့်မျောသွားပြီး မျက်လုံးအတွင်းရှိ အထွတ်အမြတ်ခန်းမဆီသို့ ရောက်လာ၏။

အထွတ်အမြတ်ခန်းမထဲတွင် အဆပေါင်းများစွာ သေးငယ်နေသော မြေအောက်ဘုံအရှင်သခင်က ခေါင်းငုံ့၍ ကြက်ကင်တစ်ခြမ်း ကိုင်ထားသည့် ကောင်းကင်နတ်အရှင်ယွီကို ကြည့်နေသည်။ ကောင်းကင်နတ်အရှင်ယွီမှာ သတ္တိမွေးပြီး ကြက်ကင်တစ်ခြမ်းကို မြှောက်ကာ ပြောလိုက်လေသည်။ “စားချင်လို့လား... ခင်ဗျားလည်း ဗိုက်ဆာနေတယ်ထင်တယ်”

မြေအောက်ဘုံအရှင်သခင်၏ အကြည့် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွား၏။ သူက ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။ “သနားစရာပဲ... ကောင်းကင်နတ်အရှင်ယွီဟာ အခုလိုအဖြစ်ကို ရောက်သွားတယ်တဲ့လား... မင်း သူ့ကို ခေါ်လာတာ ပျောက်ဆုံးနေတဲ့ ဝိညာဉ်ကို ရှာဖို့ ဟုတ်တယ်မလား”

ချင်မူ ဦးညွှတ်အရိုအသေပေးလိုက်သည်။ “အဲဒီပျောက်ဆုံးနေတဲ့ ဝိညာဉ်ကို မြေအောက်ဘုံအရှင်သခင် ကျေးဇူးပြုပြီး ရှာပေးနိုင်မလားခင်ဗျာ”

“အဲဒီတုန်းက သူ့ကို ငါ ကိုယ်တိုင်ကောင်းချီးပေးခဲ့တာဆိုတော့ မင်း မတောင်းဆိုရင်တောင် ငါ ကူညီပေးမှာပါ”

မြေအောက်ဘုံအရှင်သခင်က မျက်ခုံးနှစ်ဖက်ကြားရှိ မျက်လုံးကို ဖွင့်လိုက်ပြီး သူ၏တတိယမျက်လုံးထဲမှ အလင်းမှန်သားပြင်တစ်ခု ထွက်လာသည်။ “သူ့ရုပ်ခန္ဓာကို ငါ မြင်ခဲ့တုန်းက သူ့တစ်ပိုင်းတစဝိညာဉ်က ကမ္ဘာလောကတွေကို ဖြတ်သွားတာ မြင်ခဲ့ရတယ်... တခဏအတွင်း ကမ္ဘာပေါင်းမရေမတွက်နိုင်အောင် တရိပ်ရိပ် ဖြတ်ပြေးသွားခဲ့တာပဲ”

ကောင်းကင်နတ်အရှင်ယွီမှာ အလင်မှန်သားပြင်ထက်၌ ရပ်ပြီး ဂနာမငြိမ် ဖြစ်နေသည်။ အလင်းမှန်သားပြင်၏အပြင်တွင် ကမ္ဘာပေါင်းများစွာ တဖျတ်ဖျတ် ဖြတ်ပြေးနေ၏။ မြင့်မားထည်ဝါသော တောင်တန်းများ၊ ကျယ်ဝန်းပြန့်ကားသော သဲကန္တာရများ ဖြတ်ပြေးသွားကြသည်။ ကြယ်များလည်း လျင်မြန်စွာ ရွေ့လျားနေသည်။

တခဏကြာသော် အလင်းမှန်သားပြင်သည် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းအောင် ခမ်းနားတင့်တယ်သည့် ကောင်းကင်နန်းဆောင်များ၊ ကြီးထွားမြင့်မားလှသည့် နတ်ဘုရားများနှင့် အမြဲတမ်း နေ့ဖြစ်နေသော ကောင်းကင်နတ်ဘုံအား ပြသလိုက်၏။

ကောင်းကင်နန်းဆောင်များက ကောင်းကင်နတ်အရှင်ယွီ၏ ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားပြီး မြန်သထက် မြန်လာသည်။ ရုတ်တရက် ပုံရိပ်များ တဖြည်းဖြည်း နှေးလာကာ နောက်ဆုံးတော့ နန်းဆောင်တစ်ခု၏ တံခါးအရှေ့၌ ရပ်သွားသည်။

တံခါးကို ဖြတ်ပြီးနောက်တွင် စံအိမ်များ၊ အဆောက်အအုံများစွာ ‌ကျော်၍ တံခါးအနည်းငယ် ထပ်မံဖြတ်ပြီးသည့်အခါ နေရာတစ်နေရာသို့ ရောက်လာသည်။ ဤနေရာတွင် ပုံရိပ်များ ဖြတ်တောက်ခံလိုက်ရ၏။

မြေအောက်ဘုံအရှင်သခင်က ပြောသည်။ “သူ့တစ်ပိုင်းတစဝိညာဉ်ကို နံ့သာခန်းမမှာ ဖိနှိပ်ထားတယ်... နံ့သာခန်းမရဲ့ အတားအဆီးအစီအရင်က အားကောင်းလွန်းလို့ ငါ ကြည့်လို့မရဘူး”

ချင်မူ စိတ်သက်သာရာရသွားပြီး ပြုံးလိုက်သည်။ “ဘယ်နေရာမှာ ရှိနေလဲ သိရသ‌ရွေ့ မျှော်လင့်ချက် ရှိပါသေးတယ်”

မရဏတမန်တော်၏မျက်နှာသည် တင်းမာနေပြီး မှုန်ကုပ်နေ၏။ နံ့သာခန်းမမှာ ချင်မူ ထင်ထားသလို မရိုးရှင်းပေ။

“နံ့သာခန်းမက ပလ္လင်ခန်းမ ၂၂ ခုထဲက တစ်ခုပဲ... ခန်းမတွေရဲ့အစီအစဉ်က ကောင်းကင်နန်းဆောင်တွေနဲ့ ဆင်တယ်”

မြေအောက်ဘုံအရှင်သခင်က  အနိမ့်အမြင့်မရှိသော လေသံဖြင့် ပြောသည်။ “မင်းကို အသာထား၊ နတ်ကောင်းကင်ခန်းမအဆင့် သိုင်းပညာရှင်တွေတောင် အထဲ မဝင်နိုင်ဘူး”

ချင်မူက အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “လိုလျှင်ကြံဆ နည်းလမ်းရတဲ့”

‌မြေအောက်ဘုံအရှင်သခင်က မေးသည်။ “ကောင်းကင်နတ်ဘုံကို ဘယ်လိုဝင်ရမလဲ မင်း သိလား.. ဘယ်နေရာမှာ ရှိလဲသိလား”

ချင်မူ မှင်သက်သွား၏။

သူ အမှန်တကယ် မသိပေ။ အခြားသူများက ထိုနေရာကို ပြင်ပကောင်းကင်နတ်ဘုံကို ခေါ်ကြသော်လည်း မည်သည့်နေရာတွင် တည်ရှိသည်ကိုတော့ တန်ခိုးရှင်သစ်ခုတ်သမားပင် မဖြေနိုင်။

အစမှ အဆုံးအထိ တန်ခိုးရှင်သစ်ခုတ်သမားပင် ခိုင်ဧကရာဇ်ခေတ်၏ ရန်သူက မည်သူမှန်း မသိခဲ့ပေ။

ချင်စာလုံးမြေပြင်ထဲရှိ ချိဧကရာဇ်၏ အသိစိတ်အလျဉ်လည်း ချိမင်ခေတ်၏ ရန်သူက မည်သူမှန်း မသိခဲ့။

မြေအောက်ဘုံအရှင်သခင်သည် သူ့ကို တစ်ချက်ကြည့်ကာ ပြော၏။ “မင်း အပြင်အရင်ထွက်နှင့်.... ငါ အရာရှိမင်းနဲ့ ပြောစရာရှိလို့”

ချင်မူ အထွတ်အမြတ်ခန်းမအပြင် ထွက်ပြီး ချောင်းကြည့်လိုက်သည်။ ရုတ်တရက် တံခါးက ဂျိန်းခနဲ ပိတ်သွား၏။

“ဟမ့် လျှို့ဝှက်လိုက်ကြတာ” ချင်မူ ဒေါသတကြီး ညည်းလိုက်သော်လည်း သူ့အကြည့်သည် မလှုပ်မယှက် ရပ်နေသော မရဏတမန်တော်၏လှေအပေါ် ကျရောက်သွားလေသည်။

အထွတ်အမြတ်ခန်းမထဲတွင် မြေအောက်ဘုံအရှင်သခင်က မရဏတမန်တော်ကို ကြည့်သည်။ “သူ့ရဲ့ တစ်ပိုင်းတစ ဝိညာဉ်ကို အခု ကယ်လို့မရဘူး... မင်း ဘာလုပ်ဖို့ ကြံထားလဲ”

မရဏတမန်တော် တိတ်ဆိတ်သွားသည်။ “သူက ကျွန်တော်ရဲ့ ဒုတိယမြောက် အမျိုးပါ... သူ့ကို ကာကွယ်ပေးရမယ်”

“သူက အခု စက္ကူအရုပ်လို ဖြစ်နေပြီ”

မြေအောက်ဘုံအရှင်သခင်က ပြောသည်။ “ဒါ့အပြင် စက္ကူအရုပ်ထက်တောင် ရူးသေးတယ်... သူ မင်းနောက်လိုက်ရင် မင်းလို သီးသန့်ဆန်လာပြီး ယိုတုအပြင် ထွက်လာတာနဲ့ အသေဆိုးနဲ့ သေရလိမ့်မယ်... မင်း ဒီနှစ်တွေထဲ အသက်ရှင်နေတဲ့ အကြောင်းရင်းက ယိုတုမှာပဲ ရှိနေလို့... အပြင်ထွက်ရင် မင်းသေတာ ကြာနေပြီ... သူ မင်းနောက်လိုက်ရင် မင်းလိုပဲ ဖြစ်လာလိမ့်မယ်”

မရဏတမန်တော်သည် လက်ချောင်းများမှ ကြက်ဆီများကို စုပ်နေသော ကောင်းကင်နတ်အရှင်ယွီအား တိတ်ဆိတ်စွာ ကြည့်လိုက်မိ၏။ တခဏကြာသော် သူ ခေါင်းမော့လိုက်သည်။ “ကျွန်တော် အဲဒီကိစ္စ တွေးထားပြီးပါပြီ... သူ့ကို ခေါ်ထားပေးဖို့ ကျွန်‌တော်က မသင့်တော်လို့ ကောင်းကင်နတ်အရှင်မူနဲ့ ထည့်ပေးလိုက်ဖို့ တွေးနေတာ”

မြေအောက်ဘုံအရှင်သခင်က ပြောလိုက်၏။ “သူ့လက်ထဲလား.... သူ့ကြောင့် ကောင်းကင်နတ်အရှင်ယွီ လမ်းမှားသွားမှာ မကြောက်ဘူးလား”

“ဒါပေမဲ့ အနည်းဆုံးတော့ ကောင်းကင်နတ်အရှင်ယွီ မသေဘူးပေါ့”

မရဏတမန်တော် ပြောလိုက်သည်။ “ကျွန်တော် စိတ်ပူတာက ကောင်းကင်နတ်အရှင်မူ သူ့ကို ခေါ်မသွားချင်မှာကိုပဲ... သူက ကောင်းကင်နတ်အရှင်ယွီကို ကယ်ပြီး သူ့အတွက် ကလဲ့စားချေပေးခဲ့တဲ့အထိ သဘောကောင်းပေမယ့် ကောင်းကင်နတ်အရှင်ယွီကို ဘယ်လိုမှ စောင့်ရှောက်ပေးချင်မှာမဟုတ်ဘူး”

မြေအောက်ဘုံအရှင်သခင် ညစ်ကျယ်ကျယ် ပြုံးလိုက်၏။ “သူ့မှာ အဲဒီလိုလုပ်ဖို့အပြင် ရွေးချယ်စရာမရှိဘူး ဖြစ်လာလိမ့်မယ်... အခု သူက မင်းရဲ့ လှေလေးကို ခိုးပြီး ယိုတုရဲ့အတွင်းပိုင်းထဲ ရွက်လွှင့်ရင်း သူ့အမေကို သွားတွေ့တော့မယ်... ပြစ်မှုအကြီးကြီး သူ ကျူးလွန်တော့မှာဆိုတော့ ဒီပြစ်မှုကြောင့် ဒီအရှုပ်ထုပ် ကောင်းကင်နတ်အရှင်ယွီကို ခေါ်ထားပေးဖို့အပြင် ရွေးချယ်စရာရှိမှာ မဟုတ်တော့ဘူး”

မရဏတမန်တော် အံ့အားသင့်သွားပြီး ချီးကျူးမိတော့သည်။ “မြေအောက်ဘုံအရှင်သခင်က အမြော်အမြင် ကြီးမားပါပေတယ်”

All Chapters