ကိုယ်ပွါး သေဆုံးခြင်း (၂)
Vol. 8 Ch. 116
အဆိုပါစာသည် ကိုယ်ခံပညာတည်မြဲရေးစံအိမ်မှလာတာ ဖြစ်သည်။ နောက်ဆုံးတော့ သူ ဆင့်ခေါ်ခြင်းခံခဲ့ရသည်။
"နောက်ဆုံးတော့ လာပြီပဲ”
လင်းရှန်က ပြုံးလိုက်သည်။ သူ့လက်ဖဝါးမှအနီရောင်အလင်းတဖျပ်ဖျပ်နဲ့ စာလုံးကို ပြာအဖြစ်ပြောင်းလိုက်သည်။ ထို့နောက် လှည့်ကာ ကျောင်းအပေါက်ဆီသို့ လျှောက်သွားလိုက်သည်။
နာရီဝက်ကြာသောအခါ
လင်းရှန်သည် ဗဟိုခရိုင်ရှိ ကိုယ်ခံပညာတည်မြဲရေးစံအိမ်၏ ဌာနချုပ်သို့ ရောက်ရှိလာသည်။ ၎င်းက ကြီးမားသောဧရိယာကို သိမ်းပိုက်ထားသော အဆောက်အအုံအုပ်စုဖြစ်သည်။
နိုင်ယန်းကျောင်း၏ တပည့်အမှတ်အသားတိုကင်ကို အစောင့်အား ပြသကာ သူဘာကြောင့် ထိုနေရာတွင် ရှိနေသည်ကို ရှင်းပြပြီးနောက် လင်းရှန်ကို အားကစားရုံတစ်ခုနှင့်တူသော နေရာကို အမြန်ခေါ်ဆောင်သွားခဲ့သည်။
သူရောက်သွားတော့ အထဲမှာ လူတော်တော်များနေပြီပင်။
ထိုနေရာမှာ လူ ၅၀ ထက်မနည်း ရှိနေသည်။
လင်းရှန်ကို အံ့အားသင့်သွားစေတာက ကျောက်ရွှမ်ရင်ပါ ၎င်းတို့အထဲတွင် ရှိနေခြင်းဖြစ်သည်။
ကိုယ်ခံပညာတည်မြဲရေးစံအိမ်သည် ဤအကြိမ်တွင်
ကြာရှည်စွာအသက်ရှုခြင်းအဆင့် တပည့်များကို ခေါ်ယူနေတာ ဖြစ်သည်။
ဤနေရာတွင် ရှိနေခြင်းက ကျောက်ရွှမ်ရင်သည် ကြာရှည်စွာအသက်ရှုခြင်းအဆင့်သို့ ဖြတ်ကျော်သွားခဲ့ပြီဟု ဆိုလိုတာပင်။
လွန်ခဲ့သည့်တစ်လကျော်က သူမသည် ချီအသွင်ပြောင်းခြင်း အဋ္ဌမအဆင့်တွင်သာ ရှိသေးသည်။
"သူမရဲ့ ခွန်အားကို မြန်မြန် မြှင့်တင်ပေးနိုင်တဲ့ သဘာဝရတနာ ဒါမှမဟုတ် ဆေးလုံးတွေကို စားသုံးခဲ့တာလား"
ကျောက်ရွှမ်ရင်သည် မျိုးနွယ်စုကြီး သုံးခုအနက် တစ်ခုမှ တိုက်ရိုက်ဆင်းသက်လာသူဖြစ်သည်။
လင်းရှန်သည် လေးနက်စွာ တွေးနေသည်။
ထိုအချိန်တွင် ကျောက်ရွှမ်ရင်က လင်းရှန်ရောက်လာသည်ကို သတိပြုမိပြီး သူမ၏မျက်လုံးများတွင် အလင်းတန်းများ လင်းလက်လာသည်။
တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူမ နှုတ်ခမ်းကို ပွတ်သပ်ကာ လင်းရှန်ဆီသို့ လျှောက်သွားလိုက်သည်။
"မင်းလည်း ဒီမစ်ရှင်ကို လက်ခံခဲ့တာလား။"
ကျောက်ရွှမ်ရင်သည် အခြားသူများနှင့် စကားစမြည်ပြောရာတွင် မကျွမ်းကျင်သောကြောင့် သိသာသောမေးခွန်းတစ်ခုကို မေးခဲ့သည်။
ဒီနေရာမှာရှိတဲ့ တပည့်များထဲမှ ဘယ်သူကမှ ကိုယ်ခံပညာတည်မြဲရေးစံအိမ် တာဝန်ကို လက်မခံပဲနေပါ့မလဲ
လည်ချောင်းရှင်းပြီးနောက် လင်းရှန်က ခေါင်းညိတ်ကာ "ဒီမစ်ရှင်အကြောင်း တစ်ခုခု ကြားထားလား?"
ကျောက်ရွှမ်ရင်က ခေါင်းခါလိုက်သည်။ "ကိုယ်ခံပညာတည်မြဲရေးစံအိမ်က ဒီမစ်ရှင်ရဲ့ အကြောင်းအရာတွေကို လျှို့ဝှက်ထားတဲ့နေရာမှာ အတော်တင်းကြပ်ထားတာ ။ သူတို့က ငါတို့ကို ဘာလုပ်စေချင်တယ်ဆိုတာ မပြောကြဘူး”
ဤအဖြေသည် အံ့သြစရာမဟုတ်ပေ။၎င်းသည် လျှို့ဝှက်သောမစ်ရှင်ဖြစ်ခဲ့ပါက ကိုယ်ခံပညာတည်မြဲရေးစံအိမ်သည် မစ်ရှင်မစတင်မီအချိန်အထိ အသေးစိတ်အချက်အလက်များကို ၎င်းတို့အား သေချာပေါက်ပြောပြမည်မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ တပည့်များသည် အရံလုပ်ငန်းအချို့ကိုသာ တာဝန်ယူကြရသည်။
မစ်ရှင်ရဲ့ အကြောင်းအရာတွေကို ကြိုမသိခဲ့ရင်တောင်မှ သူတို့ကို အများကြီး ထိခိုက်စေမှာ မဟုတ်ပေ။
ကျောက်ရွှမ်ရင်ကလည်း အာလပသလာပ ပြောဆိုရာတွင် မကျွမ်းကျင်တဲ့အပြင် လင်းရှန်သည်လည်း ထိုမိန်းကလေးနှင့် ဆက်ဆံရေးတည်ဆောက်ရန် ရည်ရွယ်ချက်မရှိပေ။ ခဏကြာ စကားစမြည်ပြောပြီးနောက် နှစ်ယောက်သား တိတ်ဆိတ်သွားကြသည်။
လင်းရှန်က သိပ်ဂရုမစိုက်ပေ။ သူသည် ပတ်ပတ်လည်ကို လှမ်းကြည့်ပြီး အနီးနားရှိ လူအုပ်ကြီးကို လေ့လာလိုက်သည်။
ခဏအကြာမှာတော့ ခန်းမထဲတွင်လူ ၇၀ ကျော်ရှိနေပြီဖြစ်သည်။
အနီးကပ်စစ်ဆေးကြည့်သောအခါတွင် ဤလူ ၇၀ သည် နှစ်ယောက်၊ သုံးယောက်စီ စုဝေးနေကြသော်လည်း ၎င်းတို့ကို အုပ်စုသုံးစုခွဲထားသည်ကို မြင်လိုက်ရသည်။
အတွင်းဆုံးဧရိယာတွင် လူသုံးဆယ်ခန့်ရှိပြီး လင်းရှန်သည် ၎င်းတို့ထဲမှ အများအပြားကို သိနေခဲ့သည်။ သူတို့ကို ကျောင်းမှာ တွေ့ဖူးတာ ဖြစ်နိုင်သည်။
သေချာတာက ဤလူသုံးဆယ်သည် နိုင်ယန်းကျောင်းမှ ဖြစ်သည် ။
အလယ်မှာ လူ ၂၀ လောက်ရှိသည် ။ ၎င်းတို့အနက် သုံးပုံနှစ်ပုံကျော်သည် နုပျိုလှပသော မိန်းကလေးများဖြစ်သည်။ သူတို့က အလွန်
တက်ကြွပြီး ယောက်ျားလေးတော်တော်များများ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။
မြစိမ်းရောင်ဆီးနှင်းကျောင်းတွင် အမျိုးသားများထက် အမျိုးသမီးများ ပိုရှိသည်ဟူသော ကောလဟာလများကို သတိရသောအခါ ထိုလူများက မည်သည့်ကျောင်းမှဆိုတာကို လင်းရှန်သိသည်။
ဒါဆို ဝင်ပေါက်နားမှာ ကျန်တဲ့ လူနှစ်ဆယ်လောက်က ပြင်းထန်သောရေလှိုင်း ကျောင်းမှ တပည့်တွေဆိုတာ သိသာသည်။
"ကျောင်းသုံးခုက လူတွေအများကြီးတွေ့ရမယ်လို့ ငါ မျှော်လင့်မထားဘူး။"
လင်းရှန်က သူ့ဘာသာ ရေရွတ်လိုက်သည်။
လူဦးရေ (၈၀)ကျော်သွားပြီးနောက် လူများဝင်ရောက်မှု ရပ်တန့်သွားခဲ့သည်။
ခဏကြာတော့ တံခါးပွင့်လာပြီး ကိုယ်ခံပညာတည်မြဲရေးစံအိမ်ယူနီဖောင်းနဲ့ လူလေးငါးယောက် ဝင်လာသည်။
ဦးဆောင်သူမှာ အသိအကျွမ်းဟောင်းတစ်ဦးဖြစ်သည်။ ၎င်းမှာ အလံအရာရှိ ဟန်ဝူဖြစ်သည်။
"နည်းနည်း တိတ်ပေးကြပါ”
ဟန်ဝူက ကျယ်လောင်စွာ အော်လိုက်ပြီး ပတ်ဝန်းကျင်က ဆွေးနွေးမှုကို ချက်ချင်း ရပ်တန့်လိုက်သည်။
အားလုံးက သူ့ကိုကြည့်နေကြတဲ့အချိန်မှာ ဟန်ဝူက အသံထွက်လာသည်။
"အရင်ဆုံး ဒီမစ်ရှင်မှာ ပါဝင်ပေးကြတဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်တစ်ခုကတော့ မင်းတို့ကို လူလေးယောက်ကနေ ခြောက်ယောက်အထိ အဖွဲ့တွေခွဲထားမှာ။ အခု မင်းတို့ နာမည်ခေါ်တဲ့အခါ မင်းရဲ့အသင်းဖော်တွေနဲ့ ပေါင်းလိုက်ကြ..ဟုတ်ပြီလား”
ဟန်ဝူက သူ့လက်ကို ဝှေ့ယမ်းလိုက်တော့လက်အောက်ငယ်သားတစ်ဦးသည် ချက်ချင်း ရှေ့သို့ ခြေတစ်လှမ်းတိုးလာပြီး အဖွဲ့တစ်ခုစီ၏ နံပါတ်များနှင့် အဖွဲ့ဝင်များကို ကျယ်လောင်စွာ ဖတ်ပြသည်။
အသင်းများခွဲဝေခြင်းသည် အဖွဲ့ဝင်များတက်ရောက်သည့် ကျောင်းကိုလည်း ထည့်သွင်းစဉ်းစားသည်။ တူညီသော ကျောင်းမှ သူများကို တူညီသောအဖွဲ့တွင် တာဝန်ပေးအပ်မည်ဖြစ်သည်။
တိုက်ဆိုင်စွာပင် လင်းရှန်သည် ကျောက်ရွှမရင်နှင့် အုပ်စုအတူတူတွင် ရှိနေခဲ့သည်။
ထို့အပြင် အဖွဲ့အတွင်းရှိ အခြားအသင်းဖော်နှစ်ဦးသည်
မြစိမ်းရောင်ဆီးနှင်းကျောင်းမှ တပည့်များဖြစ်ပြီး ၎င်းတို့နှစ်ဦးစလုံးမှာ မိန်းကလေးများဖြစ်သည်။
"တွေ့ရတာဝမ်းသာပါတယ်။ ငါ့နာမည်က ယုရှုရင်ပါ”
သူ့ဘာသာ ပထမဆုံး မိတ်ဆက်တဲ့ မိန်းကလေးက ဆံပင်အတိုနဲ့ မိန်းကလေးပင်။သူမသည် အရပ်ရှည်ပြီး ရဲရင့်သော အသွင်ကို ဆောင်သည် ။
အခြားမိန်းကလေးက သေးသေး နုနုရွရွလေး ဖြစ်သည်။ ယောက်ျားလေးတွေက ကာကွယ်ပေးချင်တဲ့ မိန်းကလေးမျိုးပင်။
"ငါ့နာမည် ကျိုမန်မန်ပါ”
"ငါက လင်းရှန်ပါ"
"ငါက ကျောက်ရွှမ်ရင်ပါ”
ယုရှုရင်သည် ပွင့်လင်းပြီး ပျော်တတ်သော လူတစ်ယောက်ဖြစ်ကြောင်း သိသာသည်။ နောက်တစ်ယောက်မိတ်ဆက်ပေးပြီးနောက် သူမက ချက်ချင်း စိတ်လှုပ်ရှားစွာ မေးလိုက်သည် "နင်တို့ရဲ့ ကျောင်းမှာ ဒီနှစ် ကြာရှည်စွာအသက်ရှုခြင်းအဆင့် ကျောင်းသား အသစ်တစ်ယောက် ရှိနေတယ်လို့ ငါကြားလိုက်ရတယ်။ အဲ့ဒါ အမှန်လား"
ကျိုးမန်မန်ကလည်း သိချင်သည် ။
နောက်ဆုံးမှာတော့ ကြာရှည်စွာအသက်ရှုခြင်းအဆင့် ကျောင်းသားအသစ်တစ်ဦးကို ကျောင်းအားလုံးတွင် ထူးထူးခြားခြားအဖြစ် သတ်မှတ်ကြသည်။
ဒါကိုကြားတော့ ကျောက်ရွှမ်ရင်က ထူးဆန်းတဲ့အမူအရာဖြစ်နေသည်။ သူမက လင်းရှန်ကို ငုံ့ကြည့်ကာ အနည်းငယ် ခေါင်းညိတ်လိုက်သည်။
"အဲဒါအမှန်ပါပဲ။"
"တကယ်အမှန်ပေါ့” ယုရှုရင်က အံ့သြသွားသည် ။ "ကောလဟာလတွေကို ချဲ့ကားနေတယ်လို့ ငါက ထင်ခဲ့တာ၊ တစ်ယောက်ယောက်က ကျောင်းကိုမဝင်ခင်
ကတည်းက ကြာရှည်စွာအသက်ရှုခြင်းအဆင့်အထိ ဖြတ်ကျော်နိုင်မယ်လို့ မထင်ထားခဲ့မိဘူး။ ဒီနှစ် ငါတို့ကျောင်းရဲ့ ထိပ်တန်းတပည့်အသစ်က အတော်လေးကို အထင်ကြီးစရာကောင်းပြီးလို့ ထင်နေတာ၊ သူက ချီအသွင်ပြောင်းခြင်း
နဝမအဆင့်မှာပဲရှိတာ ၊ အဲ့မှာက ပိုကောင်းတဲ့သူတစ်ယောက် အမြဲရှိနေမယ်လို့ ငါထင်ပါတယ်။"
ယုရှုရင်၏ မျက်နှာသည် အံ့သြခြင်းများဖြင့် ပြည့်နှက်နေပြီး အခြားတက္ကသိုလ်များမှ တပည့်များကို ဂရုမစိုက်ဘဲ ချီးကျူးလိုက်သည်။
ကျိုးမန်မန်က "အဲဒီလူက ဒီမစ်ရှင်မှာ ပါဝင်ခဲ့တာလား။"
"ဟုတ်တယ် " ယုရှုယုက လှည့်ပတ်ကြည့်လိုက်သည် ။ "သူဒီမှာ ရှိလား?"
ကျောက်ရွှမ်ရင်က လင်းရှန်ကိုထပ်မံ စိုက်ကြည့်ပြီး သူမ၏ မျက်လုံးများက "နင်အလှည့်" ဟုဆိုသည်။
ဒီတစ်ခါ ဘာကိုဆိုလိုတယ်ဆိုတာ သိဖို့ ပါရမီရှင်တစ်ယောက် မလိုအပ်ပေ။
မိန်းကလေးနှစ်ယောက်၏ မျက်လုံးများက ပြူးကျယ်သွားကာ လင်းရှန်ကို ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။
"နင်က ကျောင်းသားသစ်လား"
လင်းရှန်က ပခုံးတွန့်လိုက်ပြီး ပြုံးကာပြောသည် "ငါ့ရဲ့ဂုဏ်သတင်းက အခုထိ ပြန့်နေမယ်လို့ မျှော်လင့်မထားဘူး။ တခြား ကျောင်းကလူတွေတောင် အဲဒါကို ကြားဖူနေတယ်"
သူမ အသိပြန်ဝင်တော့ ယုရှုရင်သည် ပါးစပ်အဟောင်းသား ဖြစ်နေပြီး ထူးဆန်းသော သတ္တဝါကို ကြည့်နေသလို လင်းရှန်ကို ကြည့်နေသည်။
"ရိုးရိုးသားသားပြောရရင် ကျောင်းကို မဝင်ခင် ကတည်းက ကြာရှည်စွာအသက်ရှုခြင်းအဆင့် ကိုတက်လှမ်းနိုင်တဲ့ ပါရမီရှင်ဆို အတော်မာနထောင်လွှားနေမှာ သေချာတယ်လို့ ငါ ထင်ခဲ့တာ။ သူက ခေါင်းမော့ ရင်ကော့သွားနေမယ်တောင်ထင်တာ။ ဒီလောက်အထိ ချဉ်းကပ်ရလွယ်လိမ့်မယ်လို့ ငါမျှော်လင့်မထားဘူး။ ငါ့မျှော်လင့်ထားတာနဲ့ ဘာ့မဆိုင်တော့ဘူး”
လင်းရှန်က ရယ်လိုက်သည်။"မင်းရဲ့ အထင်အမြင်က သမာရိုးကျဆန်လွန်းနေတယ်။"
"တကယ်လား?" ယုရှုရင်က သူမနှုတ်ခမ်းကို စိထားသည်။ "ဒီလိုလူတွေအများကြီးရှိတယ်လေ”
သူ့ကြည့်ရတာတော့ ဒီလိုလူတွေအများကြီးနဲ့ တွေ့ဖူးပုံရသည်။
သို့သော် လင်းရှန်သည် ယခင်က သူကြုံတွေ့ခဲ့ဖူးသော ဩဇာကြီးမားသည့် မိသားစုများ၏ တပည့်များအကြောင်းကို တွေးကြည့်သောအခါတွင် အနည်းငယ် နားလည်သွားသည်။
လင်းရှန်သည် ကောလာဟလများတွင် ပါဝင်ပတ်သက်သူဖြစ်ကြောင်း သိရှိပြီးနောက် လင်းရှန်အပေါ် မိန်းကလေးနှစ်ဦး၏ စိတ်ဝင်စားမှု က ချက်ချင်းတိုးလာကာ မေးခွန်းမျိုးစုံကိုဆက်မေးနေခဲ့သည်။
ကျောက်ရွှမ်ရင်က အခါအားလျော်စွာ ကြားဖြတ်ပြောသည်။
လှပသော မိန်းကလေး သုံးယောက်က လင်းရှန်ကို ဝိုင်းရံထားသောကြောင့် ယောက်ျားလေးများစွာ မနာလိုဖြစ်ခဲ့ကြသည်။
ခဏအကြာတွင် လူတိုင်းသည် ၎င်းတို့၏အဖွဲ့နှင့် အနည်းအများ ရင်းနှီးသွားသည်ကို မြင်တော့ ဟန်ဝူက အော်ပြောလိုက်သည်၊
"အားလုံး တိတ်တိတ် နေပေးကြပါ။ ပြီးရင်တော့ မစ်ရှင်တွေ ခွဲပေးမယ်။"
အဓိကအပိုင်း ရောက်လာသည်ကိုကြားတော့ အားလုံးက ချက်ချင်းငြိမ်သက်သွားပြီး ဟန်ဝူကို ကြည့်ကြသည်။
ဒါကိုမြင်တော့ ဟန်ဝူက ကျေနပ်စွာ ခေါင်းညိတ်ပြပြီး သူ့ဘေးနားက လူတွေကို လက်ပြလိုက်သည်။ မကြာမီတွင် တစ်စုံတစ်ယောက်သည် ဖွဲ့စည်းပုံချပ်ပြားကို ထုတ်လိုက်ပြီး ၎င်းကို ခဏမျှ ဟိုရွှေ့ဒီရွှေ့လုပ်ပြီးတဲ့နောက်မှာတော့ လူတိုင်း၏ ဦးခေါင်းထက်တွင် ရေမျက်နှာပြင် ပေါ်လာသည်။
လူတိုင်းက အဲဒါကို ကြည့်ကြသည်။
ရေမျက်နှာပြင်သည် အိမ်တစ်လုံးကို ပြသနေသည်။
ပုံရိပ်သည် အိမ်တစ်ခုလုံး၏ အပြင်အဆင်နှင့် ပတ်ဝန်းကျင်ကို မြင်ကွင်းကျယ်ကို ပြသထားသည်။
အိမ်တစ်ဝိုက်ရှိ ယာဉ်ကြောပိတ်ဆို့မှုများနှင့် လမ်းဆုံများတွင် နံပါတ်အမြောက်အမြားကို အမှတ်အသားပြုထားသည်။
"ဒီမှာရှိတဲ့ နံပါတ်တွေက မင်းတို့အဖွဲ့နံပါတ်
တွေ၊ အဲ့တာက မင်းစောင့်ရမဲ့နေရာကို ကိုယ်စားပြုတယ်”
ဟန်ဝူသည် လေးနက်သောအမူအရာဖြင့် ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
"မစ်ရှင်စတင်ရင် အဖွဲ့အားလုံးက သက်ဆိုင်ရာနေရာတွေကို ချက်ချင်းဦးတည်သွားရမယ်။ မင်းရဲ့တာဝန်က အဝိုင်းကနေ လွတ်မြောက်ဖို့ ကြိုးစားနေသူတိုင်းကို တားဆီးဖို့ပဲ။ တစ်ယောက်ယောက်က ရုန်းထွက်ဖို့ကြိုးစားတာနဲ့ သူတို့ကို ချက်ချင်းတိုက်ခိုက်၊ တခြားအဖွဲ့က ပြင်းပြင်းထန်ထန် ခုခံရင် ညွှန်ကြားချက်တွေတောင်းနေစရာမလိုဘူး၊ သတ်ပစ်လိုက်”
"မင်းတို့ ဘယ်သူ့ကိုမှ ထွက်ခွါခွင့်မပြုရဘူး နားလည်လား"
သူ၏ အာဏာရှိသောစကားလုံးများသည် ခန်းမတစ်ခုလုံး ပျံ့နှံ့သွားပြီး တပည့်များအားလုံးက လေးနက်သော အမူအရာများ ရှိနေကြသည်။ “နားလည်ပါပြီ” ဟု တညီတညွတ်တည်း ကြွေးကြော်ခဲ့ကြသည်။
"ကောင်းတယ်”
ဟန်ဝူက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူသည် သူ့လက်အောက်ငယ်သားထံမှ ဖွဲ့စည်းပုံချပ်ပြားကို ယူကာ အကြိမ်အနည်းငယ် ဖိလိုက်သည်။
တခဏအတွင်းမှာပဲ ဖွဲ့စည်းပုံချပ်ပြားက အလင်းအမှုန်အမွှားလေးတွေနဲ့ တောက်ပပလာပြီး အလင်းအမှုန်အမွှားလေးတွေက နေရာပေါင်းစုံမှာ ပြန့်ကျဲသွားသည်။
တစ်ချိန်တည်းမှာပင် လူတိုင်း၏ ခြေဖဝါးများ အနည်းငယ် တုန်ရီသွားသည်ကို ခံစားလိုက်ရသည်။ ခန်းမတစ်ခုလုံးလည်း တုန်လှုပ်သွားပုံရသည်။
သူတို့ အံ့ဩသွားသလိုပဲ သူတို့ရဲ့ ခြေဖဝါးအောက် ကြမ်းပြင်မှာ တောက်ပတဲ့ ပုံစံတွေ ရုတ်တရက် ပေါ်လာတာကို တွေ့လိုက်ရသည်။
သိပ်သည်းသောပုံစံများက ရောယှက်နေပြီး ကြီးမားသော ခင်းကျင်းဖွဲ့စည်းမှုကို လျင်မြန်စွာ အကွက်ဖော်ထားသည်။ ထုတ်လွှတ်လိုက်တဲ့ အလင်းရောင်က ပိုတောက်ပလာသည်။
ဤရင်းနှီးသောမြင်ကွင်းက လင်းရှန်အား နိုင်ယန်းကျောင်းသို့ ပထမဆုံးအကြိမ်ဝင်
ရောက်တာကို အမှတ်ရစေသည်။
"တယ်လီပို့စနစ် ဖွဲ့စည်းပုံ”
"သွားကြရအောင်”
ဟန်ဝူ၏ တည်ငြိမ်ပြီး အားကောင်းသော အသံသည် လူတိုင်း၏ နားထဲတွင် ထွက်ပေါ်လာသည်။
နောက်တစက္ကန့်တွင် လင်းရှန်သည် အရာအားလုံး ရုတ်တရက် တောက်ပလာသည်ကို ခံစားလိုက်ရပြီး သူ့အမြင်အာရုံသည် ချက်ချင်း အဖြူရောင်ဖြစ်သွားသည်..။