← Chapters

ငရဲပျား (၂)

Vol. 8 Ch. 118

ငရဲပျား (၂)

Vol. 8 Ch. 118

တကယ်အဲ့လိုသာဆို ငါတို့သေရင်တောင် ငြိမ်းချမ်းနိုင်မှာမဟုတ်ပေ။

ဒါကို တွေးကြည့်တော့ သူတို့ နှစ်ယောက်က ဒီနေ့ညရဲ့ လုပ်ဆောင်မှုကို ပိုထောက်ခံသလို ခံစားရသည်။

လင်းရှန်သည် ကျောက်ရွှမ်ရင်ကိုကြည့်ကာ ဆက်ပြောခိုင်းသည်။

"ဝံပုလွေရိုင်းရဲ့ တည်နေရာကိုက လျှို့ဝှက်ထားတယ်။ အဖွဲ့ဝင် အများစုက လမ်းကြောင်းတစ်ခုတည်းနဲ့ပဲ အဆက်အသွယ်ရှိတာ။ အဖွဲ့ဝင်အချို့ကို ဖမ်းမိရင်တောင်မှ သူတို့ကို စစ်ဆေးမေးမြန်းပြီး နောက်ထပ်သဲလွန်စတွေ ရဖို့က ခက်တယ်။ ဒီညမှာ ဒီလိုလုပ်ဆောင်တာမျိုးကို တွေ့ရခဲတယ်။ ဒါက အရင်နှစ်အတောအတွင်းမှာဝံပုလွေရိုင်းတွေကို တိုက်ခိုက်တဲ့ ကိုယ်ခံပညာတည်မြဲရေးစံအိမ်ရဲ့ အကြီးဆုံး စစ်ဆင်ရေးပဲ”

"ပြီးတော့ ကိုယ်ခံပညာတည်မြဲရေးစံအိမ်ရဲ့ စုံစမ်းစစ်ဆေးမှုအရ အဖွဲ့အစည်းအတွင်းမှာ ကျင့်ကြံသူသခင်တစ်ယောက်ထက်မက ရှိနေနိုင်ခြေ များတယ်တဲ့ ။" ကျောက်ရွှမ်ရင်က လေးနက်စွာ ပြောလိုက်သည်။

လင်းရှန်သည် အနည်းငယ် ခေါင်းညိတ်ကာ အံ့သြခြင်းမရှိပေ။

ဝံပုလွေရိုင်းများအနေနဲ့ ကိုယ်ခံပညာတည်မြဲရေးစံအိမ်၏ စောင့်ကြည့်မှုအောက်တွင် ကျင့်ကြံသူသခင်များ မပါဘဲ နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်ရန် မဖြစ်နိုင်ပေ။

အရင်က ထိုသို့သောအဖွဲ့များ၏ ပစ်မှတ်ထားခံရတာကို တွေးရင်း လင်းရှန်ကကံကောင်းသည်ဟု ခံစားရသည်။

ကျေးဇူးတင်ရမှာက ဝံပုလွေရိုင်းသည် ၎င်း၏ ခွန်အားတိုးလာသည့် အရှိန်ကို လျှော့တွက်ခဲ့တာပင်။ သူ့ကို တိုက်ခိုက်ဖို့ လောင်ရီကိုသာ စေလွှတ်ခဲ့သည်။ အဲ့လိုမဟုတ်ဘဲ ကျင့်ကြံသူသခင်ကို စေလွှတ်ပါက ကြောင်ဗိုလ်ချုပ်၏ နတ်ဘုရားရှာဖွေခြင်းအဆောင်နှင့်ပင် သူဘာမှလုပ်နိုင်တော့မည်မဟုတ်ပေ။

"ကြည့်ရတာ အခု ပိုသတိထားရတော့မယ်"

လင်းရှန်က သူ့ဘာသာ တွေးနေမိသည်။

ဒါတောင် သူက သိပ်စိတ်မပူပေ။

နောက်ဆုံးတော့ သူက ကျောင်းမှာ အချိန်ကုန်တာ များသည်။ ဝံပုလွေရိုင်းက သူ့ကို ဘယ်လောက်ပဲ လိုချင်နေပါစေ၊ ကျောင်း အပြင်မှာ (၂၄)နာရီလုံးစောင့်နေဖို့ မဖြစ်နိုင်ပေ။

ထို့အပြင် ယနေ့ည ကိုယ်ခံပညာတည်မြဲရေးစံအိမ်၏ လုပ်ဆောင်ချက်မှာ သိသာသည်။

နောက်ကျ ဝံပုလွေရိုင်းတွေကို ကိုယ်ခံပညာတည်မြဲရေးစံအိမ်၏ရှာဖွေမှုက ပို၍ပြင်းထန်လာမည်ဖြစ်သည်။ နောက်ဆို သူ့ကို အာရုံစိုက်ဖို့ အချိန်မပေးနိုင်တော့ပေ။

လင်းရှန်သည် အိမ်ကြီးကို မော့ကြည့်လိုက်သည်။

အချိန်ကြာလာသည်နှင့်အမျှ ထိုနေရာတွင် အော်ဟစ်သံများ တဖြည်းဖြည်း အားနည်းလာသည်။

ပထမအလွှာမှ ပြန့်ကျဲနေသော တိုက်ပွဲအသံများ ထွက်ပေါ်လာသည်။

တစ်စုံတစ်ယောက်သည် ၎င်းတို့၏ ထွက်ပေါက်အတွက် တိုက်ခိုက်ဖို့ ကြိုးစားနေသည်မှာ သိသာသည်။

ကံမကောင်းစွာပဲ ပထမအလွှာကို စောင့်ကြပ်နေတဲ့ တပည့်တွေအားလုံးက ကြာရှည်စွာအသက်ရှုခြင်းအဆင့် ကျင့်ကြံသူတွေဖြစ်ပြီး ထူးထူးခြားခြား ခွန်အားတွေရှိကြသည်။ အဝန်းအဝိုင်းကနေ ရုန်းထွက်ဖို့ မလွယ်ပေ။

ခဏအကြာတွင် ထိုနေရာ၌ ရုန်းရင်းဆန်ခတ်မှုများက လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

လေးယောက်သားက ဒီညမှာ တခြားအဖြစ်အပျက်တွေ ဖြစ်မလာနိုင်တော့ဘူးလို့ တွေးထားချိန်မှာပဲ ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်သွားသည်။

အိမ်ကြီး၏ ဦးတည်ရာမှာ ရုန်းရင်းဆန်ခတ်မှုတွေဖြစ်လာပြီး တုန်လှုပ်သွားပြန်သည်။ အရင်ကထက် ပိုဆူညံသွားသည်။

"ဘာဖြစ်တာလဲ?"

လင်းရှန်နှင့် အခြားသုံးယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။

ရုတ်တရက် လင်းရှန်က မျက်မှောင်ကြုတ်လိုက်သည်။

"တစ်ခုခုကြားလိုက်လား?"

ကျောက်ရွှမ်ရင်နှင့် အခြားနှစ်ယောက်က အံ့အားသင့်သွားကြသည်။ သူတို့သည် လျင်မြန်စွာ အာရုံစူးစိုက်ပြီး နားထောင်ကြသည်။ အမှန်တကယ်ပင် အဝေးမှ တိုက်ပွဲ အော်ဟစ်သံများနှင့် စူးစူးဝါးဝါး အော်ဟစ်သံကို ကြားလိုက်ရသည်။ အင်းဆက်တချို့ ပျံသန်းချိန်မှာ အတောင်ပံခတ်သံလိုများပါ ကြားနေရသည်။

"ဘာတွေဖြစ်နေတာလဲ?" ယုရှုရင်က အံ့အားသင့်သွားသည် ။

ခဏအကြာတွင် အိမ်ထဲမှ အော်သံများ သိသိသာသာ အားနည်းသွားသည်။

ဆန့်ကျင်ဘက်တွင် အင်းဆက်အတောင်ပံများ၏ ကျယ်လောင်သော အသံသည် ပိုမိုရှင်းလင်းပြီး ၎င်းတို့အနီးသို့ ချဉ်းကပ်လာပုံရသည်။

မကြာခင်မှာပဲ အော်ဟစ်သံတွေက ရှေ့ကနေ ထွက်ပေါ်လာသည်။

လင်းရှန်နှင့် သူ့အဖွဲ့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ သူတို့၏အမူအရာများက လေးနက်လာသည်။

အိမ်ကြီးထဲမှာ တစ်ခုခု ရှင်းရှင်းလင်းလင်း ဖြစ်သွားတာကို သူတို့ သဘောပေါက်သွားသည်။ အိမ်ကြီးအား တိုက်ခိုက်ခဲ့သော ကိုယ်ခံပညာတည်မြဲရေးစံအိမ်၏ အဖွဲ့ဝင်များ သေဆုံးသွားဖွယ်ရှိနေသည်။

ယခုမူ မူမမှန်ခြင်း၏ အရင်းအမြစ်မှာကျောင်း၏ တပည့်များ စောင့်ကြပ်နေသည့်ပတ်၀န်းကျင်ကို တိုက်ခိုက်ခြင်း ဖြစ်သည်။ သူတို့ဆီရောက်ဖို့ သိပ်မကြာတော့ပေ။

"ငါတို့ ဘာလုပ်သင့်လဲ?" ယုရှုရင်သည် အခြားသုံးယောက်ကို မဝံ့မရဲ ကြည့်နေ၏။

ရိုးရိုးသားသား ပြောရရင် ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းက ထွက်ပြေးဖို့ပင်။

နောက်ဆုံးတွင် အိမ်ကြီးရှိ ကိုယ်ခံပညာတည်မြဲရေးစံအိမ်၏ အဖွဲ့ဝင်များပင် ရှုံးနိမ့်ခဲ့သည်။ ရန်သူသည် မည်မျှ အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ကောင်းသည်ကို တွေးကြည့်နိုင်သည်။ သူတို့လို ကျောင်းသား တစ်စု က ဘာလုပ်နိုင်မလဲ။

သို့သော်လည်း သူတို့သည် မစ်ရှင်ကို လက်ခံခဲ့ပြီးပြီ။ ဘာမှမလုပ်ဘဲ ထွက်ပြေးရင် ပြန်လာတဲ့အခါ ရှင်းပြရခက်လိမ့်မည်။

ကျိုးမန်မန်နဲ့ ကျောက်ရွှမ်ရင်တို့သည် မျက်မှောင်ကြုတ်ကာ ချီတုံချတုံ ဖြစ်နေသည်။

သို့သော် သူတို့သည် အကြာကြီး တုံ့ဆိုင်းမနေခဲ့ကြပေ။ နောက်တစ်စက္ကန့်တွင် လင်းရှန်၏ အသံနက်ကြီးဖြင့် ပြောသံကို သူတို့ကြားလိုက်ရသည်။

"ဒီမှာ”

သူပြောပြီးသည်နှင့် တပြိုင်နက် အော်သံများ ကျယ်လောင်လာသည်။

သူတို့ လှမ်းကြည့်လိုက်တော့ အနက်ရောင် အရိပ်အယောင်ကြီးတွေက သူတို့ဆီ အရှိန်

ပြင်းပြင်းနဲ့ ပြေးလာတာ တွေ့လိုက်ရသည်။

လရောင်အောက်မှာ သူတို့ဘာတွေလဲဆိုတာ မြင်လိုက်ရသည်။

၎င်းတို့သည် နကျယ်ကောင်များနှင့်တူသော နတ်ဆိုးများဖြစ်သော်လည်း ၎င်းတို့သည် အရွယ်ရောက်ပြီးသား အမျိုးသားများ၏ လက်သီးအရွယ်အစားခန့် ရှိသည်။ သူတို့တွင် သွေးနီရောင် မျက်လုံးအစုံနှင့် ဇာဂနာကဲ့သို့ မေးရိုးများရှိသည်။

"ငရဲပျားအုံ” ကျောက်ရွှမ်ရင်ကအော်ဟစ်လိုက်သည်။

"အဲဒီဝိညာဉ်သားရဲတွေကို သိတာလား။" လင်းရှန်က ကျောက်ရွှမ်ရင်ကို လှည့်ကြည့်လိုက်သည်။

ကောင်မလေးက အနည်းငယ်ဖျော့တော့သော မျက်နှာဖြင့် ခေါင်းညိတ်ပြီး "ငရဲ ပျားအုံက ငရဲပြည်က ပေါက်ဖွားလာတာလို့ပြောကြတယ်။ သူတို့က သားကောင်ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပြီး အာဟာရအဖြစ် အသား၊ အရွတ်တွေနဲ့ အရိုးတွေကို ဝါးမြိုသွားတာလို့ ပြောကြတယ်။ အဲ့တာတွေက အတော်လေး

ပြင်းထန်တဲ့ အဆိပ်ရှိတဲ့ အင်းဆက်ပဲ”

ယုရှုရင်နဲ့ ကျိုးမန်မန်၏ မျက်နှာများသည် ဖြူဖျော့သွားသည် ။

အမျိုးသမီးများသည် အင်းဆက်ပိုးမွှားများကို ကြောက်ရွံ့လေ့ရှိကြပြီး ကျင့်ကြံသူများပင် ၎င်းတို့အား ခုခံနိုင်စွမ်းမရှိကြပေ။

သာမာန်အင်းဆက်ဖြစ်လျှင် တော်သေးသည်။ သို့သော် ငရဲပျားအုံကဲ့သို့သော ပြင်းထန်သော အဆိပ်ရှိသည့် အင်းဆက်ကို ယုရှုရင်နဲ့ကျိုးမန်မန်တို့က နှလုံးသားထဲမှပင် ကြောက်ရွံ့ကြသည်။

ကျောက်ရွှမ်ရင်ပင်လျှင် သူမလက်ထဲက ဓားရှည်ကို တင်းတင်းဆုပ်ကိုင်ထားကာ နှုတ်ခမ်းကို တင်းတင်းကျပ်ကျပ် စိထားသည်။

လင်းရှန်သည် အင်းဆက်များကို မကြောက်သော်လည်း ငရဲမှလာသည်ဟုပြောသော ဤအဆိပ်ရှိသည့် အင်းဆက် ပေါ်လာတာကိုတော့ အံ့ဩနေမိသည်။

ဤနေရာတွင် ငရဲပျားအုံအများအပြားရှိနေကြောင်းကို ကိုယ်ခံပညာတည်မြဲရေးစံအိမ်က ရှင်းရှင်းလင်းလင်း မသိပေ။ ဒီလိုမှမဟုတ်ရင် သူတို့ ရှုံးမှာမဟုတ်ပေ။

ကံမကောင်းစွာပဲ လင်းရှန်မှာ စဉ်းစားဖို့ အချိန်အများကြီးမရှိပေ။ စက္ကန့်အနည်းငယ်အတွင်း ရာနှင့်ချီသော ငရဲ ပျားအုံများသည် ၎င်းတို့နဲ့ မီတာ (၃၀)အတွင်း အလျင်အမြန်ရောက်ရှိလာခဲ့သည်။

လင်းရှန်က ချက်ချင်းတိုက်ခိုက်သည်။ ရုတ်တရက် သူ့ပါးစပ်ကိုဖွင့်ပြီး ရှည်လျားသောဟောက်သံကို ထုတ်လိုက်သည်။ အသံလှိုင်းသည် ရုပ်လုံးပေါ်လာပြီး ဆူနာမီကဲ့သို့ လမ်းကြောင်းအားလုံးမှာ ပေါက်ကွဲသွားကာ လေထုထဲတွင် ကြီးမားသော လှိုင်းလုံးများ ဖြစ်ပေါ်လာသည်။

လှိုင်းဂယက်တွေ ဖြတ်သွားတိုင်း ငရဲပျားအုံတွေ ချက်ချင်းပေါက်ကွဲသွားသည်။

သွေးတွေ တဖြန်းဖြန်းထွက်ကာ ကောင်းကင်ပြင်ကို အနီရောင်အဖြစ် ပြောင်းသွားစေသည်။

တခဏချင်းတွင် ငရဲပျားအုံအကောင်နှစ်ဆယ်ကျော် သေဆုံးခဲ့သည်။

ဒီမြင်ကွင်းက မိန်းကလေး သုံးယောက်ကို အထင်ကြီးသွားစေသည်။

ကျောက်ရွှမ်ရင်၏ မျက်လုံးများက တောက်ပလာသည်။

"တော်လိုက်တာ”

ယုရှုရင်နဲ့ ကျိုးမန်မန်တို့သည် လင်းရှန်ကို အံ့အားသင့်စွာ ကြည့်နေကြသည်။ နိုင်ယန်းကျောင်း၏ တပည့်အသစ်သည် ဤမျှ အစွမ်းထက်မည်ဟု သူတို့ မျှော်လင့်မထားပေ။

ချလွမ်

ရုတ်တရက် ဓားသွားသံ ထွက်ပေါ်လာသည်။

အခြားသူများ မမြင်ခင်မှာဘဲ လင်းရှန်၏လက်ထဲတွင် ဓားတစ်ချောင်း ပေါ်လာသည်။ လှိုင်းလုံးကြီးနှင့်အတူ မီးတောက်များ က လေထုထဲမှာ ထွက်ပေါ်လာသည်။

ရှေ့သို့ တိုက်ခိုက်ဖို့ရောက်လာသော ငရဲ ပျားအုံအချို့ ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် ချက်ချင်း မီးလောင်ကျွမ်းသွားပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

တိုက်ပွဲတွင်ပါဝင်ရန် ပြင်ဆင်နေသော ကျောက်ရွှမ်ရင်သည် ဤမြင်ကွင်းကို သူမ၏ မျက်လုံးထောင့်မှ မြင်လိုက်ရပြီး မျက်လုံးများ ပြူးကျယ်သွားသည်။

နေခြောက်စင်းအဆောင်ဓား

လင်းရှန်က ဘယ်လိုတောင် ထိုမှော်လက်နက်ကိုပိုင်ဆိုင်တာလဲ

ကျောက်ရွှမ်ရင် အံ့အားသင့်သွားသည်။

နေခြောက်စင်း အဆောင်ဓားသည် အလယ်အလတ်တန်းစား မှော်လက်နက်တစ်ခုဖြစ်ပြီး သာမန်အရည်အသွေးအမှတ် ၂၀ တန်သည်။ လင်းရှန်သည် ကျောင်းကိုရောက်တာ နှစ်လမပြည့်သေးသော လူငယ်လေးဖြစ်သည်။ ဓားကို လဲလှယ်ရန် ဤမျှ အရည်အသွေးအမှတ်များကို သူဘယ်မှာရခဲ့သနည်း။

ချွမ်

လေထဲတွင် လျင်မြန်စွာ ပျံသန်းနေသော အရာတစ်ခု၏ အသံကို သူမ ရုတ်တရက် ကြားလိုက်ရသည်။

ကျောက်ရွှမ်သည် သူမ၏နားကိုဖြတ်သွားသော လေပြင်းတစ်ချက်ကို ခံစားလိုက်ရသည်။ ထို့နောက် သူ့နောက်မှ ဝမ်းနည်းစွာ အော်ဟစ်သံကို ကြားလိုက်ရသည်။

သူမ လှည့်ကြည့်လိုက်တော့ မီတာအနည်းငယ်အကွာမှာ ငရဲပျားတစ်ကောင်ကို တွေ့လိုက်သည်။ သူ့ ဦးခေါင်းကို ထိုးဖောက်ခံထားရပြီး မြေပြင်ပေါ်သို့ ပြုတ်ကျနေခဲ့သည်။ အကြိမ်အနည်းငယ်သာ လှုပ်ပြီး ထပ်မလှုပ်နိုင်တော့ပေ။

"တိုက်ပွဲမှာ အာရုံစိုက်ထား” လင်းရှန်က ကျောက်ရွှမ်ရင်ကို စိုက်ကြည့်ကာ အင်းဆက်ကောင်များကို ဆက်လက်တိုက်ခိုက်သည်။

ကျောက်ရွှမ်ရင်သည် မျက်မှောင်ကြုတ်ကာ အင်းဆက်များကို တိုက်ရာတွင် အာရုံစိုက်ခဲ့သည်။

သို့သော် သူမက ပို၍ပင် တုန်လှုပ်သွားသည်။

ယခု သူမ တွေးလိုက်မိသည်မှာ ထိုလေပြင်းသည် အနှစ်သာရဓားသွားလက်ချောင်းဆိုတာ သိသာသည် ။

လင်းရှန်သည် အနှစ်သာရဓားသွားလက်ချောင်းကို အမှန်တကယ် ကျင့်ကြံခဲ့သည်။

လင်းရှန်သည် သူ၏ ဓားရှည်ကြီးကို လျင်မြန်စွာ ဝှေ့ယမ်းကာ အင်းဆက်များကိုသတ်ရန် အနီရောင်အလင်းတန်းကို ထုတ်လွှတ်လိုက်သည်။ သူအသုံးပြုခဲ့သော ဓားနည်းစနစ်မှာ အထူးယန်စွမ်းအားဓားသွားဆိုတာ ထင်ရှားသည်။

နေခြောက်စင်း အဆောင်ဓား၊ အနှစ်သာရဓားသွားလက်ချောင်းနဲ့ အထူးယန်စွမ်းအားဓားသွား.. ဤမှော်လက်နက် သုံးခုနှင့် ကိုယ်ခံပညာမျိုးကို လဲလှယ်ရန်အတွက် စုစုပေါင်း သာမန်အရည်အသွေးအမှတ် ၃၄ ခု လိုအပ်သည်။

လင်းရှန်သည် သူမထက်ပင် သြဇာကြီးမားသော မိသားစု၏ တပည့်တစ်ဦးနှင့် ပိုတူနေသည်ဟု ကျောက်ရွှမ်ရင်က ခံစားမိသည်။

မိသားစု၏ ပံ့ပိုးမှုနဲ့ ဤအဆင့်တွင် သူမသည် သာမန်အရည်အသွေးအမှတ် (၃၀)ထက် ပိုမရနိုင်ပေ။

ကျောက်ရွှမ်ရင်သည် လင်းရှန်အကြောင်းကို သိတာနည်းနေသည်ဟု ခံစားခဲ့ရသည်။

ကျောက်ရွှမ်ရင် ဘာတွေတွေးနေလဲ လင်းရှန် မသိပေ။ သူ့ရှေ့က အင်းဆက်ပိုးမွှားတွေကို ကိုင်တွယ်ဖြေရှင်းဖို့သာ အာရုံစိုက်နေခဲ့သည်။

ခဏလောက် တိုက်ပွဲဝင်ပြီးနောက် သူဘာလုပ်နေလဲဆိုတာကို ယုံကြည်မှု ရှိလာသည်။

"သူတို့က ဝိညာဉ်နိုးကြားခြင်း နှောင်းပိုင်းအဆင့်မှာ ရှိနိုင်တယ်။ တစ်ကောင်ချင်းစီကို ကိုင်တွယ်ဖြေရှင်းဖို့က မခက်ပါဘူး၊ ဒါပေမယ့် အများကြီးရှိတော့”

ငရဲပျားအုံ ၃၀၀မှ ၄၀၀လောက်က သူတို့ကို တိုက်ခိုက်ခဲ့သည်။

ဒီအရေအတွက်က အရမ်းတုန်လှုပ်စရာကောင်းနေပြီပင်။

ပထမအလွှာ သို့မဟုတ် ဒုတိယအလွှာရှိ အခြား လေးယောက်စုအဖွဲ့ဝင်တွေသည် ဝိညာဉ်နိုးကြားခြင်းနှောင်းပိုင်းအဆင့် ငရဲပျား သုံးရာမှ လေးရာအထိ စားသုံးခြင်းကို ခံကြရမည်ဖြစ်သည်။

ကံကောင်းထောက်မစွာ လင်းရှန်သည် အနီးနားတွင် ရှိနေခဲ့သည်။

ပျားအုံ၏ တိုက်ခိုက်မှု တစ်ဝက်နီးပါးကို သူတစ်ယောက်တည်း တားဆီးခဲ့သည်။

တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာနဲ့ဆို လင်းရှန်သည် ငရဲပျားအုံ၏ အဆိပ်

ပြင်းသော မေးရိုးများကို လုံးဝစိုးရိမ်နေစရာမလိုပေ။ သူသည် အဆိပ်ရှိသော အင်းဆက်များကို သတ်ရန်သာ အာရုံစိုက်နေခဲ့သည်။

သူ့လက်ထဲက နေခြောက်စင်း အဆောင်ဓားသည် လျင်မြန်စွာ ကခုန်နေတဲ့ အလင်းဘောလုံးတစ်ခုအဖြစ် ပြောင်းလဲသွားပုံရသည်။ ၎င်းသည် ချဉ်းကပ်ဝံ့သော ငရဲကောင်များကို နှုတ်နှုတ်စင်း ပစ်ခဲ့သည်။

နှစ်မိနစ်မှ သုံးမိနစ်အတွင်း ငရဲပျား ၅၀ မှ ၆၀ လောက်က လင်းရှန်၏ဓါးအောက်တွင် သေဆုံးသွားခဲ့သည်။

မိန်းကလေး သုံးယောက်၏ မျက်လုံးများ တောက်ပလာကာ သူတို့၏ စိတ်ဓာတ်ပိုင်းဆိုင်ရာများ အလွန် အားကောင်းလာသည်။

တစ်ချိန်တည်းမှာပဲ

လင်းရှန်နှင့် အခြားသူများက အင်းဆက်ကောင်များကို တိုက်ခိုက်နေစဉ်တွင် လူနှစ်ယောက်က ကီလိုမီတာဝက်ခန့်အကွာရှိ သစ်ပင်ထိပ်မှ တိုက်ပွဲကို စောင့်ကြည့်နေခဲ့သည်။

All Chapters