ထူးဆန်းသောအဖေနဲ့ သား (၃)
Vol. 8 Ch. 112
ခဏလောက် စဉ်းစားပြီးနောက် လင်းရှန်သည် မစ်ရှင်ကို လက်ခံရန် ဆုံးဖြတ်လိုက်သည်။
သူ အခုမှ အပြင်ကနေ လေ့ကျင့်ပြီး ပြန်လာတာကြောင့် မြို့ပြင်ထွက်ဖို့ အစီအစဉ် မရှိသေးပေ။ သို့သော် ဤမစ်ရှင်သည် အန္တရာယ်မရှိသောကြောင့် ဒါကို အားလပ်ရက် အပန်းဖြေခရီးအဖြစ် သတ်မှတ်ခဲ့သည်။
ထို့အပြင် ကိုယ်ခံပညာတည်မြဲရေးစံအိမ်မှ ရာဇ၀တ်ကောင်များကို မည်သို့ဖမ်းဆီးသည်ကိုလည်း သူမြင်ချင်မိသည်။
မစ်ရှင်ကို လက်ခံရင်း ကျောင်းယုနဲ့ ခဏစကားစမြည်ပြောပြီးနောက် လင်းရှန်သည် ကိုယ်ခံပညာနှင့် မှော်လက်နက်များကို လဲလှယ်ရန် ပြင်ဆင်ခဲ့သည်။
လက်ထဲမှ များပြားလှသော အရည်အသွေးအမှတ်များနဲ့ဆို သူတောင့်တခဲ့သော ကိုယ်ခံပညာများနှင့်မှော်လက်နက်များကို လဲလှယ်နိုင်သည် ။
ဒါကိုတွေးပြီး လင်းရှန်ခြေလှမ်းတွေက ပေါ့ပါးသွားသည်။
သို့သော် တံခါးဝသို့ မထွက်မီတွင် ခန်းမထဲသို့ လူတစ်ဦး ပြင်းပြင်းထန်ထန် ပြေးလာသည်ကို တွေ့လိုက်ရသည်။ သူသည် ကောင်တာဆီသို့ လျှောက်သွားပြီး ကောင်တာကို လက်ဖဝါးနဲ့ ရိုက်လိုက်သည်။
"ကိုယ်ခံပညာတည်မြဲရေးစံအိမ်ကထုတ်ထားတဲ့ မစ်ရှင်ကိုလုပ်ချင်လို့ပါ”
ကျောင်းယုသည် ထိုလူကို သိသည်။ ဒါကိုကြားတော့ သူမက စိတ်ရှုပ်သွားသလို ကူကယ်ရာမဲ့စွာ ပြောသည် ။
"စီနီယာအကိုလမ် ၊ ဆရာကြီးလမ်က တိုက်ခိုက်ရေးနဲ့ပတ်သက်တဲ့ ဘယ်မစ်ရှင်ကိုမှ လက်ခံခွင့်မပြုဘူးလို့ ရှင်းရှင်းလင်းလင်းပြောထားပြီးသားလေ။ ကျွန်မကို အခက်တွေ့အောင် မလုပ်ပါနဲ့”
စီနီယာ အကိုလမ်ဟုခေါ်သော လူငယ်သည် ထိုစကားကိုကြားသောအခါ ဒေါသတကြီးဖြစ်သွားသည်။ သူက ကောင်တာကို ထပ်ပြီး ရိုက်သည်။
"ငါက ကျောင်းရဲ့ တပည့်ပဲလေ ။ မစ်ရှင်တွေကို ငါ လက်ခံပိုင်ခွင့်ရှိပါတယ်”
"မင်းငါ့ကိုတားဖို့ ဘာအခွင့်အရေးရှိလို့လဲ"
"အဖေကပေကာတာဆိုလည်း ဘာဖြစ်လဲ”
"ငါ ဂရုမစိုက်ဘူး”
စီနီယာအကိုလမ်က ကျောင်းယုကို ကြားဖြတ်ပြီး မောက်မာစွာ ပြောသည် ။
"ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီနေ့ ကိုယ်ခံပညာတည်မြဲရေးစံအိမ်ရဲ့ စစ်သားစုဆောင်းရေးမစ်ရှင်ကို ငါလက်ခံမယ်။ မင်းငါ့အတွက် လုပ်ဆောင်မပေးဘူးဆိုရင် ငါက ယဉ်ကျေးနေတော့မှာ မဟုတ်ဘူး”
ကျောင်းယုသည် မျက်မှောင်ကြုတ်ပြီး စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းသွားသည်။ အဆုံးတွင် အံကြိတ်ကာ အသံတိုးတိုးဖြင့် ပြောသည် ။
"တောင်းပန်ပါတယ် အကိုကြီးလမ် ၊ ဆရာကြီး လမ်ရဲ့ အမိန့်ကို မလွန်ဆန်နိုင်ပါဘူး"
"မင်း”
အကိုလမ်သည် ဒေါသတကြီးဖြစ်ကာ ကျောင်းယုကို ရိုက်ရန် သူ့လက်ကို မြှောက်လိုက်သည်။
အကိုလမ်က သူ့ကို တကယ်တိုက်ခိုက်လိမ့်မယ်လို့ မိန်းကလေးက မျှော်လင့်မထားပေ။သူမ၏ လှပသော မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားကာ မသိစိတ်က မျက်လုံးများကိုမှိတ်ထားလိုက်သည်။
သို့သော် စက္ကန့်အနည်းငယ်ကြာတဲ့အထိ သူမမျှော်လင့်ထားသည့် နာကျင်မှုကို မခံစားရပေ။
ကျောင်းယုက စိတ်ရှုပ်ထွေးစွာဖြင့် မျက်လုံးဖွင့်လိုက်သည်။ ထိုအခါမှ စီနီယာ အစ်ကိုလမ်၏ လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခံရပြီး မလှုပ်ရှားနိုင်တော့ကြောင်း သူမ သိလိုက်ရသည်။
လင်းရှန်သည် အချိန်မီ လှုပ်ရှားပြီး အကိုလမ်ကို ရပ်တန့်လိုက်သည်။
"တကယ်လို့ မင်းမှာ သတ္တိရှိရင် မင်းအဖေဆီသွားပြီး အမိန့်ပြန်ဖျက်ခိုင်းလိုက်ပါလား။ မိန်းကလေးကို အနိုင်ကျင့်တာ ဘာသဘောလဲ"
လင်းရှန်သည် အကိုလမ်၏ လက်ကောက်ဝတ်ကို ခါချလိုက်ပြီး ကျောင်းယုကို အကာအကွယ်ပေးရန် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ပြီးတာ့ သူက ဂရုမစိုက်သလို ကြည့်နေသည်။
"မင်းက ဘယ်သူလဲ၊ မင်းဘာလို့အရမ်းမိုက်မဲနေတာလဲ"
အကိုလမ်သည် သူ့လက်ကောက်ဝတ်ကို ပွတ်သပ်ကာ လင်းရှန်ကို စိုက်ကြည့်နေသည်။
"ငါ့လမ်းက ထွက်သွား မဟုတ်ရင် ငါ သိပ်ယဉ်ကျေးနေမှာ မဟုတ်ဘူး”
လင်းရှန်က အလျှော့မပေးပေ။
ဒါကိုမြင်တော့ စီနီယာ အကိုလမ်ရဲ့မျက်လုံးထဲမှာ ဒေါသတွေ တိုးလာသည်။ သူ သွားတွေကို အံကြိတ်ပြီး "ကောင်းပြီ၊ ဒါဆို ငါလုပ်ရတော့မှာပဲ..."
"မင်းက ဘာလုပ်မှာလဲ”
သူ့ပြောစကားကို အသံအက်အက်တစ်ခုက ကြားဖြတ်လာသည်။
လူတိုင်း အံ့အားသင့်သွားကာ ပြောသူ၏ ဦးတည်ရာသို့ လှည့်ကြည့်လိုက်ကြသည်။ ထိုမှသာ အခြားတစ်ယောက်ယောက်က စကားဝိုင်းထဲပါလာကြောင်း သူတို့သဘောပေါက်သွားကြသည်။
ထိုလူက အသက် ၄၀ လောက်ရှိပြီပင်။ သူ့တွင် ပျော့ပျောင်းသော မျက်နှာနှင့် တက်ကြွသော မျက်လုံးများရှိသည်။ သူသည် အနက်ရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး ထူးထူးခြားခြား အသွင်အပြင် ထွက်ပေါ်နေသည်။
အကိုလမ်က ထိုလူ ဘယ်သူလဲဆိုတာ မြင်တော့ ငြိမ်ကျသွားပြီး ဒေါသမထွက်တော့ပေ။ သူပုံစံက ရေအေးနဲ့ပက်ခံလိုက်ရသလိုပင်။
သူ့ပခုံးတွေ ကျသွားပြီး စကားမပြောနိုင်အောင် တုန်လှုပ်သွားသည်။
တစ်ချိန်တည်းမှာပင် ကျောင်းယုက အော်လိုက်သည်
"ဆရာ လမ်”
လင်းရှန်သည် ထိုလူကို ကြည့်လိုက်ပြီး အကိုလမ်၏ဖခင်ဖြစ်ကြောင်း သိလိုက်ရသည်။
ဆရာလမ်သည် ကျောင်းယုနဲ့ လင်းရှန်ကို တစ်ချက်ကြည့်လိုက်သည်။ သူ့အကြည့်တွေက လင်းရှန်ဆီကို ခဏလောက်ရောက်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။ ပြီးတော့ ဘာမှပြန်မပြောဘဲ ခန်းမထဲကနေ လှည့်ထွက်သွားသည်။
"ငါနဲ့ အတူလိုက်ခဲ့”
အစ်ကိုလမ်က ဘာမှပြန်မပြောဘဲ ရှုံးနိမ်တဲ့ ကြက်မတစ်ကောင်လို စိတ်ပျက်လက်ပျက်နဲ့ ခန်းမထဲကနေ ထွက်သွားသည်။
ခန်းမအ၀င်ဝမှာ သူတို့နှစ်ယောက် ပျောက်သွားတာကိုမြင်မှ လင်းရှန်က ခေါင်းယမ်းလိုက်သည်။
တကယ့်ကို ထူးဆန်းတဲ့ သားအဖပင်။
လင်းရှန် လှည့်ကြည့်လိုက်တော့ ကျောင်းယုက သူ့ကို တောက်ပတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတာကို မြင်လိုက်ရသည်။
"စီနီယာ အစ်ကိုလင်းက အရမ်းတော်တာပဲ၊ ကျွန်မကို ကူညီတာ ကျေးဇူးတင်ပါတယ်"
"ရပါတယ် ဘာမှမဖြစ်ဘူး။"
လင်းရှန်က သူ့လက်ကို ဝှေ့ယမ်းပြီး "ဒီကောင် က ဘာလဲ" ဟု ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
ကျောင်းယုက အသိပြန်ဝင်လာပြီး စီနီယာအစ်ကိုလမ် ထွက်ခွါသွားသည့်
လမ်းကြောင်းကို ကြည့်ကာ လျှာထုတ်လိုက်သည်။ ထို့နောက် မျက်နှာလွှဲကာ ပြန်ပြောသည်။
"အဲဒါက လမ်ရှင်းပါ။ သူက ဆရာကြီးလမ် ရဲ့သားလေ။ သူ့အဖေက သူ့ကို တိုက်ပွဲနဲ့ ပတ်သက်တဲ့ မစ်ရှင်တွေကို လက်ခံဖို့ ခွင့်မပြုထားလို့ ရံဖန်ရံခါ ဒီကိုလာပြီး ဒုက္ခပေးတတ်တယ်။"
"ဘာလို့ အဲ့လိုလုပ်တာလဲ"
လင်းရှန် အလွန်အံ့သြသွားသည်။
ဘာလို့ ဒီလိုလုပ်ရတာလဲ။
ကျင့်ကြံခြင်းသည် လုံ့လဝီရိယဖြင့် ဆောင်ရွက်နိုင်သောအရာမဟုတ်ပေ။
တိုက်ပွဲနှင့် သတ်ဖြတ်ခြင်းတို့ကလည်း မရှိမဖြစ်လိုအပ်သည်။
ကိုယ်ခံပညာရပ်တော်တော်များများကလည်း တိုက်ပွဲများတိုက်မှ
နားလည်သဘောပေါက်တာ ဖြစ်သည်။ ထို့ကြောင့် ရှင်သန်ခြင်းနှင့်သေခြင်းကြားမှ အမြင်အာရုံတစ်ခုကိုရရှိရန်နှင့် ပိတ်ဆို့ခြင်းများကိုဖြတ်ကျော်နိုင်ရန် ကျင့်ကြံသူအများအပြားက ဝိညာဉ်သားရဲများ ပေါများသောနေရာများသို့ သွားကြတာပင်။
တိုက်ပွဲသည် ကျင့်ကြံမှု၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။
ဆရာကြီးလမ်က သူ့သားကို တိုက်ပွဲတွေမှာ ပါဝင်ဖို့ ခွင့်မပြုရင် သူ့သားရဲ့ တိုးတက်မှုကို နှောင့်နှေးစေမှာ မဟုတ်ဘူးလား
ထို့အပြင် လမ်ကွမ်းထင်သည် ဆရာဖြစ်သည်။ ပြောရလျှင် သူသည် အခြားသူများထက် ဘယ်ဟာပိုကောင်းကြောင့် သိသည်။
"ဆရာကြီးလမ်ရဲ့ အကြီးဆုံးသားနဲ့ တစ်ခုခုတော့ ဆက်စပ်နေတယ်လို့ လူတိုင်းက ထင်နေကြတာပဲ”
ကျောင်းယုက လျှို့ဝှက်ဆန်းကြယ်သော လေသံဖြင့် ပြောသည် ။
"ဆရာကြီးလမ်ရဲ့ ကြီးဆုံးသားကလည်း ကျောင်းရဲ့ တပည့်တစ်ဦးပဲလေ။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်လောက်က လေ့ကျင့်ရေးလုပ်ဖို့ နဂါးချောက်နက်တောင်တန်းထဲကို ဝင်ပြီး ပျောက်ဆုံးသွားခဲ့တယ်။ အခုအချိန်အထိ သူ့ခြေရာလက်ရာတွေကို ရှာမတွေ့သေးဘူး။ အဲ့တာကြောင့် ကွယ်လွန်ကြောင်း အတည်ပြုလိုက်ရတာ။ အခုတော့ ဆရာလမ်မှာ လမ်ရှင်းဆိုတဲ့ သားတစ်ယောက်ပဲရှိတော့တာ”
"သူ့ရဲ့တစ်ဦးတည်းသောသားကို ထပ်ပြီးအန္တရာယ်မကြုံစေချင်တာလည်း ဖြစ်နိုင်တယ်။ ဆရာကြီးလမ်က လမ်ရှင်းကို အန္တရာယ်ရှိတဲ့ မစ်ရှင်တွေလက်ခံတာမျိုး မလုပ်ဖို့ တင်းတင်းကြပ်ကြပ်တားမြစ်ထားတယ်”
လင်းရှန် အံ့အားသင့်သွားသည်။
ဒီလို အကြောင်းပြချက်တွေ ရှိလာမယ်လို့ သူ မျှော်လင့်မထားပေ။